အခန်း ၈၆၅
Vol. 58 Ch. 865
အခန်း ၈၆၅ - လကြတ်ဖိုနှင့် ပျက်စီးခြင်းကောင်းကင်စက်ဝန်း
ဤအခိုက်အတန့်တွင် လော့ခွေ့သည် သူ၏ တန်ဖိုးကြီးလှသော ဆေးဖိုကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ ၎င်းမှာ အမြင့် သုံးပေခန့် ရှိပြီး လေထုထဲတွင် လည်ပတ်နေခဲ့သည်။ လော့ခွေ့က ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်ထားရင်း ယီယွင်ကို မောက်မာဝင့်ကြွားလှသော အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်ပြီးနောက်...
"လာစမ်းပါ... မင်း ငါ့ကို ဘာတွေ လမ်းညွှန်ပြသပေးနိုင်မလဲဆိုတာ ငါ စောင့်မျှော်နေပါတယ်ဗျာ။"
ဟု ပြောဆိုလိုက်သည်။
လော့ခွေ့၏ တန်ဖိုးကြီး ဆေးဖိုကို မည်သည့် သတ္တုအမျိုးအစားဖြင့် ပြုလုပ်ထားမှန်း မသိရှိရချေ။ ၎င်း၏ မျက်နှာပြင်ထက်တွင် အမျိုးမျိုးသော ရှေးဟောင်း နမူနာပုံစံများကို ထုဆစ်ထားသဖြင့် အလွန်ပင် ရိုးရှင်းဆန်းပြားလှသော အသွင်သဏ္ဌာန်ကို ဆောင်နေခဲ့သည်။
ယီယွင်သည် လော့ခွေ့၏ ဆေးဖိုကို လှမ်းကြည့်လိုက်ရုံမျှဖြင့်ပင် ထိုအရာသည် တကယ့်ကို အဖိုးဖြတ်မရနိုင်လောက်အောင် တန်ဖိုးကြီးမားလှသော အရာတစ်ခု ဖြစ်ရမည်ဟု ခံစားလိုက်ရသည်။
ဖေးတစ်သောင်းကောင်းကင်ဘုံ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်မှာ အောက်မြေကမ္ဘာက အတတ်ပညာရပ်များနှင့် ခြားနားလှရုံတင်မကဘဲ အသုံးပြုသည့် ကိရိယာတန်ဆာပလာများကပင် လုံးဝ ကွဲပြားခြားနားလှပေသည်။
ထျန်းယွမ်ကမ္ဘာ တွင်မူ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရှင် အများစုက ပျက်စီးခြင်းကောင်းကင်စက်ဝန်း များကိုသာ အသုံးပြုလေ့ ရှိကြပြီး ဆေးဖိုများကို အသုံးပြုလေ့ မရှိကြချေ။
လော့ခွေ့၏ ဆေးဖိုက ထျန်းယွမ်ကမ္ဘာက အသုံးပြုသည့် ပျက်စီးခြင်းကောင်းကင်စက်ဝန်းများထက် အများကြီး ပိုမို အဆင့်မြင့်မားလှပေသည်။
"မင်း ဘာဖြစ်လို့ ငါ့ရဲ့ လကြတ်ဖို ကို ဒီလောက်တောင် စူးစူးစိုက်စိုက် ကြည့်နေရတာလဲ။ မင်း ငါ့ရဲ့ လကြတ်ဖိုကနေ ထွက်ပေါ်နေတဲ့ ရှေးဟောင်း အရှိန်အဝါတွေကြောင့် ကြောက်ဒူးတုန်သွားပြီလား။" လော့ခွေ့က ရယ်မောလိုက်တော့သည်။
လကြတ်ဖိုသည် ရှေးဟောင်း နတ်ဘုရားအပျက်အစီးတစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်ဆေးဖိုတစ်ခု ဖြစ်ပေသည်။ ၎င်းက လော့မျိုးနွယ်စုအတွင်း၌ အလွန်ပင် ကျော်ကြားလှခြင်း မရှိသေးသော်လည်း... အကယ်၍ ၎င်းကို လေလံပွဲတစ်ခုတွင်သာ တင်ပြလိုက်မည်ဆိုပါက... ၎င်းက လူတိုင်း လုယူချင်နေကြမည့် ရှေးဟောင်း ရတနာတစ်ပါး ဖြစ်လာမှာ သေချာလှပေသည်။
ထိုနေရာတွင် ရှိနေကြသော လူငယ် ပါရမီရှင် အများစုမှာ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို နားမလည်ကြသော်လည်း... သူတို့သည် ထိုဆေးဖိုမှ ထွက်ပေါ်နေသော အရှိန်အဝါများကို ကြည့်ရုံမျှဖြင့်ပင် လကြတ်ဖိုက သာမန်အရာတစ်ခု မဟုတ်ကြောင်း ကောင်းကောင်း သိရှိနိုင်ကြပေသည်။
ယီယွင်သည် လော့ခွေ့ကို လျစ်လျူရှုထားလိုက်သည်။ သူ ပြုလုပ်လိုက်သည့် တစ်ခုတည်းသော အရာမှာ... မိမိ၏ ပျက်စီးခြင်းကောင်းကင်စက်ဝန်းကို ဖြည်းညှင်းစွာ ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။
၎င်းမှာ ထျန်းယွမ်ကမ္ဘာမှ ယူဆောင်လာခဲ့သော တစ်ပေပတ်လည်ခန့် ရှိသည့် ပျက်စီးခြင်းကောင်းကင်စက်ဝန်းတစ်ခု ဖြစ်ပေသည်။ ၎င်းက ဖုန်မှုန့်များဖြင့် ဝေမှိုင်းနေပြီး အလွန်ပင် ရိုးရှင်းလှကာ မည်သည့် ထူးခြားမှုမျိုးမျှ ရှိမနေခဲ့ချေ။
တကယ်တမ်းကျတော့လည်း ထိုစက်ဝန်းမှာ အပြင်ပန်းရော အတွင်းပိုင်းပါ တူညီလှပေသည်။ ၎င်း၏ အရည်အသွေးမှာ တကယ့်ကို ပြောပလောက်စရာ မရှိလှချေ။
ယီယွင်က ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သည့် ပညာရှင်တစ်ဦး မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သူက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရှင်များ အသုံးပြုလေ့ ရှိကြသည့် စက်ဝန်းတစ်ခုကို မိမိနှင့်အတူ ယူဆောင်လာခဲ့သည်ဆိုသော်လည်း ထိုစက်ဝန်းမှာ အောက်မြေကမ္ဘာမှာတုန်းကပင် အလွန်ပင် အထင်ကြီးစရာ ကောင်းလှသော အရာတစ်ခု မဟုတ်ခဲ့ချေ။
ကောင်းကင်ဘုံ ၁၂ ဘုံအတွင်း၌ဆိုလျှင်မူ ၎င်းက ပို၍ပင် ဆိုးရွားလှသော အသွင်သဏ္ဌာန်အဖြစ်သာ မြင်တွေ့ရမှာ ဖြစ်သည်။
ယီယွင်က ဤကဲ့သို့သော ပျက်စီးခြင်းကောင်းကင်စက်ဝန်းကို ထုတ်ဖော်ပြသလိုက်သည်ကို မြင်တွေ့လိုက်ရသည့် အခါတွင် လော့ခွေ့မှာ ဆွံ့အသွားခဲ့ရတော့သည်။ ဤလူမိုက်က တကယ့်ကို ဟာသပြဇာတ်တစ်ခုလို အရာမျိုးကို အသုံးပြုပြီး မိမိနှင့် ရင်ဆိုင်ပြိုင်ဆိုင်ဖို့ ကြိုးစားနေတာလား။
ထိုစက်ဝန်းထက်တွင် ထုဆစ်ထားသော မန္တန်အလင်းတန်း ပုံစံများကိုပင် ပြောပြနေစရာ မလိုတော့ချေ။ ၎င်းတို့ကို ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှသည်ဟု ပြောဆိုရုံမျှဖြင့်ပင် မလုံလောက်နိုင်တော့ချေ။
၎င်းက စစ်သည်တော် နှစ်ဦး လက်ရုံးရည်ချင်း ယှဉ်ပြိုင်ကြသည့်အလား ဖြစ်ပြီး... တစ်ဦးက နတ်ဘုရား လက်နက်ကို အသုံးပြုနေချိန်တွင် အခြားတစ်ဦးကမူ မီးဖိုချောင်သုံး ဓားတစ်လက်ကို အသုံးပြုနေသည့်အလား ဖြစ်ပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် တိုက်ခိုက်နေရခြင်းက ဘာအဓိပ္ပာယ် ရှိဦးမှာလဲ။
မယ်တော် ရွှမ်ဟို့သည်လည်း ဤအခိုက်အတန့်တွင် မျက်မှောင်ကို အနည်းငယ်မျှ ကြုတ်လိုက်မိတော့သည်။ သူမသည် ယီယွင်အနေဖြင့် ဤမျှလောက်အထိ အရေးကြီးလှသော အခမ်းအနားမျိုးတွင် မိမိကိုယ်မိမိ ယုံကြည်မှု ရှိလှသော အရာတစ်ခုခု ရှိနေဆဲ ဖြစ်ရမည်ဟု ယုံကြည်ထားခဲ့ပြီး... သူက မိမိ၏ မျက်နှာကို ဖြတ်ရိုက်ခြင်း ခံရရန်အတွက် ရှေ့သို့ တိုးထွက်လာခဲ့ခြင်း မဟုတ်နိုင်ဟု ထင်မှတ်ထားခဲ့သည်။
ထို့ကြောင့် မယ်တော် ရွှမ်ဟို့သည် ယီယွင်က တကယ့်ကို ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ဆိုင်ရာ ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ပြီး... သူ၏ အောက်မြေကမ္ဘာ နောက်ခံနောက်ကြောင်းနှင့် အသက် လေးဆယ်ပင် မပြည့်သေးသော အရိုးသက်တမ်းတို့ဖြင့် လော့ခွေ့ကို ယှဉ်ပြိုင် အနိုင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ချက် အလင်းတန်းလေးတစ်ခုကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ ယီယွင်သည် အလွန်ပင် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှသော စက်ဝန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သဖြင့် သူက မိမိ၏ စစ်မှန်သော စွမ်းဆောင်ရည်များ၏ သုံးပုံတစ်ပုံခန့်ကိုသာ ထုတ်ဖော်ပြသနိုင်တော့မှာ ဖြစ်သည်။
သူမက မတတ်သာဘဲ လှမ်း၍ မေးမြန်းလိုက်သည်။
"ယီယွင်... မင်းမှာ ပျက်စီးခြင်းကောင်းကင် ဆေးဖိုတစ်ခုမျှပင် မရှိဘူးလား။ ငါ မင်းကို တစ်ခု ချီးမြှင့်ပေးနိုင်ပါတယ်နော်။"
ယီယွင်က အောက်မြေကမ္ဘာက လာခဲ့ခြင်း ဖြစ်သဖြင့် သူ့တွင် ပျက်စီးခြင်းကောင်းကင်ဆေးဖို မရှိခြင်းက သဘာဝကျလှပေသည်။ သို့သော်လည်း မယ်တော် ရွှမ်ဟို့သည် ယီယွင်က ခေါင်းကို ခါယမ်းလိုက်ရင်း ပြန်လည် ပြောဆိုလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
"မယ်တော်ကြီးရဲ့ ချီးမြှင့်မှုကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ စိတ်မကောင်းစရာ ကောင်းတာကတော့ ကျွန်တော်မျိုးက ပျက်စီးခြင်းကောင်းကင်ဆေးဖိုကို တစ်ခါမှ မအသုံးပြုဖူးသလို... ၎င်းတို့ရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းပြားလှတဲ့ အချက်တွေကိုလည်း နားမလည်သေးပါဘူး။ ကျွန်တော်မျိုးအနေနဲ့ ၎င်းကို လေ့လာသင်ယူဖို့အတွက် အချိန်အတန်ကြာအောင် ယူရမှာ ဖြစ်လို့လက်ရှိမှာတော့ ဤစက်ဝန်းကို အသုံးပြုရတာက ပိုပြီးတော့ အသားကျပါတယ်ခင်ဗျာ။"
ယီယွင် ပြောဆိုလိုက်သည့် စကားစုမှာ စစ်မှန်လှသော အချက်အလက်များ ဖြစ်ပေသည်။ သူ၏ သိမြင်နားလည်နိုင်စွမ်းက မည်မျှပင် ကောင်းမွန်လှသည်ဖြစ်စေ... သူက မည်သည့် အလေ့အကျင့်မျိုးမျှ မရှိဘဲနှင့် ပျက်စီးခြင်းကောင်းကင် ဆေးဖိုတစ်ခုကို ချက်ချင်း အသုံးပြုနိုင်လိမ့်မည်ဟုတော့ မပြောဝံ့ချေ။
ယီယွင်က ဤသို့ ပြောဆိုလိုက်သည့် အခါတွင် ထိုနေရာတွင် ရှိနေကြသော လူငယ် ပါရမီရှင် အားလုံးမှာ ဆွံ့အသွားခဲ့ကြရတော့သည်။
ယီယွင်သည် ဖေးတစ်သောင်းကောင်းကင်ဘုံ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို လုံးဝ မလေ့လာဖူးသေးတာများလား။ သူက အောက်မြေကမ္ဘာက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို အသုံးပြုပြီး လော့ခွေ့ကို အနိုင်တိုက်ဖို့ ကြံစည်နေတာလား။
လော့ခွေ့သည် ယီယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်သည်။ တောက်... ဒီကောင်က ငါ့ကို ဖျော်ဖြေဖို့အတွက် ရောက်လာခဲ့တာလား။
သူသည် ယီယွင်က အောက်မြေကမ္ဘာတွင် ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို လေ့လာခဲ့ဖူးပြီး မိမိကိုယ်မိမိ အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးအဖြစ် ထင်မှတ်နေခဲ့ခြင်း ဖြစ်ရမည်ဟု ခံစားလိုက်ရသည်။ ယီယွင်သည် ဖေးတစ်သောင်းကောင်းကင်ဘုံ၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်က မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလှသလဲဆိုတာကို လုံးဝ သိရှိထားခြင်း မရှိသေးချေ။
ဤကဲ့သို့သော လူအသုံးမကျတစ်ဦးနှင့် ပြိုင်ဆိုင်နေရခြင်းက မိမိ၏ အဆင့်အတန်းကိုပါ နှိမ့်ချလိုက်သလို ဖြစ်နေသဖြင့်... အကယ်၍ အနိုင်ရရှိခဲ့လျှင်ပင် မည်သည့် အဓိပ္ပာယ်မျိုးမျှ ရှိမှာ မဟုတ်ချေ။
သူက မူလတုန်းက တော်ဝင် မင်းသမီးတစ်ပါးကို နင်းခြေရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ခွေးချေးပုံကိုသာ နင်းမိလိုက်သလို ဖြစ်နေခဲ့ရသည်။ လော့ခွေ့သည် ဤပြိုင်ပွဲအပေါ် မည်သည့် စိတ်ပါဝင်စားမှုမျိုးမျှ ရှိမနေခဲ့တော့ချေ။
"မြန်မြန်လေး စတင်ကြရအောင်ဗျာ။ တကယ့်ကိုပဲ ကံဆိုးလွန်းလှတယ်"
လော့ခွေ့က စိတ်မရှည်လှသည့် လေသံဖြင့် ပြောဆိုလိုက်သည်။
သူ၏ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရင်း... ဖေးသားရဲ အရိုးတစ်ချောင်းကို ယီယွင်၏ ထံသို့ လွှင့်ပစ်လိုက်တော့သည်။
"လာစမ်းပါ... ငါ့ကို လမ်းညွှန် ပြသပေးစမ်းပါ။ တတိယအဆင့် ဖေးသားရဲ အရိုးတစ်ချောင်းပဲ ဖြစ်တယ်၊ မင်း ဘာတွေ လုပ်ဆောင်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်ချင်သေးတယ်။"
ယီယွင်သည် မိမိ၏ လက်ထဲက ဖေးသားရဲ အရိုးကို တစ်ချက် လှန်လှောကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"ဖေးသားရဲ အရိုးတစ်ချောင်းတည်းလား။ အပို အရိုးတွေကော မရှိတော့ဘူးလား။"
ဤဖေးသားရဲ အရိုး၏ အရည်အသွေးမှာ အောက်မြေကမ္ဘာက အရိုးများနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ပိုမို ကောင်းမွန်လှပေသည်။ သို့သော်လည်း ၎င်းက အလွန်အကျွံ ပုံကြီးချဲ့စရာမျိုးတော့ မဟုတ်ချေ။ ယီယွင်၏ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ် အဆင့်အတန်းနှင့် ခရမ်းရောင်သလင်းကျောက်၏ ကူညီပံ့ပိုးမှုတို့ဖြင့်ဆိုလျှင် ဤကဲ့သို့သော ဖေးသားရဲ အရိုးတစ်ချောင်းကို ဆေးဖော်စပ်ရန်အတွက် မည်သည့် အခက်အခဲမျိုးမျှ ရှိမနေခဲ့ချေ။
"မရှိဘူး"
လော့ခွေ့က နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောလိုက်သည်။
"မင်းက တတိယအဆင့် ဖေးသားရဲ အရိုးတစ်ချောင်းကို တစ်ကြိမ်တည်းနဲ့ ဆေးဖော်စပ်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးမျှပင် မရှိဘူးလား။ အကယ်၍ မင်းရဲ့ အဆင့်အတန်းက ဤမျှလောက်ပဲ ရှိတာဆိုရင်... မင်းက ဘယ်လိုမျိုး အရည်အချင်းနဲ့ ငါ့ကို လမ်းညွှန်ပြသပေးနိုင်မှာလဲ။"
ယီယွင်က ပြုံးလိုက်ရင်း စကားတစ်ခွန်းမျှ ဆက်လက် ပြောဆိုခြင်း မရှိတော့ချေ။ သူသည် ဖေးသားရဲ အရိုးကို ပျက်စီးခြင်းကောင်းကင်စက်ဝန်းအတွင်းသို့ လွှင့်ပစ်လိုက်ပြီးနောက်... ၎င်း၏ မန္တန်အလင်းတန်း ပုံစံများကို စတင် အသက်သွင်းလိုက်တော့သည်။
ချက်ချင်းပင် မန္တန်အလင်းတန်းများမှာ လင်းထိန်သွားခဲ့ရသည်။ ယီယွင်သည် စည်းကမ်းတကျဖြင့် လက်ဟန်မန္တန်များကို စတင် ဖော်ဆောင်လိုက်တော့သည်။ သူ ဖော်ဆောင်လိုက်သော လက်ဟန်မန္တန်များမှာ... ယခင် အောက်မြေကမ္ဘာတုန်းက ဆရာကြီး စုကျဲ က သူ့ကို သင်ကြားပြသပေးခဲ့ဖူးသော အရာများသာ ဖြစ်ကြသည်။
ထျန်းယွမ်ကမ္ဘာ၏ တောရိုင်းသားရဲများနှင့် ဖေးတစ်သောင်း ကောင်းကင်ဘုံ၏ ဖေးသားရဲများမှာ ဆင်တူလှပေသည်။ ယီယွင်သည် ဖေးတစ်သောင်း ကောင်းကင်ဘုံ၏ ဖေးသားရဲများမှာ တစ်နည်းနည်းဖြင့် အောက်မြေကမ္ဘာသို့ ရောက်ရှိသွားခဲ့ကြပြီး ထိုနေရာရှိ တောရိုင်း တိရစ္ဆာန်များနှင့် မျိုးစပ်ပေါက်ဖွားခဲ့ကြခြင်းကြောင့် နောက်ဆုံးတွင် တောရိုင်းသားရဲများအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ရမည်ဟု တွေးတောမိခဲ့သည်။
ထို့ကြောင့် ဆရာကြီး စုကျဲက သူ့ကို သင်ကြားပေးခဲ့ဖူးသော အတတ်ပညာရပ်များကို ဤဖေးသားရဲ အရိုးကို ဆေးဖော်စပ်ရာတွင်လည်း အလားတူပင် အသုံးပြုနိုင်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ကျွမ်းကျင်ပညာရှင်တစ်ဦး၏ မျက်ဝန်းထဲတွင်မူ ဤအတတ်ပညာရပ်များမှာ တကယ့်ကို အမှိုက်သရိုက်များအလား စုတ်ပြတ်လွန်းလှပေသည်။ ၎င်းက အလွန်ပင် ရိုးရှင်းလွန်းလှသည်။ ၎င်းက တကယ့်ကို ပညာရှိကြီးများစွာ စာမေးပွဲ ဖြေဆိုရန်အတွက် ရောက်ရှိနေကြစဉ်မှာပင် စာအုပ်ကို စတင် ဖတ်ရှုကာစ ကလေးငယ်တစ်ယောက်ကို လှမ်း၍ ကြည့်လိုက်ရသည့်အလား ဖြစ်ပေသည်။ (ထိုကလေးငယ်မှာ မိသားစု၏ သင်ကြားပြသမှုဖြင့် စာလုံးသုံးလုံးကျမ်း ကို အလွတ်ကျက်မှတ်နေခဲ့သည့် ကလေးငယ်တစ်ဦး ဖြစ်သည်)။
ဤကဲ့သို့သော အဆင့်အတန်းမျိုးနှင့်ပင် သူက ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်ကို သိရှိထားသည်ဟု မည်သို့သော သတ္တိမျိုးဖြင့် ပြောဆိုရဲရတာလဲ။
လော့ခွေ့သည် ယီယွင်၏ မကျွမ်းကျင်လှသော စွမ်းဆောင်ရည်များကို ကြည့်ရှုလိုက်ရင်း အလွန်ပင် ဒေါသထွက်သွားခဲ့ရတော့သည်။
ဤကောင်က တကယ့်ကို အလွန်ပင် မသိနားမလည်လှတဲ့ တောသားတစ်ယောက်ပဲ ဖြစ်တယ်။
သူသည် ယီယွင်တွင် မိမိကိုယ်မိမိ ယုံကြည်မှု ရှိလှသော နောက်ခံတစ်ခုခု ရှိနေသောကြောင့်သာ ရှေ့သို့ တိုးထွက်လာဝံ့ခြင်း ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့မိပြီး လွယ်ကူလှသော ကိစ္စရပ်တစ်ခုတွင် မိမိဘက်မှ ဆိုးရွားစွာ ရှုံးနိမ့်သွားမှာကိုပင် စိုးရိမ်ပူပန်နေခဲ့မိသေးသည်။
သို့သော်လည်း ယခုအခါတွင်မူ ယီယွင်သည် ဖေးသားရဲ အရိုးကို စတင် ဆေးဖော်စပ်နေခဲ့ပြီ ဖြစ်သည်။ သူ အသုံးပြုလိုက်သော လက်ဟန်မန္တန်များမှာ အလွန်ပင် စုတ်ပြတ်လှပြီး သူ ဖော်ဆောင်လိုက်သော မန္တန်များမှာလည်း ဘာအဓိပ္ပာယ်မျိုးမျှ ရှိမနေခဲ့ချေ။ သူသည် ယီယွင်တွင် မည်သည့် နောက်ခံမျိုး ရှိနေသလဲဆိုတာကို တွေးတောခဲ့မိသည့် မိမိ၏ မူလ အတွေးအမြင်များကို ပြန်လည် စဉ်းစားကြည့်လိုက်ရင်း တကယ့်ကို ဟာသတစ်ခုအလား ခံစားလိုက်ရတော့သည်။
လော့ခွေ့၏ ကိုယ်ပိုင် အတွေ့အကြုံများနှင့်ဆိုလျှင် ယီယွင် ဖော်စပ်လိုက်သော ဆေးရတနာ များမှာ အကောင်းဆုံး ဖြစ်လာခဲ့လျှင်ပင် ညံ့ဖျင်းခြင်း အဆင့် မျှသာ ဖြစ်လာလိမ့်မည်ဟု ချက်ချင်း အကဲဖြတ်နိုင်ပေသည်။
၎င်းကို ယီယွင် ဖော်ဆောင်လိုက်သော လက်ဟန်မန္တန်များကို ကြည့်ရုံမျှဖြင့်ပင် ဆုံးဖြတ်နိုင်ခြင်း ဖြစ်ကာ... ၎င်းထက် ပိုမို မြင့်မားလှသော အဆင့်သို့ ရောက်ရှိရန် လုံးဝ မဖြစ်နိုင်ချေ။
၎င်းနှင့် အတူတူပင်ဖြစ်သော ဆေးရတနာတစ်ပါးကို အကယ်၍ လော့ခွေ့ကိုယ်တိုင်သာ ဆေးဖော်စပ်မည်ဆိုပါက... ၎င်းက အနည်းဆုံးတော့ သန့်စင်ခြင်း အဆင့် သို့မဟုတ် ထူးချွန်ခြင်း အဆင့်သို့ပင် ရောက်ရှိသွားမှာ သေချာလှပေသည်။
ဖေးတစ်သောင်းကောင်းကင်ဘုံအတွင်း၌ တူညီလှသော အဆင့်အတန်းရှိ ဆေးရတနာများကို ဆေးဖော်စပ်ခြင်း၏ ရလဒ်အပေါ် မူတည်၍ ညံ့ဖျင်းခြင်း၊ သာမန်၊ သန့်စင်ခြင်း ၊ ထူးချွန်ခြင်း ၊ ထူးကဲခြင်း နှင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်း ဟူ၍ အဆင့်ဆင့် သတ်မှတ်ထားလေ့ ရှိကြသည်။
ထူးချွန်ခြင်း အဆင့်မှာ အဆင့်နိမ့် ဆေးရတနာတစ်ခုအတွက် အမြင့်ဆုံးသော အကန့်အသတ် ဖြစ်ပေသည်။ အဆင့်မြင့်မားလှသော ထူးကဲခြင်း နှင့် ဝိညာဉ်အသွင်ပြောင်းလဲခြင်း အဆင့်တို့မှာမူ... အဆင့်မြင့် ဆေးရတနာများအတွက်သာ သီးသန့် သတ်မှတ်ထားသော အကဲဖြတ်ချက်များ ဖြစ်ကြသည်။
လော့ခွေ့သည် ဤတည်ခင်းဧည့်ခံပွဲကြီးတွင် ထူးချွန်ခြင်း အဆင့်ရှိ တတိယအဆင့် ဆေးရတနာတစ်ခုကို ဖော်စပ်ပြသချင်နေခဲ့ပြီး လူတိုင်းကို အံ့အားသင့်သွားအောင် ပြုလုပ်ချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းကို ပြန်လည် စဉ်းစားကြည့်လိုက်သည့် အခါတွင်မူ တကယ့်ကို အလွန်ပင် ခက်ခဲလှပေသည်။
လော့ခွေ့က တွေးတောနေဆဲမှာပင် ယီယွင်က ရုတ်တရက် လှမ်း၍ ပြောလိုက်သည်။
"မင်းကော မစသေးဘူးလား။"
ယီယွင်သည် ဆေးရတနာကို ဖော်စပ်နေစဉ်အတွင်းမှာပင် သူ့ကို လှမ်း၍ စကားပြောဆိုနိုင်သေးတာလား။
လော့ခွေ့သည် ခဏမျှ ကြောင်အသွားခဲ့ရသည်။ သို့သော်လည်း သူက ဒါကို ချက်ချင်းပင် စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ အောက်မြေကမ္ဘာက အတတ်ပညာရပ်များက အလွန်ပင် ရိုးရှင်းလွန်းလှသဖြင့် ၎င်းက ဆေးဖော်စပ်နေစဉ်အတွင်းမှာပင် စကားပြောဆိုနိုင်ရန် ဖြစ်နိုင်ချေ ရှိစေခဲ့ခြင်း ဖြစ်ရမည်။
သူသည် ဤကဲ့သို့သော နိမ့်ကျလှသည့် အတတ်ပညာရပ်မျိုးဖြင့်ဆိုလျှင် ဆေးရတနာ သုံးဖိုစာကိုပင် တစ်ပြိုင်နက်တည်း ထည့်သွင်းပြီး တစ်ကြိမ်တည်းဖြင့် ဆေးဖော်စပ်နိုင်စွမ်း ရှိပေသည်။
"မင်းက မိမိကိုယ်မိမိ သေတွင်းထဲကို မရောက်မြန်သေးဘူးလို့ ထင်နေပုံရတာပဲ။ အဲဒီလိုမျိုးဆိုရင်တော့... ဖေးတစ်သောင်းကောင်းကင်ဘုံရဲ့ စစ်မှန်တဲ့ ပျက်စီးခြင်းကောင်းကင် အတတ်ပညာရပ်က ဘယ်လိုမျိုးလဲဆိုတာကို မင်းကို ငါ ပြသပေးရမှာပေါ့"