အခန်း ၈၆၂
Vol. 58 Ch. 862
အခန်း ၈၆၂ - စည်းကမ်းများနှင့် မညီညွတ်ခြင်း
မြင့်မြတ်လှသော မယ်တော် လော့သည်ကား ထူးခြားဆန်းပြားလှသော ဆွဲဆောင်မှုအပြည့်ရှိပြီး အနှိုင်းမဲ့ အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
မယ်တော် လော့သည် ဖီးနစ်ကိုးကောင် ကနုတ်ဆံထိုးကို ဆင်မြန်းထားပြီး သူမ၏ ဆံနွယ်ရှည်ကြီးများမှာ ကောင်းကင်ယံထက်က မှိုင်းညို့လှသော တိမ်တိုက်ကြီးတစ်ခုအလား စုစည်းရစ်ပတ်ထားသည်။
သူမသည် ရှေးဟောင်းဖေး သားရဲပုံစံ ဇာထိုးပန်းထိုးထားသည့် ကျောက်စိမ်းရောင် ဝတ်စုံတော်ကြီးကို ဝတ်ဆင်ထားခဲ့သည်။ သူမ၏ တော်ဝင်ဂုဏ်သရေနှင့် တင့်တယ်မှုတို့မှာ တကယ့်ကို အစဉ်အလာအရ စိမ့်ဝင်ဖြစ်တည်နေခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏ ဘေးတွင်မူ ဆွဲဆောင်မှုရှိပြီး အချိုးအစားကျလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မယ်တော် ရွှမ်ဟို့ ရှိနေခဲ့သည်။ သူမ၏ အသားအရေမှာ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်ပင် ခြားနားခြင်း မရှိချေ။
အချိန်ကာလသည် သူမ၏ မျက်နှာထက်တွင် မည်သည့် ရင့်ရော်မှု အမှတ်အသားကိုမျှ ချန်ထားခဲ့ရန် မေ့လျော့နေခဲ့သည့်အလား ဖြစ်ပြီး သူမ၏ ငယ်ရွယ်နုပျိုလှသော ရုပ်ရည်နှင့် ရင့်ကျက်လှသော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုတို့မှာ သူမ၏ ခန္ဓာကိုယ်ထက်တွင် ပြီးပြည့်စုံစွာ ပေါင်းစပ်ဖြစ်တည်နေခဲ့သည်။
"မယ်တော်ကြီး လော့ကို အရိုအသေပြုပါတယ်။
မယ်တော်ကြီး ရွှမ်ဟို့ကို အရိုအသေပြုပါတယ်။"
ထိုနေရာတွင် ရှိနေကြသော အစေခံ မိန်းကလေးများနှင့် လူငယ် ပါရမီရှင် အထက်တန်းလွှာများ အားလုံး ရိုသေလေးစားစွာဖြင့် ဦးညွှတ် အရိုအသေပြုလိုက်ကြတော့သည်။
မြင့်မြတ်လှသော မယ်တော်ကြီးနှစ်ဦးသည် အဓိက ဂုဏ်ထူးဆောင် နေရာများဆီသို့ လှမ်းလျှောက်သွားခဲ့ကြပြီး မယ်တော် လော့က ညာဘက်တွင် ထိုင်ကာ မယ်တော် ရွှမ်ဟို့က ဘယ်ဘက်တွင် ထိုင်လိုက်သည်။
လော့မျိုးနွယ်စုတွင် ညာဘက်မျက်နှာစာမှာ ဂုဏ်ထူးဆောင် အမြင့်ဆုံးနေရာအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သဖြင့် ဤအချက်ကို ကြည့်ခြင်းအားဖြင့် မယ်တော် လော့၏ အဆင့်အတန်းမှာ မယ်တော် ရွှမ်ဟို့ထက် အနည်းငယ်မျှ ပိုမို မြင့်မားကြောင်း သိရှိနိုင်ပေသည်။
"ရွှဲ့အာ... သမီးလည်း ရောက်လာခဲ့တာပဲ။"
မယ်တော် လော့သည် မင်းသမီး မြေခွေးဖြူကို ကြင်နာတတ်ပြီး ချစ်ခင်မြတ်နိုးလှသော အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။ သေချာတာကတော့ သူမသည် လျှပ်စီးနယ်မြေက မင်းသမီး မြေခွေးဖြူအပေါ် အလွန်ပင် စိတ်ကျေနပ်မှု ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
တည်ခင်းဧည့်ခံပွဲ အစပြုချိန်မှာပင် သူမသည် မင်းသမီး မြေခွေးဖြူကို ခေါင်းညိတ်ပြပြီး ပြုံးပြခဲ့သည်မှာ... ဤကဲ့သို့သော ဆက်ဆံမှုမျိုးကို ချွေးမလောင်းများအတွက်သာ သီးသန့် ချန်ထားလေ့ရှိသည့် အပြုအမူမျိုး ဖြစ်ပေသည်။
"ကြည့်ရတာ မယ်တော်ကြီး လော့က မင်းသား ချီရှန်းကို မင်းသမီး မြေခွေးဖြူနဲ့ အမြန်ဆုံး လက်ထပ်စေချင်နေတဲ့ ပုံစံပဲ။ အဲဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် မင်းသား ချီရှန်းရဲ့ အဆင့်အတန်းက ဘယ်သူမှ မလှုပ်ခါနိုင်အောင်ကို ခိုင်မာသွားတော့မှာ။"
လူများက လျှို့ဝှက်စွာ ဆွေးနွေးနေခဲ့ကြစဉ်အတွင်းမှာပင် သူတို့က မင်းသား ချီရှန်း၏ အချစ်ရေး ကံကောင်းမှုများအပေါ် အလွန်ပင် အားကျမနာလို ဖြစ်နေခဲ့ကြသည်။
မယ်တော် လော့နှင့် မယ်တော် ရွှမ်ဟို့တို့က အဓိက ဂုဏ်ထူးဆောင် ထိုင်ခုံနေရာများတွင် ထိုင်နေခဲ့ကြပြီး မင်းသား ချီရှန်းနှင့် လော့ဟော်အာတို့က ညာဘက်နှင့် ဘယ်ဘက်တွင် အသီးသီး ထိုင်နေခဲ့ကြသည်။
မင်းသား ချီရှန်း၏ ဘေးနားတွင် ထိုင်နေခဲ့သူမှာ သဘာဝအတိုင်းပင် မင်းသမီး မြေခွေးဖြူ ဖြစ်သော်လည်း သူမက မင်းသား ချီရှန်းနှင့် တစ်စားပွဲတည်း အတူတူ ထိုင်နေခဲ့ခြင်း မဟုတ်ချေ။
ထို့အစား သူမသည် ဂုဏ်ထူးဆောင် စားပွဲ၏ ဘေးနားက စားပွဲတစ်ခုတွင် ထိုင်နေခဲ့ခြင်း ဖြစ်ပြီး ၎င်းက အနည်းငယ်မျှ ကွာဝေးလှသော အကွာအဝေးတစ်ခု ဖြစ်ပေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မင်းသမီး မြေခွေးဖြူသည် မင်းသား ချီရှန်းကို အလုံးစုံ လက်ခံထားခြင်း မရှိသေးကြောင်း သိသာလှပေသည်။
ထို့ကြောင့် သူမသည် ဤကဲ့သို့သော အခမ်းအနားမျိုးတွင် သူ့နှင့် အလွန်ပင် နီးကပ်လှသော ပုံစံမျိုးကို မပြသချင်ခဲ့ခြင်း ဖြစ်သည်။
၎င်းက ဘာမှမဟုတ်သော်လည်း... အခြားသော ဖက်တွင်မူ...
မယ်တော် လော့ ဖြစ်စေ၊ မယ်တော် ရွှမ်ဟို့ ဖြစ်စေ၊ မင်းသား ချီရှန်း ဖြစ်စေ... သူတို့အားလုံးသည် မင်းသမီး မြေခွေးဖြူ၏ ဆန့်ကျင်ဘက် အချိုးကျလှသော စားပွဲနေရာတွင် ထိုင်နေခဲ့သည့် လူကို မြင်တွေ့လိုက်ရသည့် အခါတွင် အနည်းငယ်မျှ အံ့အားသင့် ဆွံ့အသွားခဲ့ကြရတော့သည်။
လော့ဟော်အာ၏ ဘေးနားတွင် ထိုင်နေခဲ့သူမှာ အလွန်ပင် ငယ်ရွယ်လှသော ပုံစံရှိသည့် သာမန် လူငယ်တစ်ဦး ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာလည်း ကောင်းကင်တက်လှမ်းခြင်း အဆင့် ၏ အစောပိုင်း အဆင့်သို့ ရောက်ရှိရုံမျှသာ ရှိသေးသည်။ ဤကဲ့သို့သော လူတစ်ဦးသည် ကျင့်ကြံခြင်း အချိန်ကာလအားဖြင့် နှစ်ပေါင်း သုံးဆယ် သို့မဟုတ် လေးဆယ်ခန့်ထက် မပိုနိုင်ချေ။
ဒါ့အပြင် အထူးဆန်းဆုံးသော အချက်မှာ သူက လူသားတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
ယီယွင်... တဲ့လား။
မယ်တော် ရွှမ်ဟို့သည် အမျိုးမျိုးသော အချက်အလက်များကို တွေးတောမိလိုက်ပြီးနောက် ချက်ချင်းပင် ယီယွင်ကို သတိရမိလိုက်သည်။ ဤလူတစ်ဦးတည်းသာလျှင် ထိုထူးခြားချက်များနှင့် ကိုက်ညီနေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယီယွင်က ဘာဖြစ်လို့ သူမ၏ သမီးဖြစ်သူ၏ ဘေးတွင် ထိုင်နေရခြင်းနည်း။
သူက စည်းကမ်းတွေကို မသိနားမလည်ဘဲနှင့် ဝင်ထိုင်လိုက်ခြင်းမှာ လုံးဝ မဖြစ်နိုင်ချေ။ အကယ်၍ အဲဒီလိုမျိုးသာ ဖြစ်ခဲ့မည်ဆိုပါက တည်ခင်းဧည့်ခံပွဲကို တာဝန်ယူထားကြသည့် စားပွဲထိုးများအနေဖြင့် ဒီအတိုင်း ကြည့်နေကြလိမ့်မည် မဟုတ်ချေ။
ဒါဆိုရင်... သူမ၏ သမီးဖြစ်သူကိုယ်တိုင်က သူ့ကို ထိုနေရာတွင် ထိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်နေမလား။
မယ်တော် ရွှမ်ဟို့အနေဖြင့် ၎င်းကို အံ့အားသင့်စရာ ကောင်းလှသည်ဟု ထင်မြင်မိသော်လည်း သူမက အနည်းဆုံးတော့ ယီယွင်၏ အဆင့်အတန်းကို သိရှိထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မယ်တော် လော့အတွက်မူ သူမသည် ယီယွင်၏ အဆင့်အတန်းကိုပင် လုံးဝ သိရှိထားခြင်း မရှိချေ။
ယီယွင်ကဲ့သို့သော သေးငယ်လှသော လူတစ်ဦးသည် စုပေါင်းလေ့ကျင့်မှုတွင် ပထမနေရာ ရရှိခဲ့သည်ဆိုသော်လည်း ၎င်းမှာ မယ်တော် လော့၏ မျက်ဝန်းထဲတွင်မူ ဘာမှမဟုတ်သည့် အရာတစ်ခုမျှသာ ဖြစ်ပေသည်။
သို့သော်လည်း သူက လော့ဟော်အာ၏ ဘေးတွင် ထိုင်နေခဲ့ခြင်းကြောင့်သာ သူမက သူ့ကို အနည်းငယ်မျှ အာရုံစိုက်မိလိုက်ခြင်း ဖြစ်သည်။
မယ်တော် လော့သည် ယီယွင်၏ ဝတ်စုံများမှာ တန်ဖိုးမရှိလှကြောင်းနှင့် သူ၏ နောက်ကွယ်တွင် မည်သည့် နောက်ခံနောက်ကြောင်းမျှ ရှိမနေခဲ့ကြောင်း သတိပြုမိလိုက်သည်။
လော့ဟော်အာက ဘာဖြစ်လို့ ဤကဲ့သို့သော လူမျိုးကို သူမ၏ ဘေးတွင် ထိုင်ခွင့်ပြုထားရခြင်းနည်း။ ဒါ့အပြင် ၎င်းက သာမန် အခိုက်အတန့်မျိုး မဟုတ်ချေ။ လော့ဟော်အာနှင့် ချီရှန်းတို့၏ စကားပြောဆိုမှုနှင့် အပြုအမူ တိုင်းကို နန်းတော်အတွင်းရှိ အစေခံစာရေးများက မှတ်တမ်းတင်ထားမည် ဖြစ်ပြီး လော့ဧကရာဇ်မင်းမြတ်ထံသို့ တင်ပြသွားကြမည် ဖြစ်သည် မဟုတ်ပါလား။
"ချစ်လှစွာသော ချီရှန်း ဤလူငယ်က ဘယ်သူလဲ။"
မယ်တော် လော့သည် မင်းသား ချီရှန်းထံသို့ ယွမ်ချီအသံပို့ကာမေးလိုက်သည်။
"မယ်တော်ကို ပြန်လည် ဖြေကြားရမယ်ဆိုရင် သားတော် မမှားဘူးဆိုရင် ထိုလူက ယီယွင် ဖြစ်ရပါမယ်။ သူက နီလာလှိုင်းတောင် စုပေါင်းလေ့ကျင့်မှုမှာ ထူးချွန်လှတဲ့ စွမ်းဆောင်ရည်ကို ရရှိခဲ့သူပါ။ သူက ရှေးဟောင်းဖေး ကျောက်တိုင် သုံးတိုင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ၎င်းတို့ထဲက နှစ်တိုင်က ဆောင်းခိုရာမှနိုးထခြင်း အဆင့်အတန်း မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
လေနက်တောင်ကြားမှာလည်း သူက ကြားခံဝိညာဉ် သွေးမြွေ ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူက ပါရမီရှင် လူသားတစ်ဦးအဖြစ် သတ်မှတ်နိုင်ပါတယ်။ သူက ညီမတော် ခရမ်းပြာဝိညာဉ်ရဲ့ အုပ်စုထဲမှာ ရှိနေတာ ဖြစ်ပြီး မင်းသား ပင်းနန်က သူ့ကို ထောက်ခံ အကြံပြုထားခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။"
မင်းသား ချီရှန်းသည် ယီယွင်၏ နောက်ခံနောက်ကြောင်းနှင့် စွမ်းဆောင်ရည်များကို စကားလုံး အနည်းငယ်ဖြင့်တင် သေသေချာချာ သတင်းပို့လိုက်သဖြင့် မယ်တော် လော့ကို အလွန်ပင် သဘောကျသွားစေခဲ့သည်။
သူမ၏ သားဖြစ်သူမှာ တကယ့်ကို စေ့စပ်သေချာလှသူ ဖြစ်ပြီး ကြီးမားလှသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ပေသည်။ သူသည် သေးငယ်လှသော လူတစ်ဦး ဖြစ်နေခဲ့လျှင်ပင် ထိုလူ၏ အချက်အလက်တိုင်းကို သေသေချာချာ သိရှိထားခဲ့သည် မဟုတ်ပါလား။
"အလွန်ကောင်းတယ်။ မင်း တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ မင်း ပြောတဲ့အတိုင်းဆိုရင် ထိုယီယွင်က ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းခံရတဲ့ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်လို့ မရနိုင်သေးဘူး။
သူက လူငယ် ပါရမီရှင်တစ်ဦးမျှသာ ဖြစ်တာမို့လို့ သူက ရန်မျိုးနွယ်စုနဲ့ တုန်းလင်းမျိုးနွယ်စုက လူငယ်နှစ်ဦး ထိုင်နေတဲ့ နေရာမှာတောင် ထိုင်ဖို့အတွက် အရည်အချင်း မပြည့်မီသေးဘူး ခရမ်းပြာဝိညာဉ်ရဲ့ ဘေးမှာ ထိုင်ဖို့ဆိုတာကတော့ ပိုပြီးတော့တောင် မဖြစ်နိုင်သေးဘူး။ ထိုခရမ်းပြာဝိညာဉ်က တကယ့်ကိုပဲ စိတ်အလိုလိုက်လွန်းလှတာပဲ။"
မယ်တော် လော့သည် မိမိ၏ စိတ်ထဲတွင် လျှို့ဝှက်စွာ ခေါင်းခါလိုက်ရင်း တုန်းလင်းယုနှင့် ရန်ရွှဲ့ယီတို့ကို လှမ်းကြည့်လိုက်သည်။ သူတို့က ယီယွင်ထက် ပိုမို နိမ့်ကျလှသော နေရာများတွင် ထိုင်နေခဲ့ကြရခြင်း ဖြစ်သဖြင့် မယ်တော် လော့က သူတို့အား လှမ်းကြည့်လိုက်သည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာထက်တွင် ချက်ချင်းပင် အိုးတိုးအန်းတန်း အမူအရာများ ပေါ်ထွက်လာခဲ့ရတော့သည်။
သူတို့အနေဖြင့် မယ်တော် လော့က ဘာကို ကြည့်နေလဲဆိုတာကို ကောင်းကောင်း သိရှိထားကြမှာ သေချာလှပေသည်။ သူတို့သည် ယီယွင်၏ အောက်တွင် ထိုင်နေခဲ့ရသဖြင့် တကယ့်ကို အရှက်ရနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းမှာ မင်းသမီး ခရမ်းပြာဝိညာဉ်ကိုယ်တိုင်က သတ်မှတ်ပေးထားခဲ့ခြင်း ဖြစ်သဖြင့် သူတို့အနေဖြင့် အခြား ဘာပြောနိုင်ပါဦးမလဲ။
မယ်တော် လော့သည် အနည်းငယ်မျှ မျက်မှောင်ကြုတ်လိုက်သည်။ လော့မျိုးနွယ်စု၏ မင်းသမီးတစ်ပါးအနေဖြင့် ဤမျှလောက်အထိ နိမ့်ပါးလှသော လူသားလူငယ်တစ်ဦးအပေါ်တွင် စွဲလမ်းနှစ်သက်နေပြီး သူမ၏ ဘေးတွင် ထိုင်ခွင့်ပြုထားခြင်းမှာ စည်းကမ်းများနှင့် မညီညွတ်ရုံတင်မကဘဲ သူတစ်ပါး၏ လှောင်ပြောင် သရော်မှုများကိုပါ ခံရစေနိုင်ပေသည်။
အထူးသဖြင့် ယခုအချိန်တွင် မင်းသမီး မြေခွေးဖြူလည်း ဤနေရာတွင် ရှိနေခဲ့သည် မဟုတ်ပါလား။ သူမအနေဖြင့် ယီယွင်သည် သူမနှင့် အဆင့်အတန်း တူညီလှသော နေရာတစ်ခုတွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည့် အခါတွင် ဘယ်လိုမျိုး တွေးတောသွားနိုင်ပါ့မလဲ။
"မယ်တော်. ညီမတော် ခရမ်းပြာဝိညာဉ်က အမြဲတမ်း စည်းကမ်းမရှိဘဲ နေတတ်တဲ့ စရိုက်ရှိတာပဲလေ။ သူမကိုပဲ အလိုရှိသလို နေပါစေ။ ခမည်းတော်ကိုယ်တိုင်ကပင် သူမကို အလိုလိုက်ထားတာ ဖြစ်လို့ အကယ်၍ ဤသေးငယ်လှတဲ့ ကိစ္စရပ်က ခမည်းတော်ထံသို့ ရောက်ရှိသွားခဲ့မယ်ဆိုရင်တောင် ခမည်းတော်အနေဖြင့် ဒါကို အများကြီး အာရုံစိုက်လိမ့်မှာ မဟုတ်ပါဘူး။"
မင်းသား ချီရှန်းက လော့ဧကရာဇ်မင်းမြတ်အပေါ် မကျေမနပ်ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
လော့ဧကရာဇ်မင်းမြတ်၏ မျက်နှာလိုက်မှုမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ အကယ်၍ သူသာ မင်းသမီး ခရမ်းပြာဝိညာဉ်အပေါ်တွင် ဤမျှလောက်အထိ မျက်နှာလိုက်မထားခဲ့ဘူးဆိုပါက ထီးနန်းအာဏာမှာ ချီရှန်း၏ လက်ဝါးအတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည် မဟုတ်ပါလား။
"သူမက စိတ်အလိုလိုက်တတ်တာက အရေးမကြီးပါဘူး ငါတို့ဘက်က အရှက်ကွဲရတာမျိုးမှ မဟုတ်တာပဲ။"
မယ်တော် လော့သည် မင်းသား ချီရှန်းထံသို့ ယွမ်ချီအသံလွှင့်ပို့လိုက်ရင်း မယ်တော် ရွှမ်ဟို့ကို လှမ်းကြည့်လိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူမ၏ သားဖြစ်သူ မင်းသား ချီရှန်းမှာမူ မင်းသမီး မြေခွေးဖြူကို ခေါ်ဆောင်လာခဲ့ပြီး သူတို့က သူမနှင့်အတူ အဓိက ဂုဏ်ထူးဆောင် နေရာများတွင် ထိုင်နေခဲ့ကြပြီ ဖြစ်သည်။
ညည်းရဲ့ သမီးကို ပြန်ကြည့်လိုက်စမ်းပါ။ သူမက ဘယ်လိုမျိုး လူစားမျိုးနဲ့ အတူတူ ထိုင်နေရတာလဲ။ တကယ့်ကိုပဲ အရှက်ရစရာ ကောင်းလှပေသည်။
"ကဲ... ငါတို့ရဲ့ လေးစားရပါသော လူငယ် ပါရမီရှင် အထက်တန်းလွှာတို့. ငါ ဤတည်ခင်းဧည့်ခံပွဲကို ကျင်းပပြီး သင်တို့အားလုံးကို ဖိတ်ခေါ်ခဲ့ရခြင်းကတော့ ကြိုဆိုတဲ့အနေနဲ့ ဖြစ်ပါတယ်။
သင်တို့အားလုံးအနေနဲ့ နောက်လာမည့် လော့နတ်ဘုရားခန်းမ စမ်းသပ်မှုတွေမှာ ကြီးမားလှတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ကြပြီး ငါတို့ရဲ့ လော့မျိုးနွယ်စုအတွက် ပိုမို တောက်ပလှတဲ့ အနာဂတ်ကို ယူဆောင်လာပေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"
တည်ခင်းဧည့်ခံပွဲ၏ အိမ်ရှင်တစ်ဦးအနေဖြင့် မယ်တော် လော့သည် မိန့်ခွန်းတစ်ခု ပြောကြားခဲ့ရသည်။ ယီယွင်နှင့် ပတ်သက်၍မူ သူမက သူ့ကို ချက်ချင်းပင် လျစ်လျူရှုထားလိုက်တော့သည်။
လူတိုင်းက အရက်ခွက်များကို မြှောက်လိုက်ကြပြီး ဂုဏ်ပြုလိုက်ကြသည်။ ယီယွင်သည်လည်း ထိုနည်းတူစွာ ပြုလုပ်လိုက်ပြီး မွှေးရနံ့သင်းပျံ့လှသော ဝိညာဉ်အရက်ကို သောက်သုံးလိုက်သည်။ ဤအရက်ကို ဘယ်လိုမျိုး သန့်စင်ချက်လုပ်ထားလဲဆိုတာကို မသိရှိရသော်လည်း ၎င်း၏ အရသာက အလွန်ပင် ကောင်းမွန်လှရုံတင်မက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ နွေးထောင်သွားစေခဲ့ပြီး သူ၏ သွေးမျိုးဆက် ခွန်အားများပင် ပိုမို အားကောင်းလာသည်ကို ခံစားလိုက်ရသည်။
၎င်းက တကယ့်ကို အဖိုးတန်လှပြီး အလွန်ပင် စျေးကြီးလှမည့် အရက်ကောင်းတစ်ခွက် ဖြစ်ပေသည်။ ဒါ့အပြင် သူ၏ အရှေ့တွင် ချထားခဲ့သော အစားအစာများမှာလည်း အမျိုးမျိုးသော အဖိုးတန်လှသည့် ရတနာ ပစ္စည်းများ ဖြစ်ကြသည်။ ၎င်းတို့ကို စားသုံးခြင်းက သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းနှင့် သွေးမျိုးဆက် ခွန်အားများအတွက် တကယ့်ကို အကျိုးရှိလှပေသည်။
ယီယွင်အနေဖြင့် ဤသေးငယ်လှသော စားပွဲထက်က ဟင်းလျာများ၏ တန်ဖိုးမှာပင် ကမ္ဘာဦးကျောက်တုံး ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။
ယခင်က လီယာသည် ကမ္ဘာဦးကျောက်တုံး တစ်ရာကျော်ကို ထုတ်ပေးခဲ့ရစဉ်က ဖြစ်ပေါ်ခဲ့သည့် နာကျင်ပူဆွေးလှသော မျက်နှာထားကို ပြန်လည် တွေးတောမိလိုက်သည့် အခါတွင် ယီယွင်သည် သူ ဤတည်ခင်းဧည့်ခံပွဲသို့ လာခဲ့ခြင်းမှာ အချိန်ကုန်ရကျိုး နပ်လှသည်ဟု ခံစားလိုက်ရသည်။
သူ့တွင် ခရမ်းရောင်သလင်းကျောက် ရှိနေခဲ့သည်ဆိုသော်လည်း သူက ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်ချေ။ သူ ဤတည်ခင်းဧည့်ခံပွဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သဖြင့် သူက မည်သည့် ဆုံးရှုံးမှုမျိုးကိုမျှ ခံရလိမ့်မည် မဟုတ်ဟူသော စိတ်နေသဘောထားမျိုးဖြင့် လာခဲ့ခြင်း ဖြစ်သည်။
သူသည် အရသာရှိလှသော အစားအစာများနှင့် သောက်စရာများကို လုံးဝ လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤဝိညာဉ်အရက်များနှင့် အစားအစာများမှာ ယီယွင်၏ ဗိုက်ထဲသို့ အလျင်အမြန်ပင် ရောက်ရှိသွားခဲ့တော့သည်။
ယီယွင်က မည်သည့် ပူပန်မှုမျှမရှိဘဲ အေးအေးဆေးဆေး စားသောက်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ရန်ရွှဲ့ယီနှင့် တုန်းလင်းယုတို့မှာ အလွန်ပင်အံ့အားသင့်သွားခဲ့ကြရတော့သည်။
မင်းက ဘယ်လောက်တောင် သတ္တိရှိနေရတာလဲ လွန်ခဲ့တဲ့ ခဏကလေးကတင် မယ်တော်ကြီး လော့က မင်းကို အာရုံစိုက်ပြီး ကြည့်သွားခဲ့တာကို မင်း သတိမပြုမိဘူးလား။ မင်းအနေနဲ့ အလယ်ဗဟိုရဲ့ တတိယမြောက် အမြင့်ဆုံးနေရာမှာ ထိုင်နေရတာက အပ်ခင်းပေါ်မှာ ထိုင်နေရသလိုမျိုး မခံစားရဘူးလား။