← Chapters

အခန်း ၈၅၅

Vol. 58 Ch. 855

အခန်း ၈၅၅

Vol. 58 Ch. 855

အခန်း ၈၅၅ - ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော မိသားစုဝင်များ

ဖေးကောင်းကင်ဘုံအတွင်း၌ လူတစ်ဦးသည် ကောင်းကင်တက်လှမ်းခြင်း အဆင့်သို့ ရောက်ရှိသွားပါက အပြင်လောကတွင် သွားရောက် စမ်းသပ်မှုများ ပြုလုပ်ရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သဖြင့် အရွယ်ရောက်သွားပြီဟု သတ်မှတ်နိုင်ပေသည်။

သို့သော်လည်း သန်းနှင့်ချီသော ကောင်းကင်တက်လှမ်းခြင်း အဆင့်ရှိ သိုင်းပညာရှင်များ ရှိနေကြသော်လည်း သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သူ အရေအတွက်မှာမူ လက်ချိုးရေတွက်၍ရလောက်အောင်ပင် နည်းပါးလှသည်။

ကျန်ရှိနေသော လူများမှာမူ ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းပေါ်တွင် သူတို့၏ အလားအလာများ ကုန်ခမ်းသွားခဲ့ကြရသည် သို့မဟုတ် အခြားလူများ၏ နင်းခြေခြင်းကို ခံလိုက်ရပြီး ကောင်းကင်တက်လှမ်းခြင်း မဟာဥပဒေသ ၏ အောက်ခြေရှိ အရိုးစုတောင်ပို့ကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရသည်။

ယီယွင်သည် မတ်တပ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာဦးစွမ်းအင်များမှာ ၁၀၀ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာခဲ့ကြောင်းကို ခံစားမိလိုက်သဖြင့် သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူ၏ ခြေထောက်များကို ခါးနှင့် တစ်တန်းတည်း ထားလိုက်ကာ ခါးမှတစ်ဆင့် ကျောပြင်အထိ ခွန်အားများကို စုစည်းလိုက်ပြီး ရုတ်တရက် ခုန်အုပ်လိုက်သော ကျားတစ်ကောင်အလား လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

လက်သီးက ပစ်မှတ်သို့ မရောက်ရှိမီမှာပင် လေကို ဖြတ်သန်းသွားသော လက်သီးလေပြင်းများက တောင်နံရံဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့ပြီ ဖြစ်သည်။

လေနက်ချိုင့်ဝှမ်း၏ တောင်နံရံများသည် နှစ်ပေါင်း ရာနှင့်ချီ၍ အနက်ရောင် မြူခိုးများ၏ တိုက်စားခြင်းကို ခံထားရခြင်း ဖြစ်သဖြင့် အလွန်ပင် ခိုင်မာလှပြီး စိန်ကဲ့သို့ မာကျောလှသည်။ သာမန် ဓားတစ်လက်ဖြင့် ခုတ်လိုက်ပါက အစအနပင် ကျန်ရစ်လိမ့်မည် မဟုတ်ပေ။

"ဒုန်း"

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဖိအားပေးထားသော ခွန်အားများ အားလုံးမှာ ထိုလက်သီးတစ်ချက်နှင့်အတူ အပြင်သို့ ပေါက်ကွဲထွက်သွားခဲ့ပြီး လေနက်ချိုင့်ဝှမ်း၏ တောင်နံရံအပေါ်သို့ ကျရောက်သွားခဲ့တော့သည်။

ကြီးမားလှသော ကျောက်တုံးကြီးများ ပေါက်ကွဲထွက်သွားခဲ့ရပြီး ကျောက်ခဲငယ်ကလေးများ လွင့်စင်သွားခဲ့ကာ ယီယွင်၏ လက်သီးတစ်ခုလုံးမှာ တောင်နံရံအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့ရပြီ ဖြစ်သည်။

ဒါတင်မကသေးဘဲ မာကျောလှသော တောင်နံရံထက်တွင် ယီယွင်၏ လက်သီးကို ဗဟိုပြု၍ ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများစွာ ဖြာထွက်သွားခဲ့ရသည်။

သူ၏ လက်သီးခွန်အားမှာ တောင်တစ်လုံးကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။ ဤအရာက ထျန်းယွမ်ကမ္ဘာ တွင်ဆိုပါက ထူးခြားလှသောအရာ မဟုတ်သော်လည်း ဤနေရာမှာ ဖေးကောင်းကင်ဘုံကြီး၏ လေနက်ချိုင့်ဝှမ်း ဖြစ်သည်။

လေနက်ချိုင့်ဝှမ်းအတွင်းရှိ ကျောက်တုံးများသည် အချိန်အတော်ကြာအောင် အနက်ရောင် မြူခိုးများ၏ သန့်စင်ခြင်းကို ခံထားရခြင်း ဖြစ်သဖြင့် အလွန်ပင် ခံနိုင်ရည် ရှိလှသည်။ လက်သီးတစ်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည်ဆိုလျှင်ပင် ထိုကျောက်တုံးများမှာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာဦးမည် ဖြစ်သည်။

ထိုသို့ဆိုသော်လည်း ယီယွင်သည် သူ၏ လက်သီးခွန်အားအပေါ် အလွန်ပင် စိတ်ကျေနပ်မှု ရှိနေခဲ့သည်။

ဤအခိုက်အတန့်တွင် ကန်းမန်သည် အချိန်ကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

"ကဲ... နီလာလှိုင်းတောင်က စုပေါင်းစမ်းသပ်မှုက ပြီးဆုံးတော့မှာ ဖြစ်လို့ ငါတို့လည်း ရပ်တန့်ဖို့ အချိန်တန်ပြီ။"

လေနက်ချိုင့်ဝှမ်း စမ်းသပ်မှုတွင် လူအများစုမှာ ပဉ္စမအဆင့်သို့ ရောက်ရှိနိုင်ခဲ့ကြသည်။

ကျရှုံးမည့်လူဟု အားလုံးက ထင်မှတ်ထားခဲ့ကြသော ယီယွင်မှာမူ အကြီးမားဆုံးသော အောင်နိုင်သူ ဖြစ်လာခဲ့သည်။

မျှော်လင့်ချက် ကြီးမားလှသော ရန်ယွီမှာမူ ဒုက္ခိတတစ်ယောက်အဖြစ်ဖြင့်သာ လမ်းခွဲသွားခဲ့ရသည်။ ဒါက တကယ်ကို သနားစရာကောင်းလှသော အခြေအနေတစ်ခု ဖြစ်သည်။

ဝိညာဉ်သင်္ဘောကြီးနှစ်စင်းသည် တပည့်များကို လာရောက် ခေါ်ဆောင်ရန်အတွက် ဆင်းသက်လာခဲ့ကြသည်။

"နီလာလှိုင်းတောင် တောင်တန်းက စမ်းသပ်မှုတွေ ပြီးဆုံးသွားခဲ့ပါပြီ။ အဲဒါကြောင့် မင်းတို့အားလုံးက လော့မျိုးနွယ်စုရဲ့ တော်ဝင်မြို့တော်ဆီကို တိုက်ရိုက် သွားရောက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးကို ကျင်းပသွားမှာပါ။

မင်းတို့အားလုံး ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။" ကန်းမန်သည် ထိုတပည့်များကို လှမ်းကြည့်လိုက်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

လော့နတ်ဘုရားခန်းမ

ထိုစမ်းသပ်မှုအကြောင်းကို ကြားလိုက်ရသောအခါ တပည့်များအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြရသည်။ ၎င်းမှာ အနှစ်ခြောက်ဆယ်လျှင် တစ်ကြိမ်သာ ကျင်းပလေ့ ရှိသဖြင့် မိသားစုနှင့် မိမိတို့၏ ပြည်နယ်များအတွက် ဂုဏ်ယူစရာ ဖြစ်စေရုံတင်မကဘဲ အခွင့်အရေးများစွာကိုလည်း သယ်ဆောင်လာပေးလေ့ ရှိသည်။

သူတို့သည် အောင်မြင်မှုများ ရရှိနိုင်လိမ့်မည် မဟုတ်ကြောင်း သိရှိထားကြသည်ဆိုလျှင်ပင် အားလုံးက သွားရောက်၍ စမ်းသပ်ကြည့်ချင်နေကြဆဲ ဖြစ်သည်။

"ဂျူနီယာမောင်လေး ယီယွင်... တော်ဝင်မြို့တော်ဆီကို သွားတဲ့ခရီးမှာ မင်းရဲ့ စံအိမ်ထဲမှာပဲ နေပါ၊ အပြင်ကို လျှောက်မသွားပါနဲ့။ အထဲမှာပဲ အေးအေးချမ်းချမ်း ကျင့်ကြံနေလိုက်ပါ။"

လော့ဖုန်းလင်သည် ရုတ်တရက် လျှောက်လှမ်းလာခဲ့ပြီး သူ့ကို ပြောလိုက်သည်။

ယီယွင်သည် လော့ဖုန်းလင်အနေဖြင့် ရွှီရွှေရန်မျိုးနွယ်စုကို စိုးရိမ်နေခြင်း ဖြစ်ကြောင်း သိရှိထားသဖြင့် ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့မမ"

"အင်းပါ... "

လော့ဖုန်းလင်သည် ယီယွင်အနေဖြင့် သူမ၏ စကားကို တကယ် နားထောင်ခြင်း ရှိ၊ မရှိ မသိချေ။ သူသည် အောက်ပိုင်းနယ်ပယ်က လာခဲ့သူ ဖြစ်သဖြင့် နောက်ခံ အင်အား မရှိချေ။

ရွှီရွှေ ရန်မျိုးနွယ်စုကဲ့သို့သော အင်အားကြီးမားလှသည့် ဘီလူးကြီးတစ်ကောင်နှင့် ရင်ဆိုင်ရခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည် မဟုတ်လား...

ဝိညာဉ်သင်္ဘောကြီးများသည် တစ်ရက်ခန့် ကွာခြားပြီးနောက် သီးခြားစီ ထွက်ခွာသွားခဲ့ကြပြီး ဖီးနစ်ပြည်နယ်နှင့် မီးလျှံတိမ်တိုက်ပြည်နယ်တို့မှ တပည့်များကို တင်ဆောင်ကာ လော့မျိုးနွယ်စု၏ တော်ဝင်မြို့တော်ဆီသို့ ဦးတည် ပျံသန်းသွားခဲ့ကြတော့သည်။

အဆုံးမရှိလှသော ကြယ်တာရာ စကြာဝဠာကြီးအတွင်း၌ ကြီးမားလှသော ကုန်းမြေတိုက်ကြီးတစ်ခုကို မြောက်မြားစွာသော အလင်းတန်းများက ဖုံးလွှမ်းထားခဲ့သည်။

ကြီးမားလှသော ဝိညာဉ်သင်္ဘောကြီးများသည် ထိုအလင်းတန်းများကို ဖြတ်သန်းသွားလာနေကြပြီး ထိုဝိညာဉ်သင်္ဘောကြီးများထဲမှ အသေးဆုံးအစင်းပင်လျှင် တောင်တစ်လုံးခန့် ကြီးမားလှကာ ၎င်း၏အပေါ်တွင် မြောက်မြားစွာသော အဆောက်အဦးများ ရှိနေခဲ့သည်။

ထို့အပြင် ဖြည်းညှင်းစွာ ပျံသန်းနေကြသော ကြီးမားလှသော ဖေးသားရဲကြီးများလည်း ရှိနေခဲ့ကြသေးသည်။

ထိုကုန်းမြေတိုက်ကြီးပေါ်တွင် မြေမျက်နှာသွင်ပြင်မှာ အလွန်ပင် မတ်စောက်လှပြီး မြေပြင်ပေါ်မှနေ၍ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော နတ်မိမယ်တောင်တန်းကြီးများ ထွက်ပေါ်နေခဲ့သည်။

၎င်းတို့မှာ ကောင်းကင်ယံထက်သို့ ထိုးထွက်နေသော စူးရှလှသော ဓားကြီးများနှင့် ဆင်တူလှသည်။ ထိုနတ်မိမယ်တောင်တန်းကြီးများ၏ အထက်တွင် တိမ်တိုက်များက လှည့်ပတ်နေခဲ့ကြပြီး ခမ်းနားထည်ဝါလှသော နန်းတော်ကြီးများလည်း ရှိနေခဲ့ကြသည်။

ဤကုန်းမြေတိုက်ကြီးမှာ လော့မျိုးနွယ်စု၏ တော်ဝင်မြို့တော် တည်ရှိရာနေရာ ဖြစ်သည်။ ဒါတင်မကသေးဘဲ ၎င်းမှာ လော့မျိုးနွယ်စုတစ်ခုလုံးတွင် အကြီးမားဆုံးသော ကုန်းမြေတိုက်ကြီးလည်း ဖြစ်သည်။

နှစ်ပေါင်း သန်းတစ်ရာကျော်တိုင်အောင် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသော လော့မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင်များသည် ဤကုန်းမြေတိုက်ကြီးပေါ်တွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အချို့ခန့်က ရန်သူများက ဤကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တော်ဝင်မြို့တော်အထိ ကျူးကျော် ဝင်ရောက်လာခဲ့ကြသဖြင့် ကြီးမားလှသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ သူတို့သည် တော်ဝင်မြို့တော်ကိုပင် သိမ်းပိုက်နိုင်လုနီးပါး ဖြစ်ခဲ့ဖူးသည်။ ထိုအရာကြောင့် လော့မျိုးနွယ်စု၏ တော်ဝင်အမွေခံများကိုပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရဖူးသည်။

သို့သော်လည်း အခုတော့ စစ်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် စစ်ပွဲ၏ အရိပ်အယောင်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် အတောင်ပံ အလျား ဆယ်မီတာကျော်မျှ ရှိသော ကြီးမားလှသော သားရဲငှက်ကြီးတစ်ကောင်သည် အဝေးမှနေ၍ ရုတ်တရက် အော်ဟစ်လိုက်သည်။

၎င်းသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နီရဲလှသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ တိမ်တိုက်များကြားထဲသို့ တိုးဝင်သွားခဲ့ပြီး အမြင့်မားဆုံးသော နတ်မိမယ်တောင်တန်းကြီးဆီသို့ ပျံသန်းသွားခဲ့တော့သည်။

"ဒါက လော့မျိုးနွယ်စု တော်ဝင်မိသားစုရဲ့ နတ်ဘုရားငန်း ပဲ။"

ဝိညာဉ်သင်္ဘောပေါ်မှ တစ်ယောက်က ပြောလိုက်သည်။

နတ်ဘုရားငန်း ဆိုသည်မှာ တိုက်ခိုက်ရေးစွမ်းရည် လုံးဝ မရှိသလောက် နည်းပါးလှသော်လည်း ၎င်းမှာ ဖေးကောင်းကင်ဘုံအတွင်း၌ အမြန်ဆုံးသော သားရဲငှက်တစ်ကောင် ဖြစ်သည်။ ၎င်းကို လော့မျိုးနွယ်စု တော်ဝင်မိသားစုကြားထဲတွင် သတင်းစကားများ ပေးပို့ရန်အတွက် အသုံးပြုလေ့ ရှိကြသည်။

နတ်ဘုရားငန်းသည် နတ်မိမယ်တောင်တန်းကြီးတစ်ခုပေါ်သို့ ဆင်းသက်သွားသည်ကို မြင်ရသော်လည်း အခြားပြည်နယ်များဆီမှ မည်သို့သော အရေးကြီး သတင်းစကားများကို သယ်ဆောင်လာခဲ့ကြောင်းကိုမူ မည်သူမျှ မသိရှိနိုင်ကြချေ။

"ရှူးးး"

နတ်ဘုရားငန်းသည် နတ်မိမယ်တောင်တန်းကြီးဆီသို့ ပျံသန်းသွားခဲ့ပြီး တောင်ခါးပန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့ကာ ထိုနေရာတွင်တော့ ကြီးမားလှသော နန်းတော်ကြီးတစ်ခု ရှိနေခဲ့သည်။

သမီးတော် ခရမ်းပြာဝိညာဉ်၏ စံအိမ်ကြီး ဖြစ်သည်။

ဤစံအိမ်ကြီးမှာ လော့မျိုးနွယ်စု၏ တော်ဝင်မြို့တော်အတွင်း၌ ဧကရာဇ်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့၏ တော်ဝင်နန်းတော်ကြီးများပြီးလျှင် ဒုတိယအလိုက်ဆုံး စံအိမ်ကြီး ဖြစ်သည်။ ၎င်းမှာ မြောက်မြားစွာသော မင်းသားများ၏ စံအိမ်များထက်ပင် သာလွန်လှသည်။

၎င်းမှာ ကောင်းကင်နီမင်းသား ၏ စံအိမ်နှင့် တစ်တန်းတည်း တည်ရှိနေခြင်း ဖြစ်သဖြင့် ၎င်း၏ အရေးပါမှုကို သိသာထင်ရှားစေသည်။

လော့မျိုးနွယ်စု တော်ဝင်မြို့တော်အတွင်းရှိ ပြည်သူများအတွက်တော့ ဤလူနှစ်ယောက်မှာ အလွန်ပင် အရေးပါလှသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ယောက်သည် သေချာပေါက် နန်းတင်ခြင်း ခံရမှာဖြစ်ပြီး နတ်ဘုရားနန်းတော်ကြီးအတွင်းသို့ တက်လှမ်းနိုင်ကြမည့်သူများ ဖြစ်ကြသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် လော့မျိုးနွယ်စု၏ ထီးနန်းကို ဆက်ခံရန် အလားအလာ အရှိဆုံးသော အမွေခံ တစ်ယောက်ဖြစ်ပြီး မြောက်မြားစွာသော လော့မျိုးနွယ်စုဝင် ပြည်သူများအနေဖြင့် လေးစားစွာဖြင့်ပင် မော့မကြည့်ဝံ့ကြသော ကောင်းကင်ဘုံ၏ ဂုဏ်ယူစရာ သမီးတော်ကလေး ဖြစ်သည့် သမီးတော် ခရမ်းပြာဝိညာဉ်မှာမူ သူမ၏ အိပ်ဆောင်အတွင်း၌ ခြေဗလာဖြင့် အလုပ်ရှုပ်နေခဲ့သည်။

"ဒုန်း"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း အိပ်ဆောင်၏ အပြင်ဘက်တွင် ရှိနေသော အစေခံအိုကြီးမှာမူ ဘာမှ မကြားရသည့်အလား လုံးဝ လှုပ်ရှားခြင်း မရှိခဲ့ချေ။

အနက်ရောင် မီးခိုးလုံးကြီးများ ကြားထဲမှနေ၍ ဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝိုင်းစက်လှသော မျက်နှာထားရှိသည့် မိန်းကလေးတစ်ဦးက ချောင်းဆိုးရင်း ပြောလိုက်သည်။

"မင်းသမီး... ဒါက ဘယ်နှစ်ကြိမ်မြောက် ရှိနေပြီလဲရှင်။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သမီးတော်က အဆောက်အဦးတစ်ခုလုံးကို ဖောက်ခွဲပစ်တော့မှာပဲ"

"ဟွန်း... ဒီနေရာမှာ အစီအရင်တွေ ရှိနေတာပဲကို ဘယ်လိုလုပ်ပြီး ပေါက်ကွဲသွားမှာလဲ။ မင်းလို အစေခံမလေးက အဓိပ္ပာယ်မရှိတာတွေကိုပဲ ပြောတတ်လွန်းတယ်။" ဟု အခြားမိန်းကလေးတစ်ဦးက သူမ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းရင်း ပြောလိုက်သည်။

ချက်ချင်းပင် လန်းဆန်းလှသော လေပြေညင်းကလေးတစ်ခု တိုက်ခတ်လာခဲ့ပြီး အနက်ရောင် မီးခိုးလုံးကြီးများကို သုတ်သင်ဖယ်ရှားပစ်လိုက်တော့သည်။

အနက်ရောင် မီးခိုးလုံးကြီးများ ကြားထဲရှိ မိန်းကလေးမှာလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အကယ်၍ ယီယွင်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူမမှာ လော့ဟော်အာ ဖြစ်ကြောင်းကို ချက်ချင်းပင် မှတ်မိပေလိမ့်မည်။

ဆယ်စုနှစ်တစ်ခုကျော် အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း လော့ဟော်အာမှာ ပိုမို၍ လှပတင့်တယ်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်ခုံးများ ကြားထဲမှနေ၍ အလွန်ပင် မြင့်မြတ်လှသော အရှိန်အဟုန် အလိုအလျောက် ထွက်ပေါ်နေခဲ့သည်။

လော့မျိုးနွယ်စု တော်ဝင်မိသားစုဝင် အများစုမှာ လှပသော ရုပ်ရည်များကို ဆက်ခံရရှိလေ့ ရှိကြသည်ဆိုသော်လည်း လော့ဟော်အာ၏ အလှတရားမှာ တော်ဝင်မိသားစု ကြားထဲတွင်ပင် အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်ဟု သတ်မှတ်နိုင်ပေသည်။ သူမတွင် သူမ၏ မိခင်ဖြစ်သူ မိဖုရားခေါင်ကြီး ရွှမ်ဟို့ ၏ ဆွဲဆောင်မှုမျိုး ရှိနေခဲ့သည်။

လော့ဟော်အာသည် ကိုယ်ကျပ် ကောင်းကင်ပိုးထည် အင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ပေါ့ပါးလှသော ပိုးထည်စကလေးမှာ သူမ၏ အရေပြားထက်၌ ကပ်ငြိနေခဲ့ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို အပြည့်အဝ ပေါ်လွင်စေခဲ့သည်။

သူမ၏ ရင်သားများမှာ မို့မောက်နေခဲ့ပြီး သေးသွယ်လှသော ခါးကလေး ရှိနေခဲ့သည်။ သူမ၏ ခြေတံများမှာ ရှည်လျားပြီး သွယ်လျနေခဲ့ကာ သူမ၏ ကျောပြင်ထက်တွင် စီးကျနေသော အနက်ရောင် ဆံနွယ်ရှည်ကြီးများမှာလည်း အလှပဆုံး ပိုးထည်စတစ်ခုအလား ထင်မှတ်ရပေသည်။

"မင်းသမီး... ကျွန်မ ကြားတာတော့ မင်းသား ကောင်းကင်နီက မကြာသေးခင်ကမှ မိသားစုကြီး အမြောက်အများကို စည်းရုံးနေတယ်လို့ ကြားတယ်၊ မင်းသမီးက ဘာလို့ စိုးရိမ်မနေရတာလဲရှင်။

သမီးတော်က ဘာလို့ ဒီပျက်စီးခြင်းကောင်းကင်ပညာရပ် ကိုပဲ အမြဲတမ်း သုတေသန လုပ်နေရတာလဲ။ မယ်တော် ရွှမ်ဟို့ကတော့ စိုးရိမ်လွန်းလို့ သေတော့မယ်။

မယ်တော် ရွှမ်ဟို့က မင်းသား ပင်းနန် ကို လော့နတ်ဘုရားခန်းမ စမ်းသပ်မှုကြီးအတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ နေရာအနှံ့က ပါရမီရှင်တွေကို သွားရောက် စည်းရုံးခိုင်းထားတယ်လို့ ကျွန်မ ကြားတယ်။

မင်းသမီး... မင်းသမီးက ဘာလို့ ဂရုမစိုက်နိုင်ရတာလဲရှင်"

ဟု အစေခံမလေးက နှုတ်ခမ်းကို စူရင်း ပြောလိုက်သည်။

"ငါက ဘာလို့ စိုးရိမ်နေရမှာလဲ။ ထီးနန်းကို ဆက်ခံချင်တဲ့လူက ငါမှ မဟုတ်တာ။ အကယ်၍ ငါ့ကိုသာ ထီးနန်း အပ်နှင်းမယ်ဆိုရင် ငါက နေ့တိုင်း တော်ဝင်အမိန့်တော်တွေကို ရေးနေရမှာ မဟုတ်ဘူးလား။ အဲဒါကို တွေးမိရုံနဲ့တင် ငါ့မှာ စိတ်ရှုပ်လွန်းလို့ သေတော့မယ်" လော့ဟော်အာသည် သူမ၏ ပျက်စီးခြင်းကောင်းကင်မီးဖို ကို သွားရောက် ကြည့်ရှုရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါပေမဲ့... "

"မင်းက ဆက်ပြီး ပြောဝံ့သေးတယ်ပေါ့" လော့ဟော်အာသည် လှည့်ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများဖြင့် ထိုအစေခံမလေးကို စိုက်ကြည့်လိုက်သည်။

"မဆိုးဘူးပဲ ချွန်းယဲ့ ... မင်းက မယ်တော်ရဲ့ လာဘ်ထိုးတာကို ခံလိုက်ရတာလား။ တုန်းအာ ကိုပဲ ကြည့်လိုက်ဦး၊ သူမက ဘယ်လောက်တောင် လိမ္မာလဲ။ သူမက မင်းလိုမျိုး ပွစိပွစိ မလုပ်ဘူး။"

လော့ဟော်အာက ဤသို့ ပြောလိုက်သောအခါ သူမသည် ထောင့်တစ်နေရာတွင် ငိုက်မြည်းနေသော တုန်းအာကို လက်ညှိုးထိုးပြလိုက်သည်။ အကယ်၍ ယီယွင်သာ ဤနေရာတွင် ရှိနေခဲ့ပါက ဆယ်စုနှစ်တစ်ခုကျော် အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်ဆိုသော်လည်း တုန်းအာမှာ အသက် တစ်ဆယ့်တစ်နှစ် သို့မဟုတ် တစ်ဆယ့်နှစ်နှစ် အရွယ်ခန့်ရှိသော ကလေးမလေးတစ်ယောက်အသွင် ရှိနေဆဲ ဖြစ်သည်ကို မြင်တွေ့ရပါက သေချာပေါက် အံ့အားသင့်သွားပေလိမ့်မည်။ သူမက လုံးဝ ကြီးထွားမလာခဲ့ချေ။

တုန်းအာကို မြင်လိုက်ရသောအခါ ချွန်းယဲ့သည် သူမကို စိတ်ပျက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"ထိုကောင်မလေးကတော့ စားဖို့ ပေါက်စီ ရှိနေရင်တင် အဆင်ပြေနေတာပဲလေ။ ဒါတင်မကသေးဘဲ သူမက အမြဲတမ်း အိပ်နေတာ။ သူမက ဘာစကား ပြောပါဦးမလဲ။ သူမမှာ ဘာအတွေးမှ မရှိတာ၊ ဒါပေမဲ့ မင်းသမီး... "

"တော်တော့... မင်းက မပြီးနိုင်မစီးနိုင် ဖြစ်နေတော့မှာလား။ အကယ်၍ မင်းသာ ဒီအတိုင်း ဆက်ပြီး ပြောနေဦးမယ်ဆိုရင် မင်းကို တံခါးစောင့်ခိုင်းပစ်မယ်။ မင်းက ကမ္ဘာဦးဖေးသားရဲကြီးရဲ့ မျိုးဆက်တစ်ယောက် ဖြစ်တာမလို့ တံခါးစောင့်ခိုင်းရတာက အတော်လေးကို အဆင့်အတန်း ရှိလှပါတယ်။"

"တံခါး... တံခါးစောင့်ခိုင်းမယ် ဟုတ်လား။ မင်းသမီး... ကျွန်မက မင်းသမီးရဲ့ ဘေးနားမှာ အစေခံလာခဲ့တာ အတော်လေးကို ကြာနေပြီလေ။ ကြီးမားတဲ့ ကုသိုလ်တွေ မပြုလုပ်နိုင်ခဲ့ရင်တောင် ကျွန်မမှာ လုပ်အားခွန်စိုက် ထည့်ဝင်ခဲ့တာတွေ ရှိတာပဲကို။ မင်းသမီးက ကျွန်မကို တံခါးစောင့်ခိုင်းဖို့ စဉ်းစားရတယ်လို့... "

ချွန်းယဲ့သည် အလွန်ပင် ဝမ်းနည်းသွားခဲ့ရသဖြင့် သူမ၏ မျက်လုံးများကို ပြူးရင်း စိုက်ကြည့်လိုက်တော့သည်။

ချွန်းယဲ့က ငိုတော့မည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ လော့ဟော်အာသည် စိတ်မရှည်စွာဖြင့် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ကဲပါ... တော်ပါတော့။ မင်းက မယ်တော်ရဲ့ စကားတွေကို နားထောင်လာခဲ့တာ ဖြစ်ရမယ်ဆိုတာ ငါ သိသားပဲ။ အံ့သြစရာ မရှိတော့ပါဘူး။ ကောင်းပြီလေ... ငါ လာမယ့် ရက်အနည်းငယ်အတွင်းမှာ အဲဒီအကြောင်းကို သွားပြီး မေးမြန်းပေးပါ့မယ်။"

"ကျေးဇူးတင်ပါတယ် မင်းသမီး မင်းသမီး... ကျွန်မက မင်းသမီးရဲ့ အကျိုးအတွက် လုပ်ဆောင်နေတာပါ။ မင်းသား ကောင်းကင်နီက ဘယ်လိုပဲကြည့်ကြည့် လူကောင်းတစ်ယောက် ပုံစံမျိုး မပေါက်ဘူး။ လော့မျိုးနွယ်စုရဲ့ ထီးနန်းကို သူ့လက်ထဲ ဘယ်လိုလုပ်ပြီး အပ်နှင်းလို့ ရမှာလဲ။ ဒါက သေချာပေါက် မင်းသမီးရဲ့ အရာပဲ ဖြစ်ရမယ်" ချွန်းယဲ့က ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် အစေခံအိုကြီး၏ အသံမှာ တံခါးအပြင်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ "မင်းသမီး... သခင်လေး ရွှမ်းကျွင်းယွဲ့ က လာရောက် တွေ့ဆုံခွင့် တောင်းခံနေပါတယ်ရှင်။"

လော့ဟော်အာသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ငြင်းပယ်ရန် ပြုလုပ်လိုက်သော်လည်း သူမ၏ ဘေးနားရှိ ချွန်းယဲ့က သနားစရာကောင်းလှသော ပုံစံဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိလိုက်သည်။

ထို့ကြောင့် လော့ဟော်အာသည် သူမ၏ စကားများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။

"ဒါဆိုရင် သူ့ကို ခေတ္တ စောင့်ဆိုင်းခိုင်းလိုက်ပါ။"

ဤသို့ ပြောပြီးနောက် လော့ဟော်အာသည် ငိုက်မြည်းနေသော တုန်းအာ၏ ခေါင်းကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

"မအိပ်နဲ့တော့။ မင်းရဲ့ သွားရည်တွေ စာပွဲပေါ်ကို စီးကျနေပြီ။ မြန်မြန် ထပြီး ငါ့ကို အဝတ်အစား လဲပေးဦး။ အချိန်တွေ ဒီလောက်အကြီးအကျယ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာတောင် မင်းက ဘာမှ တိုးတက်မလာဘူး။ မင်း သိတာဆိုလို့ အိပ်ဖို့နဲ့ စားဖို့ပဲ ရှိတယ်"

လော့ဟော်အာသည် တုန်းအာကို မျက်စိစောင်းကြည့်လိုက်သည်။

တုန်းအာသည် သူမ၏ ခေါင်းကို ပွတ်သပ်လိုက်ရင်း ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်မက ဖြည်းဖြည်းချင်းပဲ ကြီးထွားတာကို... "

"တော်ပြီ ရွှမ်းကျွင်းယွဲ့က တစ်ရက်ခြား တစ်ခါ ငါ့ဆီကို လာလည်နေတာ။ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒီတစ်ကြိမ်မှာကော သူ ဘာကိစ္စ ရှိပြန်ပြီလဲ မသိဘူး။"

"ကျွန်မ ကြားတာတော့ နတ်ဘုရားငန်းက အခုတင် ပြန်ရောက်လာတာလို့ ကြားတယ်ရှင်။ တစ်ခုခု အရေးကြီးတဲ့ ကိစ္စ ရှိလို့ ဖြစ်ရမယ်။"

ချွန်းယဲ့က ပြောရင်း နှေးကွေးလှသော တုန်းအာကို ဆွဲခေါ်လိုက်ပြီး လော့ဟော်အာကို အဝတ်အစား လဲလှယ်ပေးရန် ကူညီပေးလိုက်တော့သည်။

ကျယ်ပြောလှပြီး ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတွင်တော့ ဝတ်စုံဖြူကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မတ်မတ်ရပ်နေခဲ့သည်။

သူ၏ ခန့်ညားလှသော မျက်နှာထက်တွင် ဓားကဲ့သို့ စူးရှလှသော မျက်ခုံးများနှင့် ကြယ်တာရာများကဲ့သို့ စူးရှလှသော မျက်လုံးများ ရှိနေခဲ့ပြီး သူ၏ ကျောပြင်ထက်တွင်တော့ ဓားတစ်လက်ကို လွယ်ပိုးထားခဲ့သည်။ သူသည် ထိုနေရာတွင် ရပ်နေခဲ့ပြီး အိတ်အတွင်းမှ ထွက်ပေါ်တော့မည့် ဓားတစ်လက်အလား စူးရှလှသော အရှိန်အဟုန်တစ်ခုကို မသိမသာ ထုတ်ဖော်နေခဲ့သည်။

ဤအခိုက်အတန့်တွင် အလွန်ပင် ပေါ့ပါးလှသော ခြေသံကလေးများမှာ တံခါးအပြင်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ညင်သာလှသော လေပြေညင်းကလေးတစ်ခုနှင့် ဆင်တူလှပြီး ခြေလှမ်းတိုင်းမှာ အလှပဆုံးသော မိန်းကလေးတစ်ဦးက ကပြဖျော်ဖြေရင်း လျှောက်လှမ်းလာနေသည့်အလား ထင်မှတ်ရပေသည်။

ထိုအသံကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြတ်သန်းသွားခဲ့ပြီး တံခါးဝဆီသို့ လှမ်းကြည့်လိုက်တော့သည်။

တင် တင် တင်...

ကျောက်စိမ်းတုံးကလေးများကို ညင်သာစွာ ခေါက်ခတ်လိုက်သည့် အသံများနှင့်အတူ အလွန်ပင် လှပလွန်းလှသော မိန်းကလေးတစ်ဦးသည် တံခါးအပြင်ဘက်မှနေ၍ လျှောက်လှမ်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

မင်းသမီး ခရမ်းပြာဝိညာဉ်၏ အလှတရားကို လော့မျိုးနွယ်စုအတွင်းရှိ လူတိုင်းက သိရှိထားကြသည်ဆိုသော်လည်း သူမ၏ မျက်နှာကို မြင်တွေ့ခွင့် ရရှိဖူးသူ အရေအတွက်မှာမူ အလွန်ပင် နည်းပါးလှသည်။

ထိုမိန်းကလေးသည် နီရဲသော ဝတ်စုံကို ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ပြီး သူမ၏ ကျောပြင်ထက်တွင်တော့ ခါးအထိ ရှည်လျားလှသော အနက်ရောင် ဆံနွယ်ရှည်ကြီး ရှိနေခဲ့သည်။ သူမ၏ အရေပြားမှာ အမြင့်မားဆုံး အဆင့်ရှိ ကျောက်စိမ်းဖြူတုံးကြီးတစ်ခုအလား ကြည်လင်တောက်ပနေခဲ့သည်။

သူမ၏ မျက်လုံးများမှာ ရေပြင်ကြီးတစ်ခုအလား ကြည်လင်နေခဲ့ပြီး စူးရှလှသော နှာတံကလေးကြောင့် သူမကို ပိုမို၍ တောက်ပစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထက်တွင် ပြင်းထန်လှသော မြင့်မြတ်မှု အရှိန်အဟုန်များဖြင့် ပြည့်နှက်နေခဲ့သဖြင့် မည်သူမဆို သူမ၏ ရှေ့မှောက်၌ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်သွားစေရမှာ သေချာလှသည်။

ဤအရာက လော့မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်သည့် သူမ၏ အဆင့်အတန်းကြောင့်သာမကဘဲ... သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်းဖေး သွေးမျိုးဆက်၏ မြင့်မြတ်မှုကြောင့်လည်း ဖြစ်သည်။

တုန်းအာ၏ လိုက်ပါလာမှုနှင့်အတူ လော့ဟော်အာသည် ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်း ဝင်ရောက်လာခဲ့သည်။

"မင်းသမီး ခရမ်းပြာဝိညာဉ်ကို ဂါရဝပြုပါတယ်။"

ရွှမ်းကျွင်းယွဲ့က ချက်ချင်းပင် အရိုအသေပေးလိုက်သည်။

သူသည် မိဖုရားခေါင်ကြီး ရွှမ်ဟို့၏ မိသားစုဝင် တစ်ယောက်ဖြစ်သဖြင့် လော့ဟော်အာ၏ ဝမ်းကွဲမောင်နှမတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်ဆိုသော်လည်း သူက မိသားစုတစ်ခုမှ ပါရမီရှင်တစ်ဦးမျှသာ ဖြစ်ပြီး သူမကတော့ လော့မျိုးနွယ်စု ထီးနန်း၏ အမွေခံတစ်ဦး ဖြစ်သည်။

ရွှမ်းကျွင်းယွဲ့အနေဖြင့် စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ဝံ့ချေ။

"အင်း... "

လော့ဟော်အာက တိုတိုတုတ်တုတ်ပင် တုံ့ပြန်လိုက်ပြီးနောက် အဓိက ထိုင်ခုံထက်၌ ထိုင်လိုက်တော့သည်။ ထို့နောက်တွင်တော့ သူမသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းက ဘာလို့ မတ်တပ်ရပ်နေရတာလဲ"

"ကျွန်တော့်ကို ထိုင်ခုံ အပ်နှင်းတဲ့အတွက် မင်းသမီး ခရမ်းပြာဝိညာဉ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။"

ရွှမ်းကျွင်းယွဲ့က ပြောလိုက်သည်။

ထိုင်ခုံ အပ်နှင်းတယ် ဟုတ်လား။ ငါက မင်းကို မတ်တပ်ရပ်နေတာ မြင်ရတာ မျက်စိနောက်လို့ ထိုင်ခိုင်းလိုက်တာ။

သို့သော်လည်း လော့ဟော်အာသည် ဤစကားကို အပြင်သို့ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ ရွှမ်းကျွင်းယွဲ့သည် သူမ၏ မယ်တော်၏ မိသားစုဝင်တစ်ဦး ဖြစ်သည်။ သူသည် မျိုးဆက်သစ်များ ကြားထဲတွင် မယ်တော် ရွှမ်ဟို့ကိုယ်တိုင် အလေးအနက် ထားရသော ထိပ်သီး ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။

မယ်တော်၏ မျက်နှာကြောင့် သူမအနေဖြင့် သူ့အပေါ်ကို အလွန်အမင်း ရိုင်းစိုင်းစွာ မပြုမူဝံ့ချေ။

All Chapters