← Chapters

အခန်း ၄၆၄

Vol. 31 Ch. 464

အခန်း ၄၆၄

Vol. 31 Ch. 464

အခန်း (၄၆၄) - ဝဲပျံနေသော လင်းတများနှင့် စောင့်မျှော်ခဲ့ရသော ရတနာသေတ္တာ (၂)

လက်ရှိအခြေအနေတွင် ပြန်လည်တိုက်ခိုက်၍ အောင်မြင်ရန်မှာ လုံးဝ မဖြစ်နိုင်ပါပေ။

ကောင်းကင်ထက်တွင်မူ ဤဧရာမငှက်ကြီးများကသာ စစ်မှန်သော အရှင်သခင်များ ဖြစ်ကြပြီး သူကတော့ အားနည်းလှသည့် ဖြတ်သွားဖြစ်လာသူတစ်ဦးမျှသာ ဖြစ်ပေသည်။

ဤလင်းတများ ပျံသန်းရသည်ကို ငြီးငွေ့၍ ၎င်းတို့၏ အသိုက်အမြုံဆီသို့ ပြန်သွားမည့်အချိန်ကို စောင့်ဆိုင်းရုံမှတစ်ပါး အထက်သို့ ဆက်လက်တက်ရန် အခြားနည်းလမ်း မရှိတော့ချေ။

သူ၏ နောက်ကျောဘက်ရှိ လင်းတများသည် ဧရာမ ကျောက်တိုင်ကြီးကို အထပ်ထပ်အခါခါ ပတ်၍ ဝဲပျံနေကြဆဲ ဖြစ်ပေသည်။

အခြားရွေးချယ်စရာ မရှိသဖြင့် စောင့်ဆိုင်းရုံသာ ရှိတော့ပေသည်။

သို့သော် သူ မည်မျှအထိ စောင့်ဆိုင်းရမည်နည်း။

ဤငှက်ကြီးများသည် ကြီးမားသောထုထည်ရှိလှသဖြင့် ခဏမျှ ပျံသန်းပြီးပါက မောပန်းသွားလိမ့်မည်ဟု ထင်ရသော်လည်း လင်းတများသည် ငှက်ငယ်လေးများကဲ့သို့ အတောင်ပံခတ်၍ ပျံသန်းကြခြင်း မဟုတ်ပါချေ။

၎င်းတို့သည် လေစီးကြောင်းကို အသုံးချကာ အတောင်ပံတစ်ချက်မျှ မခတ်ဘဲ ကောင်းကင်ယံတွင် ငါးနာရီထက်မက လွယ်ကူစွာ လေဟုန်စီးနိုင်ကြပေသည်။

သူ့အနေဖြင့် နာရီပေါင်းများစွာကြာအောင် မစောင့်ရပါစေနှင့်ဟုသာ မျှော်လင့်မိတော့၏။

ရွှီရှင်းသည် သူ၏ ရင်ဘတ်လှုပ်ရှားမှုကြောင့် ဤလင်းတများ၏ သတိပြုမိခြင်းကို ခံရမည် စိုးသဖြင့် အသက်ရှူသံကိုပင် အတတ်နိုင်ဆုံး လျှော့ချထားရပေသည်။

ဤသားရဲငှက်များကို အထင်သေး၍ မရပါချေ။

ကမ္ဘာမြေပေါ်ရှိ လင်းတတစ်အုပ်သည် သိုးတစ်ကောင်ကို တစ်မိနစ်မပြည့်မီအချိန်အတွင်း အရိုးပင်မကျန်အောင် ထိုးဆိတ်စားသောက်နိုင်ကြသဖြင့် ၎င်းတို့မှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ဖြစ်ကြပေသည်။

အကယ်၍ သူ ရှိနေသည်ကို သိရှိသွားပါက ၎င်းတို့အားလုံး စုပေါင်း၍ ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မည်ကို ရွှီရှင်း စိုးရိမ်နေမိ၏။

သူသည် ခရမ်းရောင်အဆင့် သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် အကိုက်ခံရရုံမျှဖြင့် သေဆုံးမည်မဟုတ်သော်လည်း ဤမျှမြင့်မားလှသော ကောင်းကင်တွင် ဤသားရဲငှက်အုပ်ကို ရင်ဆိုင်ရန် ချပ်ဝတ်တန်ဆာတစ်ခုတည်းဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပါပေ။

အလွန်ဆုံးရှိလှ သူ၏ အသက်ကို ခဏမျှသာ ဆွဲဆန့်ထားနိုင်ပေလိမ့်မည်။

ထို့ပြင် ချပ်ဝတ်မှာ သူ၏ မျက်နှာကို ဖုံးကွယ်ထားခြင်း မရှိသဖြင့် လင်းတများက သူ၏ မျက်နှာကို ဝိုင်းဝန်းထိုးဆိတ်ကြမည်မှာ အမှန်ပင် ဖြစ်ရာ အောက်ဘက်တွင် တွဲခိုနေရသော သူ၏ အခြေအနေအရ မျက်နှာကို ကာကွယ်ရန် မဖြစ်နိုင်ပါချေ။

ရွှီရှင်းသည် ကျောက်နံရံပေါ်တွင် မလှုပ်မယှက် ငြိမ်သက်စွာ တွဲခိုရင်း လင်းတများ၏ လှုပ်ရှားမှုကို သတိကြီးစွာဖြင့် စောင့်ကြည့်နေမိပေသည်။

အချိန်များမှာ မည်မျှအထိ ကုန်လွန်သွားသည်မသိရဘဲ အတော်လေး ကြာမြင့်သွားခဲ့ချေပြီ။

သူသည် သူ၏ နာရီကို ကြည့်ရန်ပင် ခေါင်းကို မလှည့်ဝံ့ပါပေ။

သူ သိလိုက်ရသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင်အဆင့် အသီးအနှံများ၏ စွမ်းအင်မြှင့်တင်မှုများမှာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပြီး နေလုံးမှာလည်း ခေါင်းတည့်တည့်သို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ယခုအခါ မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

သူ၏ လက်မောင်းများမှာ အလွန်ပင် ညောင်းညာကိုက်ခဲနေပြီး စောင်းထားရသော လည်ပင်းမှာလည်း နာကျင်လှပေသည်။

ကံကောင်းထောက်မစွာဖြင့် လက်မောင်းခွန်အား မြှင့်တင်မှုစွမ်းရည် ရှိနေခြင်းနှင့် ပတ်ဝန်းကျင်ရှိ အထက်သို့ ပင့်တင်ပေးသော လေစီးကြောင်းများကြောင့် အားစိုက်ထုတ်မှုကို အနည်းငယ် သက်သာစေသဖြင့် ယခုအချိန်အထိ တောင့်ခံထားနိုင်ခြင်း ဖြစ်ပေသည်။

အပေါ်ဘက်တွင် လင်းတများစွာ ရှိနေသဖြင့် သူ၏ နောက်ကျောဘက်မှနေ၍ အချိန်မရွေး ပျံသန်းသွားနိုင်သောကြောင့် အနည်းငယ်မျှ လှုပ်ရှားရန်ပင် အခွင့်အရေး မရှိဘဲ စက္ကန့်တိုင်းမှာ အန္တရာယ်များနှင့် ပြည့်နှက်နေပေသည်။

ဤကဲ့သို့သော အခြေအနေမှာ အနည်းဆုံး သုံးနာရီခန့် ကြာမြင့်ခဲ့ချေပြီ။

ရွှီရှင်းမှာမူ စိတ်တိုလွန်းသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။

ဒီစောက်လင်းတတွေက ပျံသန်းရတာ မငြီးငွေ့ကြဘူးလားဟ။

လင်းတများသည် နာရီပေါင်းများစွာ လေဟုန်စီးနိုင်သည်မှာ မှန်သော်လည်း ၎င်းတို့သည် အမဲလိုက်နေခြင်း သို့မဟုတ် ရွှေ့ပြောင်းနေခြင်း မဟုတ်ဘဲ ဤဧရာမ ကျောက်တိုင်ကြီးကိုသာ ဝဲပတ်နေကြခြင်း ဖြစ်ပေသည်။

ဘာတွေ လုပ်နေကြတာလဲဟ... သွားပြီး နားကြပါတော့လား။

ချောက်ကမ်းပါးတွင် နာရီပေါင်းများစွာ မလှုပ်မယှက် တွဲခိုနေရပြီး စိတ်အာရုံကို အမြဲတမ်း တင်းကျပ်ထားရသော အခြေအနေမှာ မည်သူ့ကိုမဆို ရူးသွပ်သွားစေနိုင်ပေသည်။

အကယ်၍ မြေပြင်ပေါ်မှာသာ ဆိုပါက ဤသာမန် လင်းတအုပ်ကို သူ လုံးဝ ကြောက်ရွံ့မည် မဟုတ်ပါချေ။

ဤလင်းတများသည် ဗီဇပြောင်းသတ္တဝါများကဲ့သို့ပင် အစွမ်းထက်လှပြီး သူ ယခင်က ကြုံတွေ့ခဲ့ရသော ဝက်ဝံညိုကြီးကဲ့သို့ ဗီဇမပြောင်းလဲသော်လည်း မွေးရာပါ အစွမ်းထက်လှသော ငှက်မျိုးနွယ်များ ဖြစ်ကြသဖြင့် ကြောက်ရွံ့ရမည်မှာ အမှန်ပင် ဖြစ်၏။

သို့သော် မြေပြင်ပေါ်မှာဆိုလျှင် အနည်းဆုံး ယခုကဲ့သို့ သနားစရာကောင်းသောအခြေအနေမျိုးသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

ထိုစဉ် ဧရာမ ကျောက်တိုင်ကြီး၏ အောက်ခြေမှနေ၍ ပြင်းထန်သော အထက်ပင့်လေစီးကြောင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာသဖြင့် ရွှီရှင်းသည် စိတ်ဓာတ်များ ပြန်လည် နိုးကြားလာခဲ့၏။

နောက်ဆုံးတော့ ပတ်ဝန်းကျင် အခြေအနေက ပြောင်းလဲသွားခဲ့ချေပြီ။

ဤပြင်းထန်လှသော အထက်ပင့်လေစီးကြောင်း၏ သက်ရောက်မှုကြောင့် ရွှီရှင်းကို ဝဲပတ်နေသော လင်းတများသည် လေဟုန်စီးခြင်းကို ရပ်တန့်ကာ လှုပ်ရှားမှုများ ပြုလုပ်လာကြပေသည်။

လင်းတတစ်ကောင်သည် လေစီးကြောင်းနှင့်အတူ အထက်သို့ မြင့်တက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ကို ပြင်းထန်သော လေစီးကြောင်းအတွင်း ချိန်ညှိလိုက်ရာ ကောင်းကင်ထက်သို့ ပင့်တင်ခြင်း ခံလိုက်ရ၏။

ထို့နောက် ကျန်ရှိသော လင်းတများကလည်း လေစီးကြောင်းကို အသုံးချကာ အထက်သို့ တစ်ကောင်ပြီးတစ်ကောင် လိုက်ပါသွားကြပြီး ရွှီရှင်း၏ မြင်ကွင်းအတွင်း၌ ၎င်းတို့သည် ထိုးထွက်နေသော ကျောက်နံရံကို ကျော်ဖြတ်၍ ဧရာမ ကျောက်တိုင်ကြီးအတွင်းသို့ ပျံသန်းဝင်ရောက်သွားကြပါတော့သည်။

ဘုရားသခင်ကို ကျေးဇူးတင်ရပေမည်။

လင်းတများ နောက်ဆုံးတော့ ပျံသန်းထွက်ခွာသွားကြပြီ ဖြစ်ပေသည်။

အကယ်၍ ဤနေရာတွင် နောက်ထပ် နာရီပေါင်းများစွာ ထပ်မံတွဲခိုနေရပါက သူသည် စိတ်မထိန်းနိုင်ဘဲ ဤအမွှေးမရှိသော ငှက်များနှင့် သူသေကိုယ်သေ တိုက်ခိုက်မိလိမ့်မည်ကို စိုးရိမ်နေမိခြင်း ဖြစ်၏။

စက္ကန့်အနည်းငယ် အကြာတွင်မူ ဧရာမ ကျောက်တိုင်ကြီးကို ဝဲပတ်နေသော လင်းတများ အားလုံး အတွင်းသို့ ပျံသန်းဝင်ရောက်သွားကြချေပြီ။

ရွှီရှင်းသည် သူ၏ ထူးကဲသောအကြားအာရုံကို အသုံးပြု၍ နားစွင့်လိုက်ရာ ၎င်းတို့သည် ဧရာမ ကျောက်တိုင်ကြီးအတွင်းသို့ ဝင်ရောက်သွားပြီးနောက် လုံးဝ တိတ်ဆိတ်သွားကြပြီး ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားသကဲ့သို့ မည်သည့်အသံမျှ မထွက်ပေါ်တော့သည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရပေသည်။

သုံးနာရီမျှ စောင့်ဆိုင်းခဲ့ပြီးပြီဖြစ်ရာ နောက်ထပ် မိနစ်အနည်းငယ်မျှ စောင့်ဆိုင်းရသည်မှာ ဘာမျှ မဟုတ်တော့ပါပေ။

ရွှီရှင်းသည် ငြိမ်သက်စွာဖြင့် ပတ်ဝန်းကျင်ကို ဆက်လက် နားစွင့်နေမိ၏။

ယခုအခါ သူ ကြားရသည်မှာ လေတိုက်သံမျှသာ ဖြစ်ပေသည်။

အမှန်တကယ်ပင် မည်သည့်အသံမျှ ကျန်ရှိမနေတော့ပါချေ။

လင်းတများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။

ယခုဆိုလျှင် မည်သည့်အန္တရာယ်မျှ ရှိတော့မည် မဟုတ်ပေ။

ရွှီရှင်းသည် သူ၏ တောင့်တင်းနေသော လည်ပင်းကို လှည့်လိုက်ပြီး ဘယ်လက်ဖြင့် ကျောက်နံရံကို ဆုပ်ကိုင်ကာ အလွန်ကိုက်ခဲနေသော ညာလက်ကို လှုပ်ရှားလိုက်၏။

ထို့နောက် ညာလက်ဖြင့် ပြန်လည်ဆုပ်ကိုင်ကာ ဘယ်လက်ကို သက်သာစေရန် ပြုလုပ်ရင်း သူ၏ လက်မောင်းများကို ခွန်အား ပြန်လည် ပြည့်ဝလာစေရန် တဖြည်းဖြည်း အနားပေးလိုက်ပေသည်။

ကျောက်နံရံကို ဆွဲကိုင်လျက် သုံးနာရီတိုင်တိုင် မလှုပ်မယှက် နေရသော အခြေအနေမှာ တကယ်ပင် တောင့်ခံရန် ခက်ခဲလှပေသည်။

သူသည် အထက်သို့ အတတ်နိုင်ဆုံး အမြန်ဆက်လက် တက်တော့၏။

ထိုလင်းတများ ဘယ်အချိန်တွင် ပြန်လည်ထွက်ပေါ်လာမည်ကို မသိနိုင်သဖြင့် မြန်မြန်တက်ရုံသာ ရှိတော့ပေသည်။

ထိုးထွက်နေသော ကျောက်နံရံနှင့် မီတာနှစ်ဆယ်ခန့် အကွာသို့ ရောက်သောအခါ သူသည် ဘယ်လက်ကို ဆန့်ထုတ်၍ သူ၏ အလိုအလျောက် ပြန်ရုပ်သိမ်းနိုင်သော ချိတ်မြှား ကို အသုံးပြုလိုက်၏။

ချိတ်မြှားမှာ လျင်မြန်စွာ လွင့်ပျံသွားပြီး ထိုးထွက်နေသော ကျောက်နံရံတွင် စိုက်သွားကာ အချွန်များဖြန့်ထွက်၍ မြဲမြံစွာ ချိတ်မိသွားခဲ့ချေပြီ။

ရွှီရှင်းသည် ကြိုးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျောက်နံရံပေါ်ရှိ ညာလက်ကို လွှတ်လိုက်သောအခါ ချိတ်မြှားက သူ့ကို အထက်သို့ ဆွဲတင်ပေးလိုက်ပေသည်။

ကျောက်နံရံနှင့် နီးကပ်လာသောအခါ သူသည် အစွန်းကို လှမ်းကိုင်ကာ လက်မောင်းနှစ်ဖက်လုံးကို အသုံးပြု၍ အပေါ်သို့ ဆွဲတင်လိုက်ပါတော့သည်။

ဟူး...

မာကျောသော မြေပြင်ပေါ်တွင် ပြန်လည်ရပ်နိုင်ခြင်းမှာ တကယ်ပင် စိတ်အေးချမ်းစရာ ကောင်းလှပေသည်။

သူသည် ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင် အမြင့် မီတာရှစ်ရာခန့်ရှိသော ကျောက်တိုင်ကြီး၏ အလယ်ဗဟိုတွင် သူ ရပ်နိုင်သော ဟင်းလင်းပြင်တစ်ခု ရှိနေ၏။

ဤနေရာမှာ အမြင့် လေးမီတာခန့် ရှိပြီး ဧရာမ တောင်ထိပ်ကြီးအတွင်းသို့ ဆယ်မီတာခန့် ချိုင့်ဝင်နေခြင်း ဖြစ်ပေသည်။

၎င်းမှာ တစ်စုံတစ်ယောက်က တောင်၏ အလယ်ဗဟိုတွင် မြောင်းတစ်ခု တူးဖော်ထားသကဲ့သို့ ဖြစ်နေပြီး တောင်ထိပ်တစ်ခုလုံးကို ဤနေရာတွင် အပိုင်းနှစ်ပိုင်းအဖြစ် ပိုင်းခြားထားသကဲ့သို့ ဖြစ်နေ၏။

ဧရာမ ကျောက်တိုင်ကြီး၏ အချင်းမှာ မီတာနှစ်ရာခန့် ရှိသဖြင့် ဤကဲ့သို့ ချိုင့်ဝင်နေခြင်းမှာ တောင်ထိပ်တစ်ခုလုံး၏ တည်ငြိမ်မှုကို ထိခိုက်စေခြင်း မရှိပါပေ။

စောစောက ပျံသန်းဝင်ရောက်သွားသော လင်းတများကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရပါပေ။

မြေပြင်ပေါ်တွင် စိမ်းလဲ့လဲ့ တောက်ပနေသော လင်းတအမွေးအချို့သာ ရှိမနေပါက ရွှီရှင်းအနေဖြင့် သူ့ကို နာရီပေါင်းများစွာကြာအောင် နှိပ်စက်ခဲ့သော လင်းတများမှာ သူ၏ စိတ်ကူးယဉ်မှုများသာ ဖြစ်သည်ဟု ထင်မှတ်မိပေလိမ့်မည်။

မီတာရှစ်ရာ အမြင့်တွင် ရပ်လျက် ရွှီရှင်းသည် အောက်ဘက်ရှိ မြေပြင်နှင့် သစ်တောကြီးကို လှမ်းကြည့်လိုက်၏။

ဤ တောကြီးအတွင်းတွင် သူ၏ သစ်ပင်အိမ်၏ စိမ်းလန်းသော အမိုးမှာ နှင်းများဖြင့် ဖုံးလွှမ်းလုနီးပါး ဖြစ်နေပြီး စိမ်းလန်းမှု အနည်းငယ်သာ မြင်တွေ့ရသဖြင့် သတိမထားမိနိုင်လောက်ပါပေ။

မြူထုများမှာလည်း အများစု ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ အပြာရောင်အဆင့် မျက်မှန်၏ ကူညီမှုဖြင့် အဝေးရှိ အခြားသော ကျောက်တိုင်တောင်ထိပ်များကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်ချေပြီ။

သူသည် အနည်းဆုံး ခရီးစဉ်၏ ထက်ဝက်ခန့်ကို တက်လှမ်းပြီးပြီ ဖြစ်ပေသည်။

တောင်ထိပ်သို့ ရောက်ရှိသွားပါက အဖြေများကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်၏။

အောက်ဘက်က မြင်ကွင်းကို ဂရုမစိုက်တော့ဘဲ ရွှီရှင်းသည် ဤချိုင့်ဝင်နေသော နေရာတစ်ဝိုက်ကို လှည့်ပတ်လမ်းလျှောက်ရင်း ပတ်ဝန်းကျင်၏ အသေးစိတ်အချက်အလက်များကို စတင်လေ့လာပါတော့သည်။

ထိုလင်းတများ ဘယ်လိုနည်းဖြင့် ပျောက်ကွယ်သွားကြတာလဲဆိုတာပင်။

နေရာကူးပြောင်းသွားတာလား။

ခရမ်းနက်ရောင် ဝဲကရက်ကြီးက ၎င်းတို့ကို ခေါ်ဆောင်သွားတာများလား။

သို့သော် ခရမ်းနက်ရောင် ဝဲကရက် ပေါ်လာချိန်နှင့် ပျောက်ကွယ်ချိန်များတွင် ဆူညံသံများ ထွက်ပေါ်တတ်သော်လည်း သူသည် ထိုကဲ့သို့သော ထူးဆန်းသည့် ပေါ်တယ် အသံကို မကြားခဲ့ရပါပေ။

ရွှီရှင်းမှာ နားမလည်နိုင်သဖြင့် ဧရာမ တောင်ထိပ်ကြီးကို ဆက်လက် လှည့်ပတ်ကြည့်ရှုနေမိ၏။

"ဟင်"

သူ၏ မြင်ကွင်းအတွင်း၌ အတွင်းဘက် ကျောက်နံရံနှင့် ကပ်လျက်တွင် ညိုမှောင်သော ကြေးဝါရောင် သတ္တုအလင်းရောင်တစ်ခုက ရွှီရှင်း၏ အာရုံကို ဆွဲဆောင်လိုက်ပေသည်။

သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် အမြန်လှမ်းလိုက်ရာ ထိုသတ္တုပစ္စည်း၏ ပုံစံအပြည့်အစုံကို မြင်တွေ့လိုက်ရ၏။

ရတနာသေတ္တာတစ်ခုလား...။

ကြေးဝါရတနာသေတ္တာ တစ်ခုပါပင်ဖြစ်ပေ၏။

ရတနာသေတ္တာတစ်လုံးကို မမြင်ရသည်မှာ မည်မျှပင် ကြာမြင့်ခဲ့ပြီနည်း။

နောက်ဆုံးတော့ ၎င်းမှာ ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပေသည်။

အခန်း ၄၆၄ ပြီး။

All Chapters