အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉)
ထူးဆန်းသောရောဂါ
ဟွာကျွင်း ထွက်လာသည်နှင့် လူကြီးမင်းကျိုင်ရှိရာသို့ တန်းသွားပြီး မူလတန်းကျောင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စကားစမြည် ပြောဆို၏။
လူကြီးမင်းကျိုင်မှာ မကြာသေးမီက ဝိညာဉ်လွင့်နေသူတစ်ဦးကဲ့သို့ ဖြစ်နေပြီး ဟွာကျွင်းယူလာပေးသော သင်ရိုးညွှန်းတမ်းများကို အမြဲမပြတ် လေ့လာနေသည်။ အရာရာကို ဖြေရှင်းရာတွင် သူသိထားသည်ထက် ပိုမိုရိုးရှင်းသော နည်းလမ်းများ ရှိနေသည်ကို သူ တွေ့ရှိသွားသောကြောင့် ဖြစ်၏။
ဥပမာအားဖြင့် နှစ်ထပ်ကိန်းညီမျှခြင်းများ၊ စတုရန်းဧရိယာ တွက်ချက်ပုံများ။
သူ့သွေးကြောများ ပွင့်သွားသကဲ့သို့ပင် မူလတန်းသင်္ချာစာအုပ် တစ်အုပ်လုံးကို အခါခါ လှန်လှောဖတ်ရှုနေတော့၏။ အထူးသဖြင့် စာမျက်နှာတိုင်း၏ အောက်ခြေညာဘက်ထောင့်များမှာ သူခဏခဏ လှန်ထားသဖြင့် စုတ်ပြတ်လုနီးပါးပင် ဖြစ်နေချေပြီ။
ဟွာကျွင်းမှာမူ သူနှင့် စကားပြောရာတွင် တစ်လေသံတည်း ထွက်ရန် ခက်ခဲနေ၏။ စကားနှစ်ခွန်း ပြောပြီးတိုင်း သူက သင်္ချာဘက်သို့သာ လမ်းကြောင်းလွှဲသွားတတ်သဖြင့် ကျိုင်ကတော်နှင့်သာ အတန်ကြာ စကားပြောပြီးနောက် ပြန်လာခဲ့တော့သည်။
မုန့်ဆိုင်သို့ ရောက်သောအခါ လီနျန်က သူမကို စောင့်နေသည်။
“သူဌေးမဟွာ၊ ကျွန်မ ဝယ်လာတဲ့ကလေးတွေထဲမှာ အသေအလဲ အရိုက်ခံထားရတဲ့ ကောင်လေးကို မှတ်မိသေးလားဟင်”
ဟွာကျွင်း မှတ်မိ၏။ သူမနှင့် လုမင်လီတို့ ထိုညက ပန်းထိုးအလုပ်ရုံတွင် ထိုကောင်လေးကို တွေ့ခဲ့ဖူးသည်။
“ဒုတိယထပ်မှာ အနားယူခိုင်းထားတဲ့ ကောင်လေးလား”
“ဟုတ်တယ်၊ သူ့နာမည်က အာချင်း တဲ့။ ရှင်ပေးတဲ့ ဆေးတွေကြောင့် အာချင်းရဲ့ ဒဏ်ရာတွေက အရမ်းမြန်မြန် သက်သာသွားတယ်၊ နောက်ပိုင်းမှာ သူ့ကို မူလတန်းကျောင်းမှာ စာသွားသင်ခိုင်းခဲ့တယ်”
“သူက အသက်နည်းနည်း ကြီးနေပြီဆိုတော့ မူလတန်းကျောင်းမှာ အကြာကြီး နေလို့မရဘူး။ ကောင်းတာတစ်ခုက သူက ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းတော့ အခု ကိုယ်ခံပညာ လေ့ကျင့်တာကိုပဲ အာရုံစိုက်နေတယ်။ တစ်ခါတလေကျရင် မူလတန်းကျောင်းရဲ့ အစီအစဉ်တွေကို ကူညီထိန်းသိမ်းပေးတာမျိုး လုပ်ပေးတယ်”
လီနျန် အဓိကအချက်ကို မပြောသေးသဖြင့် ဟွာကျွင်းမှာ စကားမဖြတ်ဘဲ ခေါင်းညိတ်လျက် သေသေချာချာ နားထောင်ပေးနေသည်။
“သူက ကျွန်မဆီကို အကြိမ်ကြိမ် လာပြောတယ်။ အသက်မွေးဝမ်းကြောင်းအတွက် တစ်ခုခု လုပ်ချင်တယ်တဲ့။ ဒါပေမဲ့ ရွာအစွန်က လယ်ကွင်းတွေကို ခွဲဝေပေးပြီးသား ဖြစ်နေသလို၊ အသစ်တွေလည်း ခွင့်မပြုသေးတော့ ကျွန်မ ဘာမှ မလုပ်ပေးနိုင်သေးဘူး”
“ကျွန်မ စာတစ်စောင် ရေးပြီး စုံစမ်းကြည့်ပေးပါ့မယ်၊ မြေကွက်တွေ ထပ်ရမလားလို့ပေါ့”
ဟွာကျွင်း ပြောလိုက်သည်။
“လောလောဆယ်တော့ မလောပါဘူး၊ သူလည်း မူလတန်းကျောင်းမှာ ရှိနေသေးတာဆိုတော့ ဒီကိစ္စကို ခဏဆိုင်းထားလို့ ရပါတယ်။ ကျွန်မ စဉ်းစားနေတာက တကယ်လို့ ရှင် ဆိုင်ခန်းလေးတွေ ထပ်တိုးဖို့ အစီအစဉ်ရှိရင် သူ့ကို ဦးစားပေး၊ ပေးလို့ ရမလားလို့ပါ”
သူမ ဆက်၍ ပြော၏။
“ကျွန်မ သူ့အကြောင်း စုံစမ်းကြည့်ပြီးပြီ၊၊ သူက ကလေးကောင်းလေးပါ၊ ယုံကြည်ရပါတယ်။ ကျွန်မကို လူမှုရေးကိစ္စတွေ လျှောက်စွက်ဖက်တယ်လို့တော့ မထင်ပါနဲ့။ သူ့ကို ဝယ်တုန်းက သူ အရမ်းအရိုက်ခံထားရတော့ ကျွန်မလည်း သတိထားရတာမို့လို့ပါ”
သူမသည် အာချင်း၏ အခြေအနေကို ဟွာကျွင်းအား အသေးစိတ် ပြောပြတော့သည်။
သူ ထိုနေ့က အရိုက်ခံရခြင်းမှာ ပစ္စည်းခိုး၍ မဟုတ်ဘဲ မြို့ထဲမှ မျိုးရိုးမြင့်လူငယ် အချို့နှင့် ထိပ်တိုက်တွေ့မိသောကြောင့် ဖြစ်သည်။
ထိုမျိုးရိုးမြင့်လူငယ်တို့သည် လမ်းပေါ်တွင် လျှောက်သွားကာ မိန်းကလေးများကို အကဲခတ်ကာ မလေးမစား စကားဆိုခြင်းနှင့် နောက်ပြောင်ခြင်းများကို ပြုလုပ်လေ့ရှိသည်။ စိတ်ကူးပေါက်လျှင် မတော်တဆ တိုက်မိသလိုလိုဖြင့် ပုခုံးချင်းတိုက်ခြင်း သို့မဟုတ် ဆံပင် ဆွဲခြင်းများ ပြုလုပ်တတ်ကြ၏။
ထိုစဉ် အာချင်းမှာ လမ်းသွားရင်း ဤအချက်များကို မြင်တွေ့သွားခဲ့သည်။ သူသည် ထိုမျိုးရိုးမြင့်လူငယ်၏ လက်ကို ဆွဲထားပြီး မိန်းကလေးကို တောင်းပန်ရန် အတင်းအကျပ် ပြောဆိုခဲ့သည်။
မိန်းကလေးမှာမူ အလွန်ထိတ်လန့်သွားပြီး တောင်းပန်ဖို့ မလိုပါဘူးပြောကာ ထွက်ပြေးသွားတော့သည်။
ထိုမျိုးရိုးမြင့်လူငယ်များသည် ချက်ချင်းပင် လှည့်၍ သူတို့၏ ပိုက်ဆံအိတ်ကို အာချင်းက ခိုးယူပါသည်ဟု စွပ်စွဲတော့၏။ ထိုအချိန်တွင် အာချင်းမှာ အဝတ်စုတ်များ ဝတ်ဆင်ထားသဖြင့် မည်သူကမှ သူ့ကို မယုံကြည်ကြဘဲ လူအချို့က သူ့ကို လမ်းကြားထဲ ဆွဲခေါ်ကာ ဝိုင်းဝန်းရိုက်နှက်ကြတော့သည်။
ရိုက်နှက်ပြီးသော်လည်း စိတ်မကျေနပ်ကြသေးဘဲ သူ့ကို ဆွဲထုတ်သွားပြီး ရောင်းစားပစ်ခဲ့ကြခြင်း ဖြစ်သည်။
“အဲဒီလိုကိစ္စမျိုး ရှိတာလား”
ဟွာကျွင်း မယုံနိုင်အောင် ဖြစ်သွား၏။
“လူတစ်ယောက်ကို အဲဒီလိုမျိုး ရောင်းစားလို့ ရတယ်လား”
“သူ့မှာ အိမ်ထောင်စုစာရင်း မှတ်ပုံတင် မပါတဲ့အပြင် အသေအလဲ အရိုက်ခံထားရတော့ စကားတောင် မပြောနိုင်တဲ့ အခြေအနေမှာ အဲ့လူတွေကလည်း နာမည်ကြီး လူမိုက်တွေဖြစ်နေတော့ ဘယ်သူမှ မပတ်သက်ရဲကြဘူး”
ဟွာကျွင်း နားလည်သွားပြီး ပြောလိုက်သည်။
“ကောင်းပြီ၊ ကျွန်မ သိပါပြီ။ ဘယ်လိုဆိုင်ခန်းမျိုး ထပ်တိုးမလဲဆိုတာ ကျွန်မ စဉ်းစားလိုက်ပါ့မယ်”
ညဈေးတန်းကို သွေးသစ်လောင်းရမည့် အချိန်လည်း ရောက်နေပါ၏။
လီနျန် အရိုအသေပေးလျက် ပြောလိုက်သည်။
“အာချင်းကိုယ်စား လီနျန်က သူဌေးမဟွာကို ကျေးဇူးတင်ပါတယ်”
ဟွာကျွင်းသည် အစကတည်းက ခေါက်ဆွဲဆိုင်လေး တစ်ဆိုင်ဖွင့်ရန် အစီအစဉ်ရှိရာ ၎င်းကို အာချင်းထံ အပ်နှံရန် အကောင်းဆုံးပင် ဖြစ်၏။ သူ ကိုယ်ခံပညာ လေ့ကျင့်သူဖြစ်သဖြင့် သာမန်ထက် အင်အားကြီးမားရာ ခေါက်ဆွဲလုပ်ခြင်းနှင့် အလွန်ကိုက်ညီပေသည်။
နောက်တစ်နေ့ ညနေတွင် ဟွာကျွင်းသည် မီးဖိုချောင်ထဲ၌ ခေါက်ဆွဲအကြောင်း စဉ်းစားနေစဉ် မော့ချွမ်း ဝင်လာပြီး သူမကို ခေါ်သည်။
သူ့ပုံစံမှာ တစ်ခုခု ပြောချင်နေသော်လည်း တွန့်ဆုတ်နေပုံရ၏။
“ဘာဖြစ်လို့လဲ”
ဟွာကျွင်း မေးလိုက်သည်။
“အပြင်ထွက်ကြည့်ပါဦး”
မော့ချွမ်းက မတတ်သာသည့် လေသံဖြင့် ပြော၏။
ဟွာကျွင်း အပြင်ထွက်ကြည့်ရာ ကျူးကျူး ဆိုင်ထဲတွင် ရပ်နေသည်ကို တွေ့ရသည်။ ကျူးကျူးသည် ဟွာကျွင်းကို မြင်သည်နှင့် မေးတော့သည်။
“မမ၊ ပဲစိမ်းဟင်းချို ရှိလားဟင်”
၎င်းက ဟွာကျွင်းကို ယုန်ကလေး မုန်လာဥဝယ်သည့် ပုံပြင်ကို သတိရသွားစေသည်။
ကျူးကျူး သို့မဟုတ် သူမ အစ်မဖြစ်သူသည် ပဲစိမ်းဟင်းချိုအပေါ် ဘာကြောင့် ဤမျှ စွဲလမ်းနေရသည်ကို သူမ နားမလည်နိုင်ပေ။
“ဒီနေ့ ပဲစိမ်းဟင်းချို မရှိဘူးကွယ်”
ဟွာကျွင်းက ပြန်ဖြေလိုက်သည်။
ကျူးကျူး၏ မျက်ဝန်းများ နီမြန်းလာပြီး တိုးတိုးလေးရေရွတ်လိုက်၏။
“ဘယ်လိုလုပ်မလဲ၊ ပဲစိမ်းဟင်းချို ထပ်မရှိပြန်ဘူး...”
“ညီမလေးအစ်မက မနေ့က ရေခဲမုန့်ကို မကြိုက်ဘူးလား”
၎င်းကို မပြောလျှင် နေသာသေးသော်လည်း ပြောလိုက်သည်နှင့် ကျူးကျူးမှာ ပြန်ငိုတော့သည်။
“ဝူးဝူးဝူး၊ ရေခဲမုန့်... ရေခဲမုန့်က မရှိတော့ဘူး... ငြီးးး မမက မစားလိုက်ရဘူး...”
“ဘယ်လိုလုပ်ပြီး မရှိတော့တာလဲ”
“သမီး၊ သမီး တကယ် မခိုးစားပါဘူး၊ ဒါပေမဲ့၊ ဒါပေမဲ့ ရေခဲမုန့်က လမ်းတစ်လျှောက်လုံး အရည်တွေ ကျလာပြီး... အိမ်ရောက်တော့ အကုန်ကုန်သွားရော... မမက နည်းနည်းလေးပဲ လျက်လိုက်ရတယ်၊ ပြီးတော့ မရှိတော့ဘူး... ဝူးဝူးဝူး...”
ဟွာကျွင်း နားလည်သွား၏။ ရေခဲမုန့်မှာ လမ်း၌ အကုန်အရည်ပျော်သွားခြင်း ဖြစ်၏။
သူမ နည်းနည်း အားနာသွားသည်။
“အစ်မက သေသေချာချာ မစဉ်းစားမိလို့ပါ။ ဒီလိုလုပ်၊ ညီမလေးအစ်မကို ခေါ်လာခဲ့လေ၊ အစ်မ ရေခဲမုန့် အလကား ကျွေးမယ်။”
“မမ၊ မမက လာလို့မရဘူး။ မမက နေမကောင်းဘူး။ လမ်းမလျှောက်နိုင်ဘူး...”
ဟွာကျွင်းနှင့် မော့ချွမ်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
“နေမကောင်းဘူး ဟုတ်လား၊ သမားတော်ရော ခေါ်ပြပြီးပြီလား၊ ဘာရောဂါလဲဆိုတာရော သိလား”
“အဲဒါ၊ အဲဒါ ပလိပ်ရောဂါ တဲ့...”
ထိုစကားကို ကြားသည်နှင့် ဆိုင်ထဲက ဖောက်သည်များမှာ စားလက်စကို ရပ်ကာ ချက်ချင်း ထရပ်လိုက်ကြ၏။
“သူဌေးမဟွာ၊ ဘာတွေ ဖြစ်နေတာလဲ၊ ပလိပ်ရောဂါ ဖြစ်နေတာလား”
မော့ချွမ်း တစ်ယောက်ချင်းစီကို နှစ်သိမ့်ပေးလိုက်၏။
“ဘာမှမဟုတ်ပါဘူး။ ကလေးစကားကို အတည်ယူလို့ မရပါဘူး”
“ရွာထဲက လူတွေအားလုံး နေကောင်းကြတာပဲ။ ပလိပ်ရောဂါက ဘယ်ကလာမှာလဲ၊ စိတ်မပူကြပါနဲ့”
“စိတ်အေးအေးထားပြီး စားကြပါ၊ ကျွန်တော်တို့ အကျိုးအကြောင်း စုံစမ်းလိုက်ပါ့မယ်”
တစ်ချိန်တည်းမှာပင် ဟွာကျွင်းသည် ကျူးကျူးကို ကောင်တာနောက်သို့ ဆွဲခေါ်သွားပြီး သေသေချာချာ မေးမြန်းတော့၏။
“ညီမလေးအစ်မမှာ ပလိပ်ရောဂါ ရှိတယ်လို့ ဘယ်သူပြောတာလဲ”
“သမီး အမေ ပြောတာ”
“ညီမလေးမှာ အမေ ရှိသေးတာလား”
မိမိကလေးကို ဤကဲ့သို့ ဝတ်ဆင်ခိုင်းပြီး ညဉ့်နက်သန်းခေါင် တစ်ယောက်တည်း လွှတ်ထားသည့် အမေမျိုးက ဘယ်လို အမေမျိုးပါလိမ့်။
ကျူးကျူး ခေါင်းညိတ်၏။
“အမေက ပြောတယ်၊ မမက ပလိပ်ရောဂါ ကူးနေလို့ သီးသန့်ခွဲထားရမယ်တဲ့။”
“ဒါဆို သမားတော်ရော၊ သမားတော် ခေါ်ပြီးပြီလား”
ကျူးကျူး ခေါင်းခါပြသည်။
“သမီး မသိဘူး”
ဟွာကျွင်းတွင် မေးခွန်းများ ပို၍ များလာ၏။
“ဒါဆို ပဲစိမ်းဟင်းချိုကော ဘာဆိုင်လို့လဲ”
ကျူးကျူးက တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေလိုက်သည်။
“သမီးမမက ပဲစိမ်းဟင်းချို သောက်ပြီးရင် အများကြီး သက်သာသွားတယ်၊ ခဏလောက်တောင် မတ်တတ်ရပ်နိုင်တယ်”
‘ပဲစိမ်းဟင်းချို သောက်ရုံနဲ့ သက်သာသွားတဲ့ ရောဂါက ဘာရောဂါပါလိမ့်။ ပဲစိမ်းဟင်းချိုက ဘယ်တုန်းက ရောဂါပျောက်ကင်းစေတဲ့အရာ ဖြစ်သွားတာလဲ’
“ဒါဆို ဘာလို့ အေးနေမှ ဖြစ်မှာလဲ”
“အေးအေးလေး သောက်ရတာ အရမ်းနေလို့ကောင်းလို့လေ၊ တစ်ညလုံး အေးမြနေတာ”
ဟွာကျွင်း ဇဝေဇဝါ ဖြစ်နေရ၏။ ယခုမှ နွေဦးအစပဲ ရှိသေးရာ ညဘက်တွင် အအေးဓာတ် လိုအပ်လောက်အောင် ပူပြင်းလှသည် မဟုတ်ပေ။
“မမ၊ သမီးရဲ့ အစ်မကို ကူညီပေးလို့ ရမလားဟင်”
ဟွာကျွင်းသည် ကျူးကျူး၏ အပြစ်ကင်းသော မျက်နှာလေးကို ကြည့်ကာ ပြော၏။
“ညီမလေးရဲ့ မမမှာ ဘာရောဂါရှိလဲဆိုတာ အစ်မ မသိဘူး၊ ဒီနေ့လည်း ပဲစိမ်းဟင်းချို မချက်ထားဘူးလေ”
ကျူးကျူး၏ နှုတ်ခမ်းလေးမှာ ဆူထွက်လာပြီး ငိုတော့မည့်ပုံ ပေါ်လာသည်။
ထိုအခါ ဟွာကျွင်း ပြောလိုက်သည်။
“ဒါပေမဲ့ ဒါပေမဲ့ အစ်မဆီမှာ အေးနေတဲ့ ရှစ်မျိုးစုံဆန်ပြုတ် ရှိတယ်၊ အထဲမှာ ပဲစိမ်းတွေလည်း ပါတာပဲ။ ဒါကို ယူသွားပြီး ညီမလေးအစ်မကို တိုက်ကြည့်လိုက်။ အဆင်မပြေရင်တော့ သမားတော် ချက်ချင်းသွားရှာရမယ်၊ နားလည်လား”
ကျူးကျူးမှာ ငိုနေရာမှ ပြုံးသွားတော့သည်။
“မမ၊ မမက တကယ်ကို သဘောကောင်းတာပဲ”
ပြောပြီးသည်နှင့် သူမသည် လျှော်ကြိုးဖြင့် ကျစ်ထားသော လိပ်ပြာလေးတစ်ကောင်ကို ထုတ်ပေး၏။
“ဒါ သမီးအစ်မ လုပ်ထားတာ၊ မမအတွက်ပါ”