အခန်း (၆၇၅)
Vol. 57 Ch. 675
အခန်း 675
ကျားဖြူခန်းမသို့ရောက်လျှင် သူတို့သည်လည်း ဤနေရာနှင့်သက်ဆိုင်ပြီး အတူယှဉ်တွဲပါဝင်ခြင်းကဲ့သို့ ခံစားချက်ကို ခံစားကြရလိမ့်မည်။ ထို့နောက်တွင် သူတို့တစ်ဦးချင်းစီတိုင်းသည် ကျားဖြူခန်းမ၏ ရဲစွမ်းသတ္တိရှိသော အဖွဲ့သားများ ဖြစ်လာကြလိမ့်မည်။
ထို့ပြင် ကျားဖြူတပ်ဖွဲ့အဖွဲ့သားများအတွက် အခြေခံလိုအပ်ချက်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြစ်သည်။ ရာထူးအနည်းငယ်သည် နွဲ့ပျောင်းအရွတ်အဆင့်ရှိရန် လိုအပ်ပြီး တပ်ဖွဲ့ခေါင်းဆောင်သည် သံမဏိအရိုးအဆင့်ရှိရန် လိုအပ်သည်။
ချန်ကျဲ့ ဌာနချုပ်အဖွဲ့သားများအတွက် အလုပ်ရာထူးများကို အမြန်စီစဉ်ပေးခဲ့သည်။ ထိုစဉ် ကျိုးချူရောက်လာပြီး ပြုံးရယ်လျက် ပြောသည်။
“ခန်းမအရှင်သခင် ဒီအဖွဲ့သားတွေအပြင် ဖြေရှင်းဖို့လိုတဲ့လူတချို့ ကျန်ပါသေးတယ်”
ထိုအခါ ချန်ကျဲ့ ကျိုးချူကို လှည့်ကြည့်လိုက်သည်။ ကျိုးချူ လက်ခုပ်တီးလိုက်၏။
မကြာမီ လူတစ်ရာကျော် ထပ်ရောက်လာ၏။ ကျိုးချူမှ ပြောသည်။
“သူတို့က နန်ပါးထျန်းရဲ့အစေခံတွေ။ ဒီလူတွေက အိမ်တော်အစေခံတွေ၊ ပြီးတော့ ဒီအမျိုးသမီးတွေက သခင်မကြီးတွေရဲ့အစေခံမိန်းကလေးတွေ”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“သူတို့အကုန်လုံး အလုပ်ထုတ်လိုက်”
ချန်ကျဲ့ တဲ့တိုးသာ ပြောလိုက်သည်။ ထိုအခါ ထိုလူများသည် ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကြလေသည်။
“ခန်းမအရှင်သခင်ချန် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ထမင်းတစ်နပ်စာ ရှာစားခွင့်လေးပေးသနားပါဗျာ”
ကျိုးချူမှ စိတ်မကောင်းဟန်သော အမူအရာဖြင့် ပြောသည်။
“မင်းမြင်တဲ့အတိုင်းပဲ သူတို့ကို အလုပ်ထုတ်ဖို့က မလွယ်ကူဘူး”
ထိုအခါ ချန်ကျဲ့သည် မျက်တောင်မခတ်တမ်း မေးသည်။
“မင်းဘာလို့ သူတို့ကို အလုပ်မထုတ်ချင်တာလဲ”
ထိုစဉ် လူတစ်ယောက်မှ ပြောလာသည်။
“ခန်းမအရှင်သခင်ချန် ကျွန်တော်တို့မိသားစုတွေက တကယ့်ကို ကျွေးမွေးထောက်ပံ့နိုင်စွမ်းမရှိတာပါ။ မဟုတ်ရင် ကျွန်တော်တို့လည်း ကျွန်စာချုပ်နဲ့ ကိုယ့်ကိုယ်ကိုယ်ရောင်းစားခဲ့မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ခန်းမအရှင်သခင်ချန် ထောက်ထားညှာတာပေးပါ။ ကျွန်တော်တို့ကို အလုပ်မထုတ်လိုက်ပါနဲ့”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ကျန်လူများသည်လည်း တောင်းပန်းတိုးလျှိုးလာကြသည်။
“ခန်းမအရှင်သခင်ချန် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ထမင်းတစ်နပ်ရှာစားခွင့်လေးပေးပါ”
ချန်ကျဲ့ ခဏမျှစဉ်းစားနေပြီးနောက်မှ ပြောသည်။
“ကျိုးချူ မင်းအိမ်ကို မင်း လူဘယ်နှယောက်ခေါ်သွားနိုင်မလဲ”
ကျိုးချူမှ ပြောသည်။
“ခန်းမအရှင်သခင် ကျွန်တော့်အိမ်ကို မြင်းထိန်းနဲ့ စားဖိုမှူးတွေတော့ ခေါ်သွားလို့ရတယ်။ ဒါပေမဲ့ အဲဒီအစေခံမိန်းကလေးတွေကိုတော့ ကျွန်တော်လည်း မဖြေရှင်းပေးနိုင်ဘူးဗျ”
ချန်ကျဲ့ စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“သူတို့က ငါ့အတွက်လည်း အသုံးမဝင်ဘူး”
ကျိုးချူမှ တီးတိုးပြောသည်။
“ခန်းမအရှင်သခင် သူတို့က နန်ပါးထျန်းရဲ့အစေခံတွေနော်။ သူတို့ထဲမှာ ဒုတိယသခင်မရဲ့လူ ရှိနေမလား မသိဘူးလေ။ နည်းနည်းလောက် ခေါ်ထားလိုက်တာ ကောင်းမယ်ထင်တာပဲ”
“ဒုတိယသခင်မလား”
ချန်ကျဲ့ ကျိုးချူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ချန်ကျဲ့ မေးလိုက်သည်။
“မင်း သူ့ကို ဘယ်လိုဖြစ်ပြီး ဒုတိယသခင်မလို့ ခေါ်နေရတာလဲ”
ကျိုးချူမှ ပြန်ပြောသည်။
“မဟုတ်ရင်ရော ခန်းမအရှင်သခင်ရဲ့။ ငါ တခြားကိစ္စတွေကို ဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့ စူးသခင်မက ပထမသခင်မပဲ ဖြစ်သင့်တယ်လေ။ အဲဒီလိုမဟုတ်ရင်တော့ ညီနောင်ရေ ငါသဘောမတူနိုင်ဘူး”
ချန်ကျဲ့ ကျိုးချူကို ပြုံးရယ်လျက် ကြည့်လိုက်သည်။
“ကောင်းပြီ။ အဲဒီကိစ္စအတွက် ငါမင်းကို ကတိပေးတယ်။ ဒါပေမဲ့ ဒီအစေခံတွေကိုက….”
နောက်တစ်ကြိမ် ထပ်စဉ်းစားကြည့်ပြီးနောက် ချန်ကျဲ့ ပြောလိုက်သည်။
“မင်းတို့ နေခဲ့ချင်ရင်လည်း ဆက်နေလို့ရတယ်။ ငါ မင်းတို့အတွက် အလုပ်ရှာပေးမယ်။ ထွက်သွားချင်တဲ့သူတွေကတော့ ငွေနှစ်တုံးနဲ့ မင်းတို့ရဲ့ကျွန်စာချုပ်ကိုယူပြီး အိမ်ပြန်နိုင်တယ်”
“ခန်းမအရှင်သခင်ချန်ကို ကျေးဇူးတင်ပါတယ်”
သို့ဖြင့် ချန်ကျဲ့ နေရာမှ ထွက်ခွာလာခဲ့သည်။
သို့သော် ထိုအချိန်၌ အစေခံမိန်းကလေးတစ်ဦး ရုတ်တရက် ရှေ့ထွက်လာကာ ဒူးထောက်ချလျက် ပြောသည်။
“ခန်းမအရှင်သခင်ချန် ကျွန်မ…”
ချန်ကျဲ့ အစေခံမိန်းကလေးကိုကြည့်လိုက်ပြီး မေးသည်။
“ဘာကိစ္စလဲ”
အစေခံမိန်းကလေးမှ ပြောသည်။
“ကျွန်မ နေခဲ့ပြီး ခန်းမအရှင်သခင်ချန်ကို အလုပ်အကျွေးပြုချင်ပါတယ်”
“ဘာ”
အားလုံး တွန့်ဆုတ်သွားကြ၏။
ဒီအစေခံမလေးက အတော်သတ္တိကောင်းတာပဲ။
ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ အစေခံမိန်းကလေးသည် သူမ၏ ထူးခြားသည့် မျက်နှာပုံပန်းဖြင့် ချန်ကျဲ့ကို မော့ကြည့်နေသည်။ ရည်မှန်းချက်ကြီးသည့် အလှလေးဖြစ်ကြောင်း သိသာလှပေသည်။
ဤမိန်းကလေးသည်လည်း ချွေ့ကျူကဲ့သို့ အလှအပကို အသုံးချပြီး အထက်သို့တက်လှမ်းချင်သူဖြစ်ကြောင်း ချန်ကျဲ့နားလည်လိုက်သည်။
သို့သော် ဤသည်မှာ နန်ပါးထျန်းအိမ်တော်ဖြစ်ရာ ဤမိန်းကလေးသည် ပို၍ ပင်ပန်းခက်ခဲခဲ့လိမ့်မည်။ နန်ပါးထျန်း၏ အမျိုးသမီးများကို စိတ်မဝင်စားသည့်အခြေအနေကြောင့် သူမသည် ယခုအချိန်အထိ သာမန်အစေခံတစ်ဦး ဖြစ်နေရဆဲပင်။
ချန်ကျဲ့ သူမကို မျက်လုံးမှေးစင်း၍ ကြည့်လိုက်သည်။
ချန်ကျဲ့သည် ရည်မှန်းချက်ကြီးသူများကို မကြောက်ရွံ့ပေ။ ထိုသူတို့၏ ရည်မှန်းချက်သည် သူ့ထက် ပိုမကြီးမားသ၍ အဆင်ပြေသည်။
ရည်မှန်းချက်ကြီးသူများသည် များသောအားဖြင့် အရည်အချင်းရှိတတ်ကြသည် မဟုတ်ပါလော။
ဤအစေခံမိန်းကလေးသည်လည်း အနည်းဆုံးသော သတ္တိကောင်းပေသည်။ ချန်ကျဲ့ သူမကို မကြိုက်သည် မဟုတ်သော်ငြား အလွယ်တကူလည်း သဘောမတူနိုင်ပေ။
ချန်ကျဲ့ ပြောလိုက်သည်။
“ငါ့ကို အလုပ်အကျွေးပြုချင်ရင် မင်းရဲ့တန်ဖိုးကို သက်သေပြလေ”
အစေခံမိန်းကလေးသည် ထိတ်လန့်သွားလျက် ပတ်ဝန်းကျင်အား ရှက်ရွံ့စွာ ဝေ့ဝဲကြည့်လိုက်ပြီး ပြောသည်။
“ဒီလောက် လူအများကြီးရှေ့မှာလား”
ချန်ကျဲ့ အံ့ဩသွားပြီး ဆက်ပြောသည်။
“မင်းဘက်က ကမ်းလှမ်းနိုင်တာက အလှအပတစ်ခုတည်းဆိုရင်တော့ မလိုအပ်တော့ဘူး။ ငါ့အနားမှာ အလှလေးတွေ မရှားပါးဘူး”
အစေခံမိန်းကလေးသည် တွန့်ဆုတ်သွားကာ နှုတ်ခမ်းကို ဖိကိုက်လျက် ခေါင်းငုံ့သွားသည်။ ထို့နောက် ပြန်ပြောလာသည်။
“ခန်းမအရှင်သခင်ချန် ကျွန်မ ခန်းမအရှင်သခင်ချန်နဲ့ သီးသန့်စကားပြောချင်ပါတယ်”
ချန်ကျဲ့ ဒူးထောက်နေသည့် အစေခံမိန်းကလေးကို ကြည့်လိုက်ပြီး ပြောသည်။
“မင်းတို့အားလုံး ထွက်သွားနိုင်ပြီ”
ထိုအခါ ကျိုးချူမှ လှုပ်ရှားပြီး လူအားလုံးကို ထွက်သွားစေရန် စီစဉ်သည်။ မကြာမီတွင် အစေခံမိန်းကလေးသာလျှင် ကျန်ခဲ့သည်။ ချန်ကျဲ့ သူမကိုကြည့်လိုက်ပြီး ပြောသည်။
“ကောင်းပြီ။ မင်းပြောနိုင်ပြီ”
ထိုအခါ အစေခံမိန်းကလေးသည် ချန်ကျဲ့ကို ပြန်ကြည့်လာပြီး ပြောသည်။
“ခန်းမအရှင်သခင်ချန် ကျွန်မ နန်ပါးထျန်းရဲ့လျှို့ဝှက်အခန်းကို သိပါတယ်”
“လျှို့ဝှက်အခန်းလား”
ချန်ကျဲ့၏အကြည့်များ စူးရှသွား၏။ ကျိုးချူနှင့် ရှောင်ဟူတို့၏မျက်လုံးများလည်း တောက်ပသွားခဲ့သည်။
လျှို့ဝှက်အခန်းဆို သေချာပေါက် အဖိုးတန်ပစ္စည်းတွေ ရှိမှာပဲ။
ထိုစဉ် ချန်ကျဲ့မှ ပြောသည်။
“ခြံဝင်းအတွင်းအပြင် အကုန်လုံးကို သေချာရှာပြီးပြီ။ ချီမုကောနဲ့စစ်သည်တွေ အဲဒီလျှို့ဝှက်အခန်းကို ရှာမတွေ့သွားတာ သေချာလား”
အစေခံမိန်းကလေးမှ ပြောသည်။
“သေချာပါတယ်။ လျှို့ဝှက်အခန်းက အရမ်းလျှို့ဝှက်တာပါ”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ။ ငါတို့ကို ခေါ်သွားပေး။ ငါတို့အတွက် အကျိုးအမြတ်ရှိခဲ့ရင် မင်းကို အခွင့်အရေးပေးမယ်”
အစေခံမိန်းကလေးမှ ပြန်ပြောသည်။
“ခန်းမအရှင်သခင်ချန်ကို ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမသည် ချန်ကျဲ့ကို နန်ပါးထျန်း၏ စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့သည်။
စာကြည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျိုးချူထံမှ ကျိန်ဆဲသံ ထွက်ပေါ်လာသည်။
“ချီးပဲ။ ဟိုခွေးကောင်တွေက လုံးဝ အပြောင်သိမ်းသွားတာပဲ”
ချန်ကျဲ့လည်း အခန်းကို ဝေ့ဝဲကြည့်လိုက်သည်။ စားပွဲခုံနှင့် စာအုပ်စင်များပင်လျှင် ခွာယူခံထားရပြီး စာရင်းစာအုပ်အချို့နှင့် စာရွက်အချို့သာလျှင် အခန်းလွတ်ကြီးထဲ ကျန်ရစ်ခဲ့ကြောင်း မြင်လိုက်ရသည်။
ချန်ကျဲ့ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး လှန်လှောကြည့်လိုက်သည်။ ဘာမှအသုံးမဝင်သည့်စာအုပ်ဖြစ်၏။
ရှောင်ဟူမှလည်း ပြောသည်။
“အခန်းကို ဒီလိုအထက်အောက်ပြောင်းပြန်လှန်ထားမှတော့ ဘာကျန်နိုင်ဦးမှာတဲ့လဲ။ အစေခံမိန်းကလေး မင်း ငါတို့ကို လှည့်စားနေတာလား”
အစေခံမိန်းကလေးသည် ချက်ချင်း လက်ခါလျက် ငြင်းဆန်သည်။
“ကျွန်မ မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး။ လျှို့ဝှက်အခန်းက အဲဒီနံရံရဲ့ အပေါ်မှာပါ”
နံရံလား။
ကျိုးချူ ထိုနံရံနားသို့ လျှောက်သွားလိုက်ပြီး မေးသည်။
“ဘယ်လိုဖွင့်ရမလဲ”
“တွန်းလိုက်ပါ”
ကျိုးချူ အားပြင်းပြင်း တွန်းလိုက်သည်။ သို့သော် မလှုပ်ပေ။ သို့ဖြင့် နောက်လှည့်ပြော၏။
“မလှုပ်ဘူး။ ဒီနံရံက သာမန်နံရံအသေပဲ”
“အာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ခေါင်းဆောင် အဲဒီနံရံကို တွန်းပြီး အထဲဝင်သွားတာကို ကျွန်မကိုယ်တိုင် မြင်ခဲ့တာလေ”
ထိုအခါ ချန်ကျဲ့ နံရံကိုကြည့်လိုက်ပြီး အနားကပ်သွားလိုက်သည်။ ထို့နောက် အတွင်းအားကို လည်ပတ်စေလိုက်ပြီး နံရံကို ဖိလိုက်သည်။
ကျွီ ကျွီ ကျွီ…
ချန်ကျဲ့ အတွင်းအားသုံးလိုက်သည်နှင့်တစ်ပြိုင်နက် ယန္တရားများလှုပ်ရှားသည့်အသံ ထွက်ပေါ်လာကာ နံရံသည် ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့သည်။ ထို့နောက် လျှို့ဝှက်အခန်း ထွက်ပေါ်လာသည်။