အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁)
လူကြီးမင်းကျိုင်
တည်းခိုခန်း၏ တံခါးမကြီးမှာ ပွင့်နေပြီး သူတို့ဇနီးမောင်နှံ အပြင်သို့ ထွက်လိုက်ချိန်တွင် လမ်းမီးများ လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။
စည်ကားသည့်နေရာသို့ လျှောက်သွားကြစဉ် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကြားတွင် တစ်မျိုးတစ်ဘာသာ ထူးခြားနေသည့် နှစ်ထပ် သစ်သားအိမ် ရိုးရိုးလေးတစ်ခု သူတို့ရှေ့တွင် ပေါ်လာတော့၏။
“ဒါ ဟွာကျွင်းမုန့်ဆိုင်ကြီးပဲ သေချာတယ်”
အဘိုးကျိုင် ပြောလိုက်သည်။
ကျိုင်ကတော် တစ်မျိုးထူးဆန်းနေသည်ကို တွေ့လိုက်၏။
“သူဌေးမဟွာက တည်းခိုခန်းနဲ့ ပန်းထိုးအလုပ်ရုံကို ဒီလောက် သေသေသပ်သပ် ဆောက်ထားပြီးတော့ ဘာလို့ မုန့်ဆိုင်ကြီးကိုကျတော့ သေသေချာချာ မပြင်ဆင်တာပါလိမ့်”
အဘိုးကျိုင် ခေါင်းခါပြ၏၊ သူလည်း အကြောင်းရင်းကို မသိပေ။
‘ဒါပေါ့၊ မုန့်ဆိုင်ကြီးကို ပြင်လို့မှ မရတာ’
ဟွာကျွင်းမှာ ထိုအချိန်တွင် စိတ်ထဲမှ အော်ဟစ်နေမိသည်။
အထူးသဖြင့် တည်းခိုခန်း၏ တံခါးမကြီးမှာ မည်မျှ ခမ်းနားထည်ဝါသည်ကို မြင်ရသောအခါ သူမ အလွန်ပင် မနာလိုဖြစ်မိသည်။
အကယ်၍ မုန့်ဆိုင်ကြီး၏ တံခါးမကြီးကိုသာ အသစ်ပြန်ဆောက်နိုင်မည်ဆိုလျှင် ဆိုင်ဖွင့်သည်နှင့် အပြင်ဘက်မှ ဖောက်သည်များ တံခါးပေါက်လေးမှ တစ်ဆင့် တိုးဝှေ့ဝင်ရောက်လာကြမည် မဟုတ်ပေ။
အဘွားကျန်း ဟွာကျွင်းနှင့်အတူ ရှိနေပြီး ယနေ့ ဆိုင်ဖွင့်ပွဲ အခမ်းအနားအကြောင်းကို ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြနေ၏။ တည်းခိုခန်းတွင် ဧည့်သည်များ ရောက်နေပြီဖြစ်ကြောင်းနှင့် သူတို့က ဟွာကျွင်းအတွက် ဖယ်ထားသော နို့စို့အရွယ် ဝက်ကင်ကို စားသွားကြကြောင်းလည်း ခပ်ပေါ့ပေါ့ပင် ပြောပြလိုက်သည်။
“ဧည့်သည်တွေ ဒီလောက်မြန်မြန် ရောက်လာမယ်လို့ မထင်ထားဘူး၊ ဒါ နိမိတ်ကောင်းပဲ၊ ဝက်ကင် ကုန်သွားတာ ကိစ္စမရှိပါဘူး၊ ဟွာရှန့်အဘိုးက ကြက်တွေ အခုတင် ပို့ပေးလိုက်သေးတယ်”
ဟွာကျွင်း ဝမ်းသာအားရ ပြောပြန်လိုက်သည်။
ဟွာရှန့်၏ အဘိုးသည် နေ့ဘက်တွင် ကြက်ငါးကောင်ကို သတ်ထားပြီးဖြစ်ရာ ဟွာကျွင်း ဆိုင်တံခါးဖွင့်သည်နှင့် ချက်ချင်း ယူလာပေးခဲ့ခြင်းဖြစ်သည်။
ဤကြက်များမှာ သုံးလသားအရွယ်သာ ရှိသေးသဖြင့် အသားမှာ အလွန်နူးညံ့နေမည့်အချိန်ဖြစ်ပြီး လွှတ်ကျောင်းထားသော ကြက်များဖြစ်ရာ တစ်နေ့လျှင် ခြေလှမ်းပေါင်း သောင်းချီ လျှောက်လှမ်းထားသဖြင့် အသားမှာ အလွန်မွှေးကြိုင်နေပေလိမ့်မည်။ ဟွာကျွင်းသည် “သူတောင်းစားကြက်” (ရွှံ့ဖြင့် ဖုတ်သော ကြက်အစာသွပ်ကင်) လုပ်ရန် ဆုံးဖြတ်လိုက်၏။
ကြက်ကို ဆေးကြောပြီးနောက် ခဏမျှ နှပ်ထားလိုက်သည်။
သူမသည် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ငရုတ်ကောင်းမှုန့်ဖြူ၊ ခရုဆီ၊ ဆားနှင့် သကြားတို့ကို ထည့်လိုက်ပြီး ကောက်ညှင်းအရက်ချို တစ်ဇွန်းမောက်မောက်နှင့် ဇီးသီးအနည်းငယ်ကိုပါ ထပ်ထည့်ကာ ကြက်ကို လက်ဖြင့် နှိပ်နယ်ပေးပြီးနောက် ပလတ်စတစ်စဖြင့် အုပ်ကာ ဘေးတွင် ထားလိုက်သည်။
သူမသည် အထဲတွင် ထည့်မည့် အစာများကို ဆက်လက်ပြင်ဆင်၏။ မုန်လာဥနီ၊ ကြာစွယ်၊ တို့ဟူးခြောက်၊ မှိုခြောက်နှင့် သစ်အယ်သီးများကို အတုံးလေးများ တုံးပြီး ပြောင်းဖူးစေ့များနှင့်အတူ ကျက်သည်အထိ ကြော်လိုက်ကာ ခရုဆီအနည်းငယ်ဖြင့် အရသာ ထပ်ဖြည့်လိုက်သည်။
ဟွာကျွင်းသည် ကြာရွက်ခြောက်များကို ကြိုတင်ဝယ်ယူထားပြီး ဖြစ်ရာ ၎င်းတို့ကို ထုတ်၍ ရေစိမ်လိုက်သည်။
ကြာရွက်ပေါ်တွင် ကြက်တစ်ကောင်လုံးကို တင်လိုက်ပြီးနောက် ကြော်ထားသော အစာများကို ကြက်၏ ဗိုက်ထဲသို့ အပြည့်အသိပ် ထည့်လိုက်ပြီး အားမန်က နောက်ဆုံးအစအနလေးအထိ ဇွန်းဖြင့် ကူညီဖိထည့်ပေး၏။
နောက်ဆုံးတွင် ဖုတ်နေစဉ်အတွင်း အစာများ အပြင်သို့ ထွက်မကျစေရန် သွားကြားထိုးတံများဖြင့် ပိတ်လိုက်သည်။
သူမသည် ကြက်ပေါ်သို့ ဆီအနည်းငယ် ဖြန်းပြီး ကြာရွက်ဖြင့် စတင်ထုပ်ပိုးတော့သည်၊၊ ဤနေရာတွင် ထွေထွေထူးထူး မှတ်သားစရာ မရှိပေ။ ကြက်တစ်ကောင်လုံးကို လုံအောင် ထုပ်ပိုးရန်သာ လိုအပ်သည်။
ဟွာကျွင်းသည် ကြက်ကို ထုပ်ရန် ကြာရွက်နှစ်ရွက်ကို အသုံးပြုလိုက်သည်။
ကြိုးဖြင့် ချည်ပြီးနောက် ဒန်စက္ကူ တစ်လွှာဖြင့် ထပ်မံ ထုပ်ပိုးလိုက်ပြန်၏။
အမှန်တကယ်တော့ ဤအခြေအနေမှာတင် တိုက်ရိုက် ဖုတ်နိုင်ပြီ ဖြစ်သော်လည်း ရွှံ့မပါသော “သူတောင်းစားကြက်”မှာ အနှစ်သာရ မရှိလှပေ။
ဟွာကျွင်းသည် “သူတောင်းစားကြက်”အတွက် သီးသန့်ဖြစ်သော ရွှံ့စေးဝါ တစ်ထုတ်ကို ထုတ်ယူကာ အရက်ဖြူနှင့် ရေကို ရောပြီး ရွှံ့နယ်သည့် ကစားနည်းကို စတင်လိုက်သည်။
ဟွာရှန့် စိတ်လှုပ်ရှားစွာ ပြောတော့သည်။
“အစ်မ၊ သမီး ဒါကို တော်တယ်နော်၊ ငယ်ငယ်တုန်းက ဒါမျိုးဆော့ရတာ သမီး သိပ်ဝါသနာပါတာ”
ထို့နောက် သူမ၏ အင်္ကျီလက်ကို လိပ်တင်ကာ စတင်နယ်ဖတ်တော့သည်။
မြေကြီးကို ရွှံ့စိုဖြစ်အောင် နယ်ပြီးနောက် ဟွာကျွင်းက ဒန်စက္ကူပေါ်တွင် ရွှံ့များကို မည်သို့သုတ်ရမည်ကို လက်တွေ့ သင်ပြပေးသည်။
ရွှံ့ကို အလွှာအထူကြီး သုတ်လိုက်သောအခါ ကြက်၏ ပုံစံမှာ မပေါ်တော့ဘဲ ပိုးအိမ်ကြီး တစ်ခုကဲ့သို့ ဖြစ်သွားတော့၏။
ဟွာကျွင်းနှင့် ကျန်နှစ်ယောက်မှာ ငါးကောင်ဆက်တိုက် ပြုလုပ်ပြီးနောက် ဆိုင်အပြင်ဘက်သို့ သယ်ဆောင်သွားကြသည်။
မနေ့က သူမသည် အားမောက်ကို ဆိုင်ပြင်ပ မြေကွက်လပ်တွင် ရွှံ့မီးဖို တစ်ခု ဆောက်ခိုင်းထားခဲ့သည်။ ရွှံ့အုတ်အချို့ဖြင့် တည်ဆောက်ထားသော ရိုးရိုးပုံစံလေးဟု ထင်ရသော်လည်း တကယ်တမ်းတွင် အသေးစိတ်အချက်အလက်များသည် အလွန်အရေးကြီးပါ၏။
ကံကောင်းထောက်မစွာပင် အားမောက်နှင့် ရွာသားအချို့မှာ ဟွာကျွင်း ပေးထားသော ပုံစံငယ်ကို ကြည့်ရှုလေ့လာပြီးမှ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
ရွှံ့အုတ်များကို စုစုပေါင်း ခုနစ်လွှာခန့် စက်ဝိုင်းပုံစံ စီရပြီး အောက်ခြေတွင် မီးဖိုတံခါး ထားရှိရကာ ရွှံ့အုတ်တစ်လုံးချင်းစီ၏ အချင်းမှာလည်း အောက်ခြေတွင် ကြီးပြီး အပေါ်သို့ ရောက်လေ သေးငယ်သွားလေဖြစ်ပြီး တဖြည်းဖြည်း ချွန်သွားရမည်။
အားမောက်နှင့် အခြားသူများမှာ ပုံမှန်အားဖြင့် ကျောက်မီးဖိုများကိုသာ ဆောက်လေ့ရှိပြီး ဤကဲ့သို့ ရွှံ့မီးဖိုမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်ရာ အိုးလုပ်သည့် မီးဖိုနှင့် တူသော်လည်း ပို၍ သေးငယ်လှသည်။
သူဝန်ခံရမည်မှာ သူဌေးမဟွာသည် အစားအသောက်နှင့် ပတ်သက်လာလျှင် ဘယ်တော့မှ မခိုမကပ်ဘဲ သေသေချာချာ လုပ်ဆောင်ခြင်း ဖြစ်၏။
“ပေါင်းအိုး နဲ့ ဖုတ်ရင်လည်း အဆင်ပြေနေတာပဲကို ဘာလို့ သီးသန့် မီးဖိုကြီး ဆောက်နေရတာလဲ”
မော့ချွမ်း မေးလိုက်၏။
ဟွာကျွင်း ပြန်ပြောလိုက်သည်။
“ပေါင်းအိုးနဲ့ ဖုတ်တဲ့ ဟင်းပွဲက ဒီလို မီးခိုးနံ့မျိုး ဘယ်ရနိုင်ပါ့မလဲ၊ ဒီလောက်ကောင်းတဲ့ ကြက်တွေကို အလဟဿ မဖြစ်စေနဲ့”
မော့ချွမ်းကတော့ ကောင်းကင်ကိုသာ အားကိုးရာမဲ့စွာ မော့ကြည့်နေတော့သည်။
သူ့အတွက်တော့ ဟင်းခတ်အမွှေးအကြိုင် အများကြီးနှင့် ကြက်ကို မိုက်ခရိုဝေ့ဖ်တွင် ထည့်ချက်ရင်တောင် အရသာ မဆိုးနိုင်ပေ။
ဟွာကျွင်းနှင့် အခြားသူများ ကြက်များကို ရွှံ့မီးဖိုဆီသို့ သယ်သွားကြကာ မီးမွှေးလိုက်ပြီး မီးငြိမ်သွားသည်နှင့် ကြက်များကို အထဲသို့ ဖြည်းဖြည်းချင်း ထည့်လိုက်ကြသည်။
သူမ လက်ကို ခါလိုက်ပြီး ပြော၏။
“ကဲ၊ အခုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့”
ရုတ်တရက် သူမ၏ နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“အားနာပါတယ်။ ဒါ ဘာလုပ်နေတာလဲ”
ဟွာကျွင်း လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်မွေး ခပ်ရေးရေးနှင့် ပညာတတ်ပုံစံ အမျိုးသားတစ်ဦးနှင့် သူမကို ပြုံးပြနေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
“ကျွန်မတို့ သူတောင်းစားကြက်လုပ်နေတာပါ”
ဟွာကျွင်းက ပြန်ဖြေလိုက်၏။
“ “သူတောင်းစားကြက်” ဟုတ်လား၊ အခုလေးတင် ထည့်လိုက်တဲ့ ရွှံ့တုံးကြီးတွေက ကြက်တွေလား”
“ဟုတ်ပါတယ်၊ အပြင်ဘက်က ရွှံ့တွေလေ။ အတွင်းထဲမှာ ကြက်ကို ထုပ်ထားတာပါ”
“ဘာလို့ ဒီလို အပိုအလွှာကြီး ထည့်ထားရတာလဲ”
“တစ်လွှာတည်းတင် မဟုတ်ဘူး။ အထဲမှာ နောက်ထပ် နှစ်လွှာ ရှိသေးတယ်”
ဟွာရှန့်က ပြုံးလျက် ဝင်ပြော၏။
“ဒီကြက်ကို လုပ်ရတာ တကယ်ကို ရှုပ်ထွေးတာရှင်”
ဟွာကျွင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ ဒါပေမဲ့ အလွှာတိုင်းမှာ ရည်ရွယ်ချက် ရှိပါတယ်၊ အထူးသဖြင့် အထဲက ကြာရွက်တွေပေါ့။ ဖုတ်ပြီးသွားရင် ကြက်တစ်ကောင်လုံးမှာ ကြာရွက်နံ့တွေ စိမ့်ဝင်နေမှာမို့ အရမ်းစားကောင်းပါတယ်”
“ဒီအဘိုးကြီး တစ်ကောင်လောက် ဝယ်စားလို့ ရမလား”
ကြက်ငါးကောင်ဆိုသည်မှာ နည်းလှသည်မဟုတ်သော်လည်း ဟွာကျွင်းက သူစိမ်းများကို ရောင်းပေးသည့် အလေ့အထ မရှိသဖြင့် ငြင်းပယ်ရန် ပြင်စဉ်မှာပင် အဘွားကျန်းက ပြေးလာပြီး ပြောလိုက်သည်။
“သူဌေးမဟွာ၊ ဒီနှစ်ယောက်က ကျွန်မတို့ တည်းခိုခန်းရဲ့ ပထမဆုံး ဧည့်သည်တွေဖြစ်တဲ့ လူကြီးမင်းကျိုင် နဲ့ ကျိုင်ကတော် တို့ပါ”
“ဪ၊ တည်းခိုခန်းက ဧည့်သည်တွေကိုး၊ ဒါဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ခဏလောက် ထိုင်စောင့်ပေးပါဦး။ ဖုတ်ပြီးသွားရင် ကျွန်မ ရှင်တို့ဆီ ယူလာပေးပါ့မယ်”
လူကြီးမင်းကျိုင် ထွက်မသွားဘဲ သူမအနားတွင် ဆောင့်ကြောင့်ထိုင်လိုက်၏။
“ကျွန်တော် ဘယ်မှ မသွားတော့ဘူး၊ ဒီမှာပဲ စောင့်မယ်”
“ဘယ်လိုဖြစ်မှာလဲ၊ ဒါက အတော်ကြာမှာလေ... ရှင် ပျင်းနေမှာ စိုးလို့ပါ”
“ဒီမှာ လေကောင်းလေသန့် ရတယ်၊ ပြီးတော့ ကျွန်တော့်မှာ သူဌေးမဟွာ အဖော်ရှိနေတာပဲ။ ဘယ်လိုလုပ် ပျင်းစရာကောင်းမှာလဲ၊ ကျွန်တော်တော့ အတော်လေး ကောင်းတယ်လို့ ထင်တယ်”
သူ ထိုသို့ပြောသည်ကို ကြားသောအခါ ဟွာကျွင်း မော့ချွမ်းကို ခုံတစ်လုံး သွားယူရန် အမြန်ခိုင်းလိုက်ရသည်။ ဝတ်ကောင်းစားလှ ဝတ်ထားသည့် သူကို မြေကြီးပေါ်တွင် ထိုင်ခိုင်းထားရန် မသင့်တော်ပေ။
မော့ချွမ်းက ချက်ချင်း ပြေးထွက်သွား၏။
လူကြီးမင်းကျိုင်ကတော့ ဟန်ဆောင်မှုများ မရှိဘဲ ဟွာကျွင်းနှင့် ဖြည်းဖြည်းချင်း စကားစမြည် ပြောလာသည်။
“သူဌေးမဟွာ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးလို့ ကြားတယ်။ ဘာလို့ ဒီမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့တာလဲ”
“ကံကြမ္မာကြောင့် ထင်ပါတယ်။ တစ်ခါ ရောက်လာပြီးကတည်းက ပြန်မထွက်နိုင်တော့တာ...”
ဟွာကျွင်း ပြန်ဖြေလိုက်၏။
လူကြီးမင်းကျိုင် ရယ်မောရင်း ဆက်ပြောသည်။
“ဟင်း၊ ဒါဆို ခင်ဗျားက ဒီက ရှုခင်းတွေကို ချစ်သွားတာပေါ့။ ခင်ဗျား မူလတန်းကျောင်း တစ်ကျောင်းလည်း ဖွင့်ထားတယ်လို့ သူငယ်ချင်းတစ်ယောက်ဆီက ကြားတယ်။ ပြီးတော့ ကျောင်းလခ မယူတဲ့အပြင် ဆုတွေတောင် ပေးတယ်ဆို”
ဟွာကျွင်း ပြုံးလျက် ပြန်ဖြေ၏။
“ဟုတ်တယ်။ ရွာထဲက ကလေးတိုင်း စာဖတ်တတ်၊ ဂဏန်းတွက်တတ်ပြီး သူတို့ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို သင်ယူနိုင်စေချင်လို့ပါ”
“ဒါက တကယ်ကို မွန်မြတ်တဲ့ စိတ်ကူးပဲ၊ သိတဲ့အတိုင်း ကလေးတစ်ယောက် ကျောင်းထားဖို့ ကုန်ကျတဲ့ ငွေက သာမန်မိသားစုတစ်ခု သုံးနှစ်စာ စားလို့ရတယ်၊ ခင်ဗျားက ကလေးတွေ ဒီလောက်အများကြီးကို ထောက်ပံ့ပေးနေတာဆိုတော့”
ဟွာကျွင်း ရှင်းပြသည်။
“မဟုတ်ပါဘူး၊ ကျွန်မ တစ်ယောက်တည်း ထောက်ပံ့တာ မဟုတ်ပါဘူး၊ စစ်သူကြီးလု လည်း ပါဝင်ကူညီထားသလို၊ ရွာထဲက လူအများအပြားလည်း လှူဒါန်းထားကြပါတယ်။ ဒါကြောင့် ရန်ပုံငွေက ပြဿနာ မရှိပါဘူး”
လူကြီးမင်းကျိုင် ချီးကျူးလိုက်၏။
“ခင်ဗျားက တကယ်ကို နှိမ့်ချတတ်တဲ့သူပဲ”