အခန်း ၈၆၁
Vol. 58 Ch. 861
အခန်း ၈၆၁ - မင်းသမီး မြေခွေးဖြူ
"ဘယ်လိုလာရမှာလဲ... သေချာတာပေါ့၊ ငါ ဒီကို ပျံလာခဲ့တာပေါ့။"
ယီယွင်က ခပ်အေးအေးပင် ပြန်လည် ဖြေကြားလိုက်သည်။ သူသည် လွန်ခဲ့သော နှစ်များစွာအတွင်း ထျန်းယွမ်ကမ္ဘာတွင် ကြီးမားလှသော အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ရပြီး ဖြစ်သည်။ သူ ဤမျှလောက်အထိ လျင်မြန်စွာ ရင့်ကျက်လာခဲ့ရခြင်းမှာ ကောင်းကင်ဘုံ တစ်ဆယ့်နှစ်ပါး၏ အမွေအနှစ်များနှင့် ခရမ်းရောင်သလင်းကျောက် တို့ကြောင့် ဖြစ်ပေသည်။
၎င်းတို့က ယီယွင်၏ အမြင်အာရုံများကို အလွန်ပင် ကျယ်ပြန့်သွားစေခဲ့သည်။ ၎င်းတို့မရှိဘဲနှင့် မည်သည့် ကျင့်စဉ်ကျင့်ထုံးမှ တွဲဖက်ထားခြင်း မရှိဘဲ ကျင့်ကြံခြင်းအရှိန်အဝါ မြန်ဆန်နေရုံမျှဖြင့်တင် လုံးဝ အသုံးဝင်လိမ့်မည် မဟုတ်ချေ။
"ယွင်လေး... တိုင်အာနတ်ဘုရားမြို့တော်ကော ဘယ်လိုလဲဟင်။ ငါတို့ရဲ့ ဆရာသခင် ဆရာသခင် ယွဲ့ဟွာကော ဘာတွေ ဖြစ်သွားလဲ။"
လော့ဟော်အာသည် လွန်ခဲ့သော နှစ်များစွာက ဖြစ်ပွားခဲ့သည့် သားရဲဆိုးများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ပြန်လည် အမှတ်ရမိလိုက်ခြင်း ဖြစ်သည်။ ထိုအချိန်က သူမသည်လည်း တိုင်အာနတ်ဘုရားနိုင်ငံတော်မှ အလျင်အမြန် ထွက်ခွာခဲ့ရခြင်း ဖြစ်သဖြင့် သူမအနေဖြင့် ဆရာသခင် ယွဲ့ဟွားနှင့် တိုင်အာနတ်မြို့တော်က အခြားသော လူအနည်းငယ်ကို စိတ်ပူပန်နေဆဲ ဖြစ်သည်။
သို့သော်လည်း ထိုအချိန်က လော့ဟော်အာ၏ အဆင့်အတန်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့ပြီး လော့မျိုးနွယ်စု၏ ရန်သူများမှာလည်း အောက်မြေကမ္ဘာတွင် အင်အားစုများ ရှိနေခဲ့ကြသဖြင့် လော့ဟော်အာကို လော့မျိုးနွယ်စုနှင့် သက်ဆိုင်သည့် စွမ်းအားများကို အသုံးပြုခွင့် ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် တိုင်အာနတ်ဘုရားမြို့တော်တွင် ရှိစဉ်က တစ်ကြိမ်မျှပင် တိုက်ခိုက်ခဲ့ခြင်း မရှိသလောက် ဖြစ်ပေသည်။
လော့ဟော်အာအနေဖြင့် ထိုပိတ်ပင်ချက်ကို တစ်ကြိမ်တည်းသော ချိုးဖောက်ခဲ့သည့် အခါမှာမူယီယွင်ကို ကုသပေးရန်အတွက် ဖြစ်နေခဲ့သည်။
ထိုအချိန်က ယီယွင်သည် သူ သေသေချာချာ မကျွမ်းကျင်သေးသည့် ရွှေကျီးကန်း ရှုထောင့်ပုံရိပ် ကို အသုံးပြုခဲ့ခြင်းကြောင့် တိုက်ပွဲအတွင်း၌ သူ၏ ခွန်အားအားလုံး ကုန်ခမ်းသွားခဲ့ရပြီး သူ၏ သွေးမျိုးဆက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ရသည်။
လော့ဟော်အာသည် သူမ၏ ရှေးဟောင်းဖေး သွေးမျိုးဆက် စွမ်းအားများထဲက သေးငယ်လှသော အစိတ်အပိုင်းတစ်ခုကို အသုံးပြုပြီး ယီယွင်၏ သွေးမျိုးဆက်ကို စက္ကန့်အနည်းငယ်အတွင်း ပြန်လည် ကောင်းမွန်လာစေရန် ကူညီပေးခဲ့ကာ သူ့ကို တိုက်ပွဲကွင်းပြင်ဆင်သို့ ပြန်လည် စေလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ဤအရာကို ယီယွင်တစ်ဦးတည်းသာ သိရှိထားခဲ့ခြင်း ဖြစ်ပေသည်။
ယီယွင်က ယွမ်ချီ အသံလွှင့်ကာ ပြန်ပြောလိုက်သည်။
"ဒါက ပြောရရင် တော်တော်လေးကို ရှည်လျားလှတဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။ ဆရာသခင် ယွဲ့ဟွားနဲ့ တိုင်အာနတ်မြို့တော်က အကြီးအကဲတွေအားလုံး နောက်ဆုံးမှာတော့ ဘေးကင်းလုံခြုံသွားခဲ့ကြပါတယ်။ အခုအချိန်မှာ ထျန်းယွမ်ကမ္ဘာကြီးကလည်း အေးချမ်းသာယာလို့ နေပါပြီ။"
ယီယွင်သည် လော့ဟော်အာမှာ အပြင်ပန်းတွင် မာနထောင်လွှားပြီး ဆိုးသွမ်းလှသော မိန်းကလေးတစ်ဦးအလား ထင်မှတ်ရသော်လည်း သူမတွင် တကယ်တမ်း၌ ကြင်နာတတ်သော နှလုံးသားတစ်ခု ရှိနေကြောင်း သိရှိထားသည်။
အကယ်၍ ကိစ္စရပ်များကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက တိုင်အာနတ်ဘုရားမြို့တော်က လူများကို လော့ဟော်အာနှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်ကလေးများအဖြစ် တင်စားပြောဆိုမည်ဆိုလျှင်ပင် ၎င်းမှာ အလွန်အကျွံ ပြောဆိုရာ ရောက်လိမ့်မည် မဟုတ်ချေ။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။"
လော့ဟော်အာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ "အဲ့အချိန်တုန်းက ငါ အလျင်အမြန် ထွက်ခွာခဲ့ရပြီး ဖေးတစ်သောင်းကောင်းကင်ဘုံကို ပြန်လာခဲ့ရတာ။ အဲဒီနောက်မှာ ငါက စစ်ပွဲတွေအတွင်းမှာ ပါဝင်ပတ်သက်ခဲ့ရပြီး ဒီနေရာဟိုနေရာကို ပြေးလွှားနေခဲ့ရတာ။ ခက်ခဲလှတဲ့ အောင်ပွဲတစ်ခုကို ရရှိပြီးတဲ့ နောက်မှာတော့... ငါက ဒီထီးနန်းဆက်ခံမှု တိုက်ပွဲအတွင်းမှာ ပိတ်မိနေခဲ့ပြန်ရော။ ဒါက တကယ့်ကို စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။"
လော့ဟော်အာက သူမ၏ နှုတ်ခမ်းကို ဆူလိုက်ရင်း ညည်းတွားလိုက်သည်မှာ ဝမ်းနည်းပူဆွေးနေသည့် ကြောင်ကလေးတစ်ကောင်အလား ဖြစ်နေခဲ့တော့သည်။
ယီယွင်သည် လော့ဟော်အာက ဤကိစ္စကို ဘာမှမဟုတ်သည့်အလား ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်ကို မြင်တွေ့နေရသော်လည်း သူမ၏ ပုံပြင်နောက်ကွယ်တွင်မူ ကြီးမားလှသော ဝမ်းနည်းပူဆွေးမှုများစွာ ရှိနေမှာ သေချာကြောင်း သိရှိထားသည်။ သို့သော်လည်း လော့ဟော်အာ၏ ပူပန်မှုကင်းမဲ့လှသော စရိုက်လက္ခဏာကြောင့် သူမက ထိုအရာများကို စိတ်ထဲ၌ ထည့်မထားခဲ့ခြင်း ဖြစ်သည်။
"မင်းက ထီးနန်းကို မလိုချင်ဘူးလား။"
ယီယွင်က မေးမြန်းလိုက်သည်။
"ဘယ်သူက လိုချင်မှာလဲ"
လော့ဟော်အာက နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူမသည် တစ်စုံတစ်ခုကို တွေးတောမိလိုက်ပြီးနောက် ဝမ်းနည်းပူဆွေးစွာဖြင့် ပြန်ပြောလိုက်သည်။
"ဒါပေမဲ့လည်း... မယ်တော်က ငါ့ကို အဲဒီထီးနန်းအတွက် ပြိုင်ဆိုင်စေချင်နေတာလေ။ ဒါကြောင့် ငါက မဖြစ်မနေ ပြိုင်ဆိုင်ရမှာပဲ။ အကယ်၍ ချီရှန်းသာ ထီးနန်းကို ဆက်ခံသွားခဲ့မယ်ဆိုရင် မယ်တော်နဲ့ ငါ့ရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားသွားလိမ့်မယ်။
အထူးသဖြင့် မယ်တော်ပေါ့ အကယ်၍ ငါသာ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာနိုင်ခဲ့မယ်ဆိုရင် အဲ့ဒါက ပြဿနာတစ်ခု ဖြစ်လာမှာ မဟုတ်ပေမယ့်၊ ငါက အဲဒီလိုမျိုး ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ လိုအပ်နေသေးတယ်လေ။ ဒါ့အပြင် ဒီအချိန်ကာလအတွင်းမှာ လော့မျိုးနွယ်စုအတွင်းမှာ စစ်ပွဲတွေ ထပ်ပြီး ဖြစ်ပွားလာဦးမလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ "
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က လော့မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည့် စစ်ပွဲကြီးမှာ ခက်ခဲလှစွာဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သော်လည်း သူတို့က ရန်သူများကို နောက်သို့ ဆုတ်ခွာသွားအောင်သာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့အနေဖြင့် ရန်သူများကို အမြစ်ပြတ် ခြေမှုန်းပစ်နိုင်ခဲ့ခြင်း မရှိသဖြင့် ရန်သူများအနေဖြင့် နောက်တစ်ကြိမ် ပြန်လည် တိုက်ခိုက်လာရန်မှာ အလွန်ပင် ဖြစ်နိုင်ချေ ရှိနေသေးသည်။ အကယ်၍ အသက်ကြီးရင့်လှပြီ ဖြစ်သော လော့ဧကရာဇ်မင်းမြတ်သာ သက်ရှိထင်ရှား ရှိနေသေးမည်ဆိုပါက ၎င်းမှာ ဘာမှမဟုတ်သော်လည်း အကယ်၍ သူသာ ကွယ်လွန်သွားခဲ့မည်ဆိုပါက မင်းသား ချီရှန်းသည် အမြင့်ဆုံးသော စစ်သေနာပတိချုပ် ရာထူးကို အသုံးပြု၍ မယ်တော် ရွှမ်ဟို့၏ မိသားစုကို စစ်ပွဲအတွင်းသို့ အနစ်နာခံ စတေးရန်အတွက် စေလွှတ်ပစ်နိုင်စွမ်း ရှိပေသည်။
"လော့မျိုးနွယ်စုရဲ့ စစ်ပွဲ... မင်းတို့ရဲ့ ရန်သူက ဘယ်သူလဲ။"
ယီယွင်သည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖြစ်ပွားခဲ့ပြီး လော့မျိုးနွယ်စုကို ကြီးမားလှသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည့် စစ်ပွဲအကြောင်းကို အမြဲတမ်း ကြားသိနေခဲ့ရခြင်း ဖြစ်သော်လည်း ယခုအချိန်အထိ ယီယွင်မှာ ရန်သူ၏ နောက်ခံနောက်ကြောင်းကို သေသေချာချာ မသိရှိရသေးချေ။
"ရန်သူက ဖေးမိစ္ဆာဂိုဏ်းပဲ။ သူတို့က ဖေးတစ်သောင်းကောင်းကင်ဘုံတစ်ခုလုံးကို လွှမ်းမိုးထားနိုင်စွမ်းရှိတဲ့ အလွန်ပင် အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ရုံးချုပ်ကတော့ ဟင်းလင်းပြင်နက်ကြီးထဲမှာ ရှိနေပြီးတော့ ဖေးမိစ္ဆာဂိုဏ်းမှာ ပြီးပြည့်စုံပြီး ရေခဲရိုက်ထားတဲ့ ရှေးဟောင်းဖေး ရုပ်အလောင်းတစ်လောင်း ရှိနေတယ်လို့ ကောလာဟလတွေ ရှိနေခဲ့တယ်။ ဒါ့အပြင် အဲ့ဒါက တကယ်ကို အင်အားကြီးမားလှတဲ့ ရှေးဟောင်းဖေးတစ်ကောင်လည်း ဖြစ်ခဲ့တယ်လေ။"
"ပြီးပြည့်စုံတဲ့ ရှေးဟောင်းဖေး ရုပ်အလောင်းတစ်လောင်း ဟုတ်လား။"
ယီယွင်သည် ဒါကို ကြားလိုက်ရသောအခါ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရသည်။ ရှေးဟောင်းဖေး ရုပ်အလောင်းတစ်လောင်းလုံးက ဘယ်လောက်တောင် ကြီးမားလှတဲ့ ရတနာမျိုးကို ကိုယ်စားပြုနေသလဲ။ အကယ်၍ တစ်ဦးတစ်ယောက်ကသာ ပြီးပြည့်စုံသော ရှေးဟောင်းဖေး ရုပ်အလောင်းတစ်လောင်းကို ရရှိနိုင်ခဲ့မည်ဆိုပါက ရရှိလာမည့် အခွင့်အရေးများမှာ မတွေးဝံ့စရာပင် ဖြစ်ပေလိမ့်မည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဖေးမိစ္ဆာဂိုဏ်းမှာ လော့မျိုးနွယ်စုထက်ပင် ပိုမို၍ အင်အားကြီးမားနေဆဲ ဖြစ်သည် တကား။
လော့ဟော်အာသည် ယီယွင်၏ အတွေးများကို ခန့်မှန်းမိလိုက်သည့်အလား ပြန်ပြောလိုက်သည်။
"ဖေးမိစ္ဆာဂိုဏ်းက ငါတို့ လော့မျိုးနွယ်စုထက် ပိုပြီး အင်အားကြီးမားပါတယ်။ သူတို့က စစ်မျက်နှာပြင် မြောက်မြားစွာမှာ စစ်ကြေညာခဲ့တာ ငါတို့ လော့မျိုးနွယ်စုရဲ့ စစ်ပွဲက အဲ့တာတွေထဲက တစ်ခုပဲဖြစ်ပါသေးတယ်။ အဲ့အချိန်တုန်းက ငါတို့ လော့မျိုးနွယ်စုကလည်း ဖေးမိစ္ဆာဂိုဏ်းကို အတူတကွ တိုက်ခိုက်ဖို့အတွက် ဖေးတစ်သောင်းကောင်းကင်ဘုံအတွင်းက အခြားသော မိသားစုကြီး မြောက်မြားစွာနဲ့ မဟာမိတ် ဖွဲ့ခဲ့ရသေးတယ်လေ။"
"ဖေးမိစ္ဆာဂိုဏ်းက ကြီးမားလှတဲ့ ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားတာပါ။ သူတို့က မရေမတွက်နိုင်အောင်များပြားလှတဲ့ လက်အောက်ခံ ကမ္ဘာကြီး မြောက်မြားစွာကို ထိန်းချုပ်ထားတာ ဖြစ်ပြီး လက်အောက်ခံ အဖွဲ့အစည်းတွေလည်း အများကြီး ရှိနေခဲ့တယ်။
သူတို့က ဖေးမိစ္ဆာ ရုပ်သေးရုပ်တွေကို သန့်စင်ပြီး အသုံးပြုဖို့အတွက် ကြီးမားလှတဲ့ မိသားစုကြီးတွေဆီကို ရောင်းချလေ့ ရှိကြတယ်။ ဝယ်ယူသူ တွေက တခြားကောင်းကင်ဘုံတွေကနေ လာခဲ့ကြတာ ဖြစ်ရမယ်။"
လော့ဟော်အာ စကားပြောဆိုနေစဉ်အတွင်းမှာပင် ဝေဟင်ထက်တွင် လင်းယုန်ငှက်တစ်ကောင်၏ စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံထက်တွင် ကြီးမားလှသော အပြာရောင် ပန်ငှက်ကြီး တစ်ကောင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
အပြာရောင် ပန်ငှက်ကြီးသည် ကောင်းကင်ယံတွင် ဝဲပျံနေခဲ့ပြီးနောက် အစေခံများ၏ ခြံရံမှုနှင့်အတူ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ပန်ငှက်ကြီး၏ ကျောပေါ်မှနေ၍ အောက်ဘက်သို့ တိုက်ရိုက် ပျံသန်း သက်ဆင်းလာခဲ့တော့သည်။
ထိုအမျိုးသား၏ ဝတ်စုံများမှာ တောင်တန်းလေပြေများနှင့်အတူ လွင့်ပျံနေခဲ့ပြီး သူ၏ ဘေးပတ်ပတ်လည်တွင် ခရမ်းရောင် အရှိန်အဝါများ လှည့်ပတ်စီးဆင်းနေခဲ့သည်မှာ နတ်ဘုရားတစ်ပါး သက်ဆင်းလာသည့်အလား ထင်မှတ်ရပေသည်။
သူက အသက်နှစ်ဆယ်ကျော်အရွယ်မျှသာ ရှိသေးသည့် ပုံစံမျိုး ရှိပြီး သူ၏ မျက်ဝန်းအစုံမှာ ကြယ်တာရာများအလား တောက်ပနေခဲ့သည်။ သူ၏ သွေးမျိုးဆက် ခွန်အားများမှာ စုစည်းနေခဲ့ပြီး သူသည် ကောင်းကင်နှင့် မြေကြီးတို့နှင့်အတူ ဟန်ချက်ညီညီ ပေါင်းစပ်နေခဲ့သည့်အလား ထင်မှတ်ရပေသည်။
သူက တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
"မင်းသား ချီရှန်းပဲ"
ထိုနေရာတွင် ရှိနေကြသော အထက်တန်းလွှာ ပါရမီရှင်များမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သော ထိုအမျိုးသားကို မြင်တွေ့လိုက်ရသည့် အခါတွင် အော်ဟစ်ပြောဆိုလိုက်ကြတော့သည်။
ရန်ရွှဲ့ယီနှင့် တုန်းလင်းယုတို့ကဲ့သို့သော လူများပင်လျှင် ဤအခိုက်အတန့်တွင် ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး အရှေ့သို့ လှမ်းတက်သွားခဲ့ကြတော့သည်။
သူက မင်းသား ချီရှန်း (ကောင်းကင်နီ) တဲ့လား။
ဤလူကို မြင်တွေ့လိုက်ရသည့် အခါတွင် ယီယွင်မှာ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ရသည်။
မင်းသား ချီရှန်းသည် သူ့ကို တကယ်ပင် နားလည်ရခက်လှသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
သေချာတာကတော့ မင်းသား ချီရှန်းသည် နှစ်ပေါင်း ထောင်ချီ၍ ကျင့်ကြံလာခဲ့ခြင်း ဖြစ်သဖြင့် သူ၏ ပါရမီကို ထည့်သွင်းဆွေးနွေးနေရန်ပင် မလိုအပ်ဘဲ သူ၏ စစ်မှန်သော ခွန်အားမှာ လော့ဟော်အာထက် အများကြီး ပိုမို ကျော်လွန်နေမှာ သေချာလှပေသည်။
မင်းသား ချီရှန်း၏ ဘေးတွင်မူ အလွန်ပင် လှပသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။
သူမတွင် ညို့ဓာတ်ပြင်းလှသော မျက်ဝန်းများနှင့်၊ ဖြူစင်ဝင်းပလှသော အသားအရေ ရှိနေခဲ့သည်။ သူမ၏ ဦးခေါင်းထက်တွင် မြေခွေးနားရွက်တစ်စုံ ရှိနေခဲ့ပြီး သူမ ပြုလုပ်လိုက်သည့် အမူအရာတိုင်းက သူမ၏ ဘေးပတ်ပတ်လည်တွင် ငွေရောင် လျှပ်စီးတန်းငယ်ကလေးများကို ဖြစ်ပေါ်စေခဲ့ကာ ငွေရောင် အလင်းတန်းများဖြင့် တဖျတ်ဖျတ် တောက်ပနေခဲ့သည်။
ဤအမျိုးသမီးကို မြင်တွေ့လိုက်ရသောအခါ ထိုနေရာတွင် ရှိနေကြသော အထက်တန်းလွှာ ပါရမီရှင်များမှာ အတွင်းစိတ်ထဲ၌ လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့ကြရတော့သည်။
တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ဒါက လျှပ်စီးနယ်မြေ ရဲ့ မင်းသမီး မြေခွေးဖြူ ပဲ။ ကောလာဟလတွေအရ မြေခွေးဖြူမင်းသမီးနဲ့ မင်းသား ချီရှန်းတို့ကြားမှာ အလွန် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ရှိနေတယ်လို့ ပြောကြပေမယ့် အဲဒါတွေက ကောလာဟလတွေမျှသာ ဖြစ်ခဲ့တာလေ။
အခု မြေခွေးဖြူမင်းသမီးက မင်းသား ချီရှန်းနဲ့အတူ ဒီနေ့ တည်ခင်းဧည့်ခံပွဲကို လိုက်ပါလာခဲ့မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူတို့နှစ်ယောက်က အခု ချစ်သူတွေ ဖြစ်နေကြပြီမို့လို့ ကျင့်ကြံဖက် တွေ ဖြစ်လာကြတော့မှာ မဟုတ်ဘူးလား"
"လျှပ်စီးနယ်မြေရဲ့ မင်းသမီး မြေခွေးဖြူက ရှေးဟောင်းဖေး အမြီးကိုးခု မြေခွေးဖြူရဲ့ သွေးမျိုးဆက်ကို ဆက်ခံထားတာ ဖြစ်ရုံတင်မကဘဲ... လျှပ်စီးဝိညာဉ်ခန္ဓာကိုယ် ကိုလည်း ပိုင်ဆိုင်ထားတာလေ။
အကယ်၍ သူမသာ မင်းသား ချီရှန်းနဲ့အတူ လက်တွဲဖို့အတွက် ဆန္ဒရှိနေခဲ့မယ်ဆိုရင် ၎င်းက တကယ်ကို အဆင့်အတန်းချင်း တူညီလှတဲ့ လိုက်ဖက်ညီလှတဲ့ စုံတွဲတစ်တွဲ ဖြစ်လာမှာ သေချာတယ်။ မင်းသား ချီရှန်း ပိုင်ဆိုင်ထားတဲ့ အခွင့်အရေးတွေကလည်း ပိုပြီး တိုးပွားလာတော့မှာပေါ့"
လူများက လျှို့ဝှက်စွာ ဆွေးနွေးနေကြစဉ်အတွင်းမှာပင် သူတို့က ရိုသေလေးစားမှုများအကြား ရှုပ်ထွေးလှသော စိတ်ခံစားမှုများစွာဖြင့် မင်းသား ချီရှန်းကို လှမ်းကြည့်လိုက်ကြသည်။
မင်းသား ချီရှန်း ကိုယ်တိုင်သည်ပင်လျှင် လော့မျိုးနွယ်စု၏ ထီးနန်းကို ဆက်ခံရန်အတွက် အလားအလာ အရှိဆုံးသော ရတနာတစ်ပါး ဖြစ်ပေသည်။
သူ၏ ထူးချွန်လှသော ပါရမီနှင့် အင်အားကြီးမားလှသော သွေးမျိုးဆက်များအပြင် အကယ်၍ သူသာ လျှပ်စီးဝိညာဉ်ခန္ဓာကိုယ်နှင့် မြီးကိုးပါး မြေခွေးဖြူ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင် အမျိုးသမီးတစ်ဦး ဖြစ်သော မင်းသမီး မြေခွေးဖြူနှင့် လက်ထပ်ပြီး အတူတကွ ပူးတွဲကျင့်ကြံ သွားခဲ့မည်ဆိုပါက သူ၏ ဘဝမှာ အထုဋ္ဋ်အထိပ်သို့ ရောက်ရှိသွားတော့မှာ သေချာလှပေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ရန်ရွှဲ့ယီနှင့် တုန်းလင်းယုတို့ပင်လျှင် မနာလို ဖြစ်သွားခဲ့ရတော့သည်။
သူတို့က တော်ဝင်မြို့တော်၏ ကြီးမြတ်သော သခင်လေး လေးပါးထဲက နှစ်ဦး ဖြစ်ကြပြီး အလွန်ပင် မြင့်မြတ်လှသည်ဆိုသော်လည်း မင်းသား ချီရှန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၎င်းမှာ နှိုင်းယှဉ်ရန် နည်းလမ်း လုံးဝ ရှိမနေခဲ့ချေ။
မင်းသား ချီရှန်း ဖြည်းညှင်းစွာ မြေပြင်ပေါ်သို့ သက်ဆင်းလာခဲ့စဉ်မှာပင် ကောင်းကင်ယံတစ်ခုလုံးတွင် ဖီးနစ်ငှက်၏ စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထပ်မံ ဟိန်းထွက်လာခဲ့သဖြင့် လူတိုင်းက အထက်သို့ မော့ကြည့်လိုက်ကြပြန်သည်။
ကောင်းကင်ယံတွင် ဝဲပျံနေကြသော အပြာရောင်ငှက်ကိုးကောင် ကို မြင်တွေ့လိုက်ရတော့သည်။ သူတို့က ကောင်းကင်ထက်တွင် နတ်ဘုရား အလင်းတန်းများ တဖျတ်ဖျတ် လက်နေခဲ့သည့် တောက်ပလှသော ရထားလုံးကြီးတစ်စင်းကို ဆွဲခေါ်လာခဲ့ကြခြင်း ဖြစ်ပေသည်။
နတ်ဘုရား ရထားလုံးကြီးက ကောင်းကင်ယံကို ဖြတ်သန်း မောင်းနှင်လာခဲ့စဉ်အတွင်းမှာပင် ဟင်းလင်းပြင်ကြီးမှာ အနည်းငယ်မျှ တုန်ခါသွားခဲ့ရပြီး ၎င်းက လူမြောက်မြားစွာ၏ နှလုံးသားများကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
ထိုနတ်ဘုရား ရထားလုံးကြီး၏ အထက်တွင်မူ ကမ္ဘာကြီး၏ မိခင်ကြီးနှစ်ဦး ဖြစ်ကြပြီး လော့မျိုးနွယ်စု၏ စည်းစိမ်ချမ်းသာ အလုံးစုံကို သူတို့၏ လက်ဝါးအတွင်း၌ ဆုပ်ကိုင်ထားကြသည့် အမျိုးသမီးကြီးနှစ်ဦး ဖြစ်သော မယ်တော် လော့ နှင့် မယ်တော် ရွှမ်ဟို့ တို့သည် တစ်ချိန်တည်းမှာပင် ရောက်ရှိလာခဲ့ကြပြီ ဖြစ်ပေသည်။
ချက်ချင်းပင် နတ်ဘုရား အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မြောက်မြားစွာသော အရောင်အသွေးစုံလင်လှသည့် အလင်းတန်းများ ပျံသန်းသွားခဲ့ကြတော့သည်။ ကြည်လဲ့သော လော့ နန်းတော်အတွင်းရှိ အစေခံ မိန်းကလေး မြောက်မြားစွာမှာ အလျင်အမြန် အရှေ့သို့ ပြေးထွက်လာခဲ့ကြပြီး မြင့်မြတ်လှသော မယ်တော်ကြီးနှစ်ဦးကို ကြိုဆိုရန်အတွက် ရိုသေလေးစားစွာဖြင့် ဦးညွှတ် အရိုအသေပြုလိုက်ကြတော့သည်။