အခန်း ၈၅၄
Vol. 58 Ch. 854
အခန်း ၈၅၄ - ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ ဝင်ရောက်ခြင်း
လေနက်ချိုင့်ဝှမ်းအတွင်း၌ စမ်းသပ်မှု ပြီးဆုံးရန်အတွက် တစ်ရက်ပင် မပြည့်တော့သော အချိန်သာ ကျန်ရှိတော့သည်။
တပည့်အများစုမှာ ပဉ္စမအဆင့်ထက်၌ သူတို့၏ ခြေကုပ်ကို ရယူနိုင်ခဲ့ကြပြီ ဖြစ်သော်လည်း နည်းပါးလှသော တပည့်အချို့မှာမူ ပဉ္စမအဆင့်သို့ မနည်း တက်လှမ်းပြီးသည်နှင့် စတုတ္ထအဆင့်ဆီသို့ ချက်ချင်း ပြန်လည် ဆင်းသက်သွားခဲ့ကြသည်။ သို့သော်လည်း ဤအရာက သူတို့ စမ်းသပ်မှု အောင်မြင်ခဲ့သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
၎င်းမှာ စစ်မှန်သော အောင်မြင်မှုမျိုး မဟုတ်ဘဲ အနည်းငယ် ရှက်စနိုး ဖြစ်စရာကောင်းသည် ဆိုသော်လည်း စမ်းသပ်မှု၏ စည်းမျဉ်းစည်းကမ်းများ အတွင်း၌သာ ရှိနေခဲ့သည်။
ကန်းမန်သည် ထိုလူများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် ခေါင်းခါယမ်းလိုက်မိသည်။ ဤကဲ့သို့ မနည်း အောင်မြင်ရုံမျှသာ အဆင့်ရှိပြီး ရှေးဟောင်းဖေး အဆောက်အဦး တွင် ထူးခြားလှသော စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ကြသော ဤတပည့်များသည် လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးအတွင်းသို့ ရောက်ရှိသွားသည်နှင့် ချက်ချင်းပင် ဖယ်ရှားခြင်း ခံရဖို့ များလှသည်။
သူတို့သည် သာမန်တပည့်များ ကြားထဲတွင်တော့ အတော်ဆုံးလူများ ဖြစ်ကြသည်ဆိုသော်လည်း လော့မျိုးနွယ်စုဝင် ပါရမီရှင်များ အားလုံး စုစည်းမည့် လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးတွင်မူ သူတို့သည် သင့်တော်လှသော စင်မြင့်ထက်၌ပင် မရပ်တည်နိုင်ကြချေ။
လက်ရှိ ရှိနေကြသော တပည့်များထဲတွင် ကန်းမန်၏ မျက်လုံးထဲ၌ ထိုပါရမီရှင်များနှင့် ရင်ဘောင်တန်းနိုင်မည့် တစ်ဦးတည်းသောလူမှာ ယီယွင် ဖြစ်သည်။ လော့ထျန်ပင်လျှင် အနည်းငယ် လိုအပ်နေသေးသည်။
ဒါပေမဲ့လည်း ရွှီရွှေ ရန်မျိုးနွယ်စုက ဒီကိစ္စကို ဒီအတိုင်း မေ့ပစ်ကြမှာ မဟုတ်ဘူး။ သူ ဘယ်လိုမျိုး ပြန်လည် ကိုင်တွယ်မလဲဆိုတာကိုပဲ ကြည့်ရသေးတာပေါ့။ ကန်းမန်သည် သူ၏ စိတ်ထဲတွင် တွေးတောလိုက်မိသည်။
ဤအခိုက်အတန့်တွင် ယီယွင်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။
ထိုအသံမှာ မိုးကြိုးမုန်တိုင်းတစ်ခုကဲ့သို့ ကျယ်လောင်လှသဖြင့် လူတိုင်း၏ အကြည့်များမှာ ချက်ချင်းပင် ယီယွင်၏အပေါ်သို့ ကျရောက်သွားခဲ့ကြရသည်။
ယီယွင်၏ ရှေ့မှောက်တွင်တော့ ဝဲကရက်ကြီးတစ်ခုသည် လေဟာနယ်ထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သတ္တမအဆင့်ထက်တွင် ရှိနေသော သွေးနဂါးများ၏ သွေးစွမ်းအင် အနှစ်သာရများ အားလုံးမှာ ထိုဝဲကရက်ကြီးအတွင်းသို့ ဆွဲစုပ်ခြင်း ခံလိုက်ရတော့သည်။
ကျယ်လောင်လှသော အော်ဟစ်မြည်တမ်းသံများနှင့်အတူ ကိုးခေါင်းမြွေနဂါး နှင့် ရွှေရွှေကျီးကန်း ရှုထောင့် ပုံရိပ်ကြီးနှစ်ခုမှာ ယီယွင်၏ ကျောပြင်ထက်တွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
ပေတစ်ရာကျော်မျှ မြင့်မားလှသော ရှုထောင့်ပုံရိပ်ကြီးများသည် ရှေးဟောင်းဖေး သားရဲကြီးများအသွင် ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ မြွေနဂါးခေါင်း ကိုးခေါင်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော ပုံစံရှိနေခဲ့ပြီး ရွှေရွှေကျီးကန်း၏ မီးတောက်များမှာလည်း ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။
ထို့နောက်တွင်တော့ နဂါးဟိန်းသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပြီး ကောင်းကင်ဝါးမြိုနဂါး၏ ပုံရိပ်ယောင်မှာလည်း ထွက်ပေါ်လာခဲ့ပြန်သည်။
သွေးနဂါးများ၏ သွေးစွမ်းအင် အနှစ်သာရများသည် အဆက်မပြတ် ဝါးမြိုခြင်း ခံလိုက်ရသဖြင့် အဋ္ဌမအဆင့်ထက်တွင် ရှိနေကြသော ဝိညာဉ်နက် ပုံရိပ်များပင်လျှင် ယီယွင်နှင့် ဝေးရာသို့ ဆုတ်ခွာသွားခဲ့ကြရပြီ ဖြစ်သည်။
ယီယွင်၏ ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာဦးစွမ်းအင်များသည် အဆုံးမရှိသော လှိုင်းတံပိုးကြီးများကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်စွာ လည်ပတ်နေခဲ့သည်။
ဒိန်း
ချက်ချင်းပင်... ကမ္ဘာဦးအစ၌ ကောင်းကင်နှင့် မြေကြီး စတင် ပွင့်လင်းလာခဲ့သကဲ့သို့ပင် ယီယွင်၏ ရှေ့မှောက်၌ ဥပဒေသသစ်ပင် ကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
သစ်ပင်၏ အရွက်များမှာ ဥပဒေသ ရွတ်ဆိုသံများ ထွက်ပေါ်နေသကဲ့သို့ တုန်ရီနေခဲ့ကြသည်။ ထိုဥပဒေသသစ်ပင်ကြီးမှာ ပေအနည်းငယ်မျှ မြင့်မားနေခဲ့ပြီ ဖြစ်သည်။
"ယီယွင်က ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို ဖောက်ထွက်တော့မှာပဲ။"
လီယာက ပြောလိုက်သည်။
"သူက ယွမ်နယ်ပါယ်ဖွင့်အဆင့် အထွတ်အထိပ်ကို ရောက်နေတာကြာပြီ ဖြစ်လို့ အခုလိုမျိုး ဖောက်ထွက်နိုင်တာက သဘာဝကျပါတယ်" ဟု အခြားတပည့်တစ်ဦးက ပြောလိုက်သည်။
ယီယွင်သည် အစက ရှေးဟောင်းဖေး အရိုးကို ဝါးမြိုခဲ့သည် သာမက နောက်ပိုင်းတွင် ကြားခံဝိညာဉ် သွေးမြွေကိုပါ ထပ်မံ ဝါးမြိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့သော ရတနာများကို စားသုံးပြီးနောက် ဖောက်ထွက်နိုင်ခြင်းမှာ အံ့သြစရာ မရှိချေ။
ဤအခိုက်အတန့်တွင် လော့ထျန်သည် ယီယွင်ကို ကြည့်ရင်း သူ၏ စိတ်ထဲ၌ မသက်မသာ ဖြစ်မှုကို ခံစားလိုက်ရပြန်သည်။ လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုတွင် ရေပန်းစားမှု အားလုံးကို ယီယွင်ကသာ သိမ်းပိုက်သွားခဲ့သည်။ အကောင်းဆုံးအရာများကိုလည်း ယီယွင်ကသာ ရရှိသွားခဲ့ပြီ ဖြစ်ရာ သူ ဘယ်လိုလုပ်ပြီး စိတ်သက်သာရာ ရနိုင်ပါမည်နည်း။
အစကတော့ လော့ထျန်သည် ယီယွင်၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာ သူ့ထက် နိမ့်ကျသေးကြောင်း တွေးတောကာ သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့ခြင်း ဖြစ်သည်။ ယီယွင်က ယွမ်နယ်ပါယ်ဖွင့် အဆင့်မှာပဲ ရှိနေသေးသည် မဟုတ်လား။
သို့သော် အခုတော့ ယီယွင်က ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ ဖောက်ထွက်လိုက်ပြီ ဖြစ်ရာ လော့ထျန်သည် ယီယွင်နှင့် တူညီသော အဆင့်သို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။ လော့ထျန်က အဆင့်ငယ်တစ်ခုမျှ ပိုမို မြင့်မားသေးသည်ဆိုသော်လည်း ၎င်းမှာ ကြီးမားလှသော အားသာချက်တစ်ခု မဟုတ်တော့ချေ။
အကယ်၍ ထိုသို့ဆိုပါက သူ ယီယွင်ထက် ဆယ်စုနှစ်ချီပြီး ပိုမို ကျင့်ကြံခဲ့ရသော အချိန်များသည် အလကား ဖြစ်သွားခဲ့ရပြီလား။
"ယီယွင်ရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ"
လော့ထျန်က ရုတ်တရက် မေးမြန်းလိုက်သည်။
"သူ့ရဲ့ အရိုးသက်တမ်းအရ ဆိုရင်တော့ အသက်သုံးဆယ်ကျော်ပဲ ရှိဦးမယ်၊ သေချာပေါက် လေးဆယ် မပြည့်သေးဘူး။"
မီးလျှံတိမ်တိုက်ပြည်နယ် မှ တပည့်တစ်ဦးက ပြောလိုက်သည်။
ဤအရာက လော့ထျန်၏ မျက်မှောင်များကို ပိုမို တွန့်ချိုးသွားစေခဲ့သည်။ သူကိုယ်တိုင်ကတော့ အသက် လေးဆယ့်နှစ်နှစ် အရွယ်ကျမှသာ ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခု ယီယွင်ကတော့ အသက် သုံးဆယ်ကျော် အရွယ်မျှသာ ရှိသေးသည်။
"ငယ်လွန်းသေးတယ်"
လော့ထျန်က ခေါင်းခါယမ်းလိုက်သည်။
"လော့မျိုးနွယ်စုရဲ့ ပါရမီရှင်တွေတောင်မှ ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို ဖောက်ထွက်ဖို့အတွက် အသက် လေးဆယ်နီးပါးအထိ စောင့်ဆိုင်းလေ့ ရှိကြတယ်။
ယီယွင်က အောက်ပိုင်းနယ်ကနေ ကြီးပြင်းလာခဲ့တာ ဖြစ်လို့ သယံဇာတ သို့မဟုတ် အမွေအနှစ် အရပဲဖြစ်ဖြစ်... အောက်ပိုင်းနယ်ပယ်က ကောင်းကင်ဘုံ ၁၂ ဘုံကောင်းကင်ဘုံကို ယှဉ်နိုင်စရာ အကြောင်းမရှိဘူး။"
"ယီယွင်က ဖေးကောင်းကင်ဘုံကြီးဆီကို အခုမှ ရောက်ရှိလာတာ ဖြစ်လို့ သူက ဒီနေရာမှာ ရှိတဲ့ ကြွယ်ဝလှတဲ့ သယံဇာတတွေကို အသုံးပြုပြီး သူ့ရဲ့ အခြေခံအုတ်မြစ် ပိုမို ခိုင်မာလာအောင် နောက်ထပ် နှစ်အနည်းငယ်လောက် ပိုပြီး ကျင့်ကြံသင့်တာ။ ယီယွင်ရဲ့ ဥပဒေသ နားလည်နိုင်စွမ်းက အလွန်ပင် အထင်ကြီးစရာကောင်းလှပြီး သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ရှေးဟောင်းဖေး အရိုးကို ဝါးမြိုထားတာ ဖြစ်လို့ သူ့ကို အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက်လို့ ခေါ်နိုင်ပါတယ်။"
"ဒါပေမဲ့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်အတန်းနဲ့ အခြေခံအုတ်မြစ်ဆိုတာက အချိန်ကာလ တစ်ခု မရှိဘဲနဲ့တော့ စုဆောင်းလို့မရဘူး။
အကယ်၍ လော့မျိုးနွယ်စုရဲ့ ပါရမီရှင်တွေသာ ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို စောစောစီးစီး ဖောက်ထွက်ချင်တယ်ဆိုရင် သူတို့လည်း အသက် သုံးဆယ်မတိုင်ခင် ဖောက်ထွက်နိုင်ကြတာပဲ၊ ဒါပေမဲ့ သူတို့က သူတို့ရဲ့ အခြေခံအုတ်မြစ် အပြည့်အဝ ပြည့်စုံသွားစေဖို့အတွက် နောက်ထပ် ဆယ်စုနှစ်တစ်ခုကျော်လောက် အချိန်ဆွဲထားလေ့ ရှိကြတယ်။
သူတို့ ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို ဖောက်ထွက်လိုက်တာနဲ့ သူတို့ရဲ့ ဥပဒေသသစ်ပင်တွေက ပေကိုးရာကျော် အထိ မြင့်မားကြပြီး အချို့ဆိုရင် ကိုးရာကိုးဆယ်ကိုးပေအထိတောင် ရောက်ရှိကြတယ်"
သိုင်းပညာရှင်တစ်ဦး၏ ကျင့်ကြံခြင်းတွင် သူတို့သည် ယွမ်အုတ်မြစ်ချနယ်ပါယ်၌ ဥပဒေသမျိုးစေ့ ကို စိုက်ပျိုးရပြီး ထိုမျိုးစေ့မှနေ၍ နတ်ဘုရားသစ်ပင်ကြီးတစ်ပင်ကို ကြီးထွားလာစေကာ ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ သွားရာလမ်းကြောင်းကို တည်ဆောက်ရခြင်း ဖြစ်သည်။
ဥပဒေသသစ်ပင်ကြီး မည်မျှအထိ ပိုမို မြင့်မားလေလေ... သိုင်းပညာရှင်၏ အနာဂတ် လမ်းကြောင်းမှာ ပိုမို ဖြောင့်ဖြူးလေလေ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဖီးနစ်ပြည်နယ် ဘက်မှ တပည့်တစ်ဦးက စကားဖြတ်ပြောလိုက်သည်။
"စီနီယာအစ်ကို လော့ ပြောတာက မှန်ပါတယ်။ ဒါပေမဲ့ ယီယွင်က အခုအချိန်မှာ ဖောက်ထွက်ဖို့ ရွေးချယ်လိုက်တာက ရွှီရွှေ ရန်မျိုးနွယ်စုက သူ့အပေါ်ကို သယ်ဆောင်လာမယ့် ဖိအားတွေကြောင့် ဖြစ်လိမ့်မယ်။
ရွှီရွှေ ရန်မျိုးနွယ်စုက ယီယွင်ကို ဗြောင်ကျကျ လာရောက် မလုပ်ဆောင်ဝံ့ဘူးဆိုရင်တောင် စည်းမျဉ်းစည်းကမ်းတွေ အတွင်းကနေ သူတို့က သေချာပေါက် လက်စားချေကြမှာပဲ။
ဘယ်သူသိမလဲ... ယီယွင်ကလည်း ရန်ယွီလိုမျိုး အခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်ခြေ ရှိတာပဲလေ။
ယီယွင်က ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှပဲ အသက် သုံးဆယ်ကျော် အရွယ်နဲ့ ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို ဖောက်ထွက်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ရမယ်။"
ထိုဖီးနစ်ပြည်နယ် တပည့်က ဤသို့ ပြောလိုက်သောအခါ အခြားလူများအားလုံး တိတ်ဆိတ်သွားခဲ့ကြရသည်။ သူတို့သာ ယီယွင်၏ နေရာတွင်ဆိုပါက သူတို့လည်း ဤကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုလုပ်ကြလိမ့်မည် ဖြစ်သည်။ အဆုံးသတ်တွင်တော့... အားနည်းလှသော အခြေခံအုတ်မြစ်ကို နောက်ပိုင်းမှ တဖြည်းဖြည်း ပြန်လည် ဖြည့်တင်းရန် အခွင့်အရေးများ ရှိနေသေးသည် မဟုတ်လား။
အကယ်၍ မိမိ၏ ကိုယ်ပိုင်ခွန်အားကသာ အလွန်အမင်း အားနည်းနေပါက ရွှီရွှေ ရန်မျိုးနွယ်စုမှ တစ်ယောက်ယောက်ကြောင့် စမ်းသပ်မှုအတွင်း၌ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရနိုင်ပြီး အသက်ပင် ဆုံးရှုံးသွားနိုင်ခြေ ရှိသည်။
"မင်းပြောတာက မှန်ပါတယ်။ ယီယွင် လုပ်ဆောင်လိုက်တာက ပညာရှိတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။"
လော့ထျန်က ရှုပ်ထွေးလှသော စိတ်ခံစားချက်များနှင့်အတူ သက်ပြင်းချကာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ယီယွင်၏ ရှေ့မှောက်ရှိ ဥပဒေသသစ်ပင်ကြီးမှာ ပိုမို မြင့်မားလာခဲ့ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် ဥပဒေသသစ်ပင်ကြီးအတွက် အာဟာရများအဖြစ်သို့ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ ထိုဥပဒေသသစ်ပင်ကြီးမှာ ကောင်းကင်ယံထက်သို့ ထိုးဖောက်တော့မည့်အလား ပိုမို မြင့်မားလာခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်း ဆိုသည်မှာ ဥပဒေသမျိုးစေ့မှ ကြီးထွားလာသော သစ်ပင်ကြီးက ကောင်းကင်သို့ တက်လှမ်းရာ လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
ပေတစ်ရာ... ပေနှစ်ရာ... ပေငါးရာ... ပေရှစ်ရာ... ထိုမှတစ်ဆင့် ပေကိုးရာ အထိ တောက်လျှောက် မြင့်မားလာခဲ့ပြီ ဖြစ်သည်။
ဥပဒေသသစ်ပင်ကြီး ပိုမို မြင့်မားလာသည့် အကြိမ်တိုင်းတွင် ၎င်း၏ ပုံသဏ္ဍာန်မှာလည်း ပြောင်းလဲသွားခဲ့သည်။ ထိုဥပဒေသသစ်ပင်ကြီး မည်သည့် အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို တစ်ချက်ကြည့်ရုံမျှဖြင့် သိရှိနိုင်လှသည်။
အမှန်တကယ်တော့ ဤကဲ့သို့သော ပြောင်းလဲမှုမျိုး မရှိလျှင်ပင် သိုင်းပညာရှင်တစ်ဦး၏ အမြင်အာရုံဖြင့် ထိုဥပဒေသသစ်ပင်၏ အမြင့်ကို အလွယ်တကူ ခန့်မှန်းနိုင်လှသည်။
ယီယွင်၏ ဥပဒေသသစ်ပင်ကြီးက ပေကိုးရာအထိ ရောက်ရှိသွားသည်ကို မြင်ရသောအခါ လော့ထျန်၏ နှလုံးသားမှာ ကျုံ့ဝင်သွားခဲ့ရသည်။ ဒီလောက်အထိ မြင့်မားသွားပြီ ဟုတ်လား။ ဒါက မြန်ဆန်လွန်းလှတယ်။
ယီယွင်၏ ဥပဒေသသစ်ပင်ကြီးက အရှိန်အဟုန် မပျက်ဘဲ ဆက်လက် ကြီးထွားနေသည်ကို ကြည့်ရသည်မှာ ဤနှုန်းအတိုင်းဆိုပါက ကိုးရာ့ငါးဆယ်ပေ အထိ ရောက်ရှိရန်မှာ သေချာပေါက် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
"စီနီယာအစ်ကို လော့... မင်းတုန်းက ကောင်းကင်တက်လှမ်းခြင်း အဆင့်ကို ဖောက်ထွက်တဲ့ အချိန်မှာ မင်းရဲ့ ဥပဒေသသစ်ပင်က ဘယ်လောက်အထိ မြင့်ခဲ့လဲ"
လော့ထျန်၏ ဘေးနားရှိ တပည့်တစ်ဦးက မေးမြန်းလိုက်သည်။
လော့ထျန်၏ မျက်နှာထားမှာ အလွန်ပင် အကျည်းတန်နေခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က သူ၏ ဥပဒေသသစ်ပင်မှာ ကိုးရာ့ခုနစ်ဆယ်ပေ အထိ မြင့်မားခဲ့ခြင်း ဖြစ်သည်။
ထိုအမြင့်မှာ မဆိုးလှဟု သတ်မှတ်နိုင်သော်လည်း လော့မျိုးနွယ်စုအတွင်း၌ လော့ထျန်ထက် ပိုမို မြင့်မားသော ဥပဒေသသစ်ပင် ရှိခဲ့ကြသူများ ရှိနေသေးသည်။ ကိုးရာ့ရှစ်ဆယ်ပေ အထိ ရောက်ရှိခဲ့ကြသူများ အမြောက်အမြောက် ရှိနေခဲ့သည် သာမက ကိုးရာ့ကိုးဆယ်ကိုးပေအထိ ရောက်ရှိခဲ့ကြသူ အနည်းငယ်မျှပင် ရှိနေခဲ့သေးသည်။
လော့ထျန်အနေဖြင့် တော်ဝင်မြို့တော်တွင် ကြီးပြင်းလာခဲ့ကြသော ထိပ်သီး ပါရမီရှင်များနှင့် နှိုင်းယှဉ်လိုက်ပါက ကွာခြားချက်တစ်ခု ရှိနေသေးကြောင်းကိုလည်း သိရှိထားသည်။
သူသည် သူ၏ ကိုယ်ပိုင် ဥပဒေသသစ်ပင် ကိုးရာ့ခုနစ်ဆယ်ပေအထိ ရောက်ရှိခဲ့ခြင်းအပေါ် ဂုဏ်ယူနေခဲ့ခြင်း ဖြစ်သည်။ ဒါက ဂုဏ်ယူစရာကောင်းသော အရာတစ်ခု ဖြစ်သော်လည်း အခု ယီယွင်၏ ဥပဒေသသစ်ပင်က အရှိန်အဟုန် မပျက်ဘဲ ကိုးရာ့ငါးဆယ်ပေအထိ ရောက်ရှိနေပြီ ဖြစ်သည်ကို မြင်တွေ့နေရရုံမျှဖြင့်တင် သူ၏ ဥပဒေသသစ်ပင် ကိုးရာ့ခုနစ်ဆယ်ပေ ရှိခဲ့ကြောင်းကို သူ ဘယ်လိုလုပ်ပြီး ထုတ်ပြောဝံ့ပါတော့မည်နည်း။
သူသည် အသက် လေးဆယ့်နှစ်နှစ် အရွယ်ကျမှသာ ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်ရာ ယီယွင်ထက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် ပိုမို ကြီးရင့်လှသည်။
အကယ်၍ ယီယွင်က ဤအရာတွင်ပင် သူ့ကို ကျော်တက်သွားခဲ့မည်ဆိုပါက သူက ဘာဖြစ်သွားပါတော့မည်နည်း။ သူသည် ဥပဒေသ နားလည်နိုင်စွမ်းတွင်လည်း ယီယွင်ကို မမှီချေ၊ သွေးမျိုးဆက်တွင်လည်း ယီယွင်ကို မမှီချေ၊
အခုအချိန်တွင်တော့... သူ အသက် လေးဆယ့်နှစ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့ရသော အခြေခံအုတ်မြစ်မှာလည်း ယီယွင်၏ အသက် သုံးဆယ်ကျော် ကျင့်ကြံမှုအောက်သို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။
"ယီယွင်ရဲ့ ဥပဒေသသစ်ပင်က အခုဆိုရင် ကိုးရာ့ခုနစ်ဆယ်ပေအထိ ရောက်နေပြီ"
ထိုတပည့်က စကားပြောဆိုပြီးသွားခဲ့သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ယီယွင်၏ ဥပဒေသသစ်ပင်ကြီးက ပိုမို မြင့်မားလာခဲ့ပြန်သည်ကို သတိပြုလိုက်မိကြရသည်။
လော့ထျန်၏ နှလုံးသားမှာ ကျုံ့ဝင်သွားခဲ့ရပြီး သူ၏ မျက်နှာထားမှာလည်း အလွန်ပင် အကျည်းတန်သွားခဲ့ရပြီ ဖြစ်သည်။
"ဒါက... ဖြစ်နိုင်ပါ့မလား... "
"ခြိမ်း....."
ကိုးထပ်ကောင်းကင်ယံထက်မှနေ၍ မိုးကြိုးလျှပ်စီးတစ်ခုသည် ယီယွင်၏ ဥပဒေသသစ်ပင်ကြီးအပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာခဲ့တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ကျယ်လောင်လှသော အော်ဟစ်မြည်တမ်းသံများနှင့်အတူ ကိုးခေါင်းမြွေနဂါးနှင့် ရွှေရွှေကျီးကန်း ရှုထောင့်ပုံရိပ်ကြီးများသည် ဥပဒေသသစ်ပင်ကြီးကို လှည့်ပတ်ပျံသန်းလိုက်ကြပြီး သစ်ပင်၏ သရဖူအတွင်းသို့ ဝင်ရောက်သွားခဲ့ကြကာ တိမ်တိုက်များကြားထဲတွင် ပျံသန်းနေခဲ့ကြတော့သည်။
ကိုးရာ့ရှစ်ဆယ်ပေ
"ဟိန်းးးး"
နဂါးဟိန်းသံကြီးတစ်ခုသည် ယီယွင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြန်ပြီး ကောင်းကင်ဝါးမြိုနဂါးပျံ၏ ပုံရိပ်ယောင်မှာ ထွက်ပေါ်လာခဲ့ကာ ဥပဒေသသစ်ပင်ကြီးအတွင်းသို့ တည့်တည့်မတ်မတ် ပျံသန်းဝင်ရောက်သွားခဲ့တော့သည်။
ဂျောက် ဂျောက် ဂျောက် ကောင်းကင်နှင့် မြေကြီး ပျက်စီးတော့မည့်အလား မိုးကြိုးသံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
ဥပဒေသသစ်ပင်ကြီးမှာ နောက်ထပ် ဆယ်ပေခန့် ပိုမို မြင့်မားလာခဲ့ပြန်ပြီ ဖြစ်သည်။
ကိုးရာ့ကိုးဆယ်ကိုးပေ
ယီယွင်၏ ဥပဒေသသစ်ပင်ကြီးမှာ တစ်ရှိန်ထိုးပင် ကိုးရာ့ကိုးဆယ်ကိုးပေ အမြင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အဝေးမှ လှမ်းကြည့်လိုက်ပါက ၎င်းမှာ ကောင်းကင်ယံကြီးနှင့် ဆက်စပ်နေသကဲ့သို့ပင် ထင်မှတ်ရပေသည်။
ကိုးဆယ့်ကိုး ဆိုသည့် ဂဏန်းမှာ ဥပဒေသ၏ အမြင့်ဆုံး အထွတ်အထိပ် ဖြစ်သည်။ ကိုးရာ့ကိုးဆယ်ကိုးပေ အမြင့်သို့ ရောက်ရှိသွားခြင်းအားဖြင့် ထိုဥပဒေသသစ်ပင်ကြီးမှာ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ပြည့်စုံခြင်း အဆင့်ဆိုသည်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းလှသောအရာတော့ မဟုတ်ပေ။ လော့မျိုးနွယ်စု ပါရမီရှင်များ ကြားထဲတွင် အလွန်ပင် ရှားပါးလှသည်ဆိုသော်လည်း ဤကဲ့သို့သော လူမျိုးများ ရှိနေဆဲ ဖြစ်သည်။
ယီယွင်သည် သူ၏ ဥပဒေသသစ်ပင်ကြီးကို မော့ကြည့်လိုက်သည်။ သူ၏ ဥပဒေသသစ်ပင်ကြီးမှာ ကိုးရာ့ကိုးဆယ်ကိုးပေ အမြင့်၌ ရပ်တန့်သွားခဲ့ပြီး ပေတစ်ထောင်အထိတော့ ရောက်ရှိမသွားခဲ့ချေ။
သို့သော်လည်း... ယီယွင်၏ ဥပဒေသသစ်ပင်ကြီးမှာ အနည်းငယ် ကွဲပြားခြားနားနေခဲ့သည်။ ဥပဒေသသစ်ပင်ကြီး၏ အရွက်တိုင်းတွင် ထူးခြားလှသော အသွင်အပြင်များ ရှိနေခဲ့ပြီး ၎င်းမှာ ယီယွင် သန့်စင် ယန်ဓားနန်းတော် တွင် ရရှိခဲ့ဖူးသော ဥပဒေသသစ်ရွက်နှင့် ဆင်တူလှသည်။
ညင်သာလှသော လေပြေညင်းကလေးက တိုက်ခတ်လာသောအခါ သစ်ရွက်ကလေးများမှာ တဂျောက်ဂျောက်နှင့် မြည်ဟည်းနေခဲ့ကြသည်။ ထိုမြည်ဟည်းသံကလေးများထဲတွင် ထူးခြားလှသော သီချင်းသံစဉ်ကလေးတစ်ခု ပါဝင်နေသကဲ့သို့ ထင်မှတ်ရသဖြင့် အလွန်ပင် စိတ်ဝင်စားစရာကောင်းလှသည်။
သို့သော်လည်း ထိုသစ်ရွက်ကလေးများအတွင်း၌ ရှိနေသော လျှို့ဝှက်ချက်များကိုတော့ လော့ထျန်နှင့် အခြားလူများအနေဖြင့် မြင်တွေ့နိုင်စရာ အကြောင်းမရှိချေ။
အမှန်တကယ်တော့ ကိုးရာ့ကိုးဆယ်ကိုးပေအထိ မြင့်မားလှသော ဥပဒေသသစ်ပင်ကြီးအဆင့်သို့ ရောက်ရှိသွားခြင်းကိုတင် သူတို့အားလုံး လက်မခံနိုင်လောက်အောင် ဖြစ်နေခဲ့ကြရပြီ ဖြစ်သည်။
ကိုးရာ့ကိုးဆယ်ကိုးပေ... ပြည့်စုံခြင်း အဆင့်
လော့ထျန်သည် ယီယွင်၏ ဥပဒေသသစ်ပင်ကြီးကို ကြည့်ရင်း သူ၏ မျက်နှာကို လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ၏ ဦးနှောက်တစ်ခုလုံး ဝူးဝူးဝါးဝါး ဖြစ်သွားခဲ့ရသည်။
သူတို့သည် အစကတင် ယီယွင်အနေဖြင့် ရွှီရွှေ ရန်မျိုးနွယ်စု၏ ဖိအားများကြောင့် အလောတကြီး ဖောက်ထွက်လိုက်ရခြင်း ဖြစ်သည်ဟု တွေးတောခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့၏ စကားပင် မဆုံးသေးခင်မှာတင် ယီယွင်၏ ဥပဒေသသစ်ပင်ကြီးက ကိုးရာ့ကိုးဆယ်ကိုးပေ အမြင့်အထိ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။
ဒီလိုမျိုးကြီးတော့ လာမလုပ်ပါနဲ့ဦးလား။ ငါတို့ကိုလည်း အသက်ရှူပေါက်ကလေးတော့ ချန်ပေးပါဦးဦး။
စုပေါင်းစမ်းသပ်မှုတွင် ပထမနေရာကို ရရှိခဲ့ရုံတင်မကဘဲ အခွင့်အရေး အားလုံးကိုလည်း သိမ်းပိုက်သွားခဲ့သည်။ အခု ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ ဖောက်ထွက်လိုက်ပြန်တော့လည်း ကိုးရာ့ကိုးဆယ်ကိုးပေအထိ မြင့်မားလှသော ဥပဒေသသစ်ပင်ကြီးကို ရရှိသွားခဲ့ပြန်ပြီ ဖြစ်ရာ
လော့ထျန်သည် ရုတ်တရက် စိတ်ဓာတ်ကျသွားခဲ့ရပြီး စိတ်ပျက်မှုကို ခံစားလိုက်ရတော့သည်။
လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးအပေါ် မျှော်လင့်ချက်များမှာလည်း လျော့နည်းသွားခဲ့ရပြီ ဖြစ်သည်။
သူသည် ယီယွင်နှင့် သွားရောက် မပြိုင်ဆိုင်သင့်ကြောင်းကို နောက်ဆုံးတွင်တော့ သဘောပေါက်သွားခဲ့ရပြီ ဖြစ်သည်။
သူသည် ယီယွင်နှင့် တူညီသော အဆင့်အတန်းရှိ ပါရမီရှင်တစ်ယောက် မဟုတ်သဖြင့် ဤကဲ့သို့သော ကြီးမားလှသော ကွာခြားချက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ ဤစုပေါင်းစမ်းသပ်မှုအတွင်း၌ သူသည် ယီယွင်၏အောက်၌ နည်းမျိုးစုံဖြင့် နှိမ်ချခြင်း ခံလိုက်ရပြီး သူ၏ ခေါင်းကိုပင် မော့နိုင်စရာ အကြောင်းမရှိတော့ချေ။
"ကိုးရာ့ကိုးဆယ်ကိုးပေ ဥပဒေသသစ်ပင်... ယီယွင်... မင်းက တကယ်ကို တော်ပါတယ်၊ ဒါပေမဲ့ ဘဝင်မမြင့်သွားပါနဲ့ဦး။ ကိုးရာ့ကိုးဆယ်ကိုးပေ ရှိတဲ့ ဥပဒေသသစ်ပင်ကြီး ရှိနေရုံနဲ့တင် အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ သေချာပေါက် အာမခံချက် မရှိပါဘူး။"
ဤအခိုက်အတန့်တွင် ကန်းမန်၏ အသံမှာ ယီယွင်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြန်သည်။
ကိုးရာ့ကိုးဆယ်ကိုးပေ ဥပဒေသသစ်ပင်ကြီးဆိုသည်မှာ အခြေခံမျှသာ ဖြစ်ပြီး အစွမ်းထက်လှသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာရန်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေတစ်ခုမျှသာ ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့သော ဥပဒေသသစ်ပင်ကြီး ရှိခဲ့ကြသူများထဲတွင် အချို့မှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ သူတို့၏ အလားအလာများ အားလုံး ကုန်ခမ်းသွားခဲ့ကြဖူးသည့် သာဓကများ ရှိနေသေးသည်။
"ဟုတ်ကဲ့ပါ... စစ်မှန်လှတဲ့ လမ်းညွှန်မှုတွေအတွက် စီနီယာကန်းမန်ကို ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာ အနေနဲ့ သေသေချာချာ သိရှိထားပါတယ်။ ကျွန်တော့်ရဲ့ သိုင်းပညာလမ်းကြောင်းက အခုမှ စတင်ရုံပဲ ရှိပါသေးတယ်... "
ယီယွင်က ဤသို့ ပြောလိုက်သောအခါ သူ၏ ရှေ့မှောက်ရှိ ဥပဒေသသစ်ပင်ကြီးမှာ တဖြည်းဖြည်း ချုံ့ဝင်သွားခဲ့ပြီး သူ၏ နတ်အမြုတေ အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် ယီယွင်၏ မျက်လုံးများမှာ ပိုမို နက်ရှိုင်းသွားခဲ့ရပြီး သူ၏ မျက်လုံးအိမ် အောက်ခြေတွင်တော့ ဥပဒေသ သစ်ရွက်ကလေးများ၏ အသွင်အပြင်များ ဖြတ်သန်းသွားခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ယီယွင်သည် သူကိုယ်တိုင် ဥပဒေသ နှင့် ပိုမို နီးကပ်သွားခဲ့ပြီဟု ခံစားလိုက်ရသော်လည်း ထိုခံစားချက်မှာ အလွန်ပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရပြန်သည်။
မဟာဥပဒေသ ၏ အမှန်တရားဆိုသည်မှာ အလွယ်တကူ ထိတွေ့နိုင်သောအရာမျိုး မဟုတ်ချေ။