← Chapters

အခန်း (၆၇၄)

Vol. 57 Ch. 674

အခန်း (၆၇၄)

Vol. 57 Ch. 674

အခန်း 674

ချီမုကောမှ ပြောသည်။

“ကောင်းပြီ။ ငါ မင်းကို ဆက်မနှောင့်ယှက်တော့ပါဘူး”

ချီမုကောသည် သဘောထားကြီးမားဟန်သော အမူအရာဖြင့် ထိုသို့ပြောခဲ့ပြီးနောက် နောက်လိုက်စစ်သည်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။ ချီမုကော ထွက်ခွာသွားသောအခါ ချန်ကျဲ့၏နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားလေသည်။

ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ် ကျွန်တော့်ကြောင့် အစ်ကို့ကိစ္စတွေ မနှောင့်နှေးသွားပါဘူးနော်”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မနှောင့်နှေးပါဘူး။ ကျိုးချူ လူစုဆောင်းတာ ဘယ်လိုအခြေအနေရှိလဲ သွားကြည့်ရအောင်”

ရှောင်ဟူမှ ပြောသည်။

“တန်ဖိုးကြီးပစ္စည်းတွေအကုန်လုံးကို ချီမုကော ယူသွားပြီ။ ကျွန်တော်တို့အတွက်က ပျက်စီးရှုပ်ပွနေတဲ့ ခြံဝင်းကြီးပဲ ကျန်တော့တယ်”

ထိုအခါ ချန်ကျဲ့ ရယ်လိုက်သည်။

“အဲဒါတွေက ဒီတိုင်း ငွေပမာဏတချို့ပါပဲ”

ရှောင်ဟူသည် နည်းနည်းတော့ မကျေမနပ်ဖြစ်နေဆဲပင်။ သို့သော် ချန်ကျဲ့သည် ဘာမှထပ်မပြောတော့ပေ။ ငွေကြေးရှာရန်အတွက် သူ့တွင် နည်းလမ်းများစွာ ရှိသည်။ ဤကမ္ဘာသည် သူလာခဲ့သည့် အနာဂတ်ကမ္ဘာကဲ့သို့ ငွေဖြင့် အရာအားလုံးကို ဝယ်ယူနိုင်ပါက ချန်ကျဲ့တွင် ထိုမျက်မှောက်ခေတ်နည်းလမ်းများဖြင့် ငွေကြေးအမြောက်အများ ရှာနိုင်သည်။

ဘဏ်များ၊ စတော့ရှယ်ယာများကဲ့သို့ ငွေကစားနိုင်သည့် နည်းလမ်းများမှာ ပေါများလွန်းလှသည်။

သို့သော် ဤကမ္ဘာသည် သိုင်းပညာဖြင့်သာ နေရာယူနိုင်သည့်နေရာဖြစ်သည်။ ဤကမ္ဘာ၌ ငွေကြေးဟူသည် အကူပစ္စည်းမျှသာ ဖြစ်သည်။ အဆင့်အတန်းနိမ့်ပါးသူများအတွက်သာ အရေးကြီးပြီး အဆင့်အတန်းတစ်ခုရှိသူများအတွက်မူ ထိုမျှ အရေးမကြီးချေ။

ထိုအစား တစ်ခါတရံ၌ လူများသည် ငွေကြေးထက် ပိုအရေးကြီး၏။

ချီမုကောသည် သူ၏စစ်သည်များနှင့်အတူ ထွက်ခွာသွားပြီဖြစ်သည်။ မြင်းနှစ်ရာကို အပြည့်တင်သွားသည့်အပြင် နန်ပါးထျန်း၏အိမ်တော်မှ ပန်းအိုးများကိုပင် သယ်ယူသွားခဲ့သည်။ ထိုပစ္စည်းများကို မနက်ဖြန်တွင် တစ်ပတ်ရစ်စျေး၌ မြင်တွေ့ရပေလိမ့်မည်။

တစ်ပတ်ရစ်စျေး၌ ငွေတုံးတစ်တုံး၊နှစ်တုံးခန့်ဖြင့် ရောင်းချခြင်းသည်လည်း ချီမုကော၏ သံနက်မြင်းတပ်အတွက် ဝင်ငွေလမ်းကြောင်းတစ်ခုဟု ဆိုနိုင်ပေသည်။

ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၏ အလယ်ဗဟိုသို့ သွားရပ်လိုက်သည်။ ထိုနေရာတွင် လူငါးရာခန့် ဆောင့်ကြောင့်ထိုင်နေကြသည်။

ထိုလူများသည် ကြံ့ခိုင်သန်မာသည့် လူငယ်လေးများဖြစ်ကြပြီး အများစုသည် သိုင်းပညာတတ်မြောက်ကြကာ စွမ်းဆောင်ရည်ရှိပြီး ငါးဖမ်းကုန်သည်အဖွဲ့၏ အသုံးဝင်သည့် လက်ရွေးစင်အဖွဲ့သားများ ဖြစ်ကြသည်။

ဤလူငယ်များသည် ကျေးလက်ဒေသရှိ ငါးဖမ်းကုန်သည်အဖွဲ့ဌာနခွဲများ၏ အဖွဲ့သားများနှင့် ကွာခြားသည်။

ကျေးလက်ဒေသမှ အဖွဲ့သားများသည် အနည်းစုသာလျှင် အရေပြားသန့်စင်ခြင်းအဆင့်ဖြစ်ကြပြီး ဤဌာနချုပ်၏အဖွဲ့သားများသည် အများစုမှာ အရေပြားသန့်စင်ခြင်းအဆင့်ဖြစ်ကြသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ နွဲ့ပျောင်းအရွတ်အဆင့်တို့လည်း အနည်းငယ်ရှိပြီး ဦးစီးမှူးအချို့သည် သံမဏိအရိုးအဆင့်များ ဖြစ်ကြသည်။

ချန်ကျဲ့ ရှေ့တိုးသွားလိုက်သည်။ ဌာနချုပ်၏အဖွဲ့သားငါးရာကို ကျားဖြူခန်းမအဖွဲ့သား၁၅၀ကျော်က ဝန်းရံထားသည်။

ကျိုးချူသည် ထိုအဖွဲ့သားများကို စောင့်ကြည့်ကြီးကြပ်နေသည်။ ဌာနချုပ်၏အဖွဲ့သားများသည် သူတို့မှာ ချန်ကျဲ့လက်အောက်သို့ လွှဲပြောင်းခံလိုက်ရပြီဖြစ်ကြောင်း သိသဖြင့် အလွန်ငြိမ်သက်နေကြသည်။

ချန်ကျဲ့၏ရိုးသားဖြောင့်မတ်မှုသည် အတော်လေး စိတ်ချရလေရာ ထိုအဖွဲ့သားများသည် ဆန့်ကျင်ခုခံခြင်း မရှိကြပေ။

ဤတစ်နှစ်ကျော်အတွင်း၌ ကျားဖြူခန်းမအဖွဲ့သားများသည် ကောင်းမွန်သည့်ဘဝဖြင့် နေထိုင်ရကြောင်း လူတိုင်းသိကြသည် မဟုတ်ပါလော။ သူတို့၏ဘဝများသည်တော့ ပို၍ ခက်ခဲနေခဲ့ရသည်။

ထို့ပြင် ချန်ကျိုစစ်သည် ဒီနေ့တွင် သူ၏အင်အားကို သက်သေပြခဲ့သည်။ နဂါးနိုင်လက်ဝါးသိုင်းသည် အလွန်အင်အားကြီးမားသည့်သိုင်းပညာအဖြစ် သူတို့အားလုံး၏စိတ်ထဲ ထိုးထွင်းထားရှိပြီးဖြစ်သည်။ သူတို့၏ခေါင်းဆောင်နန်ဖြင့်ပင် ယှဉ်နိုင်လေသည်။

သူတို့ ဤသို့ငြိမ်သက်နာခံနေခြင်းမှာ ချန်ကျဲ့မှ သူ၏အင်အားကို ထုတ်ဖော်ပြသခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။

ထို့နောက် ချန်ကျဲ့သည် စင်မြင့်ထက်တွင် ရပ်၍ လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောသည်။

“ညီနောင်တို့ ကျုပ် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ မလိုတော့ဘူးလို့ ထင်ပါတယ်။ မိတ်ဆက်ဖို့လိုသေးလား”

ထိုအခါ လူအုပ်သည် ချန်ကျဲ့ကို ကြည့်လာကြသည်။ ရှေ့ဆုံးတွင် ဆောင့်ကြောင့်ထိုင်နေသည့် သံမဏိအရိုးအဆင့်သုံးယောက်မှ ပြောသည်။

“မလိုပါဘူး။ သခင်၅ ချန်ကျိုစစ်ကို မသိတဲ့သူ ဘယ်သူရှိပါ့မလဲ”

ချန်ကျဲ့မှ ပြောသည်။

“ကောင်းတယ်။ ညီနောင်တို့အားလုံး ကျုပ်ကို သိတယ်ဆိုတော့ ပိုလွယ်ကူသွားတာပေါ့။ ကျုပ် မင်းတို့ကိုပြောပြပါရစေ၊ နန်ပါးထျန်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်ခဲ့တယ်။ သခင်ကြီးယဲ့လုက သူ့ကို ရာဇဝတ်သားအဖြစ် ကြေညာခဲ့ပြီးပြီ။ မကြာခင်မှာ သူ့ကို ဖမ်းဆီးဖို့စစ်ဆင်ရေးလုပ်ဆောင်လိမ့်မယ်။ ဒီကိစ္စကို တော်ဝင်နန်းတော်ကိုလည်း သေချာပေါက် တင်ပြမှာပဲ။ အဲဒါကြောင့် နန်ပါးထျန်းက သေမှာ မလွဲမသွေပဲ”

“ပြီးတော့ မင်းတို့အားလုံးက နန်ပါးထျန်းရဲ့လက်အောက်ငယ်သားတွေဖြစ်တာကြောင့် သူပုန်တွေအဖြစ် သတ်မှတ်ခံရလိမ့်မယ်။ ဒါပေမဲ့ ငါ သခင်ကြီးယဲ့လုကို ပြောထားတယ်။ ငါးဖမ်းကုန်သည်အဖွဲ့သားတွေက ဖိအားပေးခံခဲ့ရတာ၊ အဆုံးသတ်ကျတော့ ကုန်သည်အဖွဲ့ခေါင်းဆောင်ကို ဘယ်သူက ပေါ်တင်ဖီဆန်ရဲပါ့မလဲ။ နန်ပါးထျန်းက မင်းတို့ကို ဖိအားပေးခဲ့တာကြောင့်သာ မဟုတ်ရင် ပုန်ကန်မှုလိုအပြစ်မျိုးကို မင်းတို့ ဘယ်တော့မှ ကျူးလွန်မှာ မဟုတ်ပါဘူးလို့လေ.. ဟုတ်တယ်မလား“

ချန်ကျဲ့၏စကားအဆုံး၌ ဌာနချုပ်အဖွဲ့သားများသည် ခဏတာ တိတ်ဆိတ်သွားကြ၏။ ထို့နောက်တွင်မှ တစ်ယောက်မှ ပြောလာသည်။

“ဟုတ်ပါတယ် အကုန်လုံး နန်ပါးထျန်း ကျွန်တော်တို့ကို ဖိအားပေးခဲ့တာပါ”

ချန်ကျဲ့မှ ပြောသည်။

“အရမ်းကောင်းတယ်။ ဒီလိုဆိုမှတော့ ငါ မင်းတို့အတွက် သခင်ကြီးယဲ့လုကို ပြောပေးမယ်။ မင်းတို့စိတ်ချထားကြပါ။ ငါ ဒီကိစ္စကို မင်းတို့တစ်ယောက်မှ မထိခိုက်ရအောင် ဖြေရှင်းပေးပါ့မယ်”

အဖွဲ့သားများမှ ချက်ချင်းပြောလာသည်။

“ခန်းမအရှင်သခင်ချန်ကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့မှ ဆက်ပြောသည်။

“ဒါပေမဲ့ နန်ပါးထျန်းက မရှိတော့ဘူး။ ငါးဖမ်းကုန်သည်အဖွဲ့က တစ်ရက်လေးတောင် ခေါင်းဆောင်မရှိလို့ မဖြစ်ဘူး။ သခင်ကြီးယဲ့လုက ငါ့ကို ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တယ်။ ဒီနေ့ မင်းတို့အားလုံးကို ဒီနေရာမှာ စုဝေးလိုက်ရတဲ့အကြောင်းအရင်းက မင်းတို့ရဲ့အတွေးအမြင်ကို မေးဖို့ပါ။ အခု ငါ မင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမတစ်ခုက ငါးဖမ်းကုန်သည်အဖွဲ့မှာ ဆက်နေပြီး ငါချန်ကျိုစစ်နဲ့ အတူအလုပ်လုပ်ပါ။ ငါ တခြားဘာမှမပြောလိုဘူး”

“ကျန်နေခဲ့တဲ့သူတွေက ငါ့ညီနောင်တွေပဲ။ ချန်ကျိုစစ်ရဲ့ညီနောင်တွေဖြစ်ပြီးတော့ ကျားဖြူခန်းမအဖွဲ့သားညီနောင်တွေနဲ့ တူညီတဲ့ခံစားခွင့်ကို ခံစားရလိမ့်မယ်”

“ဒါပေါ့၊ အဆက်မပြတ် တိုက်ခိုက်နေရတာကို စိတ်ကုန်နေတဲ့သူတွေရှိရင်လည်း ကြီးကြပ်ရေးမှူးကျိုးချူဆီမှာ ကြေအေးငွေအဖြစ် ငွေနှစ်တုံးထုတ်ယူနိုင်တယ်။ အဲဒါဆို မင်းတို့ ငါးဖမ်းကုန်သည်အဖွဲ့မှာ အလုပ်လုပ်ခဲ့ရတာ အလဟသမဖြစ်တော့ဘူးပေါ့။ ဘာကိုရွေးချယ်မလဲဆိုတာတော့ မင်းတို့အပေါ်ပဲ မူတည်ပါတယ်”

ချန်ကျဲ့သည် တဲ့တိုးသာ ပြောခဲ့လိုက်ပြီး စကားဝေ့ဝိုက်မနေပေ။

ငါ မင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ငါ ချန်ကျိုစစ်နဲ့ ကျန်နေခဲ့မယ့်သူက အကျိုးအမြတ်တွေကို ခံစားရမယ်။ ဒါပေမဲ့ ငါ့အမိန့်ကို နာခံရမယ်။

မနေချင်ရင်တော့ ပိုက်ဆံယူပြီး ထွက်သွားကြ။

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“ကောင်းပြီ။ အခု ဒီလိုလုပ်ကြတာပေါ့ ကျန်နေခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့အတွက် အလုပ်လုပ်ချင်တဲ့သူတွေက ညာဘက်မှာ ရပ်ပေးကြပါ”

“မနေခဲ့ချင်တဲ့သူတွေက ဘယ်ဘက်မှာ ရပ်ပေးကြပါ”

ထိုအခါ ဌာနချုပ်အဖွဲ့သားများသည် စတင်လှုပ်ရှားလာကြသည်။ ထို့နောက် ညာဘက်မှာ လူပြည့်သွားခဲ့သည်။ ဘယ်ဘက်တွင် အဆက်မပြတ်တိုက်ခိုက်နေရသည့် ဘဝကို ဆက်လက်မနေထိုင်လိုတော့ဘဲ အိမ်ပြန်လယ်စိုက်လိုကြသူများလည်း ၅ယောက်၊၆ယောက်ခန့်ရှိသည်။

ချန်ကျဲ့သည် ကတိတည်ပြီး ထိုလူများကို ချက်ချင်း ကျေအေးငွေပေးခဲ့သည်။

ကျန်လူများသည် ကျိုးချူ၏ကြီးကြပ်မှုအောက်၌ တာဝန်ပေးခံရကာ ကျိုးချူနှင့် ရှောင်ဟူတို့သည် ကျားဖြူတပ်ဖွဲ့ကို အားဖြည့်ရန်အတွက် အသန်မာအကြံ့ခိုင်ဆုံး လူနှစ်ရာကို ရွေးချယ်သည်။

ထိုလူများသည် ချန်ကျဲ့အတွက် အဓိကအင်အားဖြစ်လာလိမ့်မည်။

ကျန်လူများကိုလည်း အလဟသ မဖြစ်စေပါချေ။ ထိုသူများကို ငါးဖမ်းကုန်သည်အဖွဲ့၏ အစွန်အဖျားနေရာများတွင် တာဝန်စီစဉ်ပေးကာ ကုန်သည်အဖွဲ့၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းလုပ်ဆောင်စေပေမည်။

သို့ဖြင့် ချန်ကျဲ့၏တပ်ဖွဲ့အင်အားသည် ညတွင်းချင်း လူငါးရာတိုးပွားသွားခဲ့ပြီး ဖြည်းနှေးစွာဖြင့် အသေးစိတ်ကျသည့် လုပ်ငန်းကြီးအတွက် အသင့်ပြင်နေခဲ့လေသည်။

All Chapters