အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃)
သူတောင်းစားကြက်
ကျိုင်စီယဲ့သည် ထိုစကားများ ကြားရသောအခါ စိတ်လှုပ်ရှားသွားပြီး ဤနေရာတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
အဆုံးမရှိသော အရသာရှိသည့် အစားအသောက်များအပြင် ဤပညာရေးစနစ်သစ်က မည်သည့်နေရာသို့ ဦးတည်သွားမည်ကိုလည်း သူ မြင်တွေ့လိုလှသည်။ သူကိုယ်တိုင်လည်း သက်သေတစ်ဦးအဖြစ်ရော ပါဝင်ဆောင်ရွက်သူတစ်ဦးအဖြစ်ပါ ရှိနေချင်မိ၏။
သူသည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်၊၊ သိသာထင်ရှားမှုမရှိသော ရွာငယ်လေးတစ်ရွာဖြစ်သော်လည်း အလွန်ပင် တက်ကြွလန်းဆန်းနေ၏။ သူသိထားသလောက် ဤရွာသားများသည် မူလက ရွာအသီးသီးမှ လာကြသူများဖြစ်ပြီး အစပိုင်းတွင် သူဌေးမဟွာ ကျွေးမွေးသည့် အစားအသောက်များကြောင့်သာ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ သူတို့အားလုံးတွင် ဤနေရာသည် ကိုယ့်အိမ်ကိုယ့်ရာဟူသော ခံစားချက်မျိုး ရှိနေကြပြီး ၎င်းမှာ သူဌေးမဟွာ၏ ထူးခြားသော စည်းလုံးစေနိုင်သည့် စွမ်းအားကြောင့် ဖြစ်ပေလိမ့်မည်။ သူကိုယ်တိုင်လည်း ထိုစွမ်းအား၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။
လူကြီးမင်းကျိုင် ခေါင်းခါရင်း မေးလိုက်၏။
“ခင်ဗျားပြောတာကို ကျွန်တော် နားလည်ပါပြီ။ ကဗျာနဲ့ စာပေတွေအပြင် ‘သင်္ချာအတတ် ကိုးခန်းတွဲ’(သင်္ချာအနုပညာ အခန်းကြီး ကိုးခန်း) ကိုလည်း ကျွန်တော် သင်ပေးပါ့မယ်။ ဒါဆိုရင် ဒီမှာနေဖို့ လုံလောက်ပြီလား”
ဟွာကျွင်း ဝမ်းသာအားရဖြင့် မျက်နှာဝင်းပသွားကာ ပြောလိုက်သည်။
“ရတာပေါ့၊ ရတာပေါ့၊ အခုနက ကျွန်မ ရှင့်ကို စနောက်လိုက်တာပါ။”
နှစ်ယောက်သား ရယ်မောလိုက်ကြ၏။ ဟွာကျွင်း သူမ နှာခေါင်းကို တို့လိုက်ရင်း ပြောလိုက်သည်။
“ရှင်တို့ တည်းခိုခန်းမှာ နေရတာ အဆင်မပြေဘူး။ ကျွန်မ ရှင့်အတွက် မူလတန်းကျောင်းနဲ့ နီးတဲ့ ဝင်းခြံလေးပါတဲ့ အိမ်တစ်လုံး စီစဉ်ပေးပါ့မယ်။ ရှင်တို့ရဲ့ စားသောက်ရေးကိုလည်း သီးသန့်စီစဉ်ပေးမှာမို့ စိတ်မပူပါနဲ့။ အကောင်းဆုံးတွေပဲ ဖြစ်စေရမယ်”
ခေတ်သစ်မှာဆိုလျှင် ၎င်းက တက္ကသိုလ်ပါမောက္ခတစ်ယောက်ကို ဧည့်ခံသည့် အဆင့်အတန်းမျိုးပေ။
“မလောပါနဲ့ဦး၊ တည်းခိုခန်း အခန်းတွေကလည်း ကောင်းပါတယ်။ ကျွန်တော်တို့ အရင်ဆုံး ရက်နည်းနည်းလောက် နေကြည့်ပါဦးမယ်”
“ကောင်းပါပြီ၊ အိမ်ပြင်ဖို့ကလည်း ရက်နည်းနည်း ကြာမှာဆိုတော့ အတော်ပဲပေါ့”
သူမ ခဏစဉ်းစားပြီးမှ မေးလိုက်သည်။
“နေစရိတ် စားစရိတ် အပါအဝင် တစ်လကို ငွေတေး (၃၀) ပေးမယ်ဆိုရင် ရှင် လက်ခံနိုင်မလားဟင်”
“ကောင်းပါပြီ၊ အတော်လေး များတာပဲ”
ငွေတေး သုံးဆယ်ဆိုသည်မှာ တက္ကသိုလ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လစာနှင့် ညီမျှနေပြီဖြစ်ရာ သူ ဘယ်လိုလုပ် မကျေမနပ် ဖြစ်နိုင်ပါ့မည်နည်း။
စကားပြောနေရင်း ဟွာကျွင်း၏ အိတ်ကပ်ထဲမှ ဖုန်းလေးက တုန်ခါလာ၏။ သူမ ခိုးကြည့်လိုက်ရာ သူမ သတ်မှတ်ထားသော အချိန်ပြည့်သွားပြီ ဖြစ်သည်။
“ကဲ၊ စားဖို့ အချိန်တန်ပြီ”
ဟွာကျွင်း အော်ပြောလိုက်၏။ မော့ချွမ်းနှင့် ဟွာရှန့်တို့က ဘယ်ကနေ ရောက်လာမှန်းမသိ သူမအနားတွင် ဆောင့်ကြောင့်ထိုင်ကာ လက်ကလေးများ ပွတ်ရင်း ရွှံ့မီးဖိုကို မျှော်လင့်တကြီး ကြည့်နေကြသည်။
ဟွာကျွင်း ဂေါ်ပြားကို ယူကာ ပြိုကျနေသော ရွှံ့များကို ဖယ်ထုတ်ပြီး အထဲကို ဂရုတစိုက် စမ်းကြည့်ကာ ရွှံ့များပေကျံနေသော အထုပ်တစ်ထုပ်ကို ကော်ထုတ်လိုက်၏။
သူမသည် ထိုရွှံ့ထုပ်ကို အနားရှိ မြေပြန့်ပေါ်တွင် တင်လိုက်ပြီး အိတ်ကပ်ထဲမှ တူအသေးလေးကို ထုတ်ကာ အသာအယာ ထုလိုက်သည်။ ရွှံ့ထုပ်မှာ ကွဲအက်သွားပြီး အောက်ခြေရှိ ငွေရောင် ဒန်စက္ကူလေး ပေါ်လာသည်။
ရွှံ့များကို သန့်စင်ပြီးနောက် ဟွာကျွင်းက ဓားငယ်လေးဖြင့် ဒန်စက္ကူကို လှီးဖြတ်လိုက်ရာ အထဲမှ ကြာရွက်များ ပေါ်လာတော့၏။
ကြာရွက်များမှာ အလွန်ပူနေသဖြင့် သူမ အကြိမ်ကြိမ် ကိုင်ကြည့်သော်လည်း အပူလောင်သွားသည်။ မော့ချွမ်း တိုးဝင်လာပြီး ပြောလိုက်၏။
“ကျွန်တော့် အရေခွံက ထူပါတယ်၊ အပူမကြောက်ဘူး၊ ကျွန်တော့်ကို ပေး”
ထိုသို့ဆိုကာ ဟွာကျွင်း၏ နေရာတွင် ဝင်လိုက်သည်။ သူ ကြိုးကို လက်ဖြင့် ဇွတ်ဖြုတ်လိုက်ပြီး ကြာရွက်များကို ခွာလိုက်၏။
ထိုခဏ၌ အရက်နံ့ ခပ်သင်းသင်း၊ ကြာရွက်၏ လန်းဆန်းသော အနံ့နှင့် ကြက်သား၏ မွှေးကြိုင်သော အနံ့တို့မှာ တစ်ပြိုင်နက်တည်း ပျံ့လွင့်လာပြီး ရွှေအိုရောင် ကြက်သားမှ ဆီလေးများမှာ တစီစီ မြည်နေသည်။
ကြက်သားမှာ အသာအယာ ဆွဲရုံဖြင့် ပြုတ်ထွက်လာတော့မည့် အခြေအနေဖြစ်သည်။ မော့ချွမ်း အကင်ညှပ်နှင့် ပန်းကန်သွားယူရန် အမြန်ပြေးသွား၏။ သူက အကင်ညှပ်ဖြင့် ကြက်ခြေထောက် တစ်ချောင်းလုံးကို ညှပ်ယူပြီး မော့မကြည့်ဘဲ ဟွာကျွင်းကို ကမ်းပေးလိုက်သည်။
ဟွာကျွင်းက ၎င်းကို ယူလိုက်ပြီး ကျိုင်ကတော်ထံ ကမ်းပေးလိုက်၏။
“ကျိုင်ကတော်၊ ရှင့်ရဲ့ အရသာနဲ့ ကိုက်မကိုက် အရင်ဆုံး မြည်းကြည့်ပါဦးလားရှင်”
ကျိုင်ကတော်က ပြုံးလျက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးမဟွာ၊ ဒါဆို ကျွန်မ အရင် မြည်းကြည့်ပါ့မယ်”
ကျိုင်ကတော်သည် ပညာရှိအငွေ့အသက်များ လွှမ်းခြုံထားပြီး စကားပြောဆိုပုံမှာလည်း နူးညံ့သိမ်မွေ့လှသည်။
ကျန်သည့် ကြက်ခြေထောက် တစ်ချောင်းကိုမူ ကျိုင်စီယဲ့ကို ပေးလိုက်သည်။
ကျိုင်စီယဲ့သည် ကြက်ခြေထောက်ကို ပါးစပ်သို့ ဖြည်းဖြည်းချင်း ယူလာကာ ကိုက်လိုက်သည်။ အရသာကို သိလိုက်ရသည့် ခဏမှာပင် သူ့မျက်ခုံးများ အနည်းငယ် မြင့်တက်သွားတော့သည်။
သူတောင်းစားကြက်မှာ ကျက်ပုံကျက်နည်း အနေတော်ဖြစ်ပြီး အရေခွံမှာ ရွှေအိုရောင်ဖြင့် တင်းတင်းလေး ဖြစ်နေကာ အသားမှာ နူးညံ့လှ၏။ ခြောက်ကပ်မနေသလို အဆီလည်း မများလှပေ။ မည်သည့်ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားမှန်း မသိသော်လည်း အငန်အရသာမှာ ကွက်တိဖြစ်ပြီး အနံ့မှာ အလွှာလိုက် ထူးကဲနေသော်လည်း ကြက်သား၏ သဘာဝအရသာကို လုံးဝ ဖုံးလွှမ်းခြင်း မရှိပေ။
၎င်းမှာ အခြေခံအားဖြင့် ကြက်ကင်ပင် ဖြစ်သော်လည်း ဤမျှ အရသာရှိသော ကြက်ကင်မျိုးကို သူ တစ်ခါမှ မစားဖူးခဲ့ချေ။
သူသည် ပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်ရာ အားလုံးမှာ ကြက်သားစားခြင်း၌ အာရုံစိုက်နေကြပြီး အထူးသဖြင့် လူငယ်လေးဖြစ်သော မော့ချွမ်းမှာ သူ့အမူအရာကိုပင် ဂရုမစိုက်နိုင်ဘဲ စားနေတော့သည်။
သူလည်း ဂရုမစိုက်နိုင်တော့ဘဲ ကြက်ခြေထောက် တစ်ချောင်းလုံးကို ပါးစပ်ထဲ ထည့်လိုက်ရာ တစ်ချက်တည်းနှင့်ပင် ကြက်ခြေထောက် အရိုးမှာ လုံးဝ ပြုတ်ထွက်လာတော့သည်။
ကြက်ခြေထောက် တစ်ချောင်းမှာ နှစ်လုပ်တည်းနှင့် ကုန်သွားသဖြင့် သူ ထပ်မံ စားချင်နေသော်လည်း မရှိတော့ပေ။ သူ့လက်ချောင်းများပေါ်ရှိ ဆီများကို ကြည့်ရင်း သူ တွန့်ဆုတ်နေမိပြီး နောက်ဆုံးတွင်တော့ လျှာဖြင့် လျက်ရန် သတ္တိမရှိပေ။
ဟွာကျွင်းက သူမ အိတ်ကပ်ထဲမှ တစ်ရှူး တစ်ခုကို ထုတ်ကာ လူကြီးမင်းကျိုင်ကို ပေးလိုက်ပြီး ကျန်သည့်သူများကိုလည်း တစ်ယောက်တစ်ခုစီ လိုက်ဝေပေးလိုက်သည်။
လူကြီးမင်းကျိုင်သည် သန့်ရှင်းနူးညံ့သော စက္ကူကို ကိုင်ထားရင်း စိတ်ထဲမှ ပြောနေမိ၏။
“ဘယ်လို မိသားစုမျိုးလဲ၊ ဒီလောက်ကောင်းတဲ့ စက္ကူကိုမှ လက်သုတ်ပုဝါအဖြစ် သုံးရတယ်လို့”
လူတိုင်း ကြက်တစ်ကောင်ကို ဝေစားကြပြီး အလွန်ပင် ကောင်းမွန်ကြောင်း တဖွဖွ ချီးကျူးကြသည်။ ဤအချိန်တွင် ကြက်လေးကောင် ကျန်ရှိနေသေးရာ ဟွာကျွင်းက စတင်ခွဲဝေပေးလိုက်သည်။
တစ်ကောင်ကို ဟွာရှန့်၏ အဘိုးမိသားစုအတွက်။
တစ်ကောင်ကို လူကြီးမင်းကျိုင်အတွက် ညစာအဖြစ် ထုပ်ပေးလိုက်သည်။
တစ်ကောင်ကို ဆိုင်အတွက် ချန်ထား၏။
အားလုံးလည်း ဗိုက်ဝအောင် မစားရသေးသောကြောင့် ဖြစ်သည်။
နောက်ဆုံး အကြီးဆုံးတစ်ကောင်ကိုမူ လီနျန်နှင့် အားမောက်တို့ ဝေစားရန် ရွေးပေးလိုက်သည်။
သူတောင်းစားကြက်မှာ အရသာရှိရုံတင်မကဘဲ ဝိတ်လျှော့နေသူများအတွက်လည်း သင့်တော်၏။ ဟွာကျွင်း အားမန်ကို နောက်ထပ် နှစ်ကောင် ထပ်ဖုတ်ခိုင်းပြီး မနက်ဖြန် တည်းခိုခန်း၏ တတိယထပ်သို့ ပို့ခိုင်းလိုက်သည်။
တည်းခိုခန်း ဖွင့်ပြီဆိုသည်နှင့် တတိယထပ်မှာလည်း ဖွင့်ပွဲလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ လက်ရှိတွင် သူဌေးမ ရှို့ယွန်း အပါအဝင် သင်တန်းသူ စုစုပေါင်း လေးဦး ရှိ၏။
ဟွာကျွင်း မလောပေ။ ရှေးခေတ်လူများ၏ အစားအသောက်မှာ ခေတ်သစ်လူများကဲ့သို့ မစုံလင်သော်လည်း ဝဝတုတ်တုတ်ရှိသူများ နည်းပါးသည်ဟု မဆိုလိုပေ။ အာဟာရ မမျှတခြင်းကလည်း အဆီများ စုပုံလာစေနိုင်သလို လှုပ်ရှားမှုနည်းသော သူဌေးကတော်များနှင့် အမျိုးသမီးများမှာ ပို၍ပင် ဝလာတတ်ကြသည်။
ဝိတ်လျှော့ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်စေပြီး ပိုမိုကျန်းမာလာစေရန် ဟွာကျွင်း တွေးမိသည်။
သူမသည် ရှို့ယွန်းထံသို့ စကားပါးလိုက်၏။
ဝိတ်လျှော့သင်တန်းကို အားကစားခန်းမဟု အမည်ပြောင်းလဲလိုက်မည်။ ဆောင်ပုဒ်မှာ “ကျန်းမာအောင် စားသုံးစို့၊ ပျော်ရွှင်စွာ ကခုန်စို့” ဖြစ်၏။
အားကစားခန်းမ၏ ဖွင့်ပွဲကို နံနက်ပိုင်းတွင် သတ်မှတ်ထားသည်။ ဟွာကျွင်း ထုံးစံအတိုင်း မလာနိုင်ခဲ့သော်လည်း ယခုတစ်ခေါက်မှာ တည်းခိုခန်း ဖွင့်ပွဲကဲ့သို့ မခမ်းနားလှပေ။
အလယ်တွင် အနီရောင်ဖဲကြိုးကို ပန်းပွင့်ပုံစံ ချည်နှောင်ထားပြီးနောက် အာရှင်းက ဟွာကျွင်းကိုယ်စား၊ ရှို့ယွန်းနှင့်အတူ ကတ်ကြေးကို ကိုင်၍ ဖဲကြိုးဖြတ်လိုက်ရာ အခမ်းအနား ပြီးဆုံးသွားတော့သည်။
သူမ၏ သူငယ်ချင်းမ သုံးယောက်အတွက် ရှို့ယွန်း အလွန်ပင် စိတ်အားထက်သန်နေ၏။ သူတို့မှာ သူမ ပထမဆုံး ဖောက်သည်များဖြစ်ပေသည်။ သူတို့ရည်မှန်းချက်မှာ ဝိတ်လျှော့ဖို့လား အရသာရှိသော အစားအသောက် စားဖို့လားဆိုသည်ကို မသိသော်သော်လည်း သူမ၏ ဂုဏ်သိက္ခာကို အပျက်မခံနိုင်ပေ။
သူမ ဆိုင်ထဲသို့ ဝင်လာပြီဆိုသည်နှင့် သူမကသာ အုပ်ချုပ်သူဖြစ်သည်။
သူမသည် သူတို့တစ်နေ့ ထမင်းသုံးနပ်ကို စောင့်ကြည့်ပြီး တစ်လုတ်ပင် ပိုမစားခိုင်းပေ။ သူတို့ ကခုန်သည့်အခါတွင်လည်း သူမသည် နောက်ကနေ နှင်တံဖြင့် လိုက်ရိုက်ချင်စိတ်ပင် ပေါက်နေမိသည်။
တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက်တွင်ပင် ရှို့ယွန်း သူတို့ကို ပါကင်အထိ လမ်းလျှောက်သွားရန် အတင်းအကျပ် ခိုင်းစေခဲ့၏။
ညဘက်တွင်မူ ပို၍ပင် အံ့ဩစရာ ကောင်းလှသည်။ ရှစ်နာရီထိုးသည်နှင့် သူမသည် တစ်အိမ်တက် တစ်အိမ်ဆင်း တံခါးသွားခေါက်ကာ ခိုးမစားရန် သတိပေးတားမြစ်တော့သည်။
ဝိတ်လျှော့ခြင်းမှာ ထင်သလောက် မလွယ်ကူကြောင်း ရှို့ယွန်း သိ၏၊ သူမကိုယ်တိုင်မှာမူ အချိန်၊ နေရာနှင့် လူ အားလုံး ကိုက်ညီမှုရှိခဲ့၍သာ အတော်လေး လွယ်ကူခဲ့ခြင်း ဖြစ်သည်။
သူမသည် ကိုယ်ပိုင်အလုပ်တစ်ခုကို အောင်မြင်အောင် တည်ဆောက်ချင်စိတ် ပြင်းပြနေပြီး သူမကိုယ်တိုင် မည်မျှ ပြောင်းလဲသွားသည်ကို သိပုံမရပေ။
ဖြစ်နိုင်သည်မှာ ထိုဖက်ရှင်ရှိုးက သူမကို တုန်လှုပ်သွားစေခြင်း သို့မဟုတ် ဟွာကျွင်းနှင့် အချိန်အကြာကြီး အတူရှိနေခြင်းက သူမကို လွှမ်းမိုးသွားခြင်း ဖြစ်ပေလိမ့်မည်။
သူမ၏ ခွန်အားအားလုံးမှာ သူမ၏ သူငယ်ချင်းသုံးယောက်အပေါ်တွင်သာ အာရုံစိုက်ထားပြီး သူတို့နောက်သို့ အမြဲလိုက်ကာ အလေးအနက် အကြံပေးနေတော့သည်။
မမျှော်လင့်ဘဲ ၎င်းမှာ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိသွား၏။
မကြာမီမှာပင် သူတို့မှာ လှုပ်ပင်မလှုပ်နိုင်လောက်အောင် ပင်ပန်းသွားကြပြီး ခွင့်ယူရန်အတွက် တစ်ညီတစ်ညွတ်တည်း ဖျားနာချင်ယောင် ဆောင်ကြတော့သည်။
ရှို့ယွန်းက သူတို့ကို ခြိမ်းခြောက်လိုက်၏။
“နင်တို့ မလာရင် ပေးထားတဲ့ ပိုက်ဆံတွေကို ပြန်မအမ်းဘူးနော်”
သူတို့မှာ ပိုက်ဆံကိုပင် မလိုချင်တော့ဘဲ အိမ်မှာသာ လှဲနေချင်ကြတော့သည်။ စားစရာ မကောင်းလျှင်ပင် အားကစားခန်းမမှာ ခွေးတစ်ကောင်လို ပင်ပန်းနေရသည်ထက် စာလျှင်တော့ တော်သေးသည်။
သို့သော် ရှို့ယွန်းမှာ သာမန်မိန်းကလေး မဟုတ်ပေ။ သူမ၏ လုပ်ငန်းစတင်မှုကို လမ်းတစ်ဝက်မှာတင် ပျက်စီးသွားရန် သူမ အခွင့်ရေးပေးမည် မဟုတ်ပေ။