← Chapters

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅-၁၉၆)

Vol. 20 Ch. 195-196

အခန်း (၁၉၅)

ဖုန်းပုကြွယ် တည်းခိုခန်းအတွင်း လှမ်းဝင်လိုက်ချိန်တွင် လူအများအပြား သူ့ကို မြင်တွေ့လိုက်သော်လည်း ဘယ်သူမှ သူ့ကို မမှတ်မိကြပေ။ ထို့ကြောင့် သူနှင့် သူ့နောက်မှပါလာသော လူလေးဦးကို ဘယ်သူမှ သိပ်အာရုံမစိုက်ကြဘဲ စည်းမသိကမ်းမသိ တည်းခိုခန်းထဲ ဇွတ်ဝင်လာသည့် ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား ဂိုဏ်းငယ်လေးများမှ တပည့်များဟုသာ ထင်မှတ်လိုက်ကြသည်။

ထိုအချိန်တွင် စစ်ယန်ရန်၏ အာရုံမှာ ကုန်းစွန်းချန်နှင့် ကျီထုံတို့၏ စကားပြောဆိုမှုအပေါ်၌သာ ရှိနေခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သူရဲဘောကြောင်သူဖြစ်ပြီး သူမ၏အမှားကို အခြားသူများ ရိပ်မိသွားမည်စိုးသဖြင့် စကားလုံးတိုင်းကို ထိတ်လန့်တကြား နားစွင့်နေခဲ့သည်။

စစ်ယန်ရန်၏ ထိုင်ခုံသည် တည်းခိုခန်းအဝင်ဝနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် ဘေးဘက်မှ လူတစ်ဦးဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူမသည် ထိုဘက်သို့ မတော်တဆ လှမ်းကြည့်လိုက်မိသည်။ မကြည့်လိုက်လျှင် အေးဆေးနေမည်ဖြစ်သော်လည်း ကြည့်လိုက်မိချိန်တော့ သူမသည် အလွန်အမင်းထိတ်လန့်သွားကာ ထိုင်နေရာမှ ဝုန်းကနဲ ထရပ်လိုက်သဖြင့် သူမ၏ ထိုင်ခုံပင် နောက်သို့ လဲကျသွားတော့သည်။

ကုန်းစွန်းချန်သည် တစ်ခုခုလွဲနေသည်ကို ခံစားမိသဖြင့် ကျီထုံနှင့် စကားပြောနေသည်ကို ရပ်လိုက်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့ဇနီးသည် တည်းခိုခန်းအဝင်ဝဘက်သို့ အံ့သြတကြီးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် စစ်ယန်ရန်၏ အကြည့်နောက်သို့ လိုက်ကြည့်ရင်း မေးလိုက်သည်။

"မိန်းမ... ဘာဖြစ်လို့လဲ"

"သူတို့ပဲ"

စစ်ယန်ရန်က ယခုလေးတင် အထဲသို့ လှမ်းဝင်လာသော ဖုန်းပုကြွယ်တို့အဖွဲ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"သူတို့က မနေ့ညက ဝမ်အောက်ကို သတ်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေပဲ"

ထိုအခိုက်အတန့်တွင် တည်းခိုခန်းတစ်ခုလုံး၏ လေထုက ချက်ချင်း ပြောင်းလဲသွားတော့သည်။ လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ ထိုချာတိတ်ငါးဦး ပေါ်လာသည်ကို လျစ်လျူရှုထားခဲ့ကြသော သိုင်းသမားအသီးသီးသည် ယခုတွင် အရေးကြီးပုဂ္ဂိုလ်ကြီးများကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။ သူတို့၏ အကြည့်အားလုံးသည် ဖုန်းပုကြွယ်တို့အဖွဲ့ထံ စုပြုံကျရောက်လာတော့သည်။

သို့သော်လည်း ထိုသိုင်းလောကစီနီယာအုပ်စုများ မည်မျှပင် စူးစမ်းကြည့်ရှုပါစေ ထိုငါးဦးကို သာမန်လူများကဲ့သို့သာ မြင်တွေ့ရပေသည်။ ရုပ်ရည်ပိုင်းအရဆိုလျှင် ချောမောသော လူငယ်လေးများ ဖြစ်ကြသော်လည်း သူတို့၏ အဝတ်အစားများမှာ အလွန်ရိုးရှင်းပြီး မည်သည့်လက်နက်မျှ ကိုင်ဆောင်ထားပုံမရပေ။ သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မရှိသော်လည်း သိုင်းလောကထဲတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သူများ၏ ပါးနပ်ရက်စက်သော အမူအရာမျိုးလည်း မရှိကြပေ။ အထူးဆန်းဆုံးအချက်သည် သူတို့၏ လှုပ်ရှားမှုများမှာ သိုင်းပညာ လေ့ကျင့်ထားသူများ၏ ဟန်ပန်နှင့် လုံးဝမတူခြင်းပင် ဖြစ်သည်။

"ဟွန်း... ခင်ဗျားတို့ပဲကိုး"

ဖုန်းပုကြွယ်က ထိုစကားကို ကြားလိုက်သည်နှင့် အေးစက်စွာ ပြောလိုက်သည်။ ပြောရင်းနှင့် သူ့အဖွဲ့သားများကို ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

ချန်လင်တည်းခိုခန်း၏ ဧည့်ခန်းမရှိ စားပွဲများသည် လေးထောင့်စားပွဲများ မဟုတ်ဘဲ စားပွဲဝိုင်းငယ်များ ဖြစ်ကြသည်။ စားပွဲတစ်လုံးတွင် အများဆုံးခြောက်ယောက် ထိုင်နိုင်သည်။ ဖုန်းပုကြွယ်သည် အလွတ်ဖြစ်နေသော စားပွဲတစ်ခုသို့ သွားထိုင်လိုက်သည်။ သူ့အဖွဲ့သားများ ဝင်ထိုင်ပြီးနောက်တွင် သူသည် အဝေးတွင်ရှိသော စားပွဲထိုးတစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူသည် လက်ချောင်းလေးနှစ်ချောင်းဖြင့် လက်ဖျစ်တီးကာ စားပွဲထိုးကို လာရန် အချက်ပြလိုက်သည်။

ထိုနေရာရှိ လူများသည် ဗဟုသုတ များပြားကြသော်လည်း လူတစ်ယောက် လက်ဖျစ်တီးသည်ကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။ "လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ" ဟု ဆိုရိုးရှိသော်လည်း ယနေ့တွင်တော့ လူတစ်ဦးက လက်တစ်ဖက်တည်းဖြင့် ထူးဆန်းသော လက်ဟန်တစ်ခု လုပ်လိုက်ရာမှ ကြည်လင်ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဤအရာကို အစွမ်းထက်ပညာရပ်တစ်ခုဟု မဆိုနိုင်သော်လည်း လူတိုင်းက ဤလှည့်ကွက်မှာ အတော်လေး ဆန်းသစ်သည်ဟု စိတ်ထဲတွင် ခံစားလိုက်ကြရသည်။

ဖုန်းပုကြွယ်သည် ဤကဲ့သို့ ပေါ့ပေါ့ပါးပါးဖြင့် ရိုးရှင်းသောနည်းလမ်းကို အသုံးပြုကာ ထိုသိုင်းသမားများအပေါ် ထူးဆန်းပြီး ခပ်ပေါ့ပေါ့ဖြစ်သော ပထမဆုံးအထင်အမြင်မျိုး ပေးလိုက်ခြင်း ဖြစ်သည်။

စားပွဲထိုးသည် နှစ်စက္ကန့်ခန့် ကြောင်အသွားပြီးမှ လျှောက်လာခဲ့သည်။ သူသည် အလေ့အကျင့်အတိုင်း ပုခုံးပေါ်မှ အဝတ်စကို ယူကာ စားပွဲကို စတင်သုတ်လေသည်။ တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်ကလည်း လက်ဖက်ရည်ခွက် အနည်းငယ်ကို ကျွမ်းကျင်စွာ စီစဉ်ပေးပြီး ဧည့်သည်များအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။

"အဲ... ဧည့်သည်တော်တို့... ဘာများ မှာယူချင်ပါသလဲခင်ဗျာ"

"အခန်းလိုချင်တယ်"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

"အိုး... အားနာလိုက်တာဗျာ..."

စားပွဲထိုးက ထိုသို့ပြောလိုက်ချိန်တွင် စားပွဲသုတ်ခြင်းနှင့် လက်ဖက်ရည်ငှဲ့ခြင်း အလုပ်များ ပြီးစီးသွားပြီ ဖြစ်သည်။ သူက အားနာသလို ပြုံးပြလိုက်သည်။

"မြင်တဲ့အတိုင်းပါပဲဗျာ... အခုတလော တည်းခိုခန်းမှာ ဧည့်သည်တွေ အရမ်းများနေတော့ အခန်းတွေ အကုန်ပြည့်ကုန်ပါပြီ၊ အဲဒါ ခင်ဗျားတို့အနေနဲ့..."

"ဖယ်လိုက်စမ်း"

ရုတ်တရက် စားပွဲထိုး၏ နောက်ကျောဘက်မှ ခပ်နက်နက်အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုလူ့ပါးစပ်မှ ထွက်လာသော လေငွေ့က စားပွဲထိုး၏ ဂုတ်ပိုးကို လာထိသဖြင့် စားပွဲထိုးမှာ ထိတ်လန့်သွားရပြီး ဘေးသို့ အမြန်ဖယ်ပေးလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ဖုန်းပုကြွယ်၏ အကြည့်က စကားပြောလိုက်သူနှင့် ဆုံမိသွားတော့သည်။ ထိုလူမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ဆံပင်များ ဖြူနေပြီး မျက်နှာအမူအရာကလည်း အနည်းငယ် ဒေါသထွက်နေပုံရသည်။

ကုန်းစွန်းချန်၏ ရုပ်ရည်သည် အတော်လေး ထူးခြား၏။ မျက်ခုံးများ ရှည်လျားပြီး နှာတံမြင့်သည်။ မျက်လုံးများက အောက်သို့ စိုက်နေသကဲ့သို့ ဖြစ်နေကာ ပါးပြင်များလည်း ပြားချပ်နေသည်။ ပါးစပ်မှာ ကျဉ်းသော်လည်း မေးရိုးက ကျယ်ပြန့်သည်။ အားလုံးကို ပေါင်းလိုက်လျှင် ရုပ်မဆိုးသော်လည်း မှတ်ရလွယ်သော မျက်နှာမျိုး ဖြစ်သည်။

"စီနီယာ... ကျုပ်ကို ရှာနေတာလား"

ဖုန်းပုကြွယ်က တည်ငြိမ်စွာ မေးလိုက်သည်။

"ဟွန်း... ဘယ်သူက မင်းရဲ့ စီနီယာလဲ"

ကုန်းစွန်းချန်က နှာခေါင်းရှုံ့လိုက်သည်။ ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့သည် အရုဏ်ဦးတစ်ထောင်မျှော်စင် အရှင်သခင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ သူတို့နောက်တွင်တော့ ထိုဂိုဏ်းမှ တပည့်နှစ်ဦး ရှိနေ၏။

"ကျုပ် သိပြီ..."

ဖုန်းပုကြွယ်က ထိုစကားကို ကြားသောအခါ ဖြည်းညင်းစွာ ထရပ်လိုက်သည်။

ကုန်းစွန်းချန်မှလွဲ၍ အရုဏ်ဦးတစ်ထောင်မျှော်စင်မှ ကျန်လူအားလုံး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။ စစ်ယန်ရန်သည် ကစားသမားများ၏ ခန့်မှန်းရခက်သော တိုက်ခိုက်ရေးစွမ်းရည် အကြောင်းကို ဂိုဏ်းထဲတွင် သတင်းဖြန့်ထားပြီး ဖြစ်ကြောင်း သိသာလှသည်။ အကယ်၍ သူမအနေဖြင့် တစ်ဖက်လူ အလွန်အစွမ်းထက်ကြောင်း မပြောထားလျှင် သူမလွတ်မြောက်လာခဲ့ပုံကို ရှင်းပြနိုင်မည် မဟုတ်သလို အတော်လေးလည်း အရှက်ရစရာ ဖြစ်နေပေလိမ့်မည်။

တည်းခိုခန်းအတွင်းရှိ လေထုသည် စတင် အရှိန်တက်လာတော့သည်။ လောကအတွေ့အကြုံ နည်းပါးသေးသော လူငယ်တပည့် အတော်များများမှာ စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ ကုန်းစွန်းချန်၏ အရုဏ်ဦးတစ်ထောင် နတ်ဘုရားသိုင်း မည်မျှအစွမ်းထက်ကြောင်း ကိုယ်တိုင် မြင်တွေ့ခွင့်ရရန် နှစ်ဖက်သား တိုက်ခိုက်ကြလိမ့်မည်ဟု သူတို့ မျှော်လင့်နေကြခြင်းဖြစ်သည်။

"ဒါဆိုရင်လည်း..."

ဖုန်းပုကြွယ်က အသုံးအနှုန်းကို ပြောင်းပြီး ပြောလိုက်သည်။

"ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ"

သူ ထိုသို့ ပြောလိုက်သည်နှင့် တည်းခိုခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ခန်းမထဲတွင် အေးစက်သော လေပြင်းတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ပင်...။

အငေါ့တူးခံလိုက်ရသဖြင့် ကုန်းစွန်းချန်မှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက အစတုန်းက သူ့ကို စီနီယာဟု ခေါ်ခဲ့သော်လည်း သူကိုယ်တိုင် ငြင်းပယ်ခဲ့ခြင်း မဟုတ်ပါလား။

"မင်း အဖြေကို သိပြီးသားပဲ"

ကုန်းစွန်းချန်က ဘာမှမကြားသယောင် ဟန်ဆောင်ကာ တိုက်ရိုက်ပြောလိုက်သည်။

"မနေ့ညက လမ်းပေါ်မှာ ငါ့တပည့်ကို ဘာလို့ သတ်ခဲ့တာလဲ"

ဖုန်းပုကြွယ်သည် ထိုစကားကို ကြားသော်လည်း ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိပေ။ သူ့အဖွဲ့ဝင်များမှာမူ ပွဲကြည့်သူများကဲ့သို့ပင်။ သူတို့သည် စိတ်အေးလက်အေးနှင့် လက်ဖက်ရည် သောက်နေကြလေသည်။

"အိုး... သူက ခင်ဗျားတပည့်ကိုး"

ဖုန်းပုကြွယ်က စစ်ယန်ရန်၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် ကုန်းစွန်းလီကို ကြည့်လိုက်သည်။ သူသည် ထိုသူမှာ မနေ့ညက လေးထောင့်မျက်နှာနှင့် အမျိုးသားဖြစ်ကြောင်း မှတ်မိသွားပြီ ဖြစ်သည်။

စစ်ယန်ရန်နှင့် ကုန်းစွန်းလီတို့၏ မျက်လုံးများသည် လက်ခနဲဖြစ်သွားသော်လည်း အမှန်တရားဘက်တော်သားများသဖွယ် ဟန်ဆောင်နေကြဆဲပင်။ စစ်ယန်ရန်ကပင် ပြောလိုက်သေးသည်။

"ဟွန်း... ဘာဖြစ်လို့လဲ၊ ဒီနေ့ ငါ့ယောကျ်ားရှေ့မှာ... အရုဏ်ဦးတစ်ထောင်မျှော်စင် ရှေ့မှာဆိုတော့ နင် မဝန်ခံရဲတော့ဘူးလား"

သူမသည် အပြစ်ပုံချရန် ကြိုးစားနေခြင်းဖြစ်သဖြင့် အများသူငှာ ဇဝေဇဝါဖြစ်အောင် ပြောဆိုရန် မည်သည့်အခွင့်အရေးကိုမဆို အမိအရ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။ သူမ၏ အတွေးအရ ဖုန်းပုကြွယ်က ငြင်းဆန်လျှင်ပင် ၎င်းမှာ ငြင်းဆန်နေခြင်းသာ ဖြစ်တော့သည်။

ဖုန်းပုကြွယ် နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။ သူသည် သူ့ရှေ့တွင် ရှိနေသော လူများ၏ အဆင့်အတန်းနှင့် ပတ်သက်မှုများကို ဦးနှောက်ထဲတွင် အမြန်စီစဉ်လိုက်သည်။ ထို့နောက် သူက ပြန်ပြောလိုက်သည်။

"ဟူး၊ ကျုပ်က ဒီကို ခင်ဗျားတို့နဲ့ စကားများဖို့ လာတာမဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်ဆီ လာရှာနေတာလား"

လူသတ်သမားအစစ်နှင့် အပေါင်းအပါတို့က ဖုန်းပုကြွယ်တစ်ယောက် အမှန်တရားကို ဖွင့်ပြောတော့မည်ဟု ထင်နေချိန်တွင် ထင်မှတ်မထားဘဲ ဖုန်းပုကြွယ်က ကုန်းစွန်းချန်ကို အော်ဟစ်လိုက်လေသည်။

"ကျုပ်က ဘာလို့ ဝန်မခံရမှာလဲ၊ ဟုတ်တယ်၊ သူ့ကို သတ်လိုက်တာ ကျုပ်ပဲ၊ အဲဒါ ခင်ဗျားတို့မှာ ပြဿနာရှိလို့လား"

ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့ ထိုစကားကို ကြားသောအခါ ဘာပြန်ပြောရမှန်း မသိဖြစ်သွားကြသည်။ စက္ကန့်အနည်းငယ်ကြာမှ သူတို့ အံ့သြသွားကြတော့သည်။ မဖြစ်နိုင်တာ... သူ ဝန်ခံလိုက်တာလား။ ဒီလောက် အလွယ်တကူကြီးလား။ သူ ရူးနေတာလား။

ကုန်းစွန်းချန်သည် မျက်နှာချင်းဆိုင်တွင် အငေါ့တူးခံလိုက်ရသော်လည်း စိတ်ထဲတွင်တော့ "ကောင်းပြီ... မင်းက သတ္တိရှိသားပဲ..." ဟု အမှန်တကယ် ချီးကျူးလိုက်မိသည်။

"ကောင်းပြီ၊ မင်းဝန်ခံလိုက်ပြီဆိုမှတော့ နောက်ထပ် ဘာမှ ပြောနေစရာ မလိုတော့ဘူး၊ အရုဏ်ဦးတစ်ထောင်မျှော်စင်က မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘဲနဲ့ ငါ့လူကို အကြောင်းမဲ့ သတ်လိုက်တာပဲ၊ သိုင်းလောက စည်းမျဉ်းအရ ငါ့တပည့်အတွက် ငါလက်စားချေရမယ်..."

ကုန်းစွန်းချန် စကားမဆုံးမီ ဖုန်းပုကြွယ်က ကြားဖြတ် ပြောလိုက်သည်။

"နေပါဦး"

ဖုန်းပုကြွယ်က အော်ဟစ်ကာ ဟန့်တားလိုက်သည်။

"ကျုပ်က ခင်ဗျားရဲ့လူကို အကြောင်းမဲ့သတ်တယ်လို့ ဘယ်သူပြောလဲ"

"ဟင်"

ကုန်းစွန်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။

"မင်းက ဝမ်အောက်နဲ့ ရန်ငြိုးရှိလို့လား"

"မရှိဘူး"

ဖုန်းပုကြွယ်က ဖြေသည်။

"ဒါဆို အရုဏ်ဦးတစ်ထောင်မျှော်စင်နဲ့ကော ရန်ငြိုးရှိလား"

"မရှိဘူး"

"ဟမ့် ဒါဆို ဘာလို့ သူ့ကို သတ်ရတာလဲ"

"သူက ကျုပ်မိန်းမကို နှောင့်ယှက်နေလို့လေ"

ဖုန်းပုကြွယ်က ပြောရင်း ရီရူလီကို လက်ညှိုးထိုးပြလိုက်သည်။

"အဲ..."

ကုန်းစွန်းချန်မှာ ပြောစရာစကားမဲ့သွားရသည်။

သူသာမက ရှောင်တန်၊ ရီရူယွီ နှင့် အာတိုဘီဆမားတို့လည်း သူတို့၏ လက်ဖက်ရည်ခွက်များကို စားပွဲပေါ် လွှတ်ချလုနီးပါး ဖြစ်သွားကြသည်။ ရီရူလီကတော့ တည်တည်ငြိမ်ငြိမ်ပင်။ သူမသည် ဖုန်းပုကြွယ်တစ်ယောက် သူမဆီက ငွေတွေအများကြီး ချေးထားပြီး အတိုးက ခုလေးတင် နှစ်ဆတက်သွားသကဲ့သို့ အေးစက်စက်အကြည့်မျိုးဖြင့် သူ့ကို ကြည့်နေဆဲ ဖြစ်သည်။

"မနေ့ညက ကျုပ်တို့ မြို့ထဲကို ဝင်လာတဲ့အချိန်မှာ ခင်ဗျားတပည့် ဝမ်အောက်က မူးရူးပြီး ကျုပ်တို့ဆီ လျှောက်လာတာ တွေ့လိုက်ရတယ်"

ဖုန်းပုကြွယ်၏ အလိမ်စွမ်းရည်မှာ ငြင်းစရာမရှိပေ။

"သူက ကျုပ်မိန်းမ ဘယ်လောက်လှလဲဆိုတာ မြင်တော့ ရှေ့တက်လာပြီး နှောင့်ယှက်တော့တာပဲ"

သူက ကြမ်းပြင်ပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်သည်။

"သူက ကျုပ်တို့ထဲက တစ်ယောက်မှ သိုင်းမတတ်ဘူးလို့ ထင်နေပုံရတယ်၊ ဒါကြောင့် ဘာမှ မကြောက်တာပဲ၊ ကျုပ်ရှေ့မှာတင် ကျုပ်မိန်းမကို လက်ညှိုးထိုးပြီး ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ ပြောရဲတယ်ပေါ့"

ဖုန်းပုကြွယ်က ကုန်းစွန်းချန်ကို မကြောက်မရွံ့ စိုက်ကြည့်ရင်း သွယ်ဝိုက်ပြီး ဆဲရေးလိုက်သည်။

"ကျုပ်က သိုင်းပညာနည်းနည်းလောက်တတ်ပြီး အင်အားကြီးဂိုဏ်းကလာတယ်ဆိုတဲ့ အဲဒီလိုလူမျိုးတွေကို အမြဲတမ်းရွံတယ်၊ အဲဒီအချိန်မှာပဲ သူ့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ရိုက်ပစ်လိုက်တာပဲ"

သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဒါတင်မကဘူး၊ ကျုပ်မိန်းမရဲ့ စိတ်ဓာတ်ကို ဘယ်သူ့ထက်မဆို ကျုပ်က ပိုသိတယ်၊ တကယ်လို့ ကျုပ်အရင် မလှုပ်ရှားခဲ့ရင် သူက အရင်လှုပ်ရှားမှာ၊ အဲဒီလိုဆိုရင်လည်း အဲဒီလူက သေမှာပဲ"

ဖုန်းပုကြွယ်က ညည်းညည်းညူညူ ပြောလိုက်သည်။

"ဘာလဲ... ဂိုဏ်းချုပ်ကြီး... ခင်ဗျားက သူ့အတွက် ကလဲ့စားချေပေးမလို့လား"

သူ့စကားလုံးများက ထိုလူကို အကျပ်ရိုက်သွားစေတော့သည်။ လူသေက စကားမပြောနိုင်တော့သဖြင့် ထိုလိမ်ညာမှုကို အပြင်ပန်းတွင် ငြင်းဆန်ရန် မလွယ်ကူပေ။

ဟုတ်ပေသည်... ထိုစကား၏ အရေးကြီးဆုံးအပိုင်းမှာ "ငါတို့ငါးယောက်ထဲက တစ်ယောက်မှ သိုင်းမတတ်ဘူးလို့ ထင်နေတာ" ဆိုသည့် အချက်ပင် ဖြစ်သည်။ ၎င်းမှာ ဖုန်းပုကြွယ် လူတိုင်းကို ကြားစေချင်သည့်အချက် ဖြစ်သည်။ လူသတ်မှုနှင့် ပေါင်းစပ်လိုက်သောအခါ အချို့အရာများကို ရှင်းပြပြီးသား ဖြစ်သွားတော့သည်။

တည်းခိုခန်းရှိ လူများသည် ချန်လင်မြို့သို့ ဝင်ရန် နည်းလမ်းနှစ်မျိုးရှိကြောင်း သဘာဝကျစွာ သိရှိထားကြသည်။ ထိုအချိန်တွင် သူတို့ သဘောပေါက်သွားကြသည်က ထိုငါးဦးတွင် သူတို့၏ အစစ်အမှန်စွမ်းအားကို ဖုံးကွယ်ထားနိုင်သည့် ပညာရပ်တစ်မျိုးမျိုး ရှိနေသည်ဟူ၍ပင်။ သို့သော် ၎င်းမှာ အံ့သြစရာတော့ မဟုတ်ပေ...။ သူတို့သည် ထိုလူများကို သိုင်းလောကတွင် တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဒါဆို သူတို့က လမ်းမကြီးကနေပြီး မြို့ထဲကို ဘယ်လို ဝင်လာနိုင်မှာလဲ။ ဒါကြောင့် သူတို့က လမ်းလေးကနေပဲ ဝင်လာခဲ့တာ ဖြစ်ရမယ်။ လမ်းကြားက ဝင်လာနိုင်တယ်ဆိုကတည်းက သူတို့ဟာ ထိပ်တန်းပညာရှင်တွေ ဖြစ်ရမယ်။

"ဒါ... ဒါက မင်းဘက်က ပြောတာပဲလေ။ ဘယ်လိုလုပ်ပြီး..."

ကုန်းစွန်းချန်မှာ နောက်ထပ်တစ်ကြိမ် ကြားဖြတ် အပြောခံလိုက်ရပြန်သည်။

"ခင်ဗျားဘေးက လူနှစ်ယောက်ကို မေးကြည့်လိုက်လေ၊ ကျုပ်ပြောတာ အမှန် ဟုတ် မဟုတ်ဆိုတာ"

ဖုန်းပုကြွယ်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

သူ၏ ယုံကြည်မှုသည် အကြောင်းမဲ့ မဟုတ်ပေ။ သူ့ဘေးက လူနှစ်ယောက်သည် သူ၏ အလိမ်အညာကို ကူညီဖုံးကွယ်ပေးလိမ့်မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။ အကြောင်းရင်းက ရိုးရှင်းပါသည်။ လူတစ်ယောက်ကို သတ်ရန်အတွက် အကြောင်းပြချက် လိုအပ်သောကြောင့်ဖြစ်သည်။

စစ်ယန်ရန်နှင့် ကုန်းစွန်းလီတို့က ဖုန်းပုကြွယ်ကို လူသတ်သမားအဖြစ် စွပ်စွဲရန်အတွက် ပို၍ယုံကြည်စိတ်ချရမည်ဟု မထင်ထားသရွေ့ သူတို့က ဤဇာတ်လမ်းကို ငြင်းဆန်ရန် အကြောင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ လူသတ်သမားအစစ်မှာ စစ်ယန်ရန်သာ ဖြစ်သည်။ အမှန်တကယ်တွင် သူမအပြစ်ပုံချခဲ့သော လူသည် ဝမ်အောက်နှင့် ဘာမှ မပတ်သက်ပေ။ ယခု ဖုန်းပုကြွယ်က အကြောင်းပြချက်တစ်ခု ဖန်တီးပေးလိုက်ခြင်းသည် သူမအတွက် အလွန်ပင် အထောက်အကူ ဖြစ်သွားခဲ့သည်။

"အင်း... ဒါက..."

စစ်ယန်ရန်က ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။

"ကျွန်မက လူသတ်တာကိုတော့ မမြင်လိုက်ဘူး၊ ကျွန်မ ရောက်သွားတဲ့အချိန်မှာ ဝမ်အောက်က သေနေပြီ..."

ကုန်းစွန်းလီကလည်း လေသံနှိမ့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကို... ကျုပ်က ပိုတောင် နောက်ကျသေးတယ်၊ ဝမ်အောက်နဲ့ သူတို့ကြားက ပဋိပက္ခကို ကျုပ်မမြင်လိုက်ရဘူး... ဒါပေမဲ့ သူတို့ လိမ်နေတယ်လို့တော့ ကျုပ်မထင်ဘူး"

ထိုသို့ပြောချိန်တွင် သူက သူ့လေသံကို ပိုနှိမ့်လိုက်ပြီး

"နောက်ပြီး... တူလေးဝမ်က မိန်းကလေးတွေကို ငေးရတာ ဝါသနာပါပြီး သဘာဝအရလည်း မိန်းမလိုက်စားတတ်တယ်ဆိုတဲ့ အတင်းအဖျင်းတွေကို ကျုပ်မကြာခဏ ကြားဖူးတယ်..."

ဤနေရာတွင်တော့ ကုန်းစွန်းချန်သည် ဖုန်းပုကြွယ်၏ ဇာတ်လမ်းကို ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်သွားပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နာရီအနည်းငယ်က စစ်ယန်ရန်နှင့် ကုန်းစွန်းလီတို့သည် ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ကြပေ။ မှန်ပေသည်၊ သူတို့က ရှင်းရှင်းလင်းလင်း မပြောနိုင်ကြတာပါ။

ဒါပေမဲ့ အခုတော့ ဝမ်အောက်ရဲ့ သေဆုံးမှုက အကြောင်းပြချက် ခိုင်လုံသွားသလိုပါပဲ။

ဖုန်းပုကြွယ်၏ လိမ်ညာမှုနှင့် ကုန်းစွန်းလီ၏ သွယ်ဝိုက်မေးခွန်းထုတ်မှုများကို နားထောင်ပြီးနောက် ကုန်းစွန်းချန်က ပြန်စဉ်းစားကြည့်လိုက်သည်...။ ဝမ်အောက်သည် သူ၏ ဆရာကတော်ကိုပင် ငေးကြည့်နေခဲ့သော အကြိမ်အနည်းငယ် ရှိခဲ့သည်ဟူ၍ပင်။ ထို့နောက် ဝမ်အောက်မှာ အမှန်တကယ်ပင် ရုပ်ချောသည်ဟု သူက တွေးလိုက်မိပြန်သည်...။ ကုန်းစွန်းချန်း ပိုတွေးလေလေ ယင်းက အမှန်တရားဖြစ်နိုင်သည်ဟု ပိုခံစားရလေလေပင်။ သူ့တပည့်အတွက် ကလဲ့စားချေပေးရန် ဟူသော အတွေးမှာလည်း အခြေခံအားဖြင့် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

"ဘယ်လိုထင်လဲ၊ မျှော်စင်သခင်... ကျုပ်ပြောတာ အမှန်ပဲမလား"

ဖုန်းပုကြွယ်က အသံကို မြှင့်ကာ ယုံကြည်မှုအပြည့်နှင့် ကြေညာလိုက်သည်။

"ဒီနေ့ ကျုပ်ဒီနေရာမှာပဲ အားလုံးကို ပြောလိုက်မယ်၊ သူ့ကို ကျုပ်သတ်လိုက်တာ၊ တကယ်လို့ သူ့ကို ကျုပ်သတ်တာ မှားတယ်လို့ ခင်ဗျားပြောရင်တော့ သိုင်းလောကစည်းမျဉ်းအတိုင်းပဲ ရှင်းကြတာပေါ့၊ သေခြင်းရှင်ခြင်းဆိုတာ ကံတရားပဲ၊ ဘယ်သူက အစစ်အမှန်လဲဆိုတာ ကြည့်ကြတာပေါ့"

"ဂိုဏ်းချုပ် ကုန်းစွန်း... ခင်ဗျား ကျုပ်တို့ကို ရှင်းပြချက်တစ်ခု ပေးသင့်တယ်နော်"

ဘေးကနေ အချိန်အတော်ကြာ စောင့်ကြည့်နေသော ကျီထုံက ဘာတွေဖြစ်နေသည်ကို နားလည်သွားသဖြင့် ဝမ်းသာအားရနှင့် ဝင်ပြောလိုက်သည်။

တည်းခိုခန်းရှိ အခြားသိုင်းသမားများကလည်း ဖုန်းပုကြွယ် အမှန်အတိုင်း ပြောနေသည်ဟု ယုံကြည်သွားကြသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုကာ စိတ်ဝင်တစား ဆွေးနွေးနေကြသည်။ သူတို့၏ ထင်မြင်ယူဆချက်များမှာ အခြေခံအားဖြင့် တူညီကြသည်။ ယခုအကြိမ်တွင်တော့ အရုဏ်ဦးတစ်ထောင်မျှော်စင်အနေဖြင့် ထိုပြဿနာကို ရှင်းလင်းနိုင်တော့မည် မဟုတ်ပေ။ ဒါက သူတို့ရဲ့ ကိုယ်ပိုင်တပည့်ကပဲ မဖွယ်မရာ လုပ်ခဲ့တာဖြစ်ပြီး သူ့သိုင်းပညာကလည်း ညံ့ဖျင်းလို့ နေရာမှာတင် အသတ်ခံလိုက်ရတာပဲလေ။ ဒါကို သူတို့က လက်စားချေချင်နေသေးတာလား။

"ဝမ်အောက်က... တကယ်ကြီး မင်းရှေ့တင် အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့တာလား"

ကုန်းစွန်းချန်က မေးလိုက်သည်။

ဖုန်းပုကြွယ်သည် ဤလိမ်ညာမှုမှာ အသေးစိတ်စစ်ဆေးခံရလျှင် မခံနိုင်ကြောင်း သိသည်။ ဝမ်အောက် မူးနေလျှင်ပင်… ပြီးတော့ သူ့ရှေ့က လူငါးယောက်က သိုင်းပညာမတတ်ဘူးလို့ သူ ယုံကြည်နေရင်တောင်မှ… လမ်းမှန်ဂိုဏ်းတစ်ခု၏ တပည့်တစ်ဦးအနေနှင့် လမ်းမပေါ်တွင် အမျိုးသမီးများကို နှောင့်ယှက်ခြင်းမျိုး လုပ်မည်မဟုတ်ပေ။ ထို့အပြင် ဂိမ်းထဲရှိ ရီရူယွီ၏ ရုပ်ရည်သည်လည်း မြို့တစ်မြို့လုံးကို ပြိုလဲသွားစေနိုင်လောက်အောင် လှပသည့် အဆင့်မျိုး မဟုတ်ပေ။ ဝမ်အောက်အနေဖြင့်လည်း တစ်ခါမှ မိန်းမ မမြင်ဖူးသူ မဟုတ်ပေ။ ယုတ္တိဗေဒအရဆိုလျှင် ထိုသို့ ဖြစ်နိုင်ခြေမှာ သုညမဟုတ်သော်လည်း အလွန်နည်းပါးလှသည်။

"ဘာလဲ၊ ဝမ်အောက်ရဲ့ လုပ်ရပ်က... သေသင့်တဲ့အပြစ် မဟုတ်ဘူးလို့ ခင်ဗျား ထင်နေတာလား"

ဖုန်းပုကြွယ်က ရုတ်တရက် ရက်စက်သော အမူအရာကို ပြလိုက်သည်။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ ကုန်းစွန်းချန်၏ ကော်လာကို ဆွဲကိုင်လိုက်သည်။

"ဒါဆိုရင် ကျုပ်က ဂိုဏ်းချုပ်ကုန်းစွန်းရဲ့ ရှေ့တင် ခင်ဗျားမိန်းမကို ရိုင်းရိုင်းစိုင်းစိုင်း စကားနည်းနည်း ပြောမယ်ဆို ခင်ဗျားသည်းခံနိုင်မလား"

ဖုန်းပုကြွယ် ဒေါသထွက်နေပုံရသော်လည်း အမှန်တကယ်တွင် သူသည် အလွန် တည်ငြိမ်နေခြင်းဖြစ်သည်။ သူ၏ တုံ့ပြန်မှုက အလွန် ပါးနပ်လှသည်။ သူသည် ကုန်းစွန်းချန်၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အကြောင်းအရာကို အခြားတစ်ခုသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ယင်းသည် ထိုရိုင်းစိုင်းသော စကားများ၏ အမှန်တရားကို ဆွေးနွေးနေစရာ မလိုတော့ဘဲ ကုန်းစွန်းချန်က ဆင်ခြေရှာနေသကဲ့သို့ ဖြစ်သွားစေသည်။

ဖုန်းပုကြွယ်၏ တုံ့ပြန်မှုက လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ မျှော်စင်သခင်ကုန်းစွန်းသည် အငိုက်မိသွားသဖြင့် ထိုလူလှမ်းကိုင်လိုက်သော လက်ကို မရှောင်နိုင်ခဲ့ပေ။ ကုန်းစွန်းချန်သည် သိုင်းလောကထဲတွင် အချိန်အတော်ကြာ ရှိနေခဲ့သော်လည်း ဤအခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ သိုင်းလောကတွင် လူတစ်ယောက်က သင့်ကို တိုက်ခိုက်ချင်လျှင် တိုက်ခိုက်ကြမည်သာ ဖြစ်သည်။ သင့်ကို ကော်လာကနေ ဆွဲကိုင်ပြီး ခြိမ်းခြောက်မည့်သူ မရှိပေ။ ယခင်က ဆားမှောင်ခိုသမားများ ဖြစ်ခဲ့ကြသော ဝေလငါးဂိုဏ်းက လူများပင် ဤအပြုအမူမျိုး လုပ်မည်မဟုတ်ပေ။

"သူရဲကောင်းလေး... စိတ်အေးအေးထားပါဦး"

ကုန်းစွန်းချန်မှာ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ အကယ်၍ သူက ဤအခွင့်အရေးကို သုံးပြီး တစ်ဖက်လူကို တိုက်ခိုက်မည်ဆိုလျှင်လည်း ၎င်းမှာ အလွန်ယုတ်ညံ့ရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် သူက "ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး" ဟု ပြန်ပြောလိုက်ရတော့သည်။

"ဟွန်း..."

ဖုန်းပုကြွယ်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း တစ်ဖက်လူကို လွှတ်ပေးလိုက်သော်လည်း သူ့အမူအရာမှာ အလွန်မပျော်မရွှင် ဖြစ်နေဆဲပင်။

သူ့အဖွဲ့ဝင်များကတော့ သူ၏ အသက်ဝင်လှသော သရုပ်ဆောင်ချက်ကို ကြည့်ပြီး ရင်သပ်ရှုမောဖြစ်နေကြလေသည်။ ရီရူယွီကပင် ရှောင်တန်၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်မိသည်။

"ရုပ်ရှင်ဘုရင်ပဲ..."

"အင်း..."

ရှောင်တန်ကလည်း ပြန်ဖြေလိုက်သည်။

သူတို့ရှေ့တွင် ရပ်နေသော စစ်ယန်ရန်ပင် စိတ်ရှုပ်ထွေးနေတော့သည်။ မနေ့ညက ဝမ်အောက်ကို သတ်ခဲ့တာ ငါမလား။ ငါဖြစ်သင့်တာပေါ့၊ ဟုတ်တယ်မလား။ ကုန်းစွန်းလီနဲ့ ငါနဲ့ပေါင်းပြီး သူတို့ကို အပြစ်ပုံချခဲ့တာမလား။ ဒါက ဘယ်လို အခြေအနေကြီးလဲ။ ဒီလူက ငါ့ကိုယ်စား အပြစ်ခံရုံတင်မကဘဲ ဇာတ်လမ်းတွေလည်း အကုန်လုပ်ကြံပြောနေတယ်။ ပြီးတော့ တကယ့်အဖြစ်အပျက်ကြီးလိုမျိုးလည်း သရုပ်ဆောင်နေသေးတယ်။ ဒီလူ ရူးနေတာလား။

"အဲ... သူရဲကောင်းလေးရဲ့ နာမည်ကို ကျုပ်မမေးရသေးဘူးနော်"

ကုန်းစွန်းချန်က သူ့အဝတ်အစားများကို ပြန်လည်ပြင်ဆင်လိုက်ပြီး ပိုမိုယဉ်ကျေးသော အမူအရာကို ဖော်ပြလိုက်သည်။ ထိုအချိန်တွင် သူ သဘောပေါက်သွားသည်မှာ အမှားအမှန်နှင့် ပတ်သက်၍ ငြင်းခုံနေခြင်းမှာ အပိုသာ ဖြစ်တော့မည်ဟူ၍ပင်။ ယခုအချိန်တွင် တစ်ဖက်လူ၌ အမှန်တရားရှိနေကြောင်း ထင်ရှားသည်။ လက်ရှိ တက်ရောက်နေကြသော သိုင်းလောကသားများ၏ စူးစိုက်ကြည့်နေသည့် အကြည့်များအောက်တွင် သူသာ အဆုံးအထိ ဇွတ်တိုးနေမည်ဆိုပါက သူကိုယ်တိုင်သာ ပို၍ အရှက်ရပေလိမ့်မည်။

"ဓားကျိုးလက်ဖက်ရည်ခန်းမရဲ့ ခေါင်းဆောင်၊ ဖုန်းပုကြွယ်ပါ"

ဖုန်းပုကြွယ်က လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။

၎င်းမှာ ဖြေရလွယ်သော မေးခွန်းတော့ မဟုတ်ပေ။ ကုန်းစွန်းချန်သည် ထိုဂိုဏ်းအမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော်လည်း သူသည် "မင်းနာမည်ကို ကြားဖူးနေတာ ကြာပါပြီ" ဟု ပြောလောက်အောင်လည်း အရှက်မဲ့သူ မဟုတ်ပေ။ သူသည် အကြောင်းအရာကို ပြောင်းလဲရန်မှလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။

"အဲ... သခင်လေးဖုန်း၊ ဝမ်အောက်ရဲ့ လုပ်ရပ်တွေက ယဉ်ကျေးမှု၊ တရားမျှတမှု၊ သစ္စာစောင့်သိမှုနဲ့ အရှက်တရားဆိုတာတွေ လုံးဝမရှိခဲ့ဘူး၊ ဒါ့အပြင် သူက အရုဏ်ဦးတစ်ထောင်မျှော်စင်ရဲ့ စည်းမျဉ်းများကိုလည်း ချိုးဖောက်ခဲ့တယ်၊ ဒီလူက သေသင့်တဲ့သူ ဖြစ်တဲ့အတွက် သတ်ပစ်လိုက်တာက အကောင်းဆုံးပါပဲ"

သူက ဝမ်အောက်ကို နာမည်တပ်ခေါ်လိုက်ပြီး ‘တပည့်’ ဟု မသုံးနှုန်းတော့ပေ။

"ငါက သေချာမစစ်ဆေးခဲ့မိဘဲနဲ့ တပည့်လက်ခံရာမှာ ပေါ့လျော့ခဲ့မိပါတယ်... သူရဲကောင်းလေးဖုန်း၊ မင်းက အရုဏ်ဦးတစ်ထောင်မျှော်စင်ကို ဒီလိုလူယုတ်မာလက်ကနေ ကူညီရှင်းလင်းပေးခဲ့တာပဲ၊ ဒါပေမဲ့ ငါက ဘာမှမသိဘဲ မင်းကို စော်ကားမိသွားတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး..."

"အင်း... အဲဒီလိုဆိုရင်တော့ ဟုတ်သေးတယ်"

ဖုန်းပုကြွယ်က ပြန်ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။ သူသည် ကုန်းစွန်းချန်ကို အနည်းငယ်မျှ ယဉ်ကျေးခြင်း မရှိပေ။ သူ့ပုံစံမှာ "ငါက လူသတ်ခဲ့တာတောင်မှ ငါပဲ အမှန်ဖြစ်တယ်လို့ မင်းထင်နေလား" ဟု ပြောနေသည့်အလားပင်။

သခင်လေးဖုန်းသည် သူ့ကို မျက်နှာသာ မပေးရုံတင်မကဘဲ အလွန်အမင်း မောက်မာလှသည်။ ကုန်းစွန်းချန်၏ မျက်နှာအိုကြီးမှာ အနည်းငယ် အရှက်ရသွားသည်။ ကျီထုံ၏ လှောင်ပြုံးအမူအရာကို ကြည့်ရင်း ကုန်းစွန်းချန်သည် ဒေါသလှိုင်းတစ်ခုက သူ့ခြေဖျားမှ ဦးခေါင်းထိပ်အထိ ဆောင့်တက်လာသည်ကို ခံစားလိုက်ရသည်။

သူ့ဘာသာ တွေးလိုက်သည်... ငါ ဒီစော်ကားမှုကို ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်ဘူး။ သူ့ကို ပြန်တုံ့ပြန်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်။ မှန်ပေသည်၊ သူက တိုက်ရိုက်တော့ တိုက်ခိုက်မရပေ။ မဟုတ်ပါက "အနိုင်ကျင့်သည်" ဟု အစွပ်စွဲခံရပေလိမ့်မည်။ ထို့ကြောင့် သူသည် နှုတ်ဖြင့် ရန်စရန် ဆုံးဖြတ်လိုက်သည်။ သူတို့ မတိုက်ခိုက်ရလျှင်တောင်မှ သူ့ကို အရှက်ခွဲနိုင်သေးသည် မဟုတ်ပါလား။

ထိုအတွေးနှင့်အတူ ကုန်းစွန်းချန်းက ပြောလိုက်သည်။

"ဟားဟား... ဂိုဏ်းချုပ်ဖုန်း၊ ကျုပ်သိုင်းလောကထဲ ရောက်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ..."

သူက ပြုံးရင်း ဆက်ပြောသည်။

"ဒါပေမဲ့ ဓားကျိုးလက်ဖက်ရည်ခန်းမဆိုတဲ့ ဒီဂိုဏ်းအမည်ကို တစ်ခါမှ မကြားဖူးခဲ့ဘူး၊ သူရဲကောင်းလေးက အသက်ငယ်ငယ်လေးနဲ့ သိုင်းပညာမှာ အတော်လေး ကျွမ်းကျင်နေပြီ၊ ပြီးတော့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်လည်း ဖြစ်နေသေးတယ်၊ မင်းရဲ့ ဆရာက ဘယ်သူလဲ၊ မင်းရဲ့ ဂိုဏ်းကရော ဘယ်မှာလဲ၊ ပြီးတော့... မင်းရဲ့ ဂိုဏ်းမှာ တပည့်ဘယ်နှစ်ယောက် ရှိသလဲ"

အားလုံးပဲ... ဒါကတော့ ပြဿနာကို ကိုယ်တိုင် ရှာလိုက်တာပါပဲ...

အကယ်၍ စကားလုံးများက လက်နက်သာဆိုပါက ကုန်းစွန်းချန်းသည် သစ်သားတုတ် (ရှေးဟောင်းလက်နက်)တစ်ချောင်း နဲ့ တူပြီး ဖုန်းပုကြွယ်ကတော့ အမ်းစထရောင်း ဂျက် အမ်းစထရောင်း အမြောက်နှင့် တူနေပေလိမ့်မည်။

"အို့"

ဖုန်းပုကြွယ်၏ နှုတ်ခမ်းထောင့်က အပေါ်သို့ ကွေးတက်သွားပြီး ထူးဆန်းသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ သူ့အမူအရာကြောင့် ကုန်းစွန်းချန်း၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး မကောင်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သဘာဝကျစွာပင် ဖုန်းပုကြွယ်သည် ထိုလူဘာတွေးနေသည်ကို သိနေပြီ ဖြစ်သည်။ သူက အေးစက်စွာ ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ကောင်းလိုက်တဲ့ စကား၊ ပြောတာကောင်းတယ်၊ ကျုပ်က ဆရာမရှိဘဲ ကိုယ့်ဘာသာ သင်ယူခဲ့ပြီး ကိုယ့်ဂိုဏ်းကိုယ် ထောင်ခဲ့တာ၊ ကျုပ်ဂိုဏ်းမှာ သတ်မှတ်ထားတဲ့နေရာ မရှိဘူး၊ ကျုပ်မိန်းမနဲ့ ကျုပ်ကလွဲရင် ဧည့်သည်သုံးယောက်ပဲ ရှိတယ်"

အခန်း (၁၉၆)

သူသည် ထိုစကားကို ရှက်ရွံ့ခြင်းမရှိဘဲ ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။ ဖုန်းပုကြွယ်၏ သူငယ်ချင်းများပင် မှင်တက်သွားရသည်။

သိုင်းလောကတွင် "ကိုယ်တိုင်သင်ယူခဲ့သည်" ဟု ပြောခြင်းသည် လက်တွေ့ကမ္ဘာတွင် တစ်စုံတစ်ဦးအား "ငါ့မှာ ထူးခြားတဲ့ စွမ်းအားတွေရှိတယ်" ဟု ပြောလိုက်သကဲ့သို့ပင်။ "ကိုယ်တိုင်သင်ယူခဲ့သည်" ဟူသော စကားလုံးကို ထပ်ခါတလဲလဲ ပြောဆိုလိုက်ခြင်းက လူကို ခြောက်လှန့်သတ်နိုင်လောက်အောင်ပင် အစွမ်းထက်လှသည်။

"ဟားဟားဟားဟား..."

လှေကားကို မှီ၍ အရက်သောက်နေသော အမူးသမားဘုန်းကြီး လုစန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ကောင်းတယ်၊ တကယ့်ကို ကောင်းမွန်တဲ့ ကိုယ်တိုင်သင်နည်းစနစ်ပဲ"

ဘုန်းကြီးက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

"ငါ သိုင်းလောကထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ၊ နာမည်ကျော် ပုဂ္ဂိုလ်တွေ အများကြီးကိုလည်း မြင်ဖူးခဲ့တယ်၊ လူအများစုက သူတို့ရဲ့ နာမည်နဲ့ ထိုက်တန်အောင် မနေနိုင်ကြဘူး၊ စကားကြီးစကားကျယ် ပြောတဲ့လူတွေကိုလည်း အများကြီး တွေ့ဖူးတယ်၊ သူတို့ထဲက အများစုက ကိုယ့်ကိုယ်ကိုယ် ကြွားဝါနေကြတဲ့သူတွေပဲ၊ ပြောဖို့တောင် မထိုက်တန်ပါဘူး"

သူက အိုးထဲမှ အရက်ကို နောက်ထပ်တစ်ငုံ သောက်လိုက်ပြီး ဖုန်းပုကြွယ်ကို မော့ကြည့်လိုက်သည်။

"သခင်လေးဖုန်းလို လူမသိသူမသိ ပုဂ္ဂိုလ်တစ်ယောက်က ဒီလို တုန်လှုပ်စရာ စကားမျိုးကို ပြောနိုင်တာ... မင်းလိုလူမျိုးကို ငါပထမဆုံးအကြိမ် တွေ့ဖူးတာပဲ"

ထိုအချိန်တွင် လုစန်းက ရုတ်တရက် မြွေပျံအရက်ဆက်သခြင်းဟူသော အကွက်ကို အသုံးပြုလိုက်သည်။ သူက သူ့လက်တစ်ဖက်ကို ကွေးလိုက်ပြီး ရုတ်တရက် ဆန့်ထုတ်လိုက်ရာ ပတ်ချာလည် လည်နေသော လေပွေတစ်ခုကဲ့သို့ သူ့လက်ထဲရှိ အရက်အိုးဆီသို့ အရှိန်သက်ရောက်သွား၏။

"ဘုန်းကြီးက မင်းကို အရက်နဲ့ ဧည့်ခံပါရစေ"

အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီးနောက် အရက်အိုးသည် လုစန်း၏ လက်ထဲမှ လွင့်ထွက်သွားကာ ဖုန်းပုကြွယ်ထံသို့ ဦးတည်ပျံသန်းသွားတော့သည်။

လုစန်းသည် ကြမ်းတမ်းပြီး အထိန်းအချုပ်မှုမရှိပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ အလွန် အသေးစိတ်ကျသူ ဖြစ်သည်။ သူသည် အစီအစဉ်ဆွဲရာတွင် မဆိုးလှပေ။ သူ၏ ယခုလှုပ်ရှားမှုသည် အသေအချာ စဉ်းစားထားခြင်း ဖြစ်သည်။ လက်ရှိ ရှိနေသော ပညာရှင်များအားလုံး အရှိန်အဟုန်ဖြင့် လည်ပတ်နေသော အရက်အိုးထဲတွင် အတွင်းအားများ ကိန်းအောင်းနေသည်ကို မြင်တွေ့နိုင်သည်။ သာမန်လူများအတွက် ၎င်းကို တားဆီးရန် မဖြစ်နိုင်ပေ။

အကယ်၍ ထိုအရက်အိုးကို လက်ဖြင့် ဖမ်းနိုင်ခဲ့ပါက ဖုန်းပုကြွယ်သည် အတွင်းအား ကျွမ်းကျင်သူတစ်ဦး ဖြစ်ရမည်။ အကယ်၍ အရက်အိုးကို အကြမ်းပတမ်း ရိုက်ခွဲလိုက်ပါက သူသည် အပြင်အားသိုင်းပညာ ကျွမ်းကျင်သူ ဖြစ်ရမည်။ မှန်ပေသည် ၎င်းကို တိုက်ရိုက်အထိခံရမည့် အခြေအနေလည်း ရှိပါသည်... ၎င်းကတော့ အတော်လေး အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

လုစန်း၏ လုပ်ရပ်သည် ပြဿနာရှာနေပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ သူက ဖုန်းပုကြွယ်ကို ကူညီနေခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်၏ စကားများသည် အလွန်တုန်လှုပ်စရာ ကောင်းနေသဖြင့် လှောင်ပြောင်ခြင်း၏ အကျိုးသက်ရောက်မှုမှာ ထိပ်ဆုံးသို့ ရောက်နေပြီး လူတိုင်း၏ ဒေါသမှာလည်း ချက်ချင်း ပြည့်လျှံလာသောကြောင့် ဖြစ်သည်။ ရှောင်လင်မှ မြင့်မြတ်သော ဘုန်းတော်ကြီးများ၊ ရန်ဝူ ကျောင်းတော်သားများနှင့် ရှောင်ယောင်ဂိုဏ်းမှ တာအိုဘုန်းကြီးများပင် တစ်ယောက်ပြီးတစ်ယောက် ခေါင်းခါနေကြသည်။ အခြားဂိုဏ်းခေါင်းဆောင်များအကြောင်းတော့ ပြောနေစရာပင် မလိုတော့ပေ။ သူတို့အားလုံးနီးပါးသည် မထီမဲ့မြင်အမူအရာများ ပြသကာ နှာခေါင်းရှုံ့နေကြသည်။ အဆင့်နိမ့်ဂိုဏ်းများမှ တပည့်များနှင့် လေလွင့်သိုင်းသမားများမှာမူ ထိုမောက်မာသော စကားများကို နားမခံနိုင်ကြပေ။

ထိုအချိန်တွင် အကယ်၍ လုစန်းသာ အရင်ဦးအောင် မလှုပ်ရှားခဲ့ပါက ဒုတိယတန်းစား သိုင်းသမားတစ်ဦးဦးက ချက်ချင်း ခုန်ထွက်လာပြီး "လူကြီးမင်း၊ ခင်ဗျားက တော်တော် စကားကြီး စကားကျယ် ပြောတာပဲ။ ကျုပ်က ဘယ်ဂိုဏ်းက ဘယ်သူပဲ၊ ခင်ဗျားဆီကနေ ပညာယူပါစေ" ဟု အော်ဟစ်ကြပေလိမ့်မည်။ ထို့နောက် သူတို့သည် ရှေ့သို့တက်လာပြီး ဖုန်းပုကြွယ်နှင့် အကွက်အနည်းငယ် ဖလှယ်ကြပေလိမ့်မည်။

လုစန်း ကောင်းကောင်း သိထားသည်မှာ လူတစ်ယောက်၏ သိုင်းပညာက ပိုညံ့လေလေ သူတို့၏ ခွန်အားကို မည်သို့ ထိန်းချုပ်ရမည်ကို ပိုမသိလေလေ ဖြစ်သည်။ ပထမတန်းစား သိုင်းသမားဖြစ်လျှင် ပြဿနာမရှိသော်လည်း ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား လူရမ်းကားအချို့ ပေါ်လာပြီး ရက်ရက်စက်စက် တိုက်ခိုက်ကာ လူ့အရိုးများကို ထိခိုက်အောင် လုပ်မည်ကို သူစိုးရိမ်မိသည်။

ယခုတွင် အမူးသမားဘုန်းကြီးက စကားပြောလိုက်ပြီဖြစ်သဖြင့် လက်ရှိရှိနေသော လူငယ်များ သို့မဟုတ် သူတို့၏ သိုင်းပညာသည် အမူးသမားဘုန်းကြီးထက် နိမ့်ကျသည်ဟု သိထားသူများသည် မည်သူမျှ မလှုပ်ရှားရဲကြတော့ပေ။ သူ့ကဲ့သို့ ပထမတန်းစား သိုင်းသမားတစ်ဦးက စမ်းသပ်နေသည်ဖြစ်ရာ လူတိုင်း စောင့်ကြည့်နေရုံသာ ရှိတော့သည်။

လုစန်း၏ ကိုယ်ပိုင်အတွေးမှာကား... အကယ်၍ ဖုန်းပုကြွယ်က အရက်အိုးကို တားဆီးနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ အခြားသူများက သူ၏ အစစ်အမှန်သိုင်းပညာကို မြင်တွေ့ရမည်ဖြစ်ပြီး သူ့အတွက် ပြဿနာ လာရှာကြမည် မဟုတ်ပေ။ အကယ်၍ သူက မတားဆီးနိုင်ခဲ့လျှင်လည်း သူ၏ ယခုလှုပ်ရှားမှုက သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေမည် မဟုတ်ပေ။ ထိုအချိန်တွင် သူသည် အရှက်ရကာ ထွက်ခွာသွားပေလိမ့်မည်။

ယင်းမှာ ကောင်းမွန်သော အတွေးတစ်ခုပင်...

သို့သော်လည်း ဖုန်းပုကြွယ်၏ တုံ့ပြန်မှုသည် နောက်တစ်ကြိမ် လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားပြန်သည်။

အမူးသမားဘုန်းကြီး ရယ်မောလိုက်ချိန်တွင် ဖုန်းပုကြွယ်သည် ထို NPC ဘာလုပ်တော့မည်ကို ရိပ်မိလိုက်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် သေမင်းဖဲချပ်ကို ထုတ်ယူကာ လက်ဖဝါးထဲတွင် ဝှက်ထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြင်ဆင်လိုက်သည်။ တစ်ဖက်လူက မည်သို့ပင် တိုက်ခိုက်ပါစေ ဖုန်းပုကြွယ်သည် ပြောင်းလဲမှုအားလုံးကို တူညီသော ဗျူဟာဖြင့်သာ ရင်ဆိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အနည်းငယ် ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် သူ့၌ ဘေးကင်းလုံခြုံရေး အစီအမံအဖြစ် ဒိုင်းဖဲချပ် တစ်ခုသာ ရှိသည်။

ထိုအချိန်တွင် အရက်အိုးသည် လေထဲတွင် ပျံသန်းလာပြီး မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာတော့သည်။

သို့သော် တဖျစ်ဖျစ်မြည်သံတစ်ခုကိုသာ ကြားလိုက်ရလေသည်...။

ထိုအရက်အိုးသည် လေထဲတွင်ပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခြင်းဖြစ်သည်။ ဤသည်မှာ လေနံရံတစ်ခုကို သွားတိုက်မိသကဲ့သို့ပင်။ အတွင်းရှိ အရက်များ စင်ထွက်သွားသော်လည်း မမြင်ရသော အတားအဆီးကိုတော့ ဖြတ်ကျော်မသွားနိုင်ခဲ့ပေ။

ဖုန်းပုကြွယ်သည် သူ့ထိုင်ခုံတွင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေဆဲ ဖြစ်သည်။ သူသည် လက်တစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကတော့ စားပွဲအောက်တွင် "သဘာဝကျကျ" တွဲလောင်းကျနေလေသည်။ အစမှ အဆုံးအထိ သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေခဲ့သည်။

အရက်အိုး စွမ်းအားစက်ကွင်းကို သွားတိုက်မိချိန်တွင် ဖုန်းပုကြွယ်သည် မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကမ်းလိုက်သည်။ ထိုအချိန်တွင် ဒိုင်းဖဲချပ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဖုန်းပုကြွယ်သည် လက်ကို ဆန့်ထုတ်၍ အောက်သို့ စင်ကျလာသော အရက်များကို ခွက်ဖြင့် ဖမ်းယူလိုက်သည်။ ထို့နောက် သူသည် ခွက်ကို သူ့ရှေ့တွင် ကိုင်ထားဟန် ပြုလိုက်သည်။

"ဒီဆရာသခင်က တကယ်ကို ရက်ရောတာပဲဗျာ"

ဖုန်းပုကြွယ်က သူ့ရှေ့မှ အရက်ခွက်ကို ကြည့်လိုက်သည်။

"သူက ကျုပ်ကို အရက်နဲ့ ဧည့်ခံချင်တယ်လို့ ပြောပေမဲ့ နောက်ဆုံးတော့ အိုးလိုက်ကြီး ပေးလိုက်တာပဲ"

သူက ပြုံးလိုက်သည်။

"ဒါပေမဲ့ ကျုပ်က အရက်သိပ်မသောက်တတ်ဘူးလေ၊ ဒါကြောင့် ဒီတစ်ခွက်ဆိုရင် လုံလောက်ပါပြီ"

ထို့နောက် သူသည် ထိုအရက်ခွက်လေးကို တစ်ငုံတည်းဖြင့် သောက်ချလိုက်တော့သည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်...။

ပညာရှင်များ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး အသက်ရှုမှားသွားကြသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် တူညီသော မေးခွန်းတစ်ခု ရှိနေသည်။ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။

စစ်ယန်ရန်သည် မနေ့ညက ဤအကွက်ကို ကြုံတွေ့ခဲ့ဖူးသော်လည်း ထပ်မံကြည့်ရှုရချိန်တွင်ပင် ၎င်းကို ဘယ်လိုမှ နားမလည်နိုင်သေးပေ။

"အတွင်းအား ကျင့်စဉ်ပိုင်းမှာဆိုရင်... အတွင်းအား နှေးကွေးသူတွေကို ခြုံငုံလေ့လာမှုကနေတစ်ဆင့် ကျွမ်းကျင်မှု ရရှိထားသူတွေလို့ ပြောလို့ရတယ်၊ အတွင်းအားကို ထုတ်လွှတ်နိုင်သူတွေကိုတော့ ပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနေသူတွေလို့ ပြောလို့ရတယ်၊ အတွင်းအားကို ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲနိုင်သူတွေကိုတော့ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေသူတွေလို့ ပြောလို့ရတယ်..."

ရုတ်တရက် နူးညံ့ညင်သာသော အသံတစ်သံက နားဝင်ပီယံဖြစ်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုပြောဆိုသံ၏ စည်းချက်သည် လက်ရှိရှိနေသောလူတိုင်း ကြားနိုင်လောက်သည့် အနေအထားတွင် ရှိသည်။

ထိုအသံ ပျောက်ကွယ်သွားချိန်တွင် လူတိုင်းက ထိုအသံထွက်ပေါ်ရာ ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များက တည်းခိုခန်း၏ ထောင့်တစ်နေရာရှိ ထိုင်ခုံတစ်ခုပေါ်တွင် စုပြုံရောက်ရှိသွားကြသည်။

ဖုန်းပုကြွယ်လည်း မော့ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံဝတ်ထားသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး တစ်ယောက်တည်း ထိုင်နေသည်ကို မြင်လိုက်ရသည်။ ပထမဆုံး မြင်လိုက်ရချိန်တွင် ထိုအမျိုးသမီးသည် နုနယ်သော ခန္ဓာကိုယ်နှင့် လှပသော ရုပ်ရည်ရှိသည်။ သူမ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးပြီး မျက်နှာကလည်း ကျောက်စိမ်းကဲ့သို့ ချောမွတ်လှသည်။ သို့သော်လည်း သေချာကြည့်မည်ဆိုပါက သူမသည် ပန်းပွင့်နှင့် လမင်းကဲ့သို့ တင့်တယ်ကျော့ရှင်းကြောင်း ပြောနိုင်ပေသည်။ အထူးသဖြင့် သူမ၏ မျက်လုံးများ ဖြစ်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများသည် ဆောင်းဦးနှင်းစက်များကဲ့သို့ဖြစ်ပြီး တစ်ချက် မြင်လိုက်ရုံနှင့် မေ့ပျောက်နိုင်ရန် ခဲယဉ်းလှသည်။ "စိတ်ကူးထဲကအတိုင်း လှပသည်" ဟူသော စကားမှာ သူမအတွက်ပင် ဖြစ်ပေလိမ့်မည်။

ထိုအမျိုးသမီး၏ အမည်မှာ မူရုံယင် ဖြစ်သည်။ သူမကို သိုင်းလောကတွင် တိမ်တိုက်လွန် နတ်မိမယ်ဟု လူသိများသည်။ သူမ၏ သိုင်းပညာကို ပထမတန်းစားအဆင့်ဟုသာ သတ်မှတ်နိုင်သော်လည်း သိုင်းပညာနှင့် ပတ်သက်သော ဗဟုသုတမှာမူ အလွန်နက်ရှိုင်းလှသည်။

သိုင်းလောကရှိ လူတိုင်းက ပြောကြသည်မှာ အကယ်၍ တစ်စုံတစ်ဦးသည် မူရုံမိသားစုမှ ထိုအမျိုးသမီးငယ်ကို လက်ထပ်နိုင်ခဲ့ပါက သူတို့တွင် ကံကောင်းမှုများစွာ ရရှိရုံသာမက ဆရာတစ်ဝက်ကို ရရှိသကဲ့သို့ပင် ဖြစ်မည်ဟူ၍ ဖြစ်သည်။ သို့သော်လည်း ထိုအကြောင်းရင်းကြောင့်ပင် မူရုံယင်သည် အသက် ၂၅ နှစ် ရှိနေပြီဖြစ်သော်လည်း ယနေ့ထက်တိုင် လက်မထပ်ရသေးခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက လက်ထပ်ရန် ကမ်းလှမ်းလာပါက သူမသည် တိုက်ရိုက်ပင် ငြင်းပယ်လွှတ်လိုက်တတ်သည်။ တစ်စုံတစ်ဦးက သူမကို ချဉ်းကပ်ရန် ကြိုးစားပါက သူမသည် ဝေးဝေးတွင်သာ နေတတ်သည်။ မည်သို့ပင်ဖြစ်စေ လူ့စိတ်ဆိုသည်မှာ ရက်စက်တတ်သည် မဟုတ်ပါလား။ မည်သူက စစ်မှန်ပြီး မည်သူက မရိုးသားသော ရည်ရွယ်ချက် ရှိသည်ကို သူမ ခွဲခြားမသိနိုင်သဖြင့် အားလုံးကို ငြင်းပယ်ထားခြင်းသာ ဖြစ်သည်။

"... ပြီးတော့ ဒီသူရဲကောင်းလေးဖုန်းရဲ့ သိုင်းပညာက ပိုမြင့်မားတဲ့ အဆင့်မှာ ရှိနေပါတယ်"

မူရုံယင်က သူမစကားကို ဆက်ပြောသည်။

"အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက်ကနေ ထိန်းချုပ်နိုင်ပြီး အတွင်းအားက ရွှေရောင် တောက်နေပါတယ်၊ ဒါက ဘာမှမရှိတဲ့အရာကနေ အရာတစ်ခုခုအဖြစ် ပြောင်းလဲနိုင်ပြီး အလိုရှိသလို စုစည်းနိုင်၊ ခွဲထုတ်နိုင်စွမ်း ရှိပါတယ်..."

သူမက ဖုန်းပုကြွယ်ကို တည့်တည့်စိုက်ကြည့်ရင်း သူ့အကြည့်များနှင့် ဆုံလိုက်သည်။

"ဒီလို အတွင်းအားကျင့်စဉ်မျိုး ရှိတဲ့သူ သိုင်းလောကမှာ ပေါ်ထွန်းခဲ့တာ နှစ်ပေါင်းသုံးရာလောက် ရှိပါပြီ... ဒီနေ့မှာ အဲဒါကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတာ တကယ်ကံကောင်းတယ်လို့ ထင်မိပါတယ်၊ ကျွန်မ အထင်ကြီးမိပါတယ်၊ အများကြီး အထင်ကြီးမိပါတယ်"

ဖုန်းပုကြွယ်သည် ထိုစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားရသည်။ ထိုလှပသော အမျိုးသမီးသည် အလွန်အံ့ဩစရာကောင်းလှသည်။ မူလက သူ့ဟန်ဆောင်မှု အလုပ်ဖြစ်ရန် အတော်လေး အားထုတ်ရမည်ဟု သူထင်ထားသော်လည်း တစ်စုံတစ်ဦးက ဦးဆောင်ပြီး သူ့ကို ကူညီလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့အပြင် သူမ၏ စကားများသည် အလွန်ရှင်းလင်းပြီး ယုတ္တိရှိလွန်းသဖြင့် သူကိုယ်တိုင်ပင် အနည်းငယ် မှင်တက်သွားရသည်။

မျှော်လင့်ထားသည့်အတိုင်း မူရုံယင်၏ စကားများက လူတိုင်းကို ချက်ချင်း လှည့်ဖြားနိုင်ခဲ့သည်။ ၎င်းမှာ အတော်လေး စိတ်ဝင်စားစရာကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာပြီး မည်သူမျှ အမှန်တရားကို မသိကြချိန်တွင် ပုံမှန်အားဖြင့် ယုံကြည်ရသော လူတစ်ယောက်က ထွက်ပေါ်လာပြီး သူ၏ ကိုယ်ပိုင်ထင်မြင်ချက်ကို ပြောဆိုလိုက်ပါက ထိုထင်မြင်ချက်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အများစုက ၎င်းကို အမှန်တရားအဖြစ် လက်ခံသွားတတ်ကြသည်။

ဖုန်းပုကြွယ်နှင့် အနီးဆုံးတွင် ရှိနေသော ကုန်းစွန်းချန်မှာ လုံးဝဆွံ့အသွားတော့သည်။ မူလက သူသည် ရွှေရောင်စွမ်းအင်စက်ကွင်းနှင့် ပတ်သက်၍ သံသယရှိရုံသာ ရှိခဲ့သည်။ သို့သော် ယခုအခါတွင်တော့ သူ့ရှေ့မှ သခင်လေးဖုန်းမှာ အမှန်တကယ် ပြိုင်ဘက်ကင်းပညာရှင်ကြီးတစ်ဦး ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်သွားပြီ ဖြစ်သည်။

"ဟားဟားဟား... မိန်းကလေး မူရုံ၊ မင်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ၊ ဒီကလေးက အပြင်ပန်းက မြင်ရသလောက် မရိုးရှင်းဘူးဆိုတာ ငါ သိနေတယ်လေ"

မုန့်ကျိုး၏ ရယ်သံ ထွက်ပေါ်လာခဲ့သည်။ သူ ဘယ်တုန်းက ရောက်နေကြောင်း ဘယ်သူမှ မသိကြသော်လည်း သူသည် တည်းခိုခန်း၏ တံခါးခုံပေါ်တွင် ထိုင်ကာ တံခါးဘောင်ကို မှီပြီး အရက်သောက်နေပြီဖြစ်သည်။

သူတောင်းစားဂိုဏ်း၏ ထိုဂိုဏ်းချုပ်သည် ညတိုင်း မြို့အဝင်တွင် စောင့်ဆိုင်းနေတတ်ကြောင်း လူတိုင်း သိထားကြသည်။ လူအုပ်ကြီးက သူသည် မြင်ရသလောက် မရိုးရှင်းကြောင်း ပြောလိုက်သည်ကို ကြားသောအခါ သူတို့၏ စိတ်ထဲတွင် ကွက်လပ်များကို ဖြည့်တွေးလိုက်ကြလေသည်။ ဂိုဏ်းချုပ်ဖုန်းသည် မနေ့ညက မြို့ထဲသို့ ဝင်လာချိန်တွင် မုန့်ကျိုးနှင့် အချီပေါင်းသုံးရာလောက် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် သူ၏ ဝှက်ထားသော အစစ်အမှန်စွမ်းအားဖြင့် အနိုင်ရခဲ့သည်ဟု ထင်မှတ်သွားကြတော့သည်။

မုန့်ကျိုးက ရယ်မောရင်း အဝေးတွင်ရှိသော လုစန်းကို အော်ပြောလိုက်သည်။

"ဘုန်းကြီးလု၊ မင်းတော့ လွဲသွားပြီ၊ ဟားဟားဟား... မင်းရဲ့ အရက်အိုးလေး ဖြုန်းတီးလိုက်မိပြီ"

လုစန်းသည် ပွင့်ပွင့်လင်းလင်းသမားဖြစ်သဖြင့် ခုနက ဖြစ်ပျက်ခဲ့သည်များက သူ့ကို အရှက်ရစေခဲ့ခြင်း မရှိပေ။ အမှန်တကယ်တွင် ၎င်းက သူ့ကို ပိုကြည့်ကောင်းစေခဲ့သဖြင့် သူလည်း ရယ်မောလိုက်သည်။

"ဟားဟားဟား... သူတောင်းစားအိုကြီး၊ ငါက မင်းလို ကပ်စေးနည်းတဲ့သူ မဟုတ်ဘူးကွ၊ ဒီလို အရာမျိုးကို မြင်တွေ့ခွင့်ရဖို့အတွက် အရက်တစ်အိုးဆိုတာ ဘာအရေးကြီးလို့လဲ"

မုန့်ကျိုးပေါ်လာခြင်းနှင့် လုစန်းနှင့် စကားပြောဆိုမှုများက သိုင်းသမားများ၏ ခဏတာတိတ်ဆိတ်မှုကို နောက်တစ်ကြိမ် ဖြိုခွဲလိုက်ပြန်သည်။ ဧည့်ခန်းမထဲတွင် စကားပြောသံများ ပြန်လည် ထွက်ပေါ်လာတော့သည်။ လူတိုင်း စကားပြောနေကြပြီး ယခုအခါတွင်တော့ အဓိကအာရုံမှာ ဓားကျိုးလက်ဖက်ရည်ခန်းမမှ လူငါးဦးအပေါ်တွင်သာ ရှိတော့သည်။ အရုဏ်ဦးတစ်ထောင်မျှော်စင်၏ ရူးကြောင်ကြောင် ဖြစ်ရပ်မှာမူ မေ့ပျောက်ခံလိုက်ရပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် တည်းခိုခန်း၏ ဒုတိယထပ်မှ အခြားလူတစ်ဦးက စကားပြောလိုက်သည်။

"ဘာလို့ ဒီလောက်တောင် စည်ကားနေတာလဲလို့ ကျုပ်စဉ်းစားနေတာ... အရေးကြီးတဲ့ ဧည့်သည်တစ်ယောက် ရောက်နေလို့ကိုး"

စကားပြောလိုက်သူမှာ ဝတ်စုံဖြူနှင့် ဓားသမားတစ်ဦး ဖြစ်သည်။ သူသည် အသက် ၄၀ မပြည့်သေးပုံရပြီး ထက်မြက်သော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများ ရှိသည်။

"သခင်လေးဖုန်း..."

သူသည် ပေါ့ပါးစွာ ခုန်ချလိုက်ပြီး လေထဲတွင် ခြေနှစ်လှမ်း လှမ်းလိုက်သည်။ သူသည် ဒုတိယထပ်မှနေ၍ ဖုန်းပုကြွယ်၏ စားပွဲသို့ ခုန်ဆင်းကာ ခိုင်မာစွာ ရပ်လိုက်သည်။

"ကျုပ်စောင့်နေတာ ကြာပါပြီ"

"ကျုပ် ခင်ဗျားကို သိလို့လား"

ဖုန်းပုကြွယ်က သူ့ကို ကြည့်ပြီး မေးလိုက်သည်။

သူ ထိုသို့ ပြောလိုက်သည်နှင့် နောက်ထပ် ရုန်းရင်းဆန်ခတ်မှုတစ်ခု ဖြစ်သွားပြန်သည်။

"ဘာ... သူက လင်းချန်ကို မသိဘူးလို့ ပြောလိုက်တာလား"

"ယဲ့မိသားစုရဲ့ ပန်းပွင့်ဓားတွေထဲမှာ အစွမ်းအထက်ဆုံးလူကို သူက မသိဘူးလို့ ပြောလိုက်တာလား"

"ဒီ ဖုန်းဆိုတဲ့ ကောင်လေးက ဒီတစ်ခါရော ဘာတွေ ထပ်လုပ်ဦးမလို့လဲ"

လူများ အံ့သြသွားကြခြင်းမှာ သာမန်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်နှင့် စကားပြောနေသူမှာ ယဲ့မိသားစု၏ ပန်းပွင့်ဓားခေါင်းဆောင် ဖြစ်နေသောကြောင့်ပင်။ ကုန်းစွန်းချန်၊ ကျီထုံတို့နှင့် နှိုင်းယှဉ်လျှင် သူ့သိုင်းပညာမှာ ပိုကောင်းပေလိမ့်မည်။ ဓားသမားများထဲတွင် ရှဲ့စန်း နှင့် ယဲ့ချန်တို့ကို ဖယ်ထုတ်လိုက်ပါက သူသည် တတိယမြောက် ဖြစ်ပေလိမ့်မည်။ မှန်ပေသည် ၊ သူနှင့် အခြားနှစ်ဦးကြားတွင်တော့ အလွန်ကြီးမားသော ကွာဟချက် ရှိနေဆဲ ဖြစ်သည်။

"ဟားဟား..."

လင်းချန်က ပြုံးပြီး ဦးညွှတ်လိုက်သည်။

"ကျုပ်က လင်းချန်ပါ၊ ကောင်းကင်ပြာဓားလို့လည်း ခေါ်ပါတယ်၊ သခင်လေးဖုန်းကို စောင့်နေတာ ကြာပါပြီ၊ ဓားကျိုးလက်ဖက်ရည်ခန်းမက သူရဲကောင်းတွေကို အပေါ်ထပ်တက်လာပြီး စကားပြောဖို့ ဖိတ်ခေါ်မယ်ဆိုရင် ခင်ဗျားတို့ စိတ်မရှိဘူးမလား"

All Chapters