← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈)

ပဲစိမ်းဟင်းချိုကို မဖြစ်မနေ သောက်ရမည်

ရွာထဲတွင် အဝတ်အစားများ နေရာအနှံ့ ဖာထေးထားရသည့် ကလေးငယ်မျိုး ရှိနေသေးသည်ကို ဟွာကျွင်း မယုံကြည်နိုင်ဖြစ်နေတော့သည်။

ရွာသားများမှာ ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ကြသည်မှာ ကြာပြီဖြစ်ကြောင်း လူတိုင်းသိကြ။ အနည်းဆုံးတော့ ဤမျှ ခက်ခဲသောဘဝဖြင့် နေထိုင်နေရသူရှိသည်ဟု ဟွာကျွင်း တစ်ခါမျှ မကြားမိခဲ့ချေ။

တစ်လှမ်းဆုတ်၍ စဉ်းစားကြည့်လျှင်ပင် ကျူးကျူး၏ မိသားစုမှာ လယ်ယာစိုက်ပျိုးခြင်း သို့မဟုတ် အခြားအလုပ်များကို မလုပ်နိုင်ခဲ့လျှင်ပင် မူလတန်းကျောင်းတက်ရုံဖြင့် ရရှိသော ဆန်ရိက္ခာများဖြင့် ဤမျှ သနားစရာကောင်းသော ဘဝမျိုး မဖြစ်နိုင်ပေ။

ထို့အပြင် ပန်းထိုးအလုပ်ရုံမှလည်း ရွာသားများအတွက် ဈေးနှုန်းလျှော့ပေးထားပြီး မူလတန်းကျောင်းမှလည်း ရာသီမရွေး ဝတ်ဆင်နိုင်သော ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးထားသည်။ ဟွာကျွင်းသည် ကျူးကျူး၏ အဝတ်အစားများကို သေချာကြည့်လိုက်ရာ ၎င်းတို့မှာ အဝတ်ဟောင်းများကို သေးအောင်ပြင်၍ ပြန်ပြင်ဝတ်ထားခြင်း ဖြစ်ပြီး ညစ်ပတ်ဟောင်းနွမ်းလွန်းသဖြင့် မူလအရောင်ပင် မခွဲခြားနိုင်တော့ပေ။

ဟွာကျွင်းသည် မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်၏။

“ကျူးကျူး၊ ညီမလေးက ဘယ်ရွာမှာ နေတာလဲ”

“သမီးက နျန်ဟွာရွာမှာ နေတာပါ”

အစောပိုင်း ကျူးကျူး၏ တိုးညှင်းသော အသံကို ကြားရသောအခါ ဟွာကျွင်း သူမ၏ ပင်ကိုယ်စရိုက်ကြောင့်ဟု ထင်ခဲ့မိ၏။ သို့သော် ယခုအခါ သူမ၏ ပါးလွှာပြီး ဝါကျင်ကျင်ဖြစ်နေသော ဆံပင်များနှင့် ဖြူဖျော့နေသော နှုတ်ခမ်းများကို မြင်ရသောအခါ ၎င်းမှာ အာဟာရချို့တဲ့မှုကြောင့် ဖြစ်ရသည့် အားနည်းသော အသံဖြစ်ကြောင်း သိသာလှပေသည်။

ဟွာကျွင်း အနည်းငယ် စိတ်တိုသွား၏။ သူမ လှည့်၍ မော့ချွမ်းကို လှမ်းခေါ်လိုက်သည်။

“ဒီကအလုပ်တွေကို ထားလိုက်ဦး။ ဒီကလေးမလေးက ဘယ်အိမ်ကလဲဆိုတာ သွားစုံစမ်းချေ။ ဘာလို့ ဒီလောက် သနားစရာကောင်းတဲ့ ဘဝနဲ့ နေနေရတာလဲ”

မော့ချွမ်းသည် သူ့အလုပ်များကို အားမန်ထံ အပ်လိုက်ပြီး လက်များကို သုတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားတော့သည်။

ကျူးကျူးမှာ သိသိသာသာပင် ကြောက်လန့်သွားသည်။ သူမသည် ဟွာကျွင်းကို ဆွဲထားကာ ပြောလိုက်၏။

“မမ၊ သမီး မှားသွားပါတယ်။ သမီး အခွင့်အရေးကို မက်မောပြီး အလကား မယူသင့်ပါဘူး။ ကျေးဇူးပြုပြီး သမီး မိသားစုကို သွားမရှာပါနဲ့နော်၊ ဝူးဝူးဝူး...”

ပြောရင်းဆိုရင်းနှင့် သူမ ငိုယိုကာ ဒူးထောက်ချလိုက်တော့သည်။

သူမ၏ စိတ်ဆင်းရဲနေပုံကို မြင်သောအခါ ဟွာကျွင်း နှစ်သိမ့်လိုက်ရ၏။

“ကဲပါ၊ ကဲပါ၊ အစ်မ မသွားခိုင်းတော့ဘူး။ မော့ချွမ်း၊ ပြန်လာခဲ့ဦး”

ဟွာကျွင်းသည် မော့ချွမ်းကို ပြန်ခေါ်လိုက်ပြီးနောက် ကျူးကျူး၏ လက်ကို ကိုင်ကာ မျက်ရည်များ သုတ်ပေးလိုက်သည်။

“ကျူးကျူး၊ အစ်မဆီက ဘာများ လိုချင်လို့လဲ”

“မမ၊ ပဲစိမ်းဟင်းချို ကျန်သေးလားဟင်”

“ဒီနေ့တော့ ပဲစိမ်းဟင်းချို မရှိတော့ဘူးကွယ်”

“ဝါးး”

ကျူးကျူး အော်ဟစ်ငိုကြွေးတော့သည်။

“မရှိတော့ဘူး... ပဲစိမ်းဟင်းချို မရှိတော့ဘူး... ဝူးဝူး၊ သမီး အစ်မ ဘယ်လိုလုပ်မလဲ၊ ဝူးဝူးဝူး...”

ဟွာကျွင်းမှာ လန့်သွား၏။ သူမသည် ကလေးမလေး၏ စကားကို သေသေချာချာ နားထောင်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ညီမလေးရဲ့ အစ်မက ပဲစိမ်းဟင်းချို သောက်ချင်လို့လား”

ကျူးကျူးမှာ အသက်ရှူပင် မဝနိုင်လောက်အောင် ငိုနေတော့သည်။

“ဝူးဝူးဝူး၊ သမီး အစ်မ... သမီးအစ်မက ပဲစိမ်းဟင်းချိုကို မဖြစ်မနေ သောက်ရမှာ၊ သောက်ရမှာ”

“မပူနဲ့ ကျူးကျူး။ အစ်မ အခု ချက်ချင်း လုပ်ပေးမယ်။ အိမ်ကို ယူသွားလို့ ဖြစ်မလား”

ကျူးကျူး ခေါင်းခါပြ၏။

“ဟင့်အင်း၊ မရဘူး။ သူက အေးနေမှ သောက်ရမှာ...”

အလုပ်ရှုပ်နေရသဖြင့် မကျေမနပ် ဖြစ်နေသော မော့ချွမ်းမှာ ယခုအခါ ဒေါသတကြီး ရယ်မောလိုက်သည်။

“နင့်အစ်မက ဘယ်လောက်တောင် အရေးကြီးတဲ့သူမို့လို့လဲ၊ သောက်စရာ ရှိတာတောင် ကောင်းလှပြီ၊ ဒါကို အေးနေမှ သောက်မယ်လို့ ဂျီကျနေသေးတာလား၊ ဘေးပတ်ဝန်းကျင်ကို ကြည့်ဦး၊ ဒီမှာ ဘယ်နှစ်ယောက်က ပဲစိမ်းဟင်းချိုအေး သောက်နိုင်လို့လဲ”

ကျူးကျူးမှာ ငိုသံတိတ်ကာစ ရှိသေးသော်လည်း မော့ချွမ်း၏ စကားကြောင့် ပြန်လည် အော်ဟစ်ငိုကြွေးပြန်၏။

သူမသည် ရှိုက်ကြီးတငင် ငိုနေပြီး ဘာမှ ထပ်မပြောတော့ချေ။

ဟွာကျွင်း မော့ချွမ်းကို စိုက်ကြည့်ကာ ပြောတော့သည်။

“ရှင် စကားနည်းနည်းလောက် လျှော့ပြောလို့ မရဘူးလား”

ထို့နောက် ကျူးကျူးကို ပြန်ချော့လိုက်သည်။

“ပဲစိမ်းဟင်းချိုအေး လုပ်ဖို့က အချိန်မမီတော့ဘူး၊ ဒါပေမဲ့ ရေခဲချောင်းဆိုရင်ကော၊ သူကလည်း အေးတာပဲလေ။ အစ်မ နှစ်ချောင်း ပေးမယ်။”

ကျူးကျူး မျက်လုံးလေး အဝိုင်းသားဖြင့် ဟွာကျွင်းကို ကြည့်လိုက်၏။

“ရေ၊ ရေခဲချောင်း၊ အဲဒါက ဘာလဲဟင်”

“အဲဒါက အေးအေးနဲ့ ချိုချိုလေးလေ”

ထို့နောက် သူမသည် ရေခဲသေတ္တာထဲမှ ရေခဲချောင်း နှစ်ချောင်း ထုတ်ပေးလိုက်သည်။

ပဲရေခဲချောင်း တစ်ချောင်းနှင့် ချောကလက် ရေခဲမုန့် တစ်ခုဖြစ်သည်။

ကျူးကျူးသည် ရေခဲချောင်းကို ယူလိုက်ရာ အေးနေသည်ကို တွေ့သဖြင့် ဟွာကျွင်းကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။ ထို့နောက် ကြေးပြားနှစ်ပြား ထုတ်ကာ ဟွာကျွင်းကို ပေး၏။

မော့ချွမ်း ခနဲ့လိုက်သည်။

“တောက် ကလေး၊ ကြေးပြားနှစ်ပြားနဲ့က မလောက်ဘူး...”

ဟွာကျွင်းက သူ့ကို တံတောင်ဖြင့် တွက်လိုက်ရာ မော့ချွမ်းသည် လိမ္မာစွာပင် ပါးစပ်ပိတ်ကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားတော့သည်။

ကျူးကျူးမှာ အနည်းငယ် တွန့်ဆုတ်နေ၏။ သူမသည် ဤရေခဲချောင်း နှစ်ချောင်းက ဘယ်လောက်တန်သလဲ ဆိုသည်ကို မသိသလို သူမတွင်လည်း အပိုငွေ မရှိပေ။

ဟွာကျွင်းသည် သူမ လက်ဖဝါးထဲမှ ကြေးပြားတစ်ပြားကိုသာ ယူလိုက်၏။

“ဒါဆိုရင် လောက်ပါပြီ”

“ဒါပေမဲ့၊ ဒါပေမဲ့ ခုနက မျက်နှာမည်းမည်းနဲ့ အစ်ကိုကြီးက နှစ်ပြားနဲ့ မလောက်ဘူးလို့ ပြောတယ်”

“သူ့စကား နားမထောင်နဲ့။ အစ်မက ဒီဆိုင်ရဲ့ သူဌေးပဲ။ ဒီမှာတော့ အစ်မပြောတာ စည်းကမ်းပဲ”

ကျူးကျူး ကလေးပီပီ ရိုးရိုးသားသား ယုံကြည်သွားပြီး ရေခဲချောင်းများ ကိုင်ကာ ပြေးထွက်သွားတော့သည်။

ဟွာကျွင်းသည် ဆိုင်တံခါးဝအထိ လိုက်သွားပြီး သူမ ရွာဘက်သို့ ခုန်ပေါက်ပြေးသွားသည်ကို ကြည့်နေမိ၏။

“ဒါ ထူးဆန်းတယ်။ သူက ကျွန်မတို့ရွာကလို့ ပြောတယ်၊ ဒါကို ဒေါ်လေးပန်းတောင် ဘာလို့ မမှတ်မိတာလဲ”

ဒေါ်လေးပန်းမှာလည်း ဇဝေဇဝါ ဖြစ်နေ၏။

“ကျွန်မ ဒီကလေးကို တစ်ခါမှ မမြင်ဖူးဘူး။ အားမောက်၊ ရှင်ရော မြင်ဖူးလား”

“ဟင့်အင်း၊ သူက ကျွန်တော်တို့နဲ့အတူ ပြေးလာတဲ့သူတွေထဲမှာ မပါဘူး။ မဟုတ်ရင် ကျွန်တော် သေချာပေါက် မှတ်မိမှာပေါ့”

“သူ့ကို လီနျန် ဝယ်လာတာများလား”

ဒေါ်လေးပန်း မေးလိုက်သည်။

ဟွာကျွင်းက ခေါင်းညိတ်ပြရင်း ဒေါ်လေးပန်းကို ချီးကျူးလိုက်၏။

“ဒေါ်လေးပန်းက တကယ်ကို ဉာဏ်ကောင်းတာပဲ”

ဒေါ်လေးပန်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ ပြောတော့သည်။

“ကျွန်မက ရှင့်ကို ဘယ်မီမှာလဲ၊ ဟဲဟဲ...”

ဟွာကျွင်းသည် လှည့်ထွက်လာပြီး ပန်းထိုးအလုပ်ရုံသို့ သွားခဲ့သည်။ လီနျန်မှာ အထဲတွင် စာရင်းများ စစ်ဆေးနေဆဲ ဖြစ်သည်။

“လီနျန်၊ ရွာထဲမှာ ကျူးကျူးဆိုတဲ့ မိန်းကလေးကို သိလား”

လီနျန်က ခဏမျှ စဉ်းစားကာ ဖြေ၏။

“ကျူးကျူး... ကျွန်မ မမှတ်မိဘူး”

“သူ့ကို အပြင်ကနေ ဝယ်လာတာ ဖြစ်နိုင်တယ်။ သူ့မှာ အစ်မတစ်ယောက်လည်း ရှိတယ်”

“ကျူးကျူး လား... အခုမှ မှတ်မိပြီ၊ ကျူးကျူးဆိုတဲ့ မိန်းကလေး တကယ် ရှိတယ်”

“သူ့အစ်မနာမည်က ကျန်းကျန်း တဲ့။ ညီအစ်မနှစ်ယောက်လုံးက နာမည်လေးတွေက တကယ် ချစ်စရာကောင်းတာ”

“သူ့အစ်မက ပန်းထိုးအလုပ်ရုံမှာ အလုပ်လုပ်တာလား” ဟွာကျွင်း မေးမြန်းလိုက်သည်။

လီနျန် ဝယ်လာသော အသက်ကြီးသည့် မိန်းကလေး အများစုကို ပန်းထိုးအလုပ်ရုံ တွင် အလုပ်သွင်းပေးထားခြင်း ဖြစ်၏။

လီနျန်သည် အသေအချာ ပြန်လည်စဉ်းစားပြီးနောက် ဖြေသည်။

“အစပိုင်းမှာတော့ ကျန်းကျန်းက ပန်းထိုးအလုပ်ရုံမှာ အလုပ်လုပ်တယ်။ သူက လက်ရာလည်း သေသပ်ပြီး ကြိုးစားရှာတယ်။ ကျွန်မက သူ့ကို ပန်းထိုးပညာတွေ သင်ပေးနေတာ၊ ဒါပေမဲ့ နှမြောစရာကောင်းတာက ငါးရက်၊ ခြောက်ရက်လောက်ပဲ နေပြီးတော့ အလုပ်မလာတော့ဘူး”

“သူ ဘာဖြစ်လို့လဲဆိုတာရော ပြောသွားလား”

“ခဏစောင့်လေးနော်”

သူမသည် စားပွဲတင်အံဆွဲထဲမှ ဝန်ထမ်းမှတ်တမ်းကဲ့သို့သော စာအုပ်ငယ်လေးကို ထုတ်ယူလိုက်သည်။

သူမသည် သေသေချာချာ လှန်လှောကြည့်ရှုပြီး ကျန်းကျန်း၏ စာမျက်နှာကို ရှာတွေ့သွား၏။

“ဒီမှာ ရေးထားပါတယ်၊ သူ့ကို ဝယ်ခဲ့တဲ့ ငွေကြေး၊ ရောက်လာတဲ့နေ့နဲ့ ထွက်သွားတဲ့နေ့ပေါ့။ သူဌေးမဟွာ၊ ကြည့်ကြည့်ပါဦး။”

ဟွာကျွင်းက အနားသို့ လျှောက်သွားကာ ကြည့်လိုက်ရာ အမှန်တကယ်ပင် ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

အမည် - ကျန်းကျန်း

အသက် - (၁၅) နှစ်

ဝယ်ယူသည့် ငွေကြေး - (၃) တေး (ညီမဖြစ်သူ ကျူးကျူးနှင့်အတူ)

စတင်ဝင်ရောက်သည့်နေ့ - နိုဝင်ဘာလ (၂၀) ရက်

ထွက်သွားသည့်နေ့ - နိုဝင်ဘာလ (၂၆) ရက်

လုပ်အားခ - ကြေးပြား (၂၀၀) (ရှင်းပြီး)

ထွက်သွားရသည့် အကြောင်းရင်း - မရှိပါ

“တကယ်ကို ရှင်းရှင်းလင်းလင်း မှတ်ထားတာပဲ”

ဟွာကျွင်းက ချီးကျူးလိုက်၏။

“ဒါပေမဲ့ ထွက်သွားရတဲ့ အကြောင်းရင်းကို ဘာလို့ မမှတ်ထားတာလဲ”

“အဲဒီတုန်းက ကျွန်မ ဘယ်လိုပဲ မေးမေး သူက ဘာမှမပြောဘဲ ထွက်သွားမယ်ဆိုတာပဲ ဇွတ်ပြောနေလို့ပါ။ ကျွန်မလည်း မတတ်နိုင်တာနဲ့ ‘မရှိပါ’ လို့ပဲ ရေးလိုက်ရတယ်။ အဲဒီတုန်းက ရှင့်ရဲ့ စည်းကမ်းချက်အရ တစ်နေ့ကို ကြေးပြား (၃၀) ရရမှာပါ။ သူ ရိုးသားတာကို မြင်လို့ ကျွန်မရဲ့ လုပ်အားခထဲကနေ ကြေးပြား (၂၀) ပိုပြီး ပေးလိုက်ပါသေးတယ်”

လီနျန်သည် ကိစ္စရပ်များကို အသေးစိတ်ကျကျနှင့် အမှားအယွင်းမရှိ ကိုင်တွယ်တတ်ပေသည်။ ပန်းထိုးအလုပ်ရုံကို သူမထံ အပ်နှံခဲ့ခြင်းမှာ အမှန်တကယ် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်၏။

လီနျန် ဆက်၍ ပြောသည်။

“ကျူးကျူးကို ရှာဖို့က မခက်ပါဘူး။ မနက်ဖြန်ကျရင် ကျေးရွာလူကြီးကို သွားမေးလိုက်ပါ့မယ်။ သူတို့ ရွာထဲမှာ နေတာဆိုရင် သေချာပေါက် မှတ်တမ်းရှိမှာပါ”

“ကောင်းပါပြီ။ ဒီနေ့ ကျွန်မ ကျူးကျူးကို တွေ့ခဲ့တယ်။ သူ့ အဝတ်အစားတွေက လေဝင်လောက်အောင်ကို စုတ်ပြတ်နေပြီး ကိုယ်လုံးကလည်း သေးသေးပိစိလေးနဲ့ ညစ်ပတ်နေတာပဲ။ ကြည့်ရတာ အသက်လည်း သိပ်မကြီးသေးဘူး၊၊ ဘာလို့ မူလတန်းကျောင်း မတက်တာလဲဆိုတာ ကျွန်မ မသိဘူး”

“ကျွန်မ မူလတန်းကျောင်းရဲ့ ကျောင်းသားစာရင်းကို ကြည့်ဖူးပါတယ်၊ ကျူးကျူးရဲ့ နာမည်က သေချာပေါက် မပါဘူး”

ရွာထဲတွင် မိန်းကလေးဦးရေ သိပ်မများလှပေ။ သူတို့ကို ကျောင်းတက်ရန် တိုက်တွန်းသည့်အခါ လီနျန်နှင့် ဒေါ်လေးပန်းတို့က အိမ်တိုင်ရာရောက် ဖျောင်းဖျခဲ့ကြသည်ဖြစ်ရာ သူမ အလွန်သေချာနေခြင်း ဖြစ်၏။

“တစ်ခုခု မှားနေပုံပဲ။ တကယ်လို့ သူတို့မိသားစုမှာ အခက်အခဲရှိရင် ကျွန်မကို ပြောပါ၊ ကျွန်မ ဖြေရှင်းပေးမယ့် နည်းလမ်း ရှာပါ့မယ်”

လီနျန် ခေါင်းညိတ်ပြ၏။

“မနက်ဖြန် သူတို့ကို ရှာတွေ့ရင် ကျန်းကျန်းကို ပန်းထိုးအလုပ်ရုံမှာ ပြန်အလုပ်ဝင်ခိုင်းလိုက်ပါ့မယ်။ ဒါဆိုရင် သူတို့ မငတ်ပြတ်တော့ပါဘူး”

“သူဌေးမဟွာ၊ ခဏနေရင် ကျွန်မ လူတစ်ယောက်ကို ခေါ်လာပြီး မိတ်ဆက်ပေးပါ့မယ်”

သူမတွင် ဟွာကျွင်းကို ပြောပြစရာ တစ်ခု ကျန်ရှိနေသေး၏။

All Chapters