← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇)

ဖုန်းပုကြွယ်နှင့် ကျန်သူများ လင်းချန်နောက်မှလိုက်ကာ ဒုတိယထပ်သို့ တက်သွားကြပြီးနောက် နံနက်ခင်း၏ ပြပွဲကြီးမှာလည်း အဆုံးသတ်သွားတော့သည်။ သို့သော်လည်း သိုင်းသမားများအကြား ဆွေးနွေးငြင်းခုံမှုများကတော့ ထိုမျှနှင့် ရပ်တန့်မသွားခဲ့ပေ။ ဖုန်းပုကြွယ်၏ သိုင်းလောကထဲသို့ စတင်ဝင်ရောက်လာမှုသည် အမှန်တကယ် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသည်။ အမှန်တကယ်တွင် သူသည် ချန်လင်မြို့သို့ ရောက်ရှိနေကြသော သိုင်းသမားများကို သူတို့ ဤနေရာသို့ အဘယ်ကြောင့် ရောက်နေကြသနည်း ဆိုသည့်အချက်ကိုပင် ခဏတာ မေ့လျော့သွားစေခဲ့သည်။

ဖုန်းပုကြွယ်က ဘယ်သူလဲ။ သူက ဘယ်လိုသိုင်းပညာမျိုးကို လေ့ကျင့်တာလဲ။ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ယောက်က ဒီလောက်အံ့သြစရာကောင်းတဲ့ သိုင်းပညာကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ။ ဓားကျိုးလက်ဖက်ရည်ခန်းမကို ဘယ်တုန်းက တည်ထောင်ခဲ့တာလဲ။ ဒါက တကယ်ပဲ ဂိုဏ်းငယ်လေးတစ်ခုလား။ ဒါမှမဟုတ် နောက်ကွယ်မှာ ပိုကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုခု ရှိနေတာလား။ ဖုန်းပုကြွယ်ကလွဲရင် ကျန်တဲ့လေးယောက်ကရော ဘယ်လောက်အထိ တော်ကြသလဲ။ စသည်ဖြင့်... စသည်ဖြင့်... မေးခွန်းများစွာ ထွက်ပေါ်နေခဲ့သည်။

မှန်ပေသည် ဒုတိယမြောက်နေ့သို့ ရောက်ရှိလာပြီး အရေးကြီးသောဖြစ်ရပ်များ ပိုမိုဖြစ်ပွားလာကာ ချိန်းဆိုထားသော တိုက်ပွဲရက်နီးကပ်လာသည်နှင့်အမျှ လူတို့၏ အာရုံစိုက်မှုမှာ အခြားအရာများထံသို့ ပြောင်းလဲသွားခဲ့သည်။

ထိုအကြောင်းအရာများကို ခဏဘေးဖယ်ထားပြီး ‘ပထမနေ့’ ၏ နံနက်ခင်းအပေါ်တွင်သာ အာရုံစိုက်ကြည့်ကြပါစို့။

လင်းချန်က ဖုန်းပုကြွယ်တို့အဖွဲ့ကို အပေါ်ထပ်သို့ ဖိတ်ခေါ်သွားပြီးနောက် အရုဏ်ဦးတစ်ထောင်မျှော်စင်မှ လူများမှာ အရှက်ရသွားကြသည်။ သူတို့သည် မိမိတို့၏ ထိုင်ခုံများသို့ ပြန်သွားကာ ခေါင်းငုံ့အရက်သောက်နေရုံမှလွဲ၍ ခုနက ဖြစ်ရပ်ကို ထပ်မံ မပြောရဲကြတော့ပေ။

ကုန်းစွန်းချန်းသည် တစ်ဖက်လူကို အရှက်ခွဲကာ ကလဲ့စားချေရန် ကြံစည်ခဲ့သော်လည်း တစ်ဖက်လူက ထိုမောက်မာသော စကားများကို တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့ပြင် တစ်ဖက်လူက မယုံကြည်နိုင်လောက်သော အတွင်းအားလျှို့ဝှက်ကျင့်စဉ်တစ်ခုကို ထုတ်ဖော်ပြသလိုက်သဖြင့် လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။

ရှစ်ထောင့်မျှော်စင်ရှိ ကျီထုံ၏ စားပွဲဝိုင်းထံမှ လှောင်ပြောင်သော အကြည့်များကို မြင်လိုက်ရသဖြင့် ကုန်းစွန်းချန် အလွန်ဒေါသထွက်သွားရသည်။ မကြာမီ သူထရပ်ကာ တည်းခိုခန်းခန်းမထဲမှ ထွက်ခွာသွားတော့သည်။

သူ အပေါ်ထပ်သို့ တက်ခါနီးတွင် ကျီထုံက သူ့ကို လှမ်းပြောလိုက်သည်။

"ညီအစ်ကို ကုန်းစွန်း... အဲဒီ ခွေးချေးရဲ့ အလောင်းကို ရှင်းဖို့ မမေ့နဲ့ဦးနော်၊ မဟုတ်ရင် တည်းခိုခန်းနေရာ ညစ်ပတ်သွားလိမ့်မယ်"

"ဟမ့်"

ကုန်းစွန်းချန်က နှာခေါင်းရှုံ့လိုက်ပြီး ထိုရန်စမှုကို မတုန့်ပြန်ခဲ့ပေ။ ယနေ့ ဖြစ်ပျက်ခဲ့သည့်အရာမှာ အလွန်ကြီးမားသော အရှက်ရမှုမျိုးတော့ မဟုတ်တော့ပေ။ယင်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ကျီထုံနှင့် ယခုအချိန်တွင် ပဋိပက္ခဖြစ်မည်ဆိုပါက ၎င်းသည် ဒေါသထွက်ကာ အရှက်ပြေရန် ကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ယင်းက သူ၏ ပညာရှင်ပီသသော အမူအရာကို ပျက်ပြားသွားစေမည် ဖြစ်သည်။

သူ အပေါ်ထပ်သို့ တက်သွားစဉ် ကုန်းစွန်းချန်က သူ၏ အကြီးဆုံးတပည့်ကို လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။

"ဘယ်သူမှ မမြင်တဲ့အချိန်ကျရင် မင်းရဲ့ ဂျူနီယာတွေကို ခေါ်ပြီး ဝမ်အောက်ရဲ့ အလောင်းကို တောင်ပေါ်မှာ သွားမြှုပ်လိုက်"

"ဟုတ်ကဲ့ပါ၊ တပည့်လိုက်နာပါ့မယ်"

သူ့တပည့်က ပြန်ဖြေသည်။

"အေး"

ကုန်းစွန်းချန်သည် တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် ထပ်ပြောလိုက်သည်။

"နောက်ဖေးတံခါးကနေ သွားကြ..."

"ဟုတ်ကဲ့ပါ... ဒီတပည့် နားလည်ပါပြီ"

...

ပြန်လည်ဖွင့်လှစ်လိုက်သော ချန်လင်တည်းခိုခန်းမှာ သိသိသာသာပင် ပြုပြင်မွမ်းမံထားခြင်း ဖြစ်သည်။ တည်းခိုခန်း၏ အရွယ်အစားသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက စွန့်ပစ်ထားခဲ့ချိန်ထက် နှစ်ဆခန့် ပို၍ ကြီးမားလာသည်။ တည်းခိုခန်းတွင် စုစုပေါင်း လေးထပ်ရှိပြီး အခန်းများစွာလည်း ရှိနေသည်။ အပေါ်ထပ်နှင့် အောက်ထပ်တွင် အခန်းပေါင်း ၅၀ ကျော် ရှိသည်။ ၎င်းတို့ကို ကောင်းကင်၊ မြေကြီး နှင့် လူသားဟူ၍ အဆင့်အတန်း ခွဲခြားထားပြီးနောက် A၊ B၊ C စသဖြင့် အစဉ်လိုက် စီစဉ်ထားသည်။ အခန်းတစ်ခုချင်းစီ၏ ပရိဘောဂများနှင့် အလှဆင်မှုများလည်း အနည်းငယ်စီ ကွဲပြားကြသည်။

ကြေးနီတောင်ကုန်း၏ အခြေအနေကို အစောပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုနေရာရှိ ညှိနှိုင်းမှုများကြောင့် နောက်ဆုံးတွင် အမျိုးမျိုးသော ဂိုဏ်းများမှ လူအများစုသည် ချန်လင်မြို့ထဲသို့ တစ်နေ့တည်းတွင်ပင် ဝင်ရောက်လာခဲ့ကြသည်။ မြို့ထဲသို့ ရောက်ရှိလာပြီးနောက်တွင်တော့ တည်းခိုခန်း၌ အခန်းများ ပြတ်လပ်နေကြောင်း သဘာဝကျစွာပင် တွေ့ရှိခဲ့ကြသည်။

ဂိုဏ်းတစ်ခုတည်းက ဂိုဏ်းချုပ်နှင့် တပည့်အယောက် ၂၀ အတွက် အခန်း ၂၀ ကို ယူထားရန်မှာ မဖြစ်နိုင်ပေ၊ ဟုတ်တယ်မလား။ ဒီလိုသာဆို အိမ်တော်တစ်ခုက လူတွေနေလိုက်တာနဲ့ တည်းခိုခန်း ပြည့်သွားမှာပေါ့။

ထို့ကြောင့် ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် အမျိုးမျိုးသောဂိုဏ်းများသည် အခန်းများကို မျှမျှတတ ခွဲဝေယူရန် ဆုံးဖြတ်ခဲ့ကြသည်။

အရုဏ်ဦးတစ်ထောင်မျှော်စင်မှာ အင်အားကြီးသော်လည်း နောက်ဆုံးတွင် သူတို့သည် ဧည့်ခန်းစုစုပေါင်း လေးခန်းသာ ရရှိခဲ့ကြသည်။ ဂိုဏ်းချုပ်နှင့် ဇနီးအတွက် တစ်ခန်း၊ ကုန်းစွန်းလီ အတွက် တစ်ခန်း၊ စီနီယာအကျဆုံး တပည့်နှစ်ဦးအတွက် တစ်ခန်းနှင့် အခြားတပည့်ငါးဦးအတွက် တစ်ခန်း ဖြစ်သည်။ (သဘာဝကျစွာပင် ဝမ်အောက်၏ အလောင်းကို ရှင်းလင်းပြီးနောက်တွင်တော့ တပည့်ငါးဦးမှာ လေးဦးဖြစ်သွားပေလိမ့်မည်။) ကျန်ရှိသော တပည့် ၁၀ ဦးမှာမူ တည်းခိုခန်းအပြင်ဘက်တွင်သာ နေထိုင်ကြရသည်။ ဂိုဏ်းချုပ် အမိန့်ပေးချိန်တွင် သူတို့ အသင့်ရှိနေရမည် ဖြစ်သည်။

အလားတူပင် ရှစ်ထောင့်မျှော်စင်ကလည်း အခန်းလေးခန်း ယူထားသည်။ ထို့နောက် အခြားဂိုဏ်းသုံးခုနှင့် အဖွဲ့လေးဖွဲ့သည် တစ်ဖွဲ့လျှင် သုံးခန်းစီသာ ရကြသည်။ ကျန်ဂိုဏ်းများမှာမူ အများဆုံး နှစ်ခန်းစီသာ ရရှိကြသည်။ အချို့တတိယတန်းစား ဂိုဏ်းချုပ်များမှာမူ တည်းခိုခန်းတွင် အခန်းတစ်ခန်း ရရှိရန်အတွက် လူသုံးဦးမှ ငါးဦးအထိ အုပ်စုဖွဲ့၍ နေထိုင်ကြရသည်။ သူတို့၏ အခြေအနေသည် အင်အားကြီးဂိုဏ်းများမှ ထိပ်တန်းတပည့်များထက်ပင် ပိုမိုဆိုးရွားပေသည်။

ထိုလူများနှင့် နှိုင်းယှဉ်လျှင် သိုင်းလောကတွင် သိုင်းပညာနှင့် အဆင့်အတန်း ကောင်းမွန်သော လုစန်းကဲ့သို့ လေလွင့်သိုင်းသမားများမှာ ပိုအကျိုးရှိသည်။ သူတို့သည် စောစောရောက်ရှိလာသရွေ့ အခန်းတစ်ခန်းကို သူတို့ဘာသာ ယူထားနိုင်ကြသည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်တို့အဖွဲ့သည် လင်းချန်၏ နောက်မှလိုက်ကာ တည်းခိုခန်း၏ အကောင်းဆုံး အခန်းများထဲမှ တစ်ခုဖြစ်သော ကောင်းကင်အခန်း C သို့ ရောက်ရှိသွားကြသည်။

တိုက်ပွဲမစမီတွင် ယဲ့မိသားစုမှ လူခုနစ်ဦးသာ ရောက်ရှိလာခဲ့သည်။ ပန်းပွင့်ဓားသမားများမှလွဲ၍ ယဲ့ဟိုင်တစ်ဦးသာ ပါဝင်သည်။ သို့သော်လည်း ထိုခုနစ်ဦးသည် တည်းခိုခန်းရှိ အကောင်းဆုံးအခန်း ခုနစ်ခန်းကို ယူထားကြခြင်း ဖြစ်သည်။

ယဲ့မိသားစုသည် အခြားအဖွဲ့အစည်းများနှင့် မတူပေ။ ဓားနတ်ဘုရား၏ ကိုယ်ပိုင်အဖွဲ့အစည်းနှင့် သိုင်းလောက၏ ခေါင်းဆောင်အဖြစ် သူတို့သည် ထိုစည်းမျဉ်းများကို ကြေးနီတောင်ကုန်း၌ အခြားသူများနှင့် ဆွေးနွေးနေရန် မလိုအပ်ပေ။ အမှန်အတိုင်း ပြောရလျှင် ယဲ့မိသားစုအနေဖြင့် တည်းခိုခန်းတစ်ခုလုံးကို ငှားရမ်းထားပြီး ပြင်ပလူများကို ပေးမနေလျှင်ပင် အခြားအဖွဲ့အစည်းမှ လူများက ဘာမှပြောရဲကြမည် မဟုတ်ပေ။

အမှန်စင်စစ် ထိုတိုက်ပွဲသည် ရှဲ့စန်းနှင့် ယဲ့ချန်တို့ကြားရှိ ပုဂ္ဂိုလ်ရေး ကိစ္စတစ်ခုသာ ဖြစ်သည်။ သူတို့သည် တိုက်ပွဲကို လာရောက်ကြည့်ရှုရန် မည်သူ့ကိုမျှ မဖိတ်ခေါ်ခဲ့ကြပေ။ သတင်းများ ပေါက်ကြားသွားသောကြောင့်သာ လူအများအပြား ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ အပျော်အပါး မက်မောကြသော ထိုလူအုပ်ကြီးသည် ဖိတ်စာမပါဘဲနှင့် ကမ္ဘာကျော်တိုက်ပွဲကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်သည်။ ယဲ့မိသားစုအနေနှင့် လက်မှတ်ဖိုး မယူသလို သူတို့ကို မောင်းထုတ်ခြင်း မရှိသည်ပင် အလွန်သဘောထားကြီးရာ ရောက်နေပြီ ဖြစ်သည်။ အကယ်၍ ‘မျှတစွာ ခွဲဝေမှု’ ရှိခဲ့လျှင်လည်း ၎င်းမှာ သူတို့အချင်းချင်းကြားသာ ဖြစ်သည်။ ယဲ့မိသားစုအနေနှင့် ၎င်းတွင် ဝင်ရောက်စွက်ဖက်ရန် အကြောင်းမရှိပေ။

"သခင်လေးဖုန်း"

လင်းချန်က အခန်းထဲ ဝင်ဝင်ချင်း ဖုန်းပုကြွယ်အား စတင် မိတ်ဆက်ပေးလိုက်သည်။

"ဒီသုံးယောက်က ကျုပ်ရဲ့ ဂျူနီယာတွေပါ"

ထိုအချိန်တွင် ကောင်းကင်အခန်း C ၌ လူသုံးဦးသည် ထိုင်နေပြီးသား ဖြစ်သည်။ သူတို့သည် ဖုန်းပုကြွယ်တို့အဖွဲ့ ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်မှာ သိသာလှသည်။

"ဒါက သခင်လေးဖုန်းပါ"

လင်းချန်က သူ့အဖော်သုံးဦးဘက်သို့ လှည့်ကာ ကစားသမားများကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါက ဂိုဏ်းသခင်မဖုန်းပါ၊ ပြီးတော့ ကျန်တဲ့ သုံးယောက်ကတော့ ဓားကျိုးလက်ဖက်ရည်ခန်းမက သူရဲကောင်းတွေပဲ"

လင်းချန်၏ တိုတိုတုတ်တုတ် မိတ်ဆက်မှုက လုံလောက်ပါသည်။ ထို့နောက် လူတစ်ဦးက စကားပြောလာခဲ့သည်။

"ကျုပ်က ဝါးဓား မြောင်ရှောင်ချင်းပါ"

စကားပြောလိုက်သူမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ယဉ်ကျေးသိမ်မွေ့ပုံရပြီး ကျောင်းတော်သားတစ်ဦး၏ အငွေ့အသက်များ ရှိသည်။ သူသည် ဝတ်စုံနက်ဝတ်ဆင်ထားပြီး သူ့ဓားကို သူ့ဘေးရှိ ထိုင်ခုံတွင် မှီထားသည်။ ထို ဝါးဓားသည် တစ်မီတာခန့် ရှည်လျားသော သာမန်ဝါးလုံးတစ်လုံးနှင့် တူနေလေသည်။ အကယ်၍ ၎င်းကို ခွေးရိုက်တုတ်တစ်ချောင်းဟု တစ်စုံတစ်ဦးက ပြောလျှင်ပင် ယုံကြည်နိုင်လောက်သော်လည်း ဓားတစ်လက်ဟု ဆိုလျှင်တော့ မည်သည့်ဘက်က ဓားရိုးဖြစ်ကြောင်းကိုပင် အခြားသူများ ခွဲခြားနိုင်မည် မဟုတ်ပေ။

မြောင်ရှောင်ချင်းသည် ပန်းပွင့်ဓားများထဲတွင် အဆင့် ၅ ရှိသည်။ သူသည် ဓားသမားလေးဦးထဲတွင် အနိမ့်ဆုံးဖြစ်သဖြင့် ဖုန်းပုကြွယ်ကို ပထမဆုံး နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်..."

ဖုန်းပုကြွယ်က ပြုံးလျက် ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ "မှတ်ထားရမယ့် ထူးထူးဆန်းဆန်း နာမည်တွေ တော်တော်များနေသလိုပဲ..." ဟု တွေးနေမိသည်။

"ဆောင်းဦးသစ်ခွဓား စုထန်ပါ"

"တန်ဟွာဓား ယဲ့မူဟန်ပါ"

နောက်ထပ် မိတ်ဆက်လိုက်သော နှစ်ဦးသည် အမျိုးသမီး ဓားသမားများ ဖြစ်ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ "ကျွန်မက" ဟု မသုံးနှုန်းခဲ့ကြပေ။ ၎င်းမှာ ဖုန်းပုကြွယ်ရှေ့တွင် ထိုသို့ သုံးနှုန်းရန် မသင့်တော်ဟု ခံစားရသောကြောင့် ဖြစ်ပေလိမ့်မည်။

ဆောင်းဦးသစ်ခွဓား စုထန်သည် ဓားခြောက်လက်ထဲတွင် အဆင့် ၄ ရှိသည်။ သူမသည် အသက် ၂၆ နှစ် ရှိပြီ ဖြစ်သည်။ သူမသည် အလွန်အမင်း လှပသူ မဟုတ်သော်လည်း ချောမောသူတစ်ဦးတော့ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ အလွန်သေးငယ်လှသည်။ သူမ ထရပ်လိုက်ချိန်တွင် အရပ် ၁.၅ မီတာခန့်သာ ရှိသည်။ သူမ၏ ခန္ဓာကိုယ်အထက်ပိုင်း အရွယ်အစားမှာမူ သူမ၏ အရပ်နှင့် လုံးဝ မလိုက်ဖက်အောင်ပင် ကြီးမားလှသည်။ ၎င်းကို နှင်းတောင်ထိပ်ကဲ့သို့သော ကျောက်စိမ်းမျှော်စင်ကို ဝတ်ဆင်ထားသည်ဟုပင် တင်စားနိုင်ပေသည်။ သူမသည် လည်ပင်းထိရှည်သောဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမ၏ ဂုဏ်ယူဖွယ်ရာ ခန္ဓာကိုယ်အချိုးအစားများကိုတော့ ဖုံးကွယ်ထားရန် ခဲယဉ်းလှသည်။

တန်ဟွာဓား ရီမူဟန်သည် စုထန်ထက် အသက်အနည်းငယ် ပိုကြီးပုံရသည်။ သူမထံမှ ကြံ့ခိုင်သော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူမ၏ ဆံပင်ကို အမျိုးသားတစ်ဦးကဲ့သို့ စည်းနှောင်ထားပြီး အသားအရေကလည်း ကြမ်းတမ်း၏။ သူမ၏ အသံပင် ကြမ်းတမ်းနေလေသည်။ သို့သော်လည်း ၎င်းမှာ ကျား၊ မ ခွဲခြားမရလောက်အောင်တော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူမတွင် လည်စေ့တော့ မရှိပေ။ သူမတွင် ခန့်ညားသော မျက်နှာရှိသော်လည်း အာတိုဘီဆမား နှင့် နှိုင်းယှဉ်လျှင်တော့ သူမက ပိုမိန်းကလေးဆန်ပေသည်။

"တွေ့ရတာ ဝမ်းသာပါတယ် မိန်းကလေးတို့"

ဖုန်းပုကြွယ်က ပြန်လည် နှုတ်ဆက်လိုက်သည်။

သူတို့က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးပြီဖြစ်ရာ ရှောင်တန်နှင့် ကျန်သူများသည်လည်း အနည်းဆုံး ယဉ်ကျေးမှုအရ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးကြရတော့သည်။

"အင်း... ကျုပ်က ဝမ်တန်ကျိပါ၊ ကျုပ်မှာ နာမည်ပြောင်တော့ မရှိပါဘူး..."

အခန်း (၁၉၈)

အမှန်တကယ်တော့ ရှောင်တန်တွင် နာမည်ပြောင်မရှိခြင်းမဟုတ်ဘဲ ‘ကြောက်ရွံ့စွာချောင်းတိုက်သူ’ ဆိုသည်မှာ သိုင်းသမားတစ်ဦးတွင် ရှိသင့်သည့် ဘွဲ့အမည်တစ်ခုဟု မထင်ရသောကြောင့်သာ ဖြစ်သည်။

လက်ရှိရှိနေသည့် လူငါးဦးထဲတွင် ဖုန်းပုကြွယ်၏ ‘ခန့်မှန်းရခက်သော ရူးသွပ်သူ’ ဟူသည့် ဘွဲ့အမည်တစ်ခုသာ အများကြားတွင် ပျံ့နှံ့နိုင်စွမ်းရှိပေသည်။ ဥပမာအားဖြင့် ရီရူလီ၏ ‘ဒြပ်စင်ဓားသမား’၊ ရီရူယွီ၏ ‘ထက်မြက်သော သေနတ်သမား’ နှင့် အာတိုဘီဆမား၏ ‘ပြောင်ပြောင်တင်းတင်း ချုံခိုတိုက်ခိုက်သူ’ တို့သည်... အနည်းဆုံးတော့ ဤသိုင်းလောကသားများ၏ အမြင်တွင် အဓိပ္ပာယ်မရှင်းလင်းဘဲ နားလည်ရန် ခက်ခဲပေသည်။

“လီရူယွီပါ”

“ရှောင်လင်ကုပါ”

မည်သို့ပင်ဖြစ်စေ ဤနေရာသည် မိုးကြိုးသွားလောက မဟုတ်သဖြင့် ရီရူလီ(ဖြတ်သန်းသွားသောမိုး) နှင့် ရီရူယွီ(ရယ်မောနေသောဝိညာဉ်) တို့ကို နာမည်အဖြစ် သတ်မှတ်၍မရပေ။ ထို့ကြောင့် ရီရူလီနှင့် ရီရူယွီတို့က သူတို့၏ နာမည်အရင်းများကိုသာ ပေးလိုက်ကြသည်။

“အာ...”

အာတိုဘီဆမား နှစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားသည်။

“ကျင်းဖူကွေ့ပါ”

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ဖုန်းပုကြွယ်ပင် လုံးဝ ရယ်မောမိတော့မလို ဖြစ်သွားပြီး ရီရူလီမှာလည်း မရယ်မိစေရန် မနည်းအောင့်ထားနေရသည်။

ရှောင်တန် နှင့် ရီရူယွီတို့ကတော့ လုံးဝ စိတ်လွတ်သွားကြပြီ ဖြစ်သည်။ သူတို့နှစ်ဦးလုံး အာတိုဘီဆမား၏ ပုခုံးကို ထုရိုက်ရင်း ရယ်မောခြင်းကို မရပ်နိုင်ကြတော့ပေ။

“ဟားဟားဟား... ဒါကြောင့်ကိုး... ဟားဟားဟား...”

သူတို့သည် မျက်ရည်များ ထွက်လာသည်အထိ ရယ်မောနေကြသဖြင့် ရှေ့မှ ရပ်နေသော NPC လေးဦးလည်း စိတ်ရှုပ်ထွေးကုန်ကြတော့သည်။

“အိုး... သူက ကျုပ်ဧည့်သည်သုံးယောက်ထဲက တစ်ယောက်ပါ၊ သူက နောက်ပြောင်ရတာ အရမ်းဝါသနာပါတာမို့ပါ”

ဖုန်းပုကြွယ်က တည်ငြိမ်သော အမူအရာဖြင့် NPC များကို ရှင်းပြလိုက်သည်။

“ဒါက သူတို့အချင်းချင်းပဲ နားလည်တဲ့ ဟာသတစ်ခုမို့ သူတို့ မအောင့်နိုင်ဘဲ ရယ်မိတာ ဖြစ်မှာပါ၊ မလေးမစားဖြစ်သွားတာမျိုး ရှိရင်လည်း ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်”

သူ့ရှင်းပြချက်သည် သိပ်ယုတ္တိမရှိလှသော်လည်း လင်းချန်နှင့် ကျန်သူများကတော့ အများကြီး မတွေးမိကြပေ။ သူတို့၏ အမြင်တွင် ထိုကောင်လေးသည် နာမည်အတုတစ်ခု ပေးလိုက်သဖြင့် သူ၏ သူငယ်ချင်းများက ဝိုင်းရယ်ကြသည်ဟုသာ ထင်မှတ်လိုက်ကြသည်။

သို့သော်လည်း အမှန်တကယ်တွင်မူ အာတိုဘီဆမားသည် သူ့နာမည်အရင်းကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။

၂၁ ရာစု အလယ်ပိုင်းတွင် မြို့ကြီးပြကြီး၌ ကြီးပြင်းလာသူ တစ်ဦးအတွက် မိဘများက ပေးထားသော ထိုနာမည်မျိုးနှင့် ကြီးပြင်းလာရသည့် ခံစားချက်မှာ ကာယကံရှင်ကိုယ်တိုင်သာ သိနိုင်ပြီး မေ့ပစ်ချင်စရာကောင်းသည့် အရာတစ်ခု ဖြစ်ပေလိမ့်မည်။(TL note - ကျင်းဖူကွေ့ဆိုတာ တရုတ်ကျေးလက်တောရွာတွေမှာ ရွှေတွေငွေတွေပြည့်စုံပြီး ကံကောင်းချမ်းသာပါစေဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးထားတဲ့နာမည်ပါ။ပြောရရင် အာတိုဘီလို ခေတ်ဆန်ဆန်ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ နေတတ်သူအဖို့ ဒီလို ချစ်စန်းမောင်တို့ ၊ ချစ်ရင်ထူးတို့လို နာမည်လှပေမယ့် တောဆန်တဲ့နာမည်ကြောင့် မလိုက်မဖက်ဖြစ်ပြီး ဟာသဖြစ်သွားတာပါ)

“ဟားဟား... သခင်လေးဖုန်းကလည်း၊ ဒီလောက်ကြီး အလေးအနက်ထားမနေပါနဲ့”

လင်းချန်သည် ပန်းပွင့်ဓားများ၏ စီနီယာဖြစ်သလို အသက်အကြီးဆုံးလည်း ဖြစ်သဖြင့် သဘာဝကျစွာပင် အတွေ့အကြုံရှိပြီး စဉ်းစားပေးတတ်သူ ဖြစ်သည်။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“လာပါ လာပါ... ထိုင်ကြပါဦး၊ ထိုင်ပြီးမှ စကားပြောကြတာပေါ့”

သူသည် ဓားကျိုးလက်ဖက်ရည်ခန်းမမှ လူများကို အခန်းထဲရှိ စားပွဲကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ထိုင်ခိုင်းလိုက်သည်။

ဖုန်းပုကြွယ် ထိုင်လိုက်သည်နှင့် သူက အကြောင်းအရာကို ပြောင်းလိုက်သည်။

“ဒါနဲ့ ကျုပ်တို့ကို ဘာကြောင့် ဒီကိုဖိတ်ခေါ်တာလဲဆိုတာ သိချင်မိတယ်၊ ကျုပ်တို့ ကူညီပေးနိုင်တာမျိုး ရှိလို့လား”

“ကျွန်မတို့က အဲဒီလို ဂုဏ်ပြုခံရဖို့ မထိုက်တန်ပါဘူး”

ယဲ့မူဟန်က ကြားဖြတ်ပြောလိုက်သည်။

“ခုနက သခင်လေးဖုန်း အောက်ထပ်မှာ ပြသခဲ့တဲ့ အရည်အချင်းအရဆိုရင် ကျွန်မတို့ကို ပြန်သင်ပေးဖို့တောင် လုံလောက်နေပါပြီ”

“ဟားဟားဟား... ချီးကျူးလွန်းနေပါပြီ”

ဖုန်းပုကြွယ်၏ အပြုံးမှာ အတော်လေး အတုအယောင်ဆန်လှသည်။ သူက စိတ်ထဲတွင် တွေးတောလိုက်သည်။ အစ်မတော်... ငါ့သိုင်းပညာကို တစ်ယောက်ချင်းစီ ထပ်စမ်းသပ်ချင်နေကြတာတော့ မဟုတ်ပါဘူးနော်၊ ဒီလိုသာဆိုရင်တော့ ငါ ဒုက္ခရောက်ပြီ...။

လင်းချန်က ပြုံးလျက် ပြောလိုက်သည်။

“သခင်လေးဖုန်း... အကြီးအကဲယဲ့တောင် ခင်ဗျားရဲ့ သိုင်းပညာအပေါ် အထင်ကြီးလေးစားမှု အဆင့်သစ်တစ်ခု ရှိနေတာပဲ၊ ဒါက ရှားပါးတယ်၊ သခင်လေးဖုန်းအနေနဲ့ မျိုးဆက်တူတွေထဲမှာ ပြိုင်ဘက်ရှိမှာ မဟုတ်လောက်ဘူး”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး...”

ဖုန်းပုကြွယ်က သူ၏ ညာဘက်လက်ဖဝါးကို ဖြန့်ကာ ရီရူလီဘက်သို့ ညွှန်ပြလိုက်သည်။

“ကျုပ်တို့ မျိုးဆက်ထဲမှာဆိုရင် ကျုပ်ထက် ပိုတော်တဲ့သူက ဒီမှာ ရှိပါတယ်ဗျာ”

NPC လေးဦး၏ မျက်နှာအမူအရာများမှာ အကြိမ်ကြိမ် ပြောင်းလဲသွားကြသည်။ သူတို့သည် ထိုဂိုဏ်းချုပ်ဖုန်းနှင့် ပတ်သက်၍ ပိုပိုပြီး စိတ်ရှုပ်ထွေးလာကြတော့သည်။ သူ့မျက်နှာပေါ်မှ အမူအရာကို ကြည့်၍ မည်သည့်စကားက အမှန်၊ မည်သည့်စကားက အလိမ်အညာကို ခွဲခြားရန် မဖြစ်နိုင်ပေ။ သူပြောသည့် စကားလုံးများ၏ အဓိပ္ပာယ်အရပင်လျှင် အမှန်တရားကို သိရန် ခဲယဉ်းလှသည်။

ဥပမာအားဖြင့် အကယ်၍ ဖုန်းပုကြွယ်ပြောသည်က အမှန်ဖြစ်လျှင် ထိုမိန်းကလေးလီသည် သူမခင်ပွန်းထက် ပိုတော်သည်ဟု ဆိုလိုရာရောက်သည်။ ထိုသို့ဆိုလျှင် သူမသည် အနည်းဆုံးတော့ ပန်းပွင့်ဓား ခြောက်လက်နှင့် အဆင့်တူရှိနေသည်ဟု မဆိုလိုနိုင်ဘူးလား။ သို့သော် အကယ်၍ သူပြောသည်က အလိမ်အညာဖြစ်နေလျှင်... ၎င်းမှာ ဟာသတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ထိုဂိုဏ်းချုပ်ဖုန်းသည် မယားကြောက်သူတစ်ဦး ဖြစ်နိုင်ကြောင်း သက်သေပြရုံမှလွဲ၍ အခြား အဓိပ္ပာယ်မရှိပေ။

အလိမ္မာအပါးနပ်ဆုံးဖြစ်သော လင်းချန်ပင် အခြေအနေက ခက်ခဲနေကြောင်း ခံစားမိသည်။ သူသည် နှစ်ပေါင်းများစွာအတွင်း သိုင်းလောကရှိ လူပေါင်းများစွာနှင့် ထိတွေ့ခဲ့ဖူးသည်။ သူ ကောင်းကောင်းသိထားသည်မှာ... ရင်ဆိုင်ရန် အခက်ခဲဆုံးလူများသည် ရူးကြောင်ကြောင် ပုံစံရှိသော်လည်း အမှန်တကယ်တွင် တည်ငြိမ်ပြီး အကွက်ကျကျ စဉ်းစားတတ်သူများပင် ဖြစ်သည်။ ဤကဲ့သို့လူမျိုးသည် ဟာသနှောသော လေသံဖြင့် အမှန်တရားကို ပြောနိုင်သလို အလေးအနက်ထားသော အမူအရာဖြင့်လည်း ပေါက်ကရများကို ပြောနိုင်ကြသည်။ အမှန်နှင့် အလိမ်အညာမှာ ခန့်မှန်းရ ခက်လှသည်။ ထိုလူစားမျိုး ဘာတွေးနေသည်ကို ဘယ်သူမှ မသိနိုင်သလို သူတို့ ဘာလုပ်မည်ကိုလည်း ဘယ်သူမှ ကြိုမမြင်နိုင်ပေ။

ဖုန်းပုကြွယ်က ချက်ချင်းပင် ထပ်ဖြည့်ပြောလိုက်သည်။

“ဒါနဲ့ အစ်ကိုလင်း... ခင်ဗျားပြောတဲ့ ‘အကြီးအကဲယဲ့’ ဆိုတာ မြို့ပြင်ဘက် လမ်းလေးပေါ်မှာ ကျုပ်တွေ့ခဲ့တဲ့ စီနီယာကို ပြောတာလားမသိဘူး”

“ဟုတ်ပါတယ်”

လင်းချန်က ဖြေသည်။

ဖုန်းပုကြွယ်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

“အင်း... အဲဒီ အကြီးအကဲက ခင်ဗျားတို့အားလုံးနဲ့ ဘယ်လိုပတ်သက်တာလဲလို့ ကျုပ်သိချင်မိပါတယ်”

အမှန်တကယ်တွင် ဖုန်းပုကြွယ်သိထားသည့် အချက်အလက်မှာ ကန့်သတ်ချက် ရှိနေသည်။ မနေ့ညက မုန့်ကျိုးထံမှ မြို့နှင့် ပတ်သက်သော အခြေခံ အချက်အလက်တချို့ ရရှိခဲ့သဖြင့် လမ်းပေါ်တွင် သူနှင့် တိုက်ခိုက်ခဲ့သော အဘိုးကြီးမှာ ယဲ့မိသားစု၏ အိမ်တော်ထိန်းယဲ့ဟိုင် ဖြစ်ကြောင်း သိထားသော်လည်း ပန်းပွင့်ဓားခြောက်လက်အကြောင်းကိုတော့ သူ ဘာမှမသိပေ။ ပန်းပွင့်ဓားခြောက်လက်ဟူသော စကားလုံးပင် တည်းခိုခန်းခန်းမထဲတွင် ဘေးပတ်ဝန်းကျင်မှ လူများ ပြောနေကြသည်ကို ကြားခဲ့ရခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ဖုန်းပုကြွယ် မေးလိုက်သော မေးခွန်းသည် အတော်လေး မရေမရာဖြစ်လှသည်။ သူသည် ယဲ့ဟိုင်၏ အမည်ကို အစပျိုးမပြောခဲ့ပေ။ လင်းချန်ပြောသည့်အပေါ်တွင်သာ အခြေခံ၍ ထပ်မံမေးမြန်းခြင်း ဖြစ်ပြီး လင်းချန်ထံမှ သတင်းအချက်အလက် ပိုမိုရရှိရန် မျှော်လင့်နေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်တော့ လင်းချန်နှင့် ကျန်သူများက ဂိုဏ်းချုပ်ဖုန်းသည် နာမည်ကျော် ပန်းပွင့်ဓားခြောက်လက် အကြောင်းကိုသာ ကြားဖူးပြီး ယဲ့ဟိုင်ကို မသိသောကြောင့် ဤမေးခွန်း မေးသည်ဟု ထင်မှတ်လိုက်ကြသည်။

ထို့ကြောင့် လင်းချန်က ပြန်ဖြေလာသည်။

“အကြီးအကဲယဲ့က ယဲ့မိသားစုရဲ့ အိမ်တော်ထိန်းပါ၊ ဒါကြောင့် ကျုပ်တို့ သူ့ကို သိနေတာ သဘာဝကျပါတယ်၊ ဒါပေမဲ့ သူက သိုင်းလောကထဲ သိပ်ပြီး ဝင်မစွက်တတ်တာကြောင့် သခင်လေးဖုန်းအနေနဲ့ သူ့ကို မသိတာ မဆန်းပါဘူး”

“အင်း... သူက ငါသိပြီးသား အချက်အလက်တချို့ပဲ မျှဝေပေးတာဆိုပေမဲ့ သူ့လေသံအရဆိုရင်... ပန်းပွင့်ဓားခြောက်လက်ကလည်း ယဲ့မိသားစုဝင်တွေပဲဆိုတာ ငါ သိလိုက်ရပြီ...”

ဖုန်းပုကြွယ် တွေးလိုက်သည်။

“သူတို့ ငါတို့ကို ဒီလောက် ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်တာက ဟိုအဘိုးကြီးယဲ့ဟိုင်က သူတို့ကို ကြိုပြောထားလို့ ဖြစ်မယ်...”

နောက်ထပ် အတွေးတစ်ခုက သူ့စိတ်ထဲ ဝင်လာခဲ့သည်။

“ဒါပေမဲ့ သူတို့က ဘာလို့ ငါတို့ကို တည်းခိုခန်းထဲ စဝင်ဝင်ချင်း မဖိတ်ခေါ်ခဲ့တာလဲ၊ ယဲ့မူဟန် ပြောပုံအရဆိုရင် သူတို့ ပထမထပ်က လှုပ်ရှားမှုတွေကို အချိန်အကြာကြီးကတည်းက စောင့်ကြည့်နေခဲ့တာ ဖြစ်မယ်...”

အဖြေက ချက်ချင်းပင် ထွက်ပေါ်လာသည်။

“ဟမ့်... သူတို့က ငါတို့နဲ့ မညှိနှိုင်းခင် ငါတို့ရဲ့ စွမ်းအားကို သူတို့ကိုယ်တိုင် အရင် မျက်မြင်တွေ့ချင်နေကြတာကိုး...”

ခဏအတွင်းမှာပင် သူ့စိတ်ထဲ၌ အတွေးများစွာ ဖြတ်သန်းသွားခဲ့သော်လည်း ၎င်းတို့အားလုံးက စနစ်တကျ ရှိနေခဲ့သည်။ သူ့မျက်လုံးများ အပါအဝင် မျက်နှာအမူအရာသည် လုံးဝ ပြောင်းလဲခြင်း မရှိပေ။ ထိုလူ့မျက်နှာပေါ်ရှိ အာရုံကြောနှင့် ကြွက်သားတိုင်းမှာ ပုတ်သင်ညိုတစ်ကောင်၏ ရုပ်ဖျက်မှုနှင့် တူလှသည်။ သူသာ အလိုရှိလျှင် သူ့ခံစားချက်များကို လုံးဝ ဖုံးကွယ်ထားနိုင်ပေသည်။ ထိုကဲ့သို့ ပြုံးတုံ့တုံ့နှင့် တည်ငြိမ်ခန့်ညားသော မျက်နှာသည် သဘာဝက ပေးထားသော ပါရမီတစ်ခုဟုပင် ဆိုနိုင်သည်။

“အိုး... ဒါကြောင့်ကိုး၊ အံ့ဩစရာမရှိပါဘူး...”

ဖုန်းပုကြွယ်က ဟန်ဆောင်ပန်ဆောင် ပြန်ဖြေလိုက်သည်။

လင်းချန်က ဆက်ပြောသည်။

“ခင်ဗျားတို့အားလုံးကို ဒီကို ဖိတ်ခေါ်ဖို့က အကြီးအကဲယဲ့ရဲ့ စိတ်ကူးပါ၊ သူက ခင်ဗျားတို့ကို ဒီတည်းခိုခန်းမှာပဲ နေရာချပေးဖို့ ကျုပ်တို့ကို ပြောထားတာပါ”

သူ့အကြည့်က ဧည့်ခန်းထဲသို့ ဝေ့ဝဲသွား၏။

“ဒီ ကောင်းကင်အခန်း Cက မူလက အကြီးအကဲယဲ့ရဲ့ အခန်းပါ၊ ဒါပေမဲ့ သူ ဒီမြို့ကို ရောက်ကတည်းက အခန်းထဲကို တစ်ခါမှ ခြေမချသေးဘူး၊ အဲဒါကြောင့် ဒီအခန်းက အခုထိ အားနေတာပါ၊ အကြောင်းရင်းကတော့... သခင်လေးဖုန်း သိမှာပါ၊ ဒါကြောင့် အကြီးအကဲယဲ့က ခင်ဗျားတို့ကို ကူညီတဲ့အနေနဲ့ ဒီဧည့်ခန်းကို ပေးချင်နေတာပါ၊ ခင်ဗျားတို့ ငါးယောက်လုံး ဒီမှာ နှစ်ရက်လောက် နေထိုင်ဖို့ သူက ဖိတ်ခေါ်ထားပါတယ်၊ တကယ်လို့ ခင်ဗျားတို့ စိတ်မရှိဘူးဆိုရင်ပေါ့...”

“ဘာတွေ ပြောနေတာလဲ၊ ဒါက ကျုပ်တို့ လိုချင်တာနဲ့ အတိအကျပါပဲဗျာ”

ဖုန်းပုကြွယ်က ကျေးဇူးတင်သော အမူအရာ လုပ်ပြလိုက်သည်။

“ခင်ဗျားတို့ လေးယောက်နဲ့ အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ် တွေးနေသည်ကား ‘ဒီအဘိုးကြီးက တကယ်ကြီး လေကိုစားပြီး မီးခိုးတွေ သောက်နေတာလား၊ အိပ်လည်း မအိပ်၊ နားလည်း မနားဘူး... ဒဏ္ဍာရီထဲကအတိုင်း တရားထိုင်ရင်း အိပ်စက်တာကို အစားထိုးပြီး နှင်းရည်နည်းနည်း သောက်ရုံနဲ့ သုံးလေးငါးရက်လောက် အေးအေးဆေးဆေး နေနိုင်တဲ့ ပုဂ္ဂိုလ်မျိုးလား မသိဘူး”

“အရမ်းအားနာနေဖို့ မလိုပါဘူး”

လင်းချန်က ပြောသည်။

“ကျုပ်တို့ ယဲ့အိမ်တော်က သခင်လေးဖုန်းလို လူငယ်သူရဲကောင်းတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ရတာ တကယ် ဝမ်းသာမိပါတယ်”

“နှုတ်ဆက်စကားတွေလည်း ပြောပြီးပြီ… အကျိုးခံစားခွင့်တွေလည်း ပေးပြီးပြီဆိုတော့ အခု အဲဒီကိစ္စကို ပြောလို့ရပြီလား”

ယဲ့မူဟန်က တည်ငြိမ်စွာ ကြားဖြတ်ပြောလိုက်သည်။

သူမ၏ လေသံက ပုံမှန်ဖြစ်သော်လည်း စကားလုံးများမှာမူ အတော်လေး ကြမ်းတမ်းလှသည်။ လင်းချန်က အခြေအနေကို ထိန်းသိမ်းရန်အတွက် ချက်ချင်း ဝင်ပြောလိုက်သည်။

“ဟဲဟဲ... သခင်လေးဖုန်း၊ အမှန်အတိုင်း ပြောရရင် ကျုပ်တို့ ခင်ဗျားဆီကနေ နောက်ထပ်အကူအညီတောင်းစရာ ကိစ္စတစ်ခု ရှိပါသေးတယ်”

ဖုန်းပုကြွယ်သည် မစ်ရှင်အလှည့်အပြောင်းတစ်ခု၏ အငွေ့အသက်ကို ရလိုက်သည်။ သူက ချက်ချင်း ပြောလိုက်သည်။

“ပြောပါ”

“အဲ... အကြီးအကဲယဲ့ပြောပြချက်အရ သခင်လေးဖုန်းက မွေးရာပါ သန့်စင်ယန်အတွင်းအား ရှိတဲ့သူလို့ ကြားသိရပါတယ်”

လင်းချန်က မေးလိုက်သည်။

ဖုန်းပုကြွယ်သည် မနေ့ညက ယဲ့ဟိုင်နှင့် တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော စကေးကို သတိရလိုက်ပြီး ချက်ချင်း နားလည်သွားရသည်။ ယဲ့ဟိုင်သည် မီးဓာတ်ပါသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် အတိုက်ခံရပြီးနောက် ဖုန်းပုကြွယ်တွင် "မွေးရာပါ သန့်စင်ယန်အတွင်းအား" ရှိသည်ဟု ကောက်ချက်ချခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ၎င်းမှာ အောက်ထပ်မှ အလှလေးက သူသည် "အတွင်းအားကို ခန္ဓာကိုယ်အပြင်ဘက်ကနေ ထိန်းချုပ်နိုင်ပြီး ဘာမှမရှိတဲ့အရာကနေ တစ်ခုခုအဖြစ် ပြောင်းလဲနိုင်တယ်" ဟု ပြောသွားခြင်းနှင့် တူသည်။ သူတို့အားလုံး မှားယွင်းသော သတင်းအချက်အလက်ပေါ် အခြေခံ၍ မှားယွင်းသော ကောက်ချက်ကို ချခဲ့ကြခြင်း ဖြစ်သည်။

“ဒါက သိသာနေတာပဲ မဟုတ်လား”

ဖုန်းပုကြွယ်က ပြန်မေးလိုက်သည်။

သူ့အဖြေမှာ မဖြေသည်နှင့် အတူတူပင်။ ဘာက သိသာတာလဲ။ သိသာတာလား။ ဒါမှမဟုတ် မသိသာတာလား။

“စီနီယာအစ်ကို၊ ကျွန်မဘာသာ ပြောပါရစေ”

စုထန်က ရုတ်တရက် ပြောလိုက်သည်။ သူမက ဖုန်းပုကြွယ်ကို ကြည့်ရင်း ဆိုသည်။

“သခင်လေးဖုန်းကို အမှန်အတိုင်း ပြောရရင် ကျွန်မ ရှင့်ဆီကနေ အကူအညီတောင်းစရာလေး ရှိပါတယ်”

သူမ ခဏမျှ တုံ့ဆိုင်းသွားပြီး ဆက်ပြောသည်။

“လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်မကျင့်ကြံနေတဲ့ အမှောင်ဝိညာဉ်မန္တန် စိတ်ကျင့်စဉ်ဟာ သတ္တမအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ အတွင်းအား ကန့်သတ်ချက်ကြောင့် ကိုယ်ပိုင်ခွန်အားနဲ့ ဒီအဆင့်ကို မကျော်ဖြတ်နိုင်သေးပါဘူး”

သူမမျက်နှာတွင် ခက်ခဲသော အမူအရာတစ်ခု ရှိနေခဲ့သည်။

“ကျွန်မမှာ မွေးရာပါ သန့်စင်ယင်အတွင်းအား ရှိတာကြောင့် ချီအတားအဆီးကို အတင်းအကျပ် ဖောက်ထွက်ချင်တယ်ဆိုရင် အဲဒီအချိန်မှာ ကျွန်မကို ကူညီပေးနိုင်မယ့် သန့်စင်ယန်အတွင်းအား ရှိတဲ့သူတစ်ယောက် လိုအပ်နေပါတယ်...”

စုထန်တွင် အခြားရွေးချယ်စရာ မရှိသဖြင့် အကူအညီတောင်းရခြင်း ဖြစ်သည်။ အတွင်းအား တိုးတက်မှုဟူသည် လူတစ်ယောက်၏ မွေးရာပါ ပါရမီနှင့် သက်ဆိုင်ပေသည်။ အကယ်၍ သူမသာ သူမဘာသာ အားကိုးပြီး ပုံမှန်နည်းလမ်းများဖြင့် ကျင့်ကြံမည်ဆိုပါက အစောဆုံး အသက် ၃၀ ရောက်မှသာ အမှောင်ဝိညာဉ်မန္တန်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိပေလိမ့်မည်။

“အင်း...”

ဖုန်းပုကြွယ်က သူမ၏ စကားကို ကြားဖြတ်လိုက်ပြီး လူတိုင်းကို သိချင်စိတ်ဖြင့် ဝေ့ကြည့်လိုက်သည်။

“ဒါက... မိန်းကလေးစု၊ ခင်ဗျားရဲ့ စီနီယာအစ်ကိုတွေနဲ့ ဂျူနီယာတွေကရော...”

လင်းချန်က ပြောသည်။

“သခင်လေးဖုန်း ခင်ဗျား မသိလို့ပါ၊ ကျုပ်ညီမလေးရဲ့ မွေးရာပါ သန့်စင်ယင်အတွင်းအားကို ဖိနှိပ်ဖို့ဆိုတာ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး၊ ဒါက အနည်းဆုံး အတွင်းအားကို အနှစ် ၂၀ ကျော် ကျင့်ကြံထားတဲ့ လူပျိုဖြစ်ရမှာဖြစ်ပြီး ယန်ဓာတ်ပါတဲ့ စိတ်ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်ရပါမယ်”

“ကျုပ်ရဲ့ အတွင်းအားကလည်း အပျော့စားဘက်ကို ရောက်နေတယ်”

မြောင်ရှောင်ချင်းက ထပ်ဖြည့်ပြောသည်။

“စီနီယာအစ်ကိုကြီးမှာ ယန်ဓာတ်ပါတဲ့ အတွင်းအား ရှိပေမဲ့ အိမ်ထောင်ကျပြီးသား ဖြစ်နေတာကြောင့် သတ်မှတ်ချက်နဲ့ မကိုက်ညီပါဘူး”

“ကျုပ်လည်း အိမ်ထောင်ကျပြီးသားပါ...”

ဖုန်းပုကြွယ်က ချက်ချင်း ပြောလိုက်သည်။

“အဲဒါက ပြဿနာမရှိပါဘူး၊ ဘာလို့လဲဆိုတော့ သခင်လေးဖုန်းမှာက မွေးရာပါ သန့်စင်ယန်အတွင်းအား ရှိတာကြောင့် ရှင့်ပါရမီက သာမန်လူတွေနဲ့ မတူလို့ပါ”

စုထန်က ဆိုသည်။

“အာ...”

ဖုန်းပုကြွယ်သည် အဖြေတစ်ခု ရှာရန် ကြိုးစားနေဆဲ ဖြစ်သည်။

“ဒါနဲ့ ခင်ဗျားတို့ကို ပန်းပွင့်ဓားခြောက်လက်လို့ ခေါ်တယ်ဆိုတော့ နောက်ထပ် ဓားသမားနှစ်ယောက် ကျန်သေးတာပေါ့...”

“အိုး ကျုပ်ရဲ့ ခြောက်ယောက်မြောက် ဂျူနီယာညီမလေး လုချင်းနင်ကလည်း အမျိုးသမီးပါပဲ”

မြောင်ရှောင်ချင်းက ပြန်ဖြေသည်။

“ဒုတိယ စီနီယာအစ်ကို၊ အရိပ်မဲ့ဓား ရှန်ဖေးကတော့ ယင်နဲ့ယန် မျှတအောင် ထိန်းညှိပေးတဲ့ အတွင်းအားကျင့်စဉ်ကို ကျင့်ကြံတာပါ”

“ဟာ... ဟားဟား... ပြောရရင် ချန်လင်တည်းခိုခန်းမှာ သူရဲကောင်းတွေ အများကြီး စုဝေးနေကြတာပဲ...”

ဖုန်းပုကြွယ်သည် ထိုကိစ္စမှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် ခြောက်ကပ်ကပ် ရယ်လိုက်သည်။

မှန်ပေသည် ကိစ္စများ ဒုက္ခရောက်တော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။

သိုင်းလောကကြီးသည် ကျယ်ပြောလှသော်လည်း ထိပ်တန်းပညာရှင်ဟု ခေါ်နိုင်သူများမှာ ဤနေရာတွင် စုဝေးနေကြခြင်း ဖြစ်သည်။ အကယ်၍ တည်းခိုခန်းတွင် အခြားသင့်တော်သောသူ ရှိခဲ့လျှင် ယဲ့မိသားစုအနေနှင့် ထိုသူကို အတင်းအကျပ်ဖြစ်စေ လာဘ်ထိုး၍ဖြစ်စေ ခိုင်းစေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သူတို့ ဖုန်းပုကြွယ်ထံသို့ လာရခြင်းသည် သတ်မှတ်ချက်နှင့် ကိုက်ညီသူ မရှိသောကြောင့်သာ ဖြစ်သည်။

သိုင်းသမားတစ်ဦးအတွက် အဆင့်တက်ရန်သည် အရေးကြီးဆုံးသော အရာဖြစ်သည်။ အကယ်၍ စုထန်သည် အသက် ၃၀ ကျမှ အမှောင်ဝိညာဉ်မန္တန်၏ အဋ္ဌမအဆင့်သို့ ရောက်ရှိမည်ဆိုပါက နောက်ထပ်နှစ်အနည်းငယ်အတွင်း သူမအတွက် ရွေးချယ်စရာတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ အခြားသိုင်းပညာတစ်မျိုးကို ပြောင်းလဲကျင့်ကြံရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မူလ အမှောင်ဝိညာဉ်မန္တန်ကို ဆက်လက်ကျင့်ကြံနေလျှင်ပင် ပိုမိုတိုးတက်ရန် ခဲယဉ်းလှသောကြောင့် ဖြစ်သည်။ ယင်းမှာ အချိန်ဖြုန်းခြင်းသာ ဖြစ်ပေလိမ့်မည်။ ပိုဆိုးသည်မှာ ထိုသို့ နှစ်အနည်းငယ် ကြန့်ကြာသွားခြင်းက သူမတစ်သက်တာတွင် ရောက်ရှိနိုင်မည့် အမြင့်ဆုံးအဆင့်ကို ထိခိုက်သွားစေနိုင်သောကြောင့် ဖြစ်သည်။

ဓားသမား ခြောက်ယောက်သည် ညီအစ်ကိုမောင်နှမများကဲ့သို့ ရင်းနှီးကြသူများ ဖြစ်ကြသည်။ သူတို့သည်လည်း စုထန်၏ ပြဿနာအတွက် စိတ်ပူနေကြသည်။ အမှန်တော့ စုထန်၏ ပါရမီသာ ပုံမှန်ဖြစ်ခဲ့လျှင် ထိုမျှအထိ ဒုက္ခရောက်နေစရာ မလိုပေ။ ဓားသမား ခြောက်ယောက်ထဲမှ မည်သူမဆို သူမကို အဆင့်ကျော်ဖြတ်ရန် ကူညီပေးနိုင်ပြီး ပြဿနာလည်း ပြီးဆုံးသွားမည် ဖြစ်သည်။ သို့သော်လည်း သူမ၌ မွေးရာပါ သန့်စင်ယင်အတွင်းအား ရှိနေသဖြင့်...

ထို့ကြောင့် ဖုန်းပုကြွယ်သည် တိုက်ဆိုင်မှုများစွာကြောင့် သူတို့၏ တစ်ဦးတည်းသော ရွေးချယ်စရာ ဖြစ်လာတော့သည်။

အကယ်၍ သူသည် မနေ့ညက ဒါကိုခံစားလိုက်စမ်းကို အသုံးပြုစဉ်က မီးဓာတ်ပါသော စွမ်းရည်မဟုတ်ဘဲ အခြားတစ်မျိုးမျိုးကိုသာ ရရှိခဲ့လျှင် ထိုမျှအထိ ဒုက္ခရောက်နေမည် မဟုတ်ပေ။ ဥပမာအားဖြင့် ၎င်းမှာ ရေခဲဓာတ်ပါသော စွမ်းရည်ဖြစ်ခဲ့လျှင်... ယဲ့ဟိုင်သည် ဖုန်းပုကြွယ်အား ရွှမ်မင်နတ်ဘုရားလက်ဖဝါး၏ ဆက်ခံသူအဖြစ် မှားယွင်းထင်မြင်သွားပေလိမ့်မည်။

ပြဿနာကား သူ့ကို မွေးရာပါ သန့်စင်ယန်အတွင်းအား ရှိသူအဖြစ် အထင်ခံလိုက်ရခြင်း ဖြစ်သည်။ သူသည် အတွင်းအားမရှိဘဲ သိုင်းပညာမတတ်ကြောင်းကိုလည်း ဝန်ခံ၍ မရပေ၊ ဟုတ်တယ်မလား။ အကယ်၍ ထိုသတင်းသာ ပေါက်ကြားသွားပါက သူအပြင်ထွက်လိုက်သည်နှင့် လူတကာ၏ ရိုက်သတ်ခြင်းကို ခံရပေလိမ့်မည်။

ဖုန်းပုကြွယ် အခက်တွေ့နေပုံရသည်ကို မြင်သောအခါ ယဲ့မူဟန်က စားပွဲကို ရိုက်လိုက်ပြီး

“ကောင်စုတ်လေး၊ ငါတို့က နင့်ကို ရိုးရိုးသားသား အကူအညီတောင်းနေတာကို နင်က အကြောင်းအမျိုးမျိုး ပြနေတာလား၊ ဒါက ဘာသဘောလဲ၊ ငါ့ညီမလေးဆီကို စစ်မှန်ချီ နည်းနည်းလောက် လွှဲပြောင်းပေးရုံတင် မဟုတ်ဘူးလား၊ အဲဒါက ဘာခက်လို့လဲ၊ နင့်ရဲ့ အခြေခံကိုလည်း ထိခိုက်မှာ မဟုတ်ဘူး၊ အများဆုံးဆိုရင် ကိစ္စပြီးသွားတဲ့အခါ ယဲ့မိသားစုက နင့်အတွင်းအားအတွက် လျော်ကြေးအဖြစ် အဆင့်မြင့်ချီအားဖြည့်ဆေးတွေ ပေးမှာပေါ့”

ယဲ့မူဟန်သည် မောက်မာသောအမူအရာ ရှိနေဆဲ ဖြစ်သည်။ သူမ၏ စိတ်နေစိတ်ထားက ပွင့်လင်းပြီး သူမ၏ စကားများလည်း ထိုနည်းအတိုင်းပင်။ သို့သော်လည်း ၎င်းက ပြဿနာတစ်ခုတော့ မဟုတ်ပေ။ ပွင့်လင်းသူများသည် များသောအားဖြင့် စိတ်ရင်းမဆိုးတတ်ကြပေ။ ထို့ပြင် သူမသည် သိုင်းလောကတွင် အကောင်းဆုံး အမျိုးသမီးဓားသမားဖြစ်သလို ယဲ့ချန်၏ ညီမလည်း ဖြစ်သည်။ အကယ်၍ သူမတွင် ထိုမာန်မာနမျိုး မရှိနေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

“သူက မကူညီချင်တာ မဟုတ်ပါဘူး”

ရီရူလီက ရုတ်တရက် ဝင်ပြောလိုက်သည်။

“ဒါပေမဲ့ သူက မကူညီနိုင်တာပါ”

“ဘာကို ဆိုလိုတာလဲ”

ယဲ့မူဟန်က ရီရူလီကို ကြည့်ပြီး မေးလိုက်သည်။

“ကျွန်မတို့ဂိုဏ်းက ကျင့်ကြံတဲ့သိုင်းပညာတွေက လက်ရှိ သိုင်းလောကမှာရှိတဲ့ အခြားဂိုဏ်းတွေနဲ့ မတူပါဘူး၊ ရှင်တို့ သတိထားမိမှာပါ၊ ကျွန်မတို့ရဲ့ အတွင်းအားတွေ၊ စွမ်းရည်တွေနဲ့ အခြားအရာတွေကို... အပေါ်ယံနဲ့ သိနိုင်မှာ မဟုတ်ဘူး”

ရီရူလီက လိမ်ညာပြီး အခြေအနေကို စတင်ထိန်းကျောင်းလိုက်သည်။

“တကယ်ပါ... ခင်ဗျားတို့ရဲ့ သိုင်းပညာတွေက လုံးဝ ပြစ်ပြောစရာ မရှိအောင် စုံလင်လှပါတယ်”

လင်းချန်က ခေါင်းညိတ်၏။

“သူက...”

ရီရူလီက ဖုန်းပုကြွယ်ကို တစ်ချက်လှမ်းကြည့်သည်။

“အစ်ကိုပုကြွယ်မှာက... မွေးရာပါ သန့်စင်ယန်အတွင်းအား ရှိတာ အမှန်ပါပဲ၊ သူက အရမ်းပါရမီထူးချွန်ပြီး ကိုယ်ပိုင်ကျောင်းတော်ကိုလည်း တည်ထောင်ခဲ့ပါတယ်၊ ဒါပေမဲ့ သူကျင့်ကြံတဲ့ သိုင်းပညာက သူကိုယ်တိုင် တီထွင်ထားတာပါ၊ သူက အခြားသိုင်းပညာတွေနဲ့ ပတ်သက်တဲ့ အခြေခံ ဗဟုသုတတွေတောင် မရှိပါဘူး၊ ဒါကြောင့် သူက တစ်ခြားသူဆီကို စစ်မှန်ချီ ဘယ်လို လွှဲပြောင်းပေးရမလဲ၊ သူတို့ကို ဘယ်လို ကာကွယ်ပေးရမလဲ မသိပါဘူး”

သူမက ညင်သာစွာ သက်ပြင်းချလိုက်သည်။

“ဟူး... အစ်ကိုပုကြွယ်က မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှင်တို့ သူ့ဆီကနေ တောင်းဆိုနေတာက အရမ်းများလွန်းနေပါတယ်”

“ဟားဟား၊ ဒီလို အရေးကြီးတဲ့ အချိန်မှာ မင်းက အားကိုးရဆုံးပဲ” ဖုန်းပုကြွယ် အလွန် ဝမ်းသာသွားသည်။

ရီရူလီက သူ့ကို ကူညီပေးလိုက်သဖြင့် ဖုန်းပုကြွယ်သည် ယူရာဟာရ တည်းခိုခန်းပိုင်ရှင်ကဲ့သို့ ဟန်လုပ်ကာ လေသံနှိမ့်၍ ပြောလိုက်သည်။

“ဟုတ်ပါတယ်... ကျုပ်ရဲ့ သိုင်းပညာက သတ်ဖြတ်ဖို့အတွက်ပဲ၊ အဲဒီအတွက် မဟုတ်ပါဘူး...”

“ဟားဟား၊ အဲဒီလိုလား...”

လင်းချန်က ပြုံးလျက် ကြားဖြတ်ပြောလိုက်သည်။

“ဒါဆို အဆင်ပြေပါတယ်၊ တကယ်လို့ သခင်လေးဖုန်း စိတ်မရှိဘူးဆိုရင် ကျုပ် ခင်ဗျားကို အတွင်းအား ကျင့်ကြံမှုရဲ့ အခြေခံအကျဆုံး နည်းလမ်းတွေ သင်ပေးပါ့မယ်၊ နေ့တစ်ဝက်အတွင်းမှာပဲ အစ်ကိုဖုန်းက စစ်မှန်ချီလွှဲပြောင်းပေးတဲ့ နည်းလမ်းကို ကျွမ်းကျင်သွားမှာပါ”

ဖုန်းပုကြွယ် - ချီးပဲ၊ မင်း ငါ့ကို အတင်းကျပ် လုပ်နေတာပဲကွ၊ ငါက ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ကူညီရတော့မှာပေါ့။

“ဒီလိုဆိုတော့လည်း ကျုပ် တာဝန်မရှောင်တော့ပါဘူး၊ အားလုံးပဲ စိတ်မပူကြပါနဲ့၊ မိန်းကလေးစုရဲ့ သိုင်းပညာ တိုးတက်ဖို့အတွက် ကျုပ်အကောင်းဆုံး ကူညီပေးပါ့မယ်”

ဖုန်းပုကြွယ်က လက်ခံသည့်အမူအရာ လုပ်ပြလိုက်သည်။ သူသည် လူလေးဦး၏ မျက်နှာအမူအရာများ ပြေလျော့သွားသည်အထိ စောင့်ဆိုင်းပြီးနောက် အကြောင်းအရာကို ပြောင်းလိုက်သည်။

“ဒါပေမဲ့... တကယ်လို့ ကျုပ်က အစ်ကိုလင်းဆီကနေ ကျင့်စဉ်တစ်ခုကို သင်ယူမယ်ဆိုရင် ဒါက ယဲ့မိသားစုရဲ့ သိုင်းပညာကို သင်ယူတယ်လို့ သတ်မှတ်ခံရမှာပဲ၊ အကြီးအကဲယဲ့က အဲဒါကို...”

“သခင်လေးဖုန်း၊ အဲဒါအတွက် စိတ်မပူပါနဲ့၊ ကျုပ်က ခင်ဗျားကို ယဲ့မိသားစုတပည့်တွေရဲ့ အခြေခံ ကျင့်စဉ်ကိုပဲ သင်ပေးမှာပါ၊ ဒါက မိသားစုလျှို့ဝှက်ချက် မဟုတ်ပါဘူး၊ အကြီးအကဲယဲ့ကလည်း စိတ်ထဲရှိမှာ မဟုတ်ပါဘူး”

လင်းချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဒါ့အပြင် သခင်ကြီးယဲ့ မိသားစုအတွက် နောက်ဆုံးတိုက်ပွဲကလည်း နီးကပ်နေပြီလေ၊ ဒီလို ကိစ္စသေးသေးလေးအတွက်... ခိုစာပို့ပြီး ခွင့်ပြုချက်တောင်းနေဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်”

“ဒါက သိုင်းသမားအချင်းချင်း အခြေခံအရည်အချင်းအချို့ ဖလှယ်ကြတာပဲလေ၊ သူက နင့်ကို တပည့် လက်ခံချင်နေတာမှ မဟုတ်တာ”

ထိုအချိန်တွင် ယဲ့မူဟန်က ပိုတိုက်ရိုက်ကျပြီး နားမခံသာသော နည်းလမ်းဖြင့် ပြောလိုက်သည်။

“သခင်ဖုန်းက ဒီကိစ္စက နောင်ကျရင် သက်သေအနေနဲ့ အသုံးချခံရပြီး လူတွေက နင့်ကို ကောင်းကင်ပြာဓားက သင်ပေးခဲ့တာလို့ ပြောကြမှာကို စိုးရိမ်နေတာလား၊ ဒါဆို နင်လည်း ငါ့ရဲ့ စီနီယာအစ်ကိုလင်းကို အပြန်အလှန်အနေနဲ့ အပေါ်ယံသိုင်းပညာတချို့ သင်ပေးလိုက်ပေါ့”

“ဟားဟား... မိန်းကလေးယဲ့၊ ခင်ဗျားကတော့ နောက်နေပြန်ပြီ၊ ကျုပ်မှာ ဆရာသခင်လင်းကို သင်ပေးနိုင်လောက်တဲ့ ဘာအရည်အချင်း ရှိမှာမို့လို့လဲ”

ဖုန်းပုကြွယ်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

သူသည် ဤသည်မှာ စကေးတစ်ခုခုကို သင်ယူနိုင်မည့် မစ်ရှင်တစ်ခုဖြစ်ကြောင်း သိထားသော်လည်း ချက်ချင်း လက်မခံနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် လင်းချန်က နေ့တစ်ဝက်အတွင်း သင်ယူနိုင်သည်ဟု ပြောထားသောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် နေ့တစ်ဝက်ကြာပြီးနောက် သူ့တွင် အတွင်းအားမရှိသည့် အမှန်တရားက ပေါ်ပေါက်သွားပေလိမ့်မည်။

ထို့ကြောင့် ဖုန်းပုကြွယ်၏ အစီအစဉ်သည်... အချိန်ဆွဲရန်နှင့် မစ်ရှင်ကိုလက်မခံမီ အဖြေတစ်ခုခု ရှာဖွေရန် ဖြစ်သည်။ သူ အစောပိုင်းက ပြောခဲ့သည့်အရာမှာ တစ်ဖက်လူအား မြို့ထဲတွင် ပေါ်မလာသေးသော ယဲ့ချန်ထံမှ ခွင့်ပြုချက်တောင်းခိုင်းရန် ဖြစ်သည်။ နေ့တစ်ဝက်ခန့် အချိန်ဖြုန်းလိုက်ခြင်းက မဆိုးလှပေ။ သို့သော် လင်းချန်က ထိုသို့လုပ်ရန် မလိုကြောင်း ပြောလိုက်သဖြင့် သူ အံ့အားသင့်သွားရသည်။ ယခုတွင်မူ သူသည် အခြားဆင်ခြေတစ်ခုကို ထပ်မံစဉ်းစားရတော့မည် ဖြစ်သည်။

“ဆရာသခင်လင်း၊ ကျွန်မခင်ပွန်းကို ကျင့်စဉ်သင်ပေးဖို့အတွက် မနက်ဖြန်အထိ စောင့်ပေးလို့ ရမလားလို့ သိချင်မိတယ်”

ရီရူလီက ထပ်မံ မေးလိုက်သည်။

“အိုး ဘာဖြစ်လို့ပါလဲ”

“ကျွန်မတို့ဂိုဏ်းရဲ့ သိုင်းပညာမှာ ထူးခြားတဲ့ အချက်တစ်ခု ရှိပါတယ်၊ အစ်ကိုပုကြွယ် အောက်ထပ်မှာ ဘာလုပ်ခဲ့သလဲဆိုတာ ရှင်တို့ မြင်ခဲ့ကြမှာပါ”

ရီရူလီက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ သူမသည် လိမ်ညာပြောနေခြင်းကြောင်း ထင်ရရန် လုံးဝ မဖြစ်နိုင်ပေ။

“ဒါက အထင်ကြီးစရာ ကောင်းပေမယ့်လည်း ပေးဆပ်ရတဲ့ တန်ဖိုးလည်း ရှိပါတယ်၊ တိကျတဲ့ အကြောင်းရင်းကတော့ ဒီနေ့အတွင်းမှာ သူက...”

“ဟုတ်တယ်၊ ဟုတ်တယ် အဲဒါပဲ”

ဖုန်းပုကြွယ်က ရီရူလီ၏ စကားကို ကျယ်လောင်စွာ ဖြတ်ပြောလိုက်ပြီး သူမကို မျက်စိမှိတ်ပြလိုက်သည်။ မှန်ပေသည် ယင်းက သရုပ်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကျန်လေးဦးမှာ ထိုအမူအရာကို မြင်လိုက်ရချိန်တွင် ထိုကိစ္စက အမှန်တရားဖြစ်ကြောင်း ချက်ချင်း ယုံကြည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းပုကြွယ်၏ ပုံစံအရ အကယ်၍ ရီရူလီသာ ဆက်ပြောမည်ဆိုလျှင် ဓားကျိုးလက်ဖက်ရည်ခန်းမ သိုင်းပညာ၏ အားနည်းချက်ကို ဖော်ထုတ်မိတော့မည့်ပုံ ပေါက်နေသောကြောင့် ဖြစ်သည်။

“အိုး ဟားဟား... ဒီနေ့ အဆင်မပြေဘူးဆိုလည်း နောက်တစ်ရက်အထိ စောင့်လို့ရပါတယ်”

လင်းချန်က ပြောသည်။

“စတုတ္ထညီမလေး၊ မင်းရော နောက်တစ်ရက်လောက် စောင့်ရတာ စိတ်မရှိဘူးမလား”

“မရှိပါဘူး”

စုထန်က ပြန်ဖြေပြီး ဖုန်းပုကြွယ်အား ဦးညွှတ်လိုက်သည်။

“စုထန်အနေနဲ့ သခင်လေးဖုန်းကို ကြိုပြီးကျေးဇူးတင်ပါတယ်ရှင်”

All Chapters