အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂)
နန်းတွင်းတက္ကသိုလ်မှ ကျိုင်စီယဲ့
သူတို့ စကားပြောနေစဉ်မှာပင် မော့ချွမ်း ဝါးကုလားထိုင်တစ်လုံး သယ်လာ၏။ သူက မြေပြင်ပေါ်ရှိ မြေခဲလေးများကို ခြေထောက်ဖြင့် ခါထုတ်လိုက်ပြီးနောက် ကုလားထိုင်ကို မလှုပ်မယိုင်အောင် သေသေချာချာ ချပေးကာ လူကြီးမင်းကျိုင်နှင့် ကျိုင်ကတော်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ထို့နောက် သူ ဟွာကျွင်းကို စာတစ်စောင် တိတ်တိတ်လေး ကမ်းပေးလိုက်၏။
ဟွာကျွင်း ကြည့်လိုက်ရာ လုမင်လီ ပို့လိုက်သည့်စာ ဖြစ်နေသဖြင့် သူမသည် လူကြီးမင်းကျိုင်ကို ခွင့်တောင်းကာ အနားရှိ လမ်းမီးတိုင်အောက်တွင် စာကို ဖတ်လိုက်သည်။
စာထဲတွင် လုမင်လီက အရေးကြီးသည့် ကိစ္စတစ်ခုကို ဖော်ပြထား၏။ နန်းတွင်းတက္ကသိုလ်မှ ကျိုင်စီယဲ့ သည် အနားယူသွားပြီဖြစ်ရာ လုမင်လီက မူလတန်းကျောင်းတွင် စာသင်ကြားပေးရန် သူ့ကို အထူးတောင်းဆို ထားသည်။
လုမင်လီသည် သူ့ကို အရသာရှိသော အစားအသောက်များဖြင့် ဆွဲဆောင်လိုက်ရ၏။ အတော်လေး ခက်ခက်ခဲခဲ ဖျောင်းဖျပြီးမှ ကျိုင်စီယဲ့က လာရောက်လေ့လာကြည့်ရန် သဘောတူခဲ့သည်။ ထို့ကြောင့် ဟွာကျွင်းကို ကောင်းမွန်စွာ စီစဉ်ပေးထားရန် မှာကြားထားသည်။
ဟွာကျွင်းသည် ရွှံ့မီးဖိုကို စောင့်ကြည့်နေကြသည့် လူကြီးမင်းကျိုင်နှင့် ကျိုင်ကတော်ကို လှမ်းကြည့်လိုက်ပြီး အခြေအနေကို နားလည်သွားသည်။
သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ တစ်ခုခု မှားပြောမိသလားဆိုသည်ကို အမြန် ပြန်စဉ်းစားကြည့်ခြင်း ဖြစ်သည်။
လူကြီးမင်းကျိုင် မူလတန်းကျောင်းအကြောင်း မေးခဲ့သော်လည်း ကံကောင်းထောက်မစွာ အသေးစိတ် ဆွေးနွေးချိန် မရခဲ့သေးပေ။
ဟွာကျွင်း အလုပ်အင်တာဗျူး ဖြေရတော့မည့်သူကဲ့သို့ ရုတ်တရက် စိတ်လှုပ်ရှားလာ၏။ သူမ စာကို သိမ်းလိုက်ပြီး ဆံပင်နှင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် လူကြီးမင်းကျိုင်၏ အနားသို့ ပြန်သွားလိုက်သည်။
လူကြီးမင်းကျိုင်သည် ဟွာကျွင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ မော့ကြည့်လိုက်ပြီး ခပ်အေးအေးမေးလိုက်၏။
“ယွမ်ကျိုးရဲ့ စာကို ရပြီလား”
“ဟီးဟီး ရှင် သိပြီးသားပဲကိုး။ ကျွန်မက ကျိုင်စီယဲ့ရဲ့အဆင့်အတန်းကို မသိဘဲ ကောင်းကောင်းမွန်မွန် ဧည့်မခံနိုင်ခဲ့တာ အားနာဖို့ ကောင်းပါတယ်။ ဧည့်ဝတ်ကျေပွန်မှုမှာ လိုအပ်ချက်တွေရှိရင် ဆရာကျိုင်စီယဲ့နဲ့ ကျိုင်ကတော်တို့ကပဲ နားလည်ပေးကြပါနော်”
‘ဒီလိုပြောတာက ပိုမှန်မယ် မဟုတ်လား။ အရင်က ဒီလို လှပတဲ့ စကားလုံးတွေကို ပိုပြီး ကျက်မှတ်ထားခဲ့သင့်တာ’
“ရပါပြီ၊ အဲဒီလိုတွေ လိုက်လုပ်နေစရာ မလိုပါဘူး။ ခင်ဗျား ပြောနေကျ လေသံအတိုင်းပဲ ပြောပါ”
လူကြီးမင်းကျိုင်က ပြောလိုက်သည်။
သူ့ဇနီးဖြစ်သူကလည်း ဟွာကျွင်းကို ကြင်နာစွာ ပြုံးပြ၏။
“ယွမ်ကျိုးက သူ့စာထဲမှာ အကုန်လုံး ရှင်းပြထားပြီးသား ဖြစ်မှာပါ၊ ဒါကြောင့် ကျွန်တော် အများကြီး မပြောတော့ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ကျွန်တော်က ဒီကို လာကြည့်ပေးဖို့ပဲ သူ့ကို ကတိပေးထားတာ။ တကယ်လို့ ဒီနေရာက နေဖို့ မထိုက်တန်ဘူးလို့ ခံစားရရင် ကျွန်တော်တို့ကတော့ ပြန်မှာပဲ”
“ဒါက သဘာဝကျပါတယ်။ ဆုံးဖြတ်ချက်က ရှင့်လက်ထဲမှာပဲ ရှိတာပါ။ ကျွန်မ တစ်ခုလောက် မေးပါရစေ။ ရှင်က ဘယ်လို အချက်တွေကို အဓိက လေ့လာမှာလဲ”
လူကြီးမင်းကျိုင်၏ မျက်လုံးများက ရွှံ့မီးဖိုဆီက မခွာပေ။ သူ အင်းအဲလုပ်ကာ ဘာမှ ပြန်မပြောပေ။
ကျိုင်ကတော်က ပြုံးလျက် ပြောလိုက်၏။
“သူက အစားအသောက် အရမ်းမက်တဲ့သူလေ။ ရှင့်အစားအသောက်တွေက သတင်းထဲကလို တကယ်ပဲ စားလို့ကောင်းရဲ့လားဆိုတာကိုပဲ အဓိက ကြည့်ချင်နေတာ”
“သတင်းတွေထဲမှာ ဘယ်လိုပြောထားလဲတော့ ကျွန်မ မသိဘူး၊၊ ဒါပေမဲ့ ရှင်တို့ ဒီမှာ နေမယ်ဆိုရင်တော့ ကျွန်မ ကျွေးမဲ့ ထမင်းသုံးနပ်က ရှင်တို့ တစ်ခါမှ မစားဖူးတဲ့ အရာတွေ ဖြစ်စေရမယ်လို့ အာမခံပါတယ်။ ကောင်းကောင်းမွန်မွန်နဲ့ ဗိုက်ဝအောင် စားရစေရမယ်၊ တစ်လလုံးလုံး ဟင်းတစ်မျိုးတည်းကို မထပ်စေရဘူးလို့လည်း အာမခံတယ်”
ဟွာကျွင်း ပြောလိုက်၏။
လူကြီးမင်းကျိုင် သူ့မုတ်ဆိတ်ကို ပွတ်ရင်း ပြောတော့သည်။
“မင်းက ကြွားလှချည်လား မိန်းကလေး၊ ငါက ဘယ်သူလဲဆိုတာ သိရဲ့လား။ ငါ့ဘဝမှာ အကြီးမားဆုံး ဆန္ဒက ကမ္ဘာပေါ်မှာရှိတဲ့ အရသာအရှိဆုံး အစားအသောက်တွေကို မြည်းစမ်းဖို့ပဲ၊၊ ပြီးတော့ ငါ အစားအသောက် တော်တော်များများကိုလည်း စားဖူးတယ်လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။ ဒါတောင် မင်းက ငါတို့ မစားဖူးတဲ့ အစားအသောက်တွေ ရှိတယ်။ တစ်လလုံး ဟင်းမထပ်ဘူးလို့ ပြောရဲတယ်ပေါ့”
သူ နှစ်ချက်မျှ လျှာသပ်လိုက်ပြီး ဆက်ပြော၏။
“မိန်းကလေး၊ မင်း ဒီလောက်ကြီးတဲ့ စကားကို မပြောခင် ယွမ်ကျိုးကို သေသေချာချာ အရင်မေးလိုက်ဦး”
အစားအသောက်နှင့် ပတ်သက်လာလျှင် ဟွာကျွင်း၏ ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားပြီး အသံပင် အနည်းငယ် မြင့်သွားတော့သည်။
“ကျွန်မ အာမခံနိုင်တယ်လို့ ပြောရင် တကယ် အာမခံနိုင်တာပါ”
ဟွာကျွင်းသည် အဘွားကျန်း ပြောခဲ့သည်များကို ပြန်စဉ်းစားမိပြီး လူကြီးမင်းကျိုင်ကို မေးလိုက်၏။
“ရှင် တည်းခိုခန်းက အစားအသောက်တွေကို မြည်းစမ်းပြီးပြီလို့ ကြားတယ်လေ။ အဲဒီ နို့စို့အရွယ် ဝက်ကင် ဒါမှမဟုတ် အခုလုပ်နေတဲ့ “သူတောင်းစားကြက်”က ကျွန်မရဲ့ လက်ရာကို သက်သေမပြနိုင်ဘူးလား”
နေ့လယ်က စားခဲ့သည့် ဝက်သား အပိုင်းအစလေးများအကြောင်း ညနေပိုင်းမှာပင် ဟွာကျွင်း၏ နားထဲ ရောက်သွားလိမ့်မည်ဟု လူကြီးမင်းကျိုင် မထင်ထားပေ။ သူ အနည်းငယ် အနေခက်သွားသော်လည်း ဇွတ်ငြင်းလိုက်၏။
“မင်းပြောနေတာတွေက ငါ မစားဖူးတဲ့ အရာတွေ မဟုတ်ဘူး။ ဝက်ကင်ဆိုတာ ဝက်သားကို ကင်ထားတာပဲ၊ အဲဒါကို ငါ စားဖူးတယ်။ ပြီးတော့ “သူတောင်းစားကြက်”ကိုလည်း ငါ မမြည်းရသေးဘူး၊ နာမည်ပဲ ကွဲနေတာလား ဘယ်သူသိမှာလဲ၊ ကြည့်ရတာတော့ ကြက်ကင်ထားတာပဲ မဟုတ်လား”
လူကြီးမင်းကျိုင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေသည်။ မိန်းကလေးက တစ်လစာ အာမခံတယ်ဆိုသော်ငြား ခဏလေးအတွင်း၌ ဟင်းနှစ်ပွဲက အရည်အချင်း မပြည့်မီတော့ဘူးဟု သူတွေးလိုက်၏။
ဟွာကျွင်း “...”
‘ကောင်းပြီ၊ ကောင်းပြီ၊ ဒီလို ကစားချင်တာပေါ့’
ဟွာကျွင်းက ရယ်မောလိုက်ပြီး ပြန်ပြော၏။
“ဒါဆိုရင်တော့ ပြဿနာ မရှိပါဘူး၊ ကျွန်မဆီမှာ ဟင်းပွဲတွေ အများကြီး ရှိပါသေးတယ်”
ခဏနားပြီးနောက် သူမ ဆက်ပြောသည်။
“အခု နာမည်ကြီးနေတဲ့ ကဏန်းအုန်းနို့ဟင်း နဲ့ ဗုဒ္ဓနံရံပေါ်ခုန်ပျံကျော်အကြောင်းပဲ ပြောကြရအောင်။ ဒါတွေကို ရှင် မစားဖူးဘူး မဟုတ်လား။ ကျွန်မ သေချာ မှတ်မိတယ်။ နန်းတွင်းတက္ကသိုလ်က ဘယ်အရာရှိကိုမှ ကျွန်မ မရောင်းဖူးဘူး”
“ပြီးတော့ ဆိုင်မှာ အရောင်းရဆုံး ပီဇာ တွေ၊ ပီဇာ တစ်မျိုးတည်းတင် အရသာ နှစ်ဆယ်ကျော် ရှိတာ။ ဒါတွေကိုလည်း ရှင် စားဖူးဖို့ အခွင့်အရေးရှိမယ် မထင်ဘူးနော်”
“ကြက်သားဆိုရင်လည်း၊ မာလာကြက်သားအထုံအစပ်ကြော် ၊ ကြက်သားပြုတ်၊ ကြက်သားသုပ်၊ ဇီးသီးကြက်သားချက် ၊ ဆားဖုတ်ကြက်၊ ကြက်ပဲငံပြာရည် ၊ မြေအိုးကြက်သားထမင်းပေါင်း ၊ အုန်းသီးကြက်သား ၊ သစ်အယ်သီးကြက်သား စသဖြင့် အများကြီး ရှိတယ်။ ရှင် ဘယ်နှစ်မျိုး စားဖူးလဲ”
“ငါးဆိုရင်လည်း၊ ကကတစ်ပေါင်း ၊ ငါးရှဉ့်၊ ငါးဓါးရှည်လုံးချက်၊ ကြက်သွန်မြိတ်ငါးဟင်း၊ ငရုတ်သီးထောင်း ငါးခေါင်းပေါင်း စတာတွေ ရှိတယ်။ ဒါတွေကိုရော ရှင် အကုန်မြည်းဖူးလို့လား”
“အသားဟင်းတွေဆိုရင်တော့ ပြောမနေနဲ့တော့ ဝက်သားနှစ်ပြန်ချက် ၊ ဝက်နံရိုးချိုချဉ် ၊ ဝက်ကြွပ်ချိုချဉ်၊ ဒုံပိုဝက်သားတုံး၊ ဝက်သားနီချက်၊ နာနတ်သီးဝက်သားချိုချဉ်၊ ဝက်မုန်ညင်းချဉ် ၊ ဆန်လှော်မှုန့်ဝက်သားပေါင်း စသဖြင့် အများကြီးပဲ၊ ဘယ်လိုတောင် ရေတွက်ရမှန်းတောင် မသိတော့ဘူး”
“ပြီးတော့ နောက်ထပ်...” ဟွာကျွင်းက ပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာရာ လူကြီးမင်းကျိုင်က သူမကို အမြန်တားလိုက်ရ၏။
“မိန်းကလေး၊ မိန်းကလေး... သူဌေးမဟွာ၊ ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကျွန်တော် ယုံပါပြီ။ ခင်ဗျား ပြောနေတာတွေကို ကြားရတာနဲ့တင် ကျွန်တော့်ဗိုက်ထဲက ဆာလောင်လွန်းလို့ အသံတွေတောင် ထွက်နေပြီ။ ကျွန်တော် ဘယ်တော့ စာသင်ရမလဲ”
ထိုအချိန်တွင် ဟွာကျွင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ် ပြည့်ဝနေသော ဒေါင်းတစ်ကောင်ကဲ့သို့ပင်။ သူမ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ရှင်က ကျွန်မကို လေ့လာပြီးပြီဆိုတော့၊ ကျွန်မကရော။ ရှင် ဒီမှာ နေချင်တယ်ဆိုရင် ရှင် ဘာသင်ပေးနိုင်လဲဆိုတာ အရင်ပြောပြရမယ်။ ကျွန်မတို့ ရွာက လူပိုတွေကို အလကား မကျွေးဘူးနော်”
လူကြီးမင်းကျိုင် ရယ်မောမိသွားပြီး မေးလိုက်၏။
“ကျွန်တော်က ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ၊ ဂီတ၊ ကဗျာ နဲ့ သမိုင်းကြောင်းတွေကို ကျွမ်းကျင်သလို၊ ကွန်ဖြူးရှပ် ကျမ်းစာတွေကိုလည်း ကောင်းကောင်း သင်ပေးနိုင်တယ်။ ကျွန်တော့်ဇနီးကတော့ ပန်းချီမှာ ဆရာတစ်ဆူပဲ၊ သူက ပန်းချီသင်ပေးနိုင်တယ်။ ခင်ဗျား ကျေနပ်ရဲ့လား”
ဟွာကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
“အို... ကျွန်မတို့ဆီမှာ ပန်းချီဆရာတော့ လိုနေတာ အမှန်ပဲ၊ ဒါပေမဲ့ ကဗျာသင်ဖို့ကတော့ ဆရာတစ်ယောက် ရှိနေပြီ... နည်းနည်းတော့ ခက်သွားပြီ”
လူကြီးမင်းကျိုင် ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်မိသွားသည်။
“ခင်ဗျား ကျောင်းက အဲဒီပညာရှိက ကျွန်တော့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ကျွန်တော်က နန်းတွင်းတက္ကသိုလ်က လာတာလေ”
“နန်းတွင်းတက္ကသိုလ်က လာတော့ ဘာဖြစ်လဲ၊ ကျွန်မတို့ ကျောင်းသားတွေက အရာရှိစာမေးပွဲအောင်ဖို့ တစ်ခုတည်းကိုပဲ ရည်မှန်းချက်ထားတာ မဟုတ်ဘူး။ အကယ်၍ ရှင့်ရဲ့ သင်ကြားပုံက ခေါင်းမာပြီး အရမ်းတင်းကြပ်နေမယ်ဆို ရှင် နေသင့် မနေသင့် ကျွန်မတို့ စဉ်းစားရမှာပဲ”
ထိုစကားကို ကြားသောအခါ လူကြီးမင်းကျိုင် ဇဝေဇဝါဖြင့် မေးလိုက်၏။
“အရာရှိစာမေးပွဲကို ရည်မှန်းချက် မထားဘူးလား။ ဒါဆို ဘာလို့ ကျောင်းဖွင့်တာလဲ ဒါက ကလေးတွေကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား”
ဟွာကျွင်း ရှင်းပြ၏။
“အရာရှိစာမေးပွဲကို တစ်ခုတည်းသော ရည်မှန်းချက် အဖြစ် မထားတာပါ။ တကယ်လို့ ကလေးတစ်ယောက်က စာသင်ဖို့ တကယ် ဝါသနာပါပြီး အရည်အချင်းရှိရင်တော့ ကျွန်မ သူ့ကို အကောင်းဆုံး ထောက်ပံ့ပေးမှာပါ”
“ဒါပေမဲ့ လူတိုင်းက စာမေးပွဲဖြေပြီး အရာရှိဖြစ်မဲ့ လမ်းကြောင်းနဲ့ မကိုက်ညီကြပါဘူး။ အများစုက ကျွန်မလို သာမန်လူတွေပါပဲ။ ကျွန်မက သူတို့ကို သိသင့်သိထိုက်တဲ့ အသိပညာတွေ သင်ပေးချင်တာ၊ ဒါမှ နောင်တစ်ချိန် လူ့အဖွဲ့အစည်းမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှာ”
“သူတို့ရဲ့ ဝါသနာနဲ့ အရည်အချင်းအလိုက် ခွဲခြားသင်ကြားပေးပြီး သူတို့ စိတ်ဝင်စားတဲ့ နယ်ပယ်တွေမှာ ထူးချွန်တဲ့ လူတော်တွေ ဖြစ်လာစေဖို့က ကျွန်မရဲ့ အခြေခံ စိတ်ကူးတွေပဲ”
ဤစကားများက လူကြီးမင်းကျိုင်ကို နက်နက်ရှိုင်းရှိုင်း တွေးတောသွားစေ၏။ မိသားစုများစွာမှာ သားသမီးများကို စာသင်နိုင်ရန် အရာအားလုံးကို ပေးဆပ်ကြသော်လည်း နောက်ဆုံးတွင် ထိပ်ဆုံးသို့ ရောက်ရှိအောင်မြင်သူ မည်မျှရှိပါသနည်း။
အကယ်၍ အခြေခံပညာရေးကို တကယ်ပင် လူတိုင်းလက်လှမ်းမီအောင် လုပ်ဆောင်နိုင်ပြီး အရည်အချင်းအလိုက် လူတော်များကို မွေးထုတ်ပေးနိုင်မည်ဆိုလျှင် မဆိုးလှသော နည်းလမ်းတစ်ခုဟု ဆိုရမည်။
သို့သော် ဤအရာအတွက် ကုန်ကျမည့် ငွေကြေးပမာဏမှာ မခန့်မှန်းနိုင်လောက်အောင်ပင် ဖြစ်ရာ ကြွယ်ဝချမ်းသာသော သူဌေးမဟွာသာ ဤကဲ့သို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။