← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅)

ကြီးမားသော လောင်းကြေးတစ်ခု

ပျက်စီးပြီ၊ အကုန်လုံး ပျက်စီးကုန်ပြီ။

ရှို့ယွန်း ထူပူအံ့ဩလျက် အတွေးတစ်ခုသာ စိတ်ထဲတွင် ကျန်ရှိတော့သည်။

နွားသိုးကဲ့သို့ သန်မာသော သူငယ်ချင်းများနှင့် ဖိမိ၍ သေလုနီးပါးဖြစ်နေသော သူဌေးကြီးယောင်ကို သူမ မည်သို့ ဆွဲထုတ်ခဲ့သည်ကို မမှတ်မိတော့ပေ။ ချွေမားမားက သူမကို ဘာတွေ ဆူပူကြိမ်းမောင်းတော့သည်။ သူမကိုယ်တိုင် မည်သို့ ပြန်လည်တောင်းပန်ခဲ့သည်ကိုလည်း မမှတ်မိတော့ချေ။

သတိပြန်ဝင်လာချိန်တွင် သူမသည် မုန့်ဆိုင်ကြီး၏ အဝင်ဝသို့ ရောက်ရှိနေပြီ ဖြစ်၏။

သူမသည် သက်ပြင်းတစ်ချက်ချကာ မုန့်ဆိုင်ထဲသို့ ဝင်သွားပြီး နံရံကိုမှီ၍ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ဟွာကျွင်းသည် မီးဖိုချောင်ထဲမှ ထွက်လာရာ ရှို့ယွန်းကို တိုက်မိမတတ် ဖြစ်သွား၏။

“အစ်မရှို့ယွန်း၊ ဘာဖြစ်လို့လဲ ဘာလို့ မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတာလဲ”

ဟွာကျွင်းသည် သူမရှေ့တွင် လိုက်၍ ထိုင်လိုက်ကာ ရှို့ယွန်း၏ အာရုံပြန်ရလာစေရန် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

ရှို့ယွန်း သတိပြန်ဝင်လာသောအခါ ခါးသီးသော အမူအရာဖြင့် ပြောတော့၏။

“ညီမလေး... အားကစားခန်းမတော့ ပျက်စီးသွားပြီ...”

“ဘာဖြစ်လို့လဲ။ ဘယ်လို ပျက်စီးသွားတာလဲ”

ရှို့ယွန်း နောက်ဆုံးတွင် ခံစားချက်များကို ဖွင့်ချခွင့်ရသွားတော့သည်။

“ညီမလေးရယ်... အစ်မ ဧည့်သည်တွေကို မဆွဲဆောင်နိုင်တော့ဘူး၊ သူတို့က အရမ်းပင်ပန်းတယ်ဆိုပြီး ညည်းညူပြီး မလာကြတော့ဘူး။ ပြီးတော့ အစ်မက အကြံဆိုးတစ်ခု ထုတ်မိလို့ ချွေမားမားရဲ့ ပြည့်တန်ဆာအိမ်မှာလည်း ဆူညံပွက်လောရိုက်ကုန်ပြီ...”

“ဒါက ကိစ္စကြီးတစ်ခုလို့ အစ်မ ထင်နေတာလား။ ချွေမားမားဘက်ကတော့ ဘာမှမဖြစ်ပါဘူး၊၊ ပျက်စီးသွားတာတွေရှိရင် ပေးလျော်လိုက်ရုံပဲပေါ့”

ရှို့ယွန်း ခေါင်းညိတ်ပြ၏။

“အစ်မ ပြောထားပြီးသားပါ၊ သူ တွက်ချက်ပြီးရင် အစ်မကို အကြောင်းကြားပါလိမ့်မယ်”

ဟွာကျွင်းသည် သူမကို မြေကြီးပေါ်မှ ဆွဲထူလိုက်ပြီး ပြောလိုက်သည်။

“ဧည့်သည်တွေ ဆက်မလာကြတာနဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့တွေ ဘာမှမတတ်နိုင်ဘူး။ လူတိုင်းရဲ့ အခြေအနေက မတူကြဘူးလေ၊၊ ကျွန်မတို့တွေဘက်က အကောင်းဆုံး ကြိုးစားဖို့ပဲ လိုတာ။ နောက်ဆုံးမှာ သူတို့ ဘာကို ရွေးချယ်မလဲဆိုတာကိုတော့ ကျွန်မတို့မှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး”

သူမ ဆက်၍ ပြော၏။

“ဒါပေမဲ့ ဒီနေ့ အစ်မပြောတာ ကြားရတော့ အခွင့်အရေးတစ်ခု ရှိနေသေးတယ်လို့ ခံစားရတယ်။ မနက်ဖြန်ကျရင် စောင့်ကြည့်ကြတာပေါ့”

ရှို့ယွန်း ဝမ်းနည်းနေရာမှ ဝမ်းသာသွားကာ မေးတော့သည်။

“တကယ်လား၊ အခွင့်အရေး ရှိသေးတယ်ပေါ့”

“ဒါက ကျွန်မရဲ့ ဆဌမအာရုံ အရ ပြောတာပါ”

ဟွာကျွင်း ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

ရှို့ယွန်း ပုံမှန်အတိုင်း ပြန်လည်တက်ကြွလာပြီး မေးပြန်၏။

“ဆဌမအာရုံဆိုတာ ဘာလဲ၊ အဲဒါ ဘယ်လိုရှိတာလဲ၊ အစ်မမှာရော ရှိလား၊ အဲဒါကို ဝယ်လို့ရလား”

မေးခွန်းများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် ဟွာကျွင်း ပြန်မဖြေနိုင်တော့ပေ။ ထိုစဉ် ဟွာရှန့်က သူမကို လှမ်းခေါ်သဖြင့် ထိုအခွင့်အရေးကို အသုံးချကာ လစ်ထွက်ခဲ့တော့သည်။

နောက်တစ်နေ့တွင်မူ သူတို့ တကယ်ပင် ရှို့ယွန်းထံသို့ ပြန်ရောက်လာကြ၏။

ရှို့ယွန်းသည် အားကစားခန်းမ အဝင်ဝတွင် လက်ပိုက်လျက် စိတ်မရှည်သော အမူအရာဖြင့် ရပ်နေသည်။

“ဘာလာလုပ်ကြတာလဲ၊ ပိုက်ဆံပြန်မအမ်းဘူးလို့ ငါတို့တွေ သဘောတူထားပြီးသား မဟုတ်လား၊ ဘာလို့ ငါ့ဆီကို လာနေကြသေးတာလဲ”

သူတို့ မျက်နှာများတွင် မျက်နှာလိုမျက်နာရ အပြုံးများ ပြည့်နှက်နေ၏။

“ပိုက်ဆံပြန်မတောင်းပါဘူး၊ မတောင်းပါဘူး၊ ငါတို့တွေက ဘယ်လိုလုပ် ပိုက်ဆံပြန်တောင်းရမှာလဲ၊ ငါတို့တွေ တခြားကိစ္စနဲ့ လာတာပါ... အရမ်းကောင်းတဲ့ ကိစ္စကြီးတစ်ခုပေါ့”

သူတို့ သုံးဦးစလုံးက တပြိုင်နက်တည်း ပြောကြတော့သည်။

“ငါတို့တွေ ဝိတ်လျှော့သင်တန်းကို ပြန်တက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ”

“ဟမ်”

“ငါတို့ဘုရားကျောင်းလေးက နင်တို့လို ဘုရားကြီးတွေကို လက်ခံဖို့ အင်အားမရှိပါဘူး”

မနေ့ညက ကြမ်းရမ်းခဲ့သော အမျိုးသမီးသည် ရှို့ယွန်း၏ ဟန်ဆောင်မှုကို အလျှော့မပေးဘဲ ပြောတော့သည်။

“ကျူးရှို့ယွန်း၊ မူမနေစမ်းပါနဲ့၊ ငါက နင့်ထက်တောင် စိတ်ဓာတ်ကျနေတာပါ၊ အဲဒီ သေနာကောင်က ပြည့်တန်ဆာအိမ်ကို တကယ် သွားပျော်ပါးနေတာ။ အဲဒီ ပြည့်တန်ဆာတွေက ဘာများကောင်းလို့လဲ။ သူက ငါ့ကို ဝလို့ အမြင်မကြည်တာပဲ... သူ ငါ့ကို အသစ်တစ်ဖန် ပြန်ငေးကြည့်လာအောင် ငါ ဝိတ်ကို အသေအလဲ လျှော့ပြမယ်၊ ဈေးသာပြောလိုက်စမ်းပါ၊ ငါ ဝိတ်လျှော့ချင်တယ်”

ခင်ပွန်းသည် အိမ်ထောင်ဦးစီးဖြစ်သော သူတို့ လူ့အဖွဲ့အစည်းတွင် ကွာရှင်းခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်၏။ အခြားရွေးချယ်စရာ မရှိသဖြင့် ဘဝကို ဆက်လက်ရင်ဆိုင်ရပေလိမ့်မည်။

ထို့နောက် ရှို့ယွန်းသည် ကျန်အမျိုးသမီးနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

“နင်တို့ကော ဘယ်လိုလဲ”

“ငါတို့တွေလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဝိတ်လျှော့ဖို့ လိုတယ်။ ငါတို့ မေးသုံးထပ်နဲ့ ဗိုက်ခေါက်နှစ်ထပ်ကို ကြည့်ရတာ စိတ်ကုန်လှပြီ၊ အရင်က ကျန်တဲ့ ပိုက်ဆံတွေကို နင်ပဲ ယူထားလိုက်ပါ၊ အခုအတွက် သီးသန့် ထပ်ပေးမယ်”

ရှို့ယွန်း ခေါင်းခါပြ၏။

“ငါတို့က မသမာတဲ့ စီးပွားရေးသမားတွေ မဟုတ်ဘူး။ ပိုက်ဆံကို ဘယ်လိုလုပ် ထပ်ခါတလဲလဲ ယူနေမှာလဲ။ ဒါပေမဲ့ နင်တို့တွေက အရင်လိုပဲ ဇွဲမရှိဘဲ လမ်းတစ်ဝက်မှာ ရပ်ပစ်မှာကို စိုးရိမ်တာ။ နင်တို့နဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်အများကြီး မရှိဘူး”

“ငါတို့ရဲ့ ဆုံးဖြတ်ချက်က အခု အရမ်းခိုင်မာနေပြီ၊၊ နင်ပြောသမျှ အကုန်နားထောင်မယ်”

ရှို့ယွန်းသည် သူတို့ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို တိုင်းတာကြည့်ပြီးနောက် ခေါင်းခါလျက် ပြော၏။

“နင်တို့ကိုယ်နင်တို့ ပြန်ကြည့်ကြဦး၊ ဒီရက်ပိုင်း ပျက်ကွက်နေတဲ့ အချိန်အတွင်းမှာ ခါးတွေ ပိုတောင် ကြီးလာကြသေးတယ်”

သူဌေးကြီးယောင်၏ ဇနီးသည်မှာ မျက်လုံးများ ကစားလိုက်ပြီး ငွေတုံးတစ်တုံးကို ထုတ်ကာ စားပွဲပေါ်သို့ အားပြင်းပြင်းဖြင့် ချလိုက်သည်။

“ငါ နင်နဲ့ ကြီးမားတဲ့ လောင်းကြေးတစ်ခု လောင်းမယ်”

“ဒီမှာ ငွေတေး (၃၀) ရှိတယ်၊ ငါ နင့်ဆီမှာ အပ်ထားမယ်။ ငါ ငါးကျင်[ငါးပေါင်ခန့် ] ကျတိုင်း ငါးတေး ပြန်ပေး။ ငါ (၃၀) ကျင် ကျသွားတဲ့အချိန်မှာ ငါ့ငွေတွေ အကုန်လုံး ငါပြန်ရမယ်”

ရှို့ယွန်းသည် ဉာဏ်ကောင်းသူသူဖြစ်ရာ သူမ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။

“အချိန်ကန့်သတ်ချက်ကော ဘယ်လောက်လဲ၊၊ နင်က ဒါကို အမြဲတမ်းကြီးတော့ ထားလို့မရဘူး မဟုတ်လား”

ထိုအမျိုးသမီးက ခဏ စဉ်းစားကာ ဖြေ၏။

“သုံးလလို့ သတ်မှတ်ကြတာပေါ့။ အကယ်၍ သုံးလအတွင်းမှာ ငါ (၃၀) ကျင် မကျရင် ကျန်တဲ့ငွေတွေ အကုန်လုံး နင်ယူလိုက်”

ရှို့ယွန်းသည် ငွေကို လက်ခံလိုက်ကာ ကျေနပ်စွာ ပြောလိုက်သည်။

“ဒါမျိုးမှပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် နင်တို့ကိုယ်တိုင်က ဝိတ်မလျှော့ချင်ရင် ငါတစ်ယောက်တည်း ကြိုးစားနေတာက ဘာထူးမှာလဲ”

ကျန်အမျိုးသမီးနှစ်ဦးသည်လည်း စဉ်းစားကြည့်ပြီး ငွေတေး (၂၀) စီ ထုတ်လိုက်ကြသည်။

“ငါတို့က သူ့လောက် မဝတော့ အများကြီး လျှော့စရာမလိုဘူး၊ (၂၀) ကျင် ကျရင် ရပြီ”

ထို့နောက် ယောင်ကတော်က မေး၏။

“ဒါပေမဲ့ နင် ငါတို့ကို အကောင်းဆုံး ကူညီပေးရမယ်၊၊ ဒီငွေတွေကို သိမ်းထားချင်ရုံသက်သက်နဲ့တော့ ငါတို့ကို လျှောက်မလုပ်နဲ့နော်”

ထိုအချိန်တွင် ရှို့ယွန်းသည် ပြေစာသုံးစောင်ကို ရေးသားပြီးစီး၍ သူမ အမည်ကို လက်မှတ်ရေးထိုးကာ ပေးအပ်လိုက်သည်။

“အဲဒါကိုတော့ စိတ်ချနိုင်ပါတယ်။ ငါ့ဆိုင်နာမည်ကို အပျက်အစီး မခံနိုင်ပါဘူး”

သူမ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ တွေးလိုက်၏။

‘ညီမလေး ခန့်မှန်းတာ တကယ် မှန်တာပဲ။ မနေ့က လုပ်လိုက်တဲ့ အကွက်က အလကား မဖြစ်သွားဘူး။ အနည်းဆုံးတော့ ပထမဆုံး ဖောက်သည်တွေကို ထိန်းထားနိုင်ခဲ့တယ်’

ဟွာကျွင်းသည် ဤအကြောင်းကို သိရှိပြီးနောက် အာရှင်းနှင့်အတူ အေရိုးဗစ်လေ့ကျင့်ခန်းများအကြောင်း ပြန်လည်ဆွေးနွေးကာ ခက်ခဲလှသည့်အဆင့်များကို အနည်းငယ် လျှော့ချပြီး လမ်းလျှောက်လေ့ကျင့်ခန်းများဖြင့် စတင်ရန် စီစဉ်လိုက်သည်။

လမ်းလျှောက်လေ့ကျင့်ခန်းမှာ နာမည်အတိုင်းပင် နေရာမှာတင် လမ်းလျှောက်သည့် ပုံစံကို ထိန်းသိမ်းထားခြင်း ဖြစ်၏။ ၎င်းသည် ကခုန်ခြင်း၊ ကြိုးခုန်ခြင်း သို့မဟုတ် ပြေးခြင်းတို့ကဲ့သို့ စွမ်းအင် အများကြီး မကုန်ခမ်းစေသော်လည်း အားသာချက်များ ရှိသည်။

လှုပ်ရှားမှုများမှာ ရိုးရှင်း၏။ အခက်အခဲနည်းသည်။ ကြာရှည်စွာ လုပ်ဆောင်နိုင်သည်။ သို့သော် ကယ်လိုရီ လောင်ကျွမ်းမှုမှာ နည်းလှသည် မဟုတ်ပေ။

သူမသည် အစားအသောက်စာရင်းကိုလည်း ပြန်လည်ပြင်ဆင်ပေးပြီးနောက် အားကစားခန်းမ ကိစ္စရပ်များကို ရှို့ယွန်းထံသို့ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်သည်။

သူမတွင် လုပ်ဆောင်စရာ အခြားကိစ္စများ ရှိနေသေး၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူကြီးမင်းကျိုင်နှင့် ကျိုင်ကတော်တို့သည် သူတို့သင်ခန်းစာများကို တဖြည်းဖြည်း စတင်နေကြပြီ ဖြစ်ရာ ဟွာကျွင်းသည် ယောင်ကျူကို ခေါ်ထုတ်ကာ အခြေအနေများကို မေးမြန်းကြည့်သည်။

ယောင်ကျူမှာ ကျိုင်စီယဲ့၏ သင်ကြားမှုပုံစံကို လုံးဝ အသားမကျသေးဘဲ မကျေနပ်ချက်များ ရှိနေသည်မှာ သိသာလှ၏။

“အရမ်းခက်တာပဲ၊ ဆရာကျိုင်စီယဲ့ သင်တာတွေကို ကျွန်တော် နားမလည်ဘူး။ အိမ်စာတွေကလည်း အများကြီးပဲ။ အခုဆိုရင် အိမ်ပြန်တဲ့ ရထားလုံးပေါ်မှာတောင် အိမ်စာတွေကို အလုအယက် လုပ်နေရတယ်”

ဟွာကျွင်းသည် ရွာထဲသို့ သွားရောက်ကာ အခြားကလေးအချို့ကိုလည်း မေးမြန်းကြည့်ရာ သူတို့အဖြေများမှာလည်း ယောင်ကျူ၏ အဖြေများနှင့် အတူတူပင် ဖြစ်နေသည်။

ထို့ကြောင့် သူမသည် ကျိုင်စီယဲ့ကို ရှာရန် တည်းခိုခန်းသို့ တိုက်ရိုက် သွားခဲ့၏။

ကျိုင်စီယဲ့သည် ဟွာကျွင်း ရောက်လာသဖြင့် အတော်ပင် အံ့ဩသွားသည်။

ဟွာကျွင်းသည် အပြစ်ရှာရန် လာခြင်းဖြစ်ကြောင်း သိနေသဖြင့် အနည်းငယ် အနေခက်နေမိ၏။

ထုံးစံအတိုင်းပင် သူမသည် အရင်ဆုံး အလာပသလာပ စကားများဖြင့် စတင်လိုက်သည်။

“လူကြီးမင်းကျိုင်၊ ကျိုင်ကတော်၊ ဒီရက်ပိုင်း ဒီမှာနေရတာ အဆင်ပြေရဲ့လားဟင်”

လူကြီးမင်းကျိုင် ပြန်ဖြေ၏။

“နေရတာ အဆင်ပြေပါတယ်။ ကုတင်ကလည်း ဇိမ်ရှိတယ်။ ရှုခင်းကလည်း ကောင်းတယ်။ အရမ်းကောင်းပါတယ်။ အဲ့တော့ အရမ်းကောင်းတယ်”

ကျိုင်ကတော်မှာမူ ပို၍ပင် ချီးကျူးနေတော့သည်။

“သူဌေးမဟွာ၊ အခန်းထဲက ပစ္စည်းတွေက တကယ်ကို သေသပ်လှပတာပဲ၊ အထူးသဖြင့် စောင်အစွပ်ပေါ်က အနုစိတ်ပုံစံလေးတွေနဲ့ လိုက်ကာပေါ်က ပုံစံတွေက တကယ်ကို ထူးခြားတယ်”

ဟွာကျွင်းမှာ ဇဝေဇဝါ ဖြစ်သွား၏။ လိုက်ကာပေါ်က ပုံစံများက ထူးခြားသည်ကို လက်ခံသော်လည်း စောင်အစွပ်များကို သူမသည် အဖြူရောင်အစစ်များကိုသာ သီးသန့်ဝယ်ထားခြင်း ဖြစ်သည်။ အနုစိတ်ပုံစံများက ဘယ်က ရောက်လာသနည်း။

သူမ ကုတင်ဆီသို့ လှမ်းကြည့်လိုက်ရာ စောင်အစွပ်၏ ထောင့်စွန်းလေးတွင် ချည်ထိုးထားသော စာကြောင်းလေးကို တွေ့လိုက်ရ၏။ “ ပျော်ရွှင်စရာနေ့ရက်တိုင်း”

၎င်းမှာ စောင်အစွပ်ကဲ့သို့ပင် အဖြူရောင်ဖြစ်သော်လည်း အနည်းငယ် ဖောင်းကြွနေသည်။

မြင်တွေ့ရန်တကယ်ကို မဖြစ်နိုင်လောက်အောင်ပင်။

ဟွာကျွင်း ပြုံးလျက် ပြော၏။

“ကျိုင်ကတော်က ပန်းချီဆရာမကြီးပီပီ မျက်စိရှင်တာပဲ။ အသေးစိတ် ကြည့်တတ်တဲ့ မျက်စိ တကယ် ထူးခြားပါတယ်”

ထို့နောက် သူမ ဆက်မေး၏။

“အစားအသောက်ကိုရော ကျေနပ်ကြရဲ့လား”

လူကြီးမင်းကျိုင်က နှာမှုတ်လိုက်ရာ သူ့မှုတ်ဆိတ်မွေးများပါ လှုပ်ခါသွားတော့သည်။

“အစားအသောက်ကတော့ ပြောစရာကို မလိုတာ၊ ဒီနေ့က မှိုနဲ့ သစ်အယ်သီး ကြက်စွပ်ပြုတ်ရယ်၊ ဝက်အူချောင်းထမင်းရယ်က တကယ်ကို မွှေးတာပဲ။ ကဲပါ၊ စကားတွေကို လှည့်ပတ်မနေပါနဲ့တော့၊ ပြောစရာရှိတာကို မြန်မြန်သာ ပြောလိုက်စမ်းပါ”

All Chapters