အခန်း ၄၅၉
Vol. 31 Ch. 459
အခန်း (၄၅၉) - အမေရိကန်လင်းယုန် နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီလား
ရွှီရှင်းသည် အမြန်မတ်တပ်ရပ်လိုက်ပြီး ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
ဂူဝအပြင်ဘက်တွင် ငြိမ်သက်နေသော မြူထုမှာ စတင်လှုပ်ရှားလာပြီး အတောင်ပံအကျယ် လေးမီတာထက်မကရှိသော ဧရာမလင်းယုန်သုံးကောင်သည် မြူများကြားတွင် အတောင်ပံခတ်နေကြပေသည်။
၎င်းတို့၏ ချွန်ထက်လှသော နှုတ်သီးကွေးများနှင့် ခြေသည်းများမှာ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေ၏။
၎င်းတို့၏ ကိုယ်ထည်များမှာ သွေးရောင် အမှတ်အသားများဖြင့် ဖုံးလွှမ်းနေပြီး အလွန်အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းပုံရပေသည်။
တောက်ပသော အဝါရောင်နှုတ်သီးနှင့် ခြေသည်းများမှာ အေးစက်လှသော အမြင့်ပိုင်းတွင် အလွန်ပင် ထင်ရှားနေ၏။
ထိုထဲတွင် လင်းယုန်တစ်ကောင်မှာ အထူးပင် ကြီးမားလှပေသည်။
၎င်း၏ အောက်သို့ကွေးနေသော အဝါရောင်နှုတ်သီးကို ဖွင့်ကာ ထူးဆန်းသော အော်ဟစ်သံတစ်ခုကို ထုတ်လွှင့်လိုက်ပြီး စူးရှလှသော မျက်လုံးများဖြင့် ရွှီရှင်းရပ်နေသော ဂူဝကို စိုက်ကြည့်နေပေသည်။
၎င်း၏ အလွန်ချွန်ထက်သော ခြေသည်းများကို ကုပ်လိုက်ရာ ကျောက်စအချို့မှာ ဧရာမခြေသည်းကြားမှ လွင့်စင်ကျသွားပြီး အတောင်ပံကြီးများကို ခတ်ကာ လေထဲတွင် ဝဲပျံနေ၏။
ဤလင်းယုန်မှာ ရွှီရှင်း၏ အနောက်ဘက်မှ ရုတ်တရက် တိုက်ခိုက်ခဲ့သော အကောင်ဖြစ်ပြီး ရွှီရှင်းက ရှောင်တိမ်းလိုက်သောအခါ ကျောက်နံရံကို တိုက်ရိုက်ကုတ်ခြစ်မိကာ ကျင်းတစ်ခု ဖြစ်သွားစေခဲ့ခြင်းပင် ဖြစ်ပေသည်။
"ဒါက..."
ရှေ့တွင်ရှိနေသော ဧရာမလင်းယုန်သုံးကောင်ကို ကြည့်ရင်း ရွှီရှင်းသည် ကြောက်ရွံ့ခြင်းထက် မှင်သက်သွားရပြီး သူ၏ မျက်လုံးများမှာ တောက်ပလာခဲ့၏။
ဤဧရာမလင်းယုန်များမှာ တစ်မျိုးတစ်ဖုံ ရင်းနှီးနေသကဲ့သို့ ခံစားရပေသည်။
၎င်းတို့၏ ကိုယ်ပေါ်က သွေးရောင် အမှတ်အသားများကို ခေတ္တဖယ်ထားလျှင် အဖြူရောင်ခေါင်း၊ အမည်းရောင်ကိုယ်ထည်နှင့် အဝါရောင်နှုတ်သီး၊ ခြေသည်းများရှိသော ဤငှက်မျိုးကို သူ ဤကမ္ဘာတွင် တစ်ကြိမ်တွေ့ဖူးခဲ့သည် မဟုတ်ပါလော။
ဒါက အမေရိကန်လင်းယုန် မဟုတ်ပါလား။
လင်းယုန် ရေ မင်းတို့ နောက်တစ်ခါ ပြန်ပေါ်လာပြန်ပြီလားဟ...။
မင်းတို့က ဒီလိုအေးစက်တဲ့နေရာမှာ ဘယ်လိုရှိနေနိုင်ပြီး ဒီလောက်အထိ ကြီးထွားလာရတာလဲ....။
အမေရိကန်လင်းယုန်များသည် များသောအားဖြင့် မြစ်ကမ်းပါး၊ ရေကန် သို့မဟုတ် ပင်လယ်ကမ်းစပ်များတွင် နေထိုင်လေ့ရှိပြီး ငါးများ၊ ရေငှက်များနှင့် နို့တိုက်သတ္တဝါငယ်များကို အမဲလိုက်လေ့ရှိသည်။
ရွှီရှင်း ဤငှက်မျိုးနှင့် နောက်ဆုံးတွေ့ခဲ့သည်မှာ ပထမအဆင့် အမဲလိုက်လှုပ်ရှားမှုအတွင်း ဖြစ်ပေသည်။
ထိုစဉ်က သူ၏ အလိုအလျောက်မြှားက အနိမ့်ပျံသန်းနေသော အမေရိကန်လင်းယုန်တစ်ကောင်ကို ပစ်ခတ်ခဲ့ပြီး သစ်ပင်ပင်စည်တွင် တစ်ခါတည်းတွဲကပ်သွားစေခဲ့၏။
ထိုလင်းယုန်ထံမှ သူသည် လင်းယုန်သား အနည်းငယ်နှင့် အတောင်ပံများစွာ ရရှိခဲ့ဖူးပေသည်။
ယခုကဲ့သို့ ငှက်တစ်ကောင်မျှ မရှိသော အလွန်အေးစက်လှသော အမြင့်ပိုင်းတွင် အမေရိကန်လင်းယုန်များကို တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပါပေ။
၎င်းမှာ ဗီဇပြောင်းလဲထားသော အမေရိကန်လင်းယုန်များ ဖြစ်နေ၏။
အမေရိကန်လင်းယုန်များသည် အပူဒဏ်ကိုဖြစ်စေ၊ အအေးဒဏ်ကိုဖြစ်စေ မကြောက်ကြဘဲ ကောင်းကင်ယံတွင် လျင်မြန်စွာ ပျံသန်းနိုင်ကြပေသည်။
၎င်းတို့၏ အတောင်ပံများမှာ အခေါင်းပွများဖြစ်သဖြင့် အအေးဒဏ်ကို ကာကွယ်ပေးနိုင်ပြီး၊ အမွေးတစ်ခုချင်းစီ၏ အောက်ခြေတွင် နူးညံ့သောအမွေးနုလေးများ ရှိနေသဖြင့် နွေးထွေးမှုကို ပိုမိုပေးစွမ်းနိုင်သည်။
ဤနေရာက အပူချိန်မှာ အလွန်ပင် နိမ့်ကျလွန်းလှသည် မဟုတ်ပါလော။
အနုတ် ၅၀ ဒီဂရီ မှာတောင် ပျံသန်းနိုင်နေဆဲ ပင်။
ဗီဇပြောင်းသတ္တဝါ ဖြစ်ရကျိုး တကယ်နပ်ပါပေသည်။
ဤလင်းယုန်သုံးကောင်ထဲတွင် အကြီးဆုံးတစ်ကောင်မှာ အလွန်ကြီးမားလှသော ခြေသည်းများ ရှိနေပြီး မာကျောသော ကျောက်ဆောင်များကိုပင် တိုက်ရိုက်ချေဖျက်နိုင်ပေသည်။
ဤသည်မှာ အဆင့်မြင့်အစိတ်အပိုင်းများ ကြီးထွားလာသော အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ၏ အမှတ်အသားပင် ဖြစ်ပေသည်။
ထိုအကောင်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါ ဖြစ်နေပြီဖြစ်ပြီး သာမန်အကောင်များထက် ပိုမိုသန်မာပုံရပေသည်။
ကံကောင်းထောက်မစွာဖြင့် ကျန်နှစ်ကောင်မှာ ကြီးမားသော်လည်း ထူးခြားသော ဗီဇပြောင်းလဲမှုများ မရှိသေးသဖြင့် အဆင့်နိမ့်ဗီဇပြောင်းသတ္တဝါ များသာ ဖြစ်ကြပေသည်။
ရွှီရှင်းသည် မြေပုံကို ကြည့်လိုက်၏။
ကံမကောင်းစွာဖြင့် မြေပုံပေါ်တွင် ဘာမှပေါ်မနေပါချေ။
အနီရောင်အစက်များ ရှိနေသော်လည်း ၎င်းတို့မှာ မြေပြင်ပေါ်က သတ္တဝါများကိုသာ ပြသနေခြင်း ဖြစ်ပေသည်။
သူ၏ ပတ်ဝန်းကျင်တွင်မူ ဘာမှမရှိပါပေ။
ဤမြေပုံမှာ မြေအောက်ကအရာများကို မပြနိုင်သလို၊ ဤမျှမြင့်မားသော နေရာကအရာများကိုလည်း မပြနိုင်သဖြင့် လုံးဝ အသုံးမဝင်ပါချေ။
ထိုစဉ် အကြီးဆုံး အလယ်အလတ်အဆင့် ဗီဇပြောင်းလင်းယုန်မှာ စူးရှသော အော်ဟစ်သံတစ်ခုနှင့်အတူ ရွှီရှင်းထံသို့ ပြေးဝင်လာခဲ့၏။
ရွှီရှင်းလည်း ဂူအတွင်းဘက်သို့ ချက်ချင်း ဆုတ်လိုက်၏။
လင်းယုန်မှာ အလွန်ကြီးမားလှသဖြင့် ဂူအတွင်းသို့ ဝင်၍ မရနိုင်ပါပေ။
ထို့ကြောင့် ဂူဝတွင်သာ ထူးဆန်းစွာ အော်ဟစ်လျက် ၎င်း၏ ချွန်ထက်သော ခြေသည်းများဖြင့် ဂူဝကို ကုတ်ခြစ်နေရပါတော့သည်။
"ကခြစ်"
ကျောက်စိုင်များ ကွဲအက်သံ ထွက်ပေါ်လာပြီး ၁၀ စင်တီမီတာကျော်ရှိသော ကျောက်တုံးတစ်တုံးမှာ ခြေသည်းတစ်ချက်ဖြင့်ပင် ပြုတ်ထွက်သွားကာ ကျောက်နံရံတစ်လျှောက် လိမ့်ကျသွားခဲ့ချေပြီ။
ရွှီရှင်းသည် ကျောက်တုံးများ ထိမိသံနှင့် လိမ့်ကျသံများကို နားထောင်ရင်း ဂူဝကို ပိတ်ဆို့ထားသော လင်းယုန်သုံးကောင်ကို စိုးရိမ်တကြီး ကြည့်နေမိပေသည်။
၎င်းတို့က ဘယ်က ရောက်လာကြတာလဲမသိချေ။
ဤဧရာမတောင်ထိပ်ကြီးက မြေအောက်ကနေ သယ်ဆောင်လာတာများလား...။
မြေအောက်မှာရော ပျံသန်းနိုင်တဲ့ ဗီဇပြောင်းသတ္တဝါတွေ ဘာလို့ ရှိနေရတာလဲ....။
နေပါဦး...။
ဤတောင်ထိပ်ကြီးမှာ မီတာတစ်ထောင်ကျော် မြင့်တက်လာခြင်း ဖြစ်ပေသည်။
မီတာတစ်ထောင်ကျော် အနက်မှာဆိုရင် မြေအောက်ကမ္ဘာကို ရောက်နေပြီ မဟုတ်ပါလား။
ဧရာမ သားရဲကြီးတွေရှိတဲ့ မြေအောက်ကမ္ဘာဟာ မြေအောက် မီတာတစ်ထောင်မှာ ရှိနေတာ ဖြစ်နိုင်ပေသည်။
ဧရာမ လင်းယုန်သုံးကောင်မှာ ရွှီရှင်းက နောက်ဆုတ်သွားသဖြင့် တိုက်ခိုက်၍ မရသောကြောင့် ဂူဝတွင်သာ စူးစူးဝါးဝါး အော်ဟစ်နေကြ၏။
၎င်းတို့၏ အော်ဟစ်သံမှာ စူးရှသော်လည်း ရွှီရှင်းမှာမူ ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။
၎င်းတို့၏ ခန့်ညားသော အသွင်အပြင်နှင့် မလိုက်ဖက်စွာပင် အမေရိကန်လင်းယုန်များ၏ အော်သံမှာ အလွန်ပင် အားနည်းလှပေသည်။
အသွင်အပြင်ကို မမြင်ဘဲ အသံကိုသာ ကြားရပါက ငှက်ကလေးများ အော်နေသည်ဟုပင် ထင်မှတ်ရပေလိမ့်မည်။
ရုပ်ရှင်များထဲတွင် ကြားရလေ့ရှိသော လင်းယုန်များ၏ ကောင်းကင်ယံအထိ ပဲ့တင်ထပ်စေသော အော်ဟစ်သံများမှာ ၎င်းတို့၏ အသံစစ်စစ်များ မဟုတ်ဘဲ လင်းယုန် နာမည်ကြီး အသံသရုပ်ဆောင်ဖြစ်သော အမြီးနီသိမ်းငှက် ၏ အသံများသာ ဖြစ်ကြပေသည်။
၎င်းတို့၏ အသံစစ်စစ်မှာ အသွင်အပြင်နှင့် မလိုက်ဖက်သဖြင့် ပုံရိပ်ကို ထိန်းသိမ်းရန် အသံသရုပ်ဆောင် ရှာထားရခြင်း ဖြစ်ပေသည်။
ထိုအချက်မှာ အမေရိကန်လင်းယုန်သည် ကုန်းပေါ်က သားရဲတွေထဲက မီမီ နှင့် အတော်ပင် ဆင်တူလှချေသည်။
တစ်ကောင်မှာ ကုန်းပေါ်က ငိုတတ်သည့် သားရဲဖြစ်ပြီး နောက်တစ်ကောင်မှာ ကောင်းကင်ယံက ငိုတတ်သည့် သားရဲ ဖြစ်နေပါတကား။
"ကခြစ် ကခြစ်"
ရွှီရှင်း ဂူထဲက ထွက်မလာသည်ကို မြင်သောအခါ လင်းယုန်များမှာ ဂူဝကို အလှည့်ကျ စတင်တိုက်ခိုက်ကြတော့၏။
၎င်းတို့၏ ချွန်ထက်သော ခြေသည်းများဖြင့် ဂူဝကို အကြိမ်ကြိမ် ရိုက်ခတ်ကာ ကျောက်နံရံများကို ကုပ်ဖျက်နေကြသဖြင့် ဂူဝမှာလည်း မူလ တစ်မီတာ အကျယ်မှနေ၍ တဖြည်းဖြည်း ကျယ်ပြန့်လာတော့၏။
အခန်း ၄၅၉ ပြီး။