Chapters

အခန်း ၄၅၇

Vol. 31 Ch. 457

အခန်း ၄၅၇

Vol. 31 Ch. 457

အခန်း (၄၅၇) - ရင်းနှီးနေသော သစ်သားတံခါးနှင့်ထူးဆန်းသော ဥ

ကျဉ်းမြောင်းလှသော ဂူကြီးအတွင်းမှ ပြင်းထန်သော အအေးဓာတ်များ အဆက်မပြတ် စိမ့်ထွက်နေပေသည်။

လက်ရှိရှိထားသော ကိရိယာတန်ဆာပလာများဖြင့်ဆိုလျှင် ဤဂူအတွင်းသို့ စိတ်ချလက်ချ စူးစမ်းရန်မှာ အတော်လေး ခက်ခဲနိုင်ပေသည်။

ဂူဝတွင် ရပ်နေရုံနှင့်ပင် ရွှီရှင်းမှာ တုန်ရင်နေရပြီဖြစ်ရာ အတွင်းပိုင်း အပူချိန်မှာ အနုတ် ၅၀ ဒီဂရီ အောက် သို့မဟုတ် ထိုထက်ပင် များစွာ နိမ့်ကျနေနိုင်ပေသည်။

သူသည် အချိန်ကို ကြည့်လိုက်ရာ တောင်တက်လာသည်မှာ နာရီဝက်ခန့်သာ ရှိသေးသဖြင့် တာဝန်ပြီးဆုံးရန် သတ်မှတ်ထားသော ၁၂ နာရီအတွင်း အချိန်များစွာ ကျန်ရှိနေသေး၏။

ထို့ပြင် သူသည် မီတာသုံးရာကျော် အမြင့်သို့လည်း ရောက်ရှိနေပြီ ဖြစ်ပေသည်။

လက်မောင်းခွန်အား ဖြည့်တင်းမှုကြောင့် သူ၏ တောင်တက်နှုန်းမှာ သာမန်ရှင်ကျန်သူများထက် များစွာ ပိုမိုမြန်ဆန်နေသဖြင့် ဤအချိန်ပိုအတွင်း တောင်တက်ခြင်းကို ခေတ္တရပ်နားကာ အနားယူရင်း စူးစမ်းရှာဖွေနိုင်ပေသည်။

"ကချပ်..."

အက်ကွဲသံဖျော့ဖျော့လေး တစ်ချက် ထပ်မံထွက်ပေါ်လာပြန်၏။

ဂူဝသို့ ရောက်နေပြီဖြစ်သဖြင့် ၎င်းအသံမှာ ကျောက်ဆောင်အက်ကွဲခြင်း သို့မဟုတ် ရေခဲများ ကွဲအက်သွားသည့် အသံနှင့် တူနေကြောင်း ရွှီရှင်း ရှင်းလင်းစွာ ကြားလိုက်ရပေသည်။

သူသည် ဂူအဆုံးရှိ လမ်းကွေ့ကို ကြည့်ကာ အတွင်းသို့ ဝင်ရောက်စူးစမ်းရန် ဆုံးဖြတ်လိုက်၏။

အတွင်းရှိ အန္တရာယ်ရှိသော အရာများအား သတိမပြုမိစေရန် စွမ်းအင်အနှစ်သာရ အပိုင်းအစကို မထုတ်ယူသေးဘဲ တိတ်ဆိတ်စွာပင် အတွင်းသို့ တိုးဝင်လိုက်ပေသည်။

သူသည် ခြေသံကို အတတ်နိုင်ဆုံး လျှော့ကာ ဂူလမ်းကွေ့သို့ ရောက်ရှိလာခဲ့၏။

ခဲခဲလေးသာ ပါလာပါက ဂူအတွင်း၌ အန္တရာယ် ရှိ၊ မရှိကို သူ ချက်ချင်း သိနိုင်မည်ဖြစ်ရာ ခဲခဲလေးကိုပင် သူ စတင်သတိရလာမိပေသည်။

ပတ်ဝန်းကျင် အပူချိန်မှာ အနုတ် ၅၀ ဒီဂရီ အောက်သို့ ကျဆင်းသွားသဖြင့် သူ၏ အဆုတ်နှင့် နှလုံးထဲအထိ စိမ့်ဝင်အေးစက်လာသည်ကို ခံစားနေရ၏။

သို့သော် သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သာမန်ထက် သာလွန်နေပြီဖြစ်သဖြင့် ဤအအေးဒဏ်ကို ခဏတာတော့ တောင့်ခံနိုင်ပေသည်။

သူသည် ကျောပိုးအိတ်ထဲမှ အပြာရောင်အဆင့် သံဓားကို ထုတ်ယူလိုက်၏။

ဤဂူမှာ ယခင် ဝင်္ကပါဂူထက် ပို၍ ကျယ်ဝန်းသဖြင့် သူသည် သဘာဝကျကျ လမ်းလျှောက်ဝင်နိုင်ပေသည်။

လမ်းကွေ့ကို ကျော်လွန်လိုက်သောအခါ တစ်မီတာပင် မပြည့်သည့် ဖြောင့်တန်းနေသော စင်္ကြံလမ်းလေးတစ်ခု ပေါ်လာ၏။

ထိုစင်္ကြံ၏ ကျောက်နံရံများမှာ စနစ်တကျ ရှိလှသဖြင့် လူလုပ်ထားသည့် စင်္ကြံနှင့်ပင် တူနေပေသည်။

ထူးဆန်းသော ရင်းနှီးမှုတစ်ခုကြောင့် ရွှီရှင်း၏ စိတ်ထဲတွင် အတွေးများ လှုပ်ရှားလာခဲ့၏။

"ကချပ်..." ဆိုသော အသံမှာ စင်္ကြံအဆုံးမှ ထွက်ပေါ်လာသဖြင့် သူသည် ခြေလှမ်းများကို အမြန်မြှင့်လိုက်ပေသည်။

စင်္ကြံအဆုံးသို့ ရောက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စူးရှလှသော အအေးဒဏ်ကိုပင် မေ့သွားရလောက်အောင် သူ အံ့အားသင့်သွားရ၏။

စင်္ကြံအဆုံးတွင် ဆွေးမြည့်နေသော သစ်သားတံခါးတစ်ချပ် ရှိနေ၏။

ထိုတံခါးမှာ စောင်းနေပြီး မျက်နှာပြင်မှာလည်း အက်ကွဲကာ ဆီးနှင်းများ ဖုံးလွှမ်းနေပေသည်။

အသာအယာ တွန်းလိုက်ရုံနှင့်ပင် ပြိုကျသွားနိုင်မည့် ပုံစံရှိနေသော ထိုတံခါးမှာ ချန်ရင်တို့ မိသားစု၏ မြေအောက်ထောင်အတွင်းရှိ အခန်းတံခါးများနှင့် ပုံစံတူတူပင် ဖြစ်နေပေသည်။

ဤကဲ့သို့ မြင့်မားလှသော တောင်ထိပ်ပေါ်တွင် ဤတံခါးမျိုး အဘယ်ကြောင့် ရှိနေရသနည်း။

သူသည် စင်္ကြံနံရံများကို ပြန်လည် လေ့လာကြည့်ရာ ၎င်းတို့မှာလည်း မြေအောက်ထောင်ရှိ နံရံများနှင့် တူတူပင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရပေသည်။

ဧရာမ တောင်ထိပ်ကြီးအတွင်း၌ မြေအောက်ထောင်တစ်ခု ရှိနေခြင်းလော။

"ကချပ်..." ဆိုသော အသံမှာ ထိုတံခါး၏ အတွင်းဘက် အခန်းထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

ဤမျှ အေးစက်ခြောက်သွေ့သော ပတ်ဝန်းကျင်တွင် သစ်သားတံခါးမှာ ဤကဲ့သို့ ဆွေးမြည့်နေရန် မဖြစ်နိုင်ပါချေ။

မူလက နွေးထွေးစိုစွတ်သော နေရာတွင် ရှိနေခဲ့ရာမှ ရုတ်တရက် အလွန်အမင်း အေးစက်သွားသဖြင့် အစိုဓာတ်များမှာ ရေခဲအဖြစ် ပြောင်းလဲကာ တံခါးကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေခြင်း ဖြစ်နိုင်ကြောင်း ရွှီရှင်း သုံးသပ်လိုက်မိ၏။

အခန်း ၄၅၇ ပြီး။