အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆)
ကိုးဆယ့်ကိုးသီချင်း
“ဘာမှမဟုတ်ပါဘူး။ ကျောင်းသားတချို့က ရှင်သင်တဲ့ သင်ခန်းစာတွေ အရမ်းများတယ်လို့ ပြောကြပြီး သူတို့ လိုက်မမီမှာကို စိုးရိမ်နေကြလို့ပါ”
လူကြီးမင်းကျိုင် တိတ်တဆိတ် စဉ်းစားနေပြီးနောက် ဟွာကျွင်းက ဆက်၍ ဖြည့်စွက်ပြောကြား၏။
“သူတို့က ကျောင်းစတက်ကာစ ကျောင်းသားတွေဆိုတော့ ရှင့်ရဲ့ အရှိန်ကို ချက်ချင်း လိုက်မမီနိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်”
“တကယ်ပါပဲ၊ ဒါ ကျွန်တော့်ရဲ့ ပေါ့ဆမှုပါ။ ဒါဆိုရင် သူဌေးမဟွာမှာ ဘယ်လို အကြံကောင်းတွေ ရှိလဲ”
ဟွာကျွင်းသည် ဤကလေးများ၏ င်္သချာအခြေခံမှာ ပထမတန်း ကျောင်းသားများနှင့် အဆင့်တူလောက်သာ ရှိသည်ဟု ယူဆမိ၏။ ပထမတန်း ကျောင်းသားများသည် များသောအားဖြင့် အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား တို့ကို သင်ယူရမြဲ ဖြစ်သည်။
“ဂဏန်းတစ်လုံးချင်း အပေါင်းအနှုတ်ကနေ စရင်ကော ဘယ်လိုလဲ”
“အဲဒါကိုတော့ မနေ့တစ်နေ့ကပဲ သင်ပြီးသွားပြီ”
“ဒါဆိုရင်... အမြှောက်ဇယားတွေကော”
“ကိုးဆယ့်ကိုးသီချင်း ကို ပြောတာလား”
ဟွာကျွင်းနှင့် လူကြီးမင်းကျိုင်တို့ အတည်ပြုလိုက်ကြရာ ၎င်းမှာ အမှန်တကယ်ပင် ကိုးဆယ့်ကိုးသီချင်းဟု ခေါ်ဆိုကြောင်း သိရသည်။
“မနေ့က သင်လိုက်တာ။ ကလေးအများစုကတော့ အလွတ်ရွတ်နိုင်နေကြပြီ”
ဟွာကျွင်း၏ မျက်နှာမှာ အံ့အားသင့်သွားရ၏။
‘ရှင် သင်တာ အရမ်းမြန်လွန်းတယ်လို့’
မနေ့ညက ထိုကလေးများ ဘာကြောင့် အိပ်ရေးပျက်ခံပြီး အမြှောက်ဇယားတွေကို အသည်းအသန် အလွတ်ကျက်နေကြသလဲဆိုသည်ကို ယခုမှ နားလည်တော့သည်။
လူကြီးမင်းကျိုင်သည် ကလေးများထံမှ ရရှိထားသော အိမ်စာများကို ထုတ်ယူကာ ဟွာကျွင်းကို ပြသလိုက်၏။
“သူဌေးမဟွာ၊ ကျောင်းသားတွေ ဘာတွေရေးထားလဲဆိုတာ လာကြည့်ပါဦး”
ဟွာကျွင်းသည် စူးစမ်းလိုစိတ်ဖြင့် လှန်လှောကြည့်ရှုရာ အများစုမှာ မှန်ကန်အောင် ရေးသားထားကြသည်ကို တွေ့ရသဖြင့် အံ့ဩသွားရသည်။
“ဒါက တကယ့်ကို အံ့ဩစရာပဲ၊ တစ်ရက်တည်းနဲ့ အလွတ်ရရုံတင်မကဘူး၊ အလွတ်ပါပြန်ရေးနိုင်ကြတာပဲ”
ဟွာကျွင်း အံ့ဩသွားသည်ကို မြင်သောအခါ လူကြီးမင်းကျိုင် အနည်းငယ် ဂုဏ်ယူသွား၏။
“ခင်ဗျားက ဟင်းချက်တာ တော်ပေမဲ့ ကျွန်တော်ကတော့ သင်ကြားရေးမှာ ခင်ဗျားထက် အတွေ့အကြုံ ပိုများပါတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတာပေါ့”
သူက ဆက်၍ ပြော၏။
“ခင်ဗျားရဲ့ မူလတန်းကျောင်းက ဖွင့်တာ သိပ်မကြာသေးဘူး။ ခင်ဗျားရဲ့ စေတနာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ ဒီကျောင်းမှာ ဘယ်နှစ်နှစ်လောက် နေနိုင်မှာလဲ၊ အချိန်တန်ရင် သူတို့တွေ အိမ်ထောင်ကျတာတို့၊ မိသားစု ထူထောင်တာတို့ လုပ်ကြမှာပဲ မဟုတ်လား၊ အဲဒီအချိန်ကျရင် ဘယ်သူက ကျောင်းလာနေတော့မှာလဲ”
“ဒါကြောင့် သင်ကြားရေးကို အရှိန်မြှင့်ရမယ်။ ဒါမှသာ အချိန်တိုအတွင်းမှာ အသိပညာတွေ အများကြီး သင်ယူနိုင်မှာ”
ထိုအခါမှသာ ဟွာကျွင်းသည် သူတို့က ခေတ်သစ်လူသားများနှင့် မတူကြောင်း သတိပြုမိသည်။ သူတို့အတွက် မူလတန်း သင်ခန်းစာများကို သင်ယူရန် (၁၂) နှစ် သို့မဟုတ် (၁၅) နှစ် အချိန်မရှိပေ။ မူလတန်းကျောင်းရှိ အသက်အကြီးဆုံး ကျောင်းသားမှာ (၁၀) နှစ်ရှိနေပြီ ဖြစ်ရာ သူတို့အတွက် အချိန်သိပ်မကျန်တော့ပေ။ ကျောင်းသားများကလည်း ဤအချက်ကို သိနားလည်သဖြင့် ပို၍ပင် ကြိုးစားနေကြခြင်း ဖြစ်၏။
ဟွာကျွင်း သက်ပြင်းချလျက် ဝန်ခံလိုက်သည်။
“ရှင့်ရဲ့ စဉ်းစားပုံက မှန်ပါတယ်၊၊ ကျွန်မကပဲ အကန့်အသတ်နဲ့ တွေးမိခဲ့တာပါ”
“အဲလိုလည်း မဟုတ်ပါဘူး။ ကျွန်တော်က ဒီလိုအရွယ် ကလေးတွေကို သင်ကြားရတဲ့ အတွေ့အကြုံ အားနည်းနေသေးတော့ အခု သင်ရိုးညွှန်းတမ်းတွေ ပြုစုနေပါတယ်။ သူဌေးမဟွာ စိတ်ဝင်စားရင် ကြည့်မလား”
ဟွာကျွင်း လက်ကာပြလျက် ပြောတော့သည်။
“ကျွန်မက သင်္ချာစာအုပ်ကြည့်ရင် အိပ်ငိုက်တတ်လို့ မကြည့်တော့ပါဘူး။ ဒါပေမဲ့ ကျွန်မ သင်ရိုးညွှန်းတမ်းတချို့ ရှာပေးပါ့မယ်။ ရှင့်အတွက် အသုံးဝင်မလားဆိုတာ မနက်ဖြန်ကျရင် ယူလာခဲ့ပေးမယ်လေ”
ဟွာကျွင်း ထရပ်ကာ ဆရာနှစ်ဦးကို နှုတ်ဆက်လိုက်၏။
ကျိုင်ကတော်သည် သူတို့ စကားပြောပြီးသည်ကို မြင်သောအခါ ဟွာကျွင်းကို အပြင်ဘက်အထိ လိုက်ပို့ရင်း စကားစမြည် ပြော၏။
“သူဌေးမဟွာ၊ မူလတန်းကျောင်းမှာ စာသင်ခဲ့တဲ့ ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ တကယ်ပဲ အမြင်ကျယ်လာခဲ့ရတယ်။ ကျောင်းက သုံးတဲ့ စက္ကူနဲ့ စုတ်တံတွေက သာမန်မိသားစုတွေ သုံးတာထက် အများကြီး ပိုကောင်းတယ်၊ ဒါတင်မကသေးဘူး မူလတန်းကျောင်းကနေ မင်တုံးတွေကို သွေးစရာမလိုဘဲ တိုက်ရိုက်သုံးလို့ရတဲ့ မင်ရည်တွေကိုပါ ထောက်ပံ့ပေးထားသေးတယ်”
“ဒီလို နေရာလေးမှာ အသေးစိတ်အချက်အလက်တိုင်းက သပ်ရပ်လွန်းနေတာပဲ။ သူဌေးမဟွာ အများကြီး စဉ်းစားပြီး စီစဉ်ထားတာ မဟုတ်လား”
“ဒီရက်ပိုင်း စာသင်ခဲ့ရသလောက်တော့ ရှင်ရဲ့ ကျောင်းသားတွေက သင်ယူလိုစိတ် ပြင်းပြကြပြီး မာန်မာနလည်း မရှိကြဘူး။ တခြားသူတွေ မပြောပြရင် သူတို့တွေက တစ်ချိန်က ဒုက္ခသည်တွေ ဖြစ်ခဲ့တယ်ဆိုတာ ယုံဖို့တောင် ခက်ပါတယ်။ ဒါတွေအားလုံးက သူဌေးမဟွာရဲ့ ကျေးဇူးတွေပါ၊ ကျွန်မ တကယ်ပဲ လေးစားမိပါတယ်။”
“ကျွန်မက အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ပန်းချီပညာဟာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းနိုင်တယ်လို့ ဂုဏ်ယူခဲ့တာ။ ဒါပေမဲ့ ရှင်ကို တွေ့မှပဲ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာ သိလိုက်ရတော့တယ်”
ကျိုင်ကတော်၏ စကားများကို ကြားသောအခါ ဟွာကျွင်းသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
“ကျိုင်ကတော်က ချီးမွမ်းလွန်းနေပါပြီ။ ကျွန်မက တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေတာပါ”
နောက်တစ်နေ့တွင် ဟွာကျွင်းသည် ရတနာကျွန်း အွန်လိုင်းမှ မူလတန်းနှင့် အလယ်တန်း သင်္ချာစာအုပ်များကို ဝယ်ယူခဲ့၏။ ရတနာကျွန်းမှ စာအုပ်များကို ဘာကြောင့် ဝယ်သနည်းဆိုသော် ၎င်းတို့သည် တရုတ်ရှေးစာလုံးအဟောင်း များဖြင့် ရေးသားထားသဖြင့် ဟွာကျွင်းအတွက် ဘာသာပြန်ရသည့် အလုပ်ကို သက်သာစေသောကြောင့် ဖြစ်သည်။
ဟွာကျွင်းသည် ထိုအချက်အလက်များကို အဖြူအမည်းဖြင့် ပုံနှိပ်ထုတ်ယူပြီးနောက် အဓိက အကြောင်းအရာများကို ဖြတ်ယူကာ ခေတ်မီလွန်းသော အစိတ်အပိုင်းအချို့ကို ဖယ်ထုတ်ပြီး စက္ကူပေါ်တွင် ပြန်လည် ကပ်လိုက်သည်။
ဤအလုပ်များကို လုပ်ဆောင်ပြီးသောအခါ ဟွာကျွင်းမှာ ချွေးတရွှဲရွှဲ ဖြစ်နေတော့သည်။
သူမသည် လည်ပင်းကို ပွတ်သပ်ရင်း ဟွာရှန့်ကို ခေါ်လိုက်၏။
“သွားကြစို့၊ ပဲစိမ်း သွားဝယ်ကြရအောင်၊ ဒီည ပဲစိမ်းဟင်းချိုအေး ရောင်းကြမယ်”
ဘေးနားတွင် ကုန်စုံဆိုင်တစ်ဆိုင် ရှိနေသဖြင့် ဟွာကျွင်းနှင့် ဟွာရှန့်တို့သည် လမ်းလျှောက်ရင်း လေ့ကျင့်ခန်းလုပ်သည့်သဘောဖြင့် လျှောက်သွားကြသည်။
သူတို့သည် ဆိုင်ရှိ ပဲစိမ်းနှင့် သကြားခဲ အားလုံးနီးပါးကို ဝယ်ယူလိုက်ကြသည်။ ပစ္စည်းများကို မုန့်ဆိုင်သို့ လိုက်ပို့ပေးရန် ဆိုင်မန်နေဂျာနှင့် ညှိနှိုင်းပြီးနောက် နေဝင်ဆည်းဆာ အလှကို ကြည့်ရင်း လမ်းလျှောက် ပြန်လာခဲ့ကြ၏။
အဝေးမှ မြင့်မားသောအဆောက်အအုံအချို့မှာ ဘယ်အချိန်ကတည်းက ပေါ်ပေါက်လာမှန်း မသိပေ။ သူမသည် ရှေးခေတ်ကိစ္စများကိုသာ အာရုံစိုက်နေခဲ့သဖြင့် ယနေ့မှသာ ၎င်းတို့ကို သတိထားမိခြင်း ဖြစ်သည်။
သူမသည် ရပ်တန့်ကာ ထိုအဆောက်အအုံမြင့်ကြီးများကို ငြိမ်သက်စွာ ကြည့်နေမိ၏။ ခေတ်မီပြီး ခမ်းနားထည်ဝါလှသော အဆောက်အအုံများကြောင့် ဤလမ်းလေးမှာ အနည်းငယ် ခေတ်နောက်ကျနေသလို ထင်ရသည်။
“ဟိုဘက်က ကုန်တိုက်ကြီး ဆောက်ပြီးသွားရင်တော့ ငါတို့လမ်းကတော့ အကုန်ပြီးပြီပဲ”
ဟွာကျွင်းသည် ထိုစကားကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ အကြော်ဆိုင်ပိုင်ရှင်က သူမကို စကားလှမ်းပြောနေခြင်း ဖြစ်သည်။
ဟွာကျွင်းသည် ကွာစေ့ ငါးကတ်တီ ဝယ်ယူကာ ဆိုင်ရှင်နှင့် စကားစမြည် ပြောဆိုလိုက်၏။
“ဟိုမှာ ဘာတွေ ဆောက်နေတာလဲဟင်”
“ကုန်တိုက်ကြီး တစ်ခု ဆောက်နေတာလေ၊ ရုပ်ရှင်ရုံတွေ၊ အဝတ်အထည်ဆိုင်တွေ ပါမယ်တဲ့။ အထဲမှာ စူပါမားကတ် နှစ်ခုတောင် ပါမယ်လို့ ကြားတယ်။ တစ်ခုက နိုင်ငံခြားပစ္စည်းတွေ ရောင်းမယ်၊ နောက်တစ်ခုက သာမန်ပေါ့။ အဲဒီလို ဖြစ်သွားရင် ဘယ်သူက ငါတို့လမ်းကို လာတော့မှာလဲ”
ဟွာကျွင်းသည် အိတ်ထဲမှ ကွာစေ့တစ်ဆုပ်ကို ယူကာ စားရင်း ပြောလိုက်သည်။
“မဆန်းပါဘူး၊ ဒီလမ်းပေါ်က ဆိုင်တွေ အများကြီး ပိတ်ကုန်တာ”
“အဆက်အသွယ်ရှိတဲ့သူတွေကတော့ နေရာသစ်တွေ ရှာထားကြပြီလေ၊ ဟိုက ကြက်ကြော်ဆိုင်ကို မြင်လား၊ ပြီးခဲ့တဲ့ အပတ်ကပဲ ပိတ်သွားတာ၊ အဲဒီကုန်တိုက်ထဲကို ပြောင်းမယ်လို့ ကြားတယ်၊ ဖွင့်ပွဲပဲ စောင့်နေတာ”
ဆိုင်ရှင်သည် ဟွာကျွင်းကို သေချာကြည့်ကာ မေးလိုက်၏။
“မင်းက မုန့်ဆိုင်ပိုင်ရှင် မဟုတ်လား၊ မင်းရော ပြောင်းဖို့ စဉ်းစားထားလား”
“ကျွန်မ မပြောင်းပါဘူး။ ဒီဆိုင်က ကျွန်မအဘိုး ပေးခဲ့တာဆိုတော့ ကျွန်မ ဒါကိုပဲ စောင့်ရှောက်ချင်တယ်”
ဆိုင်ရှင်က နားလည်သလို ခေါင်းညိတ်ပြ၏။
“ငါလည်း အခု ဆိုင်အသစ် ရှာနေတာ၊ အနောက်ဘက်က လူနေရပ်ကွက်အသစ်ဆီ ပြောင်းဖို့လေ”
“ဒါဆို ရှင့်ဆိုင်ကို ဘယ်လိုလုပ်မှာလဲ”
ဆိုင်ရှင်ကလည်း စိတ်ညစ်စွာ ပြောတော့သည်။
“ရောင်းလို့က မထွက်ဘူး၊ ဒီအတိုင်းပဲ ထားခဲ့ရမှာပဲ။ ကံကောင်းတာက ကိုယ်ပိုင်ဆိုင်ဖြစ်နေလို့၊ မဟုတ်ရင်တော့ အများကြီး ရှုံးမှာ”
“ဒါဆို ရှင် ရောင်းမှာလား”
“ရောင်းဖို့က ခက်တယ်လေ။ သွားလာရတာလည်း မလွယ်ဘူး၊ အနားမှာလည်း ကုန်တိုက်ကြီး ရှိနေတော့ ဘယ်သူက ဝယ်မှာလဲ”
ဟွာကျွင်းက သူမကိုယ်သူမ လက်ညှိုးထိုးပြကာ ပြောလိုက်၏။
“ကျွန်မ ဝယ်မယ်၊ သူဌေး၊ ကျွန်မ ဖုန်းနံပါတ် ပေးထားခဲ့မယ်။ တကယ်လို့ ရောင်းချင်ရင် ကျွန်မကို ဆက်သွယ်လိုက်ပါ”
သူမသည် ဆိုင်ရှင်အတွက် ဖုန်းနံပါတ် ရေးပေးခဲ့ပြီးနောက် ဟွာရှန့်ကို ခေါ်ကာ လမ်းတစ်ဖက်မှ အခြားတစ်ဖက်အထိ လမ်းလျှောက်ပြီး ပိတ်ထားသော ဆိုင်တံခါးများပေါ်ရှိ ဖုန်းနံပါတ်အားလုံးကို လိုက်လံ ကူးယူလိုက်သည်။
“မနက်ဖြန်ကျရင် သူတို့ကို တစ်ယောက်ချင်းစီ ဖုန်းဆက်မယ်။ တစ်နေ့ကျရင် ဒီလမ်းတစ်ခုလုံးကို ဝယ်နိုင်ဖို့ မျှော်လင့်တယ်”
ဟွာကျွင်း တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေတော့၏။
“ဒါပေမဲ့... ဒီလမ်းကို ဘာလို့ ဝယ်ချင်တာလဲ၊ မုန့်ဆိုင်ကလည်း ထပ်ချဲ့လို့ မရဘူးလေ”
ဟွာရှန့်က နားမလည်ဘဲ မေးလိုက်သည်။
“မုန့်ဆိုင်က ကုန်စည်စီးဆင်းမှု အရမ်းများတယ်၊ တစ်နေ့ကျရင် လူတွေ ရိပ်မိသွားမှာ စိုးရိမ်လို့ လူနည်းလေ ပိုကောင်းလေပဲ”
ထို့အပြင် ဟွာကျွင်းသည် အသုံးအဆောင် ပစ္စည်းအကောင်းစားများ မလိုအပ်သဖြင့် အဆောက်အအုံအချို့ ဝယ်ယူထားခြင်းမှာလည်း ကောင်းသော အကြံတစ်ခုပင် ဖြစ်သည်။
သူမ ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် ပဲစိမ်းဟင်းချိုအေးကို စတင် ကျိုချက်တော့သည်။