အခန်း ၄၅၅
Vol. 31 Ch. 455
အခန်း (၄၅၅) - ချောက်ကမ်းပါးတွင်ရှိနေသော ဂူ
"မင်း ဘယ်လိုထင်လဲ၊ ငါတို့ ဘယ်စွမ်းအားဖြည့်တင်းမှုကို ရွေးသင့်လဲ" ဟု ရွှီရှင်းက သူ၏ စွမ်းအားမှတ်တမ်းကို ကြည့်ရင်း ကျိချောင်းယန်ကို မေးမြန်းလိုက်၏။
"အကြားအာရုံ ဖြည့်တင်းမှုက အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ ငါခံစားရတယ်" ဟု ကျိချောင်းယန်ကလည်း အလေးအနက် စဉ်းစားကာ ပြန်ဖြေလိုက်သည်။
"ဒီတောင်က အရမ်းလျှို့ဝှက်ဆန်းပြားလွန်းတယ်၊ တောင်တက်နေတဲ့အချိန်မှာ အကြားအာရုံစွမ်းရည် ရှိနေရင် အနည်းဆုံးတော့ ငါတို့ပတ်ဝန်းကျင်က ထူးခြားမှုမှန်သမျှကို လျင်မြန်စွာ သိရှိနိုင်တာပေါ့"။
ရွှီရှင်း၏ အတွေးမှာလည်း သူနှင့် ထပ်တူပင် ဖြစ်ပေသည်။
"မင်း ခုန်ကူးနိုင်စွမ်း ရော ရဖူးလား"။
"အဲဒါက ဘာလဲ၊ တစ်ခါမှ မရဖူးဘူး" ဟု ကျိချောင်းယန်က ခေါင်းခါယမ်း၍ ဆို၏။
သူ၏ ခုန်ကူးနိုင်စွမ်းမှာ တကယ်တော့ အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။
အကယ်၍ သူသာ အမြင့်မှ ပြုတ်ကျခဲ့မည်ဆိုပါက ကြောင်တစ်ကောင်ကဲ့သို့ အလွယ်တကူ ဟန်ချက်ထိန်းနိုင်ပြီး အန္တရာယ်ကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်မည် မဟုတ်ပါလော။
သို့သော် စက္ကန့်အနည်းငယ် တွေဝေသွားပြီးနောက် နောက်ဆုံးတွင် သူသည် အကြားအာရုံ ဖြည့်တင်းမှုကိုသာ ရွေးချယ်လိုက်၏။
ခဲခဲလေး အနားမှာ မရှိတော့သဖြင့် သူ၏ ကိုယ်ပိုင် အာရုံခံစားမှုမှာ အထူးပင် အရေးကြီးလာသလို တောင်တက်နေစဉ်တွင် သူ၏ အကြည့်မှာ ကျောက်နံရံပေါ်တွင်သာ ရှိနေမည်ဖြစ်ရာ ထိုအချိန်တွင် အကြားအာရုံကသာ ပတ်ဝန်းကျင် အခြေအနေကို သိရှိနိုင်မည် ဖြစ်ပေသည်။
ပြုတ်ကျခဲ့လျှင်ပင် သူ့တွင် ချိတ်မြှားရှိနေသဖြင့် ပြဿနာ မရှိနိုင်ပါပေ။
အကြားအာရုံစွမ်းရည်ကို ရွေးချယ်လိုက်သည့် ခဏမှာပင် ပတ်ဝန်းကျင်မှ အသံများမှာ အလွန်ကြည်လင်ပြတ်သားလာခဲ့ချေပြီ။
ထို့နောက် ရွှီရှင်းသည် အသီးနီများ၊ ပန်းသီး၊ လိမ္မော်သီးနှင့် စတော်ဘယ်ရီ အစရှိသော သူ့ကို ခွန်အားတိုးစေသည့် အသီးအားလုံးကို စားသုံးကာ သူ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လိုက်ပေသည်။
ပြီးနောက် ကျိချောင်းယန်နှင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လက်မောင်းခွန်အားကို အသုံးပြု၍ မီတာငါးဆယ် အမှတ်အသားကို ကျော်ဖြတ်ကာ စတင်တက်လှမ်းကြတော့၏။
သူသည် ကျိချောင်းယန်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော်လည်း မီတာငါးဆယ်ကျော် တက်လိုက်သည့် ခဏမှာပင် သူ၏ မြင်ကွင်းမှာ ရုတ်တရက် ဝေဝါးသွားပြီး မျက်လုံးများ စပ်ဖျင်းလာသဖြင့် မျက်တောင် ခတ်လိုက်ရ၏။
မျက်တောင် တစ်ချက်ခတ်လိုက်သည့် အချိန်အတွင်းမှာပင် ကျိချောင်းယန်မှာ ပျောက်ကွယ်သွားခဲ့ပြီး သူတစ်ဦးတည်းသာ ကျန်ရှိတော့ပေသည်။
အကြားအာရုံစွမ်းရည်အရ တောအတွင်းမှ သစ်ရွက်လှုပ်သံများအပြင် ကျိချောင်းယန်၏ အသက်ရှူသံနှင့် နှလုံးခုန်သံတို့ကိုပါ ရွှီရှင်း ကြားနေခဲ့ရသော်လည်း မီတာငါးဆယ်ကို ကျော်လွန်သွားပြီးနောက်တွင်မူ ထိုအသံများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူသည် ကမ္ဘာပေါ်တွင် သူတစ်ယောက်တည်းသာ ရှိတော့သည့် ကမ္ဘာတစ်ခုထဲသို့ အမှန်တကယ် ဝင်ရောက်သွားသကဲ့သို့ပင် ဖြစ်ပေသည်။
မြူများ ဖုံးလွှမ်းနေသော ကောင်းကင်ယံမှာပင် အနည်းငယ် ပို၍ မှောင်မှိုက်သွားသယောင် ရှိနေပေသည်။
ကံကောင်းသည်မှာ ပတ်ဝန်းကျင်တွင် လေတိုက်သံပင် မရှိဘဲ အလွန်ပင် တိတ်ဆိတ်နေသဖြင့် ရွှီရှင်းမှာ အနည်းငယ် စိတ်အေးသွားရ၏။
သူသည် စိတ်ကို တည်ငြိမ်အောင် ထားပြီး အထက်သို့ ဆက်လက် တက်တော့သည်။
လက်မောင်းခွန်အား ဖြည့်တင်းမှုမှာ တောင်တက်ရန်အတွက် အမှန်တကယ်ပင် ကြီးမားသော အထောက်အကူ ဖြစ်ပေသည်။
သူ၏ လက်မောင်းများကို အားတစ်ချက် စိုက်လိုက်တိုင်း သူ၏ တစ်ကိုယ်လုံးမှာ အထက်သို့ နှစ်မီတာ သုံးမီတာခန့် မြင့်တက်သွားခဲ့၏။
ဧရာမ ကျောက်တိုင်ကြီး၏ ကျောက်နံရံမှာ ကြမ်းတမ်းပြီး မညီမညာ ဖြစ်နေသဖြင့် ခြေလှမ်းတိုင်းအတွက် သင့်တော်သော ဆုပ်ကိုင်ရာနေရာများကို သူ ရှာတွေ့နိုင်ပေသည်။
နှင်းများရှိနေပြီး ကျောက်ဆောင်များမှာ အနည်းငယ် ချောနေသော်လည်း သူ၏ သတိရှိမှုနှင့် သန်မာသော ခွန်အားကြောင့် အထက်သို့ တည်ငြိမ်စွာပင် တက်နိုင်ခဲ့၏။
ပတ်ဝန်းကျင်မှာ အလွန်အမင်း တိတ်ဆိတ်နေပြီး သူ၏ တောင်တက်သံမှအပ လေတိုက်သံပင် မရှိပါချေ။
မိနစ်အနည်းငယ်ကြာ တက်ပြီးနောက် ရွှီရှင်းသည် ခိုင်ခံ့သော ခြေကုပ်နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး ကျောက်နံရံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အမောဖြေရင်း အောက်သို့ ငုံ့ကြည့်လိုက်ပေသည်။
မြေပြင်မှာ အလွန်ပင် ဝေးကွာသွားခဲ့ပြီဖြစ်ရာ အကြမ်းဖျင်းအားဖြင့် မီတာနှစ်ရာခန့် ရှိနေချေပြီ။
သူသည် အပေါ်သို့ ပြန်လည်မော့ကြည့်လိုက်ရာ ဧရာမ ကျောက်တိုင်ကြီး၏ ထိပ်ဖျားမှာ တိမ်တိုက်များနှင့် မြူများကြားတွင် ပျောက်ကွယ်နေဆဲပင် ဖြစ်၏။
တောင်အောက်ခြေနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ခြားနားချက်တစ်ခုမှာ အပူချိန်မှာလည်း ကျဆင်းသွားခဲ့ခြင်းပင် ဖြစ်၏။
ယခုမှာ နံနက်ပိုင်းဖြစ်ပြီး နေ ထွက်ခါစသာ ရှိသေးသဖြင့် မြူများကြောင့် အပူချိန်မှာ သိပ်ပြီး မြင့်တက်မလာသေးပေ။
တောင်ခြေရင်းမှာပင် အပူချိန်မှာ အနုတ် ၂၀ ဒီဂရီ ခန့် ရှိနေပေသည်။
ရမှတ်ဆိုင်မှ ရောင်းချသော ဆီးနှင်းကာကွယ်ရေး ကိရိယာများမှာ အနုတ် ၁၅ ဒီဂရီ အထိသာ ခံနိုင်ရည် ရှိသဖြင့် သာမန်ရှင်ကျန်သူများအနေဖြင့် ဤအပူချိန်တွင် အပြင်ထွက်၍ မရနိုင်ချေ။
သို့သော် ရွှီရှင်း ခံစားရသည်မှာ ယခုအခါ အပူချိန်မှာ ပို၍ပင် နိမ့်ကျနေပြီး တောင်တက်နေစဉ်အတွင်း အပူချိန်ကျဆင်းမှုမှာ အလွန်ပင် မြန်ဆန်နေပေသည်။
ကမ္ဘာမြေပေါ်တွင် အမြင့် မီတာတစ်ရာ တက်တိုင်း အပူချိန်မှာ ၀.၆ ဒီဂရီ ခန့်သာ ကျဆင်းလေ့ ရှိသော်လည်း ယခု မီတာနှစ်ရာ အမြင့်တွင်မူ အပူချိန်မှာ ယခင်ကထက် တစ်ဒီဂရီ နှစ်ဒီဂရီထက်မက ပိုမိုကျဆင်းနေသည်မှာ အသေအချာပင် ဖြစ်၏။
ဆီးနှင်းမြေခွေးလည်စည်းကို ပတ်ထားသဖြင့် အအေးဒဏ်ကို တောင့်ခံနိုင်သော်လည်း အပူချိန် ခြားနားမှုကိုတော့ သူ ခံစားမိနေပေသည်။
လက်ရှိ အပူချိန်မှာ အနုတ် ၂၅ ဒီဂရီ ခန့် ရှိနေပုံရ၏။
အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ကျဆင်းရပါသနည်း။
ရွှီရှင်းသည် ကျောက်နံရံကို လက်တစ်ဖက်ဖြင့် တွဲခိုထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဆီးနှင်းမြေခွေးလည်စည်းကို အသေအချာ ပြန်လည် တင်းကျပ်လိုက်ပေသည်။
ဤပစ္စည်းမှာ လျော့ကျသွား၍ မဖြစ်ပါပေ အကယ်၍ ပြုတ်ကျသွားခဲ့လျှင် သူသည် တကယ်ပင် အေးခဲသေဆုံးသွားနိုင်ပေသည်။
ကျောပိုးအိတ်ထဲတွင်လည်း အပိုအချို့ ပြုလုပ်ထားခဲ့သင့်သည်ဟု သူ တွေးမိလိုက်၏။
သူသည် လည်စည်းအား လည်ပင်းတွင် မြဲမြံစွာ ပြန်လည် ချည်နှောင်လိုက်ပြီးနောက် အထက်သို့ ဆက်လက် တက်ပြန်သည်။
မီတာသုံးရာခန့် အမြင့်သို့ ရောက်သောအခါ ရွှီရှင်းသည် ကျောက်နံရံပေါ်တွင် ဂူငယ်လေးတစ်ခုကို ရှာတွေ့ခဲ့ပေသည်။
ဂူဟု ဆိုသော်လည်း တကယ်တော့ ထိုင်၍ အနားယူနိုင်ရုံသာ ရှိသော ကျင်းကြီးတစ်ခုမျှသာ ဖြစ်ပေသည်။
မီတာသုံးရာအထိ တက်လာခဲ့ရသဖြင့် သူ၏ လက်မောင်းကြွက်သားများမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ ခဏတာ အနားယူရန် လိုအပ်နေပေသည် မဟုတ်ပါက ဤမျှ အေးစက်လှသော အမြင့်တွင် ကြွက်တက်နိုင်သည့် အန္တရာယ် ရှိနေသောကြောင့် ဖြစ်၏။
ဂူအတွင်း ထိုင်ရင်း ရွှီရှင်းသည် သူ၏ လက်မောင်းများကို ပွတ်နေမိ၏။
ပတ်ဝန်းကျင်မှာ လေတိုက်သံပင် မရှိဘဲ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင် ဖြစ်၏။
လေထုထဲမှ မြူများမှာပင် လှုပ်ရှားမှု မရှိဘဲ အေးခဲနေသကဲ့သို့ ခံစားရပေသည်။
သူ၏ လက်ပတ်နာရီသာ အချိန်ကို ပြသနေခြင်း မရှိပါက ဤထူးဆန်းသော ဟင်းလင်းပြင်ကြီးအတွင်း အချိန်များ ရပ်တန့်နေသည်ဟုပင် သူ သံသယ ဝင်မိပေလိမ့်မည်။
အခန်း ၄၅၅ ပြီး။