← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀)

တစ်လောကလုံးကို ပြောင်းပြန်လှန်ပစ်ခြင်း

ကျူးကျူး ထွက်သွားပြီးနောက် ဟွာကျွင်းသည် သူမနောက်သို့ လိုက်ရန်နှင့် သူမသည် မည်သည့်မိသားစုမှဖြစ်ကြောင်း စုံစမ်းရန် မော့ချွမ်းကို ခိုင်းစေလိုက်သည်။

ထို့အပြင် သူမ အစ်မကို ရှာဖွေရန်နှင့် သူမမှာ အမှန်တကယ် ပလိပ်ရောဂါဟုတ်မဟုတ် အတည်ပြုရန် လိုအပ်၏။ မဟုတ်လျှင် ဤသတင်းသာ ပျံ့နှံ့သွားပါက တစ်ရွာလုံး ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။

ဒေါ်လေးပန်း ဟွာကျွင်းကို နှစ်သိမ့်လိုက်၏။

“သူဌေးမဟွာ၊ စိတ်မပူပါနဲ့။ ကျွန်မထင်တာတော့ ဒါက ပလိပ်ရောဂါ မဟုတ်ပါဘူး။ အဲဒီရောဂါ ဘယ်လောက်မြန်မြန် ကူးစက်တတ်လဲဆိုတာ ကျွန်မ မြင်ဖူးပါတယ်။ တကယ်လို့ သူ့အစ်မသာ ပလိပ်ရောဂါနဲ့ ဒီလောက်ကြာအောင် ဖျားနေတာဆိုရင် အခုလောက်ဆို တစ်ရွာလုံး ကူးကုန်မှာပေါ့”

“ဒါတောင် ကြောက်စရာကြီးပဲ”

ဟွာကျွင်းသည် ထိုအကြောင်းကို စဉ်းစားမိပြီး ကြက်သီးတဖြန်းဖြန်း ထသွား၏။

“ပလိပ်ရောဂါ မရှိတဲ့သူတစ်ယောက်ကို သီးသန့်ခွဲထားပြီး သမားတော်လည်း မခေါ်ပေးဘူးဆိုတော့ ဘယ်လိုလူစားမျိုးက ဒီလိုကိစ္စမျိုးကို လုပ်ရက်တာလဲ”

သူမ စဉ်းစားလေလေ ပို၍ ကြောက်လန့်လာလေ ဖြစ်သည်။

“ညီအစ်မနှစ်ယောက်လုံး ရွာထဲကနေ ပျောက်နေတာကို ဘယ်သူမှတောင် သတိမထားမိကြဘူး”

ဒေါ်လေးပန်းသည်လည်း ထိုစကားကို ကြားသောအခါ အမူအရာ တည်ကြည်လေးနက်သွား၏။

သိပ်မကြာမီမှာပင် မော့ချွမ်း ပြန်ရောက်လာသည်။ ဟွာကျွင်း၏ စိုးရိမ်တကြီး ကြည့်နေသော အကြည့်ကို ရင်ဆိုင်ရင်း သူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြလိုက်၏။

“ကျူးကျူးနောက်ကို အိမ်တစ်အိမ်ရဲ့ တံခါးဝအထိ လိုက်သွားခဲ့တာ။ တံခါးဝမှာ အမျိုးသမီးတစ်ယောက်က မြင်သွားတယ်။ ကျူးကျူး အထဲဝင်သွားတာကို ကျွန်တော် အသေအချာ မြင်လိုက်ပါလျက်နဲ့ အဲဒီမိန်းမက ကျွန်တော် မျက်စိမှားတာပါလို့ ဇွတ်ငြင်းနေတယ်”

ဟွာကျွင်းမှာ ပျာယာခတ်သွား၏။

“ရှင်က ဒီတိုင်း ပြန်လာတာလား၊ အထဲဝင်ပြီး မရှာကြည့်ဘူးလား”

“ကျွန်တော် အတင်းဝင်ဖို့ လုပ်သေးတယ်၊ ဒါပေမဲ့ အဲဒီမိန်းမကြီးက ‘ကိုယ်ထိလက်ရောက် ကျူးလွန်နေပါတယ်’ လို့ အော်ဟစ်နေတာ။ အဲဒီလို ဖြစ်နေမှတော့ ကျွန်တော် ဘယ်လိုလုပ် ဝင်ရဲတော့မှာလဲ”

ဒေါ်လေးပန်းက အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ပြောတော့သည်။

“ဟယ်၊ ကျွန်မလည်း လိုက်သွားခဲ့သင့်တာ”

“ဒါဆို အဲဒီအိမ်ရဲ့ အခြေအနေကို အိမ်နီးနားချင်းတွေကို မေးကြည့်ခဲ့သေးလား”

မော့ချွမ်းက ပြော၏။

“မေးခဲ့ပါတယ်။ အဲဒီအိမ်မှာ အစက ညီအစ်မနှစ်ယောက်ရှိတာ၊၊ ဒါပေမဲ့ နောက်ပိုင်းမှာ အစ်မဖြစ်သူက ပျောက်သွားပြီး ညီမဖြစ်သူကလည်း မနက်အစောကြီးထွက် ညမိုးချုပ်မှ ပြန်လာတတ်တယ်လို့ သူတို့က ပြောကြတယ်။ အဲဒီမိန်းမကို မေးတော့လည်း ဘာမှမပြောတဲ့အပြင် စကားတစ်ခွန်းဆို ‘ကိုယ်ထိလက်ရောက် ကျူးလွန်နေပါတယ်’ လို့ပဲ အော်နေတာနဲ့ ဘာမှ တိတိကျကျ မသိခဲ့ရဘူး”

မော့ချွမ်းက ဆက်၍ ပြော၏။

“နောက်ကျ ကျွန်တော် တံတိုင်းပေါ်ကနေ ခိုးတက်ပြီး ပြတင်းပေါက်ကနေ ချောင်းကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ညီအစ်မနှစ်ယောက်လုံးကို မတွေ့ဘူး။ ဪ... ဒါနဲ့ ကျွန်တော် အမှိုက်ပုံးထဲကိုလည်း မွှေနှောက်ကြည့်ခဲ့တယ်၊ အထဲမှာ ဆေးဖတ်ဆေးရိုး တစ်ခုမှ မရှိဘူး”

ဆေးဖတ်ဆေးရိုး မရှိခြင်းမှာ ကျန်းကျန်းကို ကုသပေးရန် စိတ်ကူးပင် မရှိခြင်းကို ဆိုလို၏။ ထိုအမျိုးသမီး ပြောသမျှ တစ်ခွန်းမှ ယုံ၍မရတော့ပေ။

ကျူးကျူးနှင့် သူမ၏အစ်မမှာ အိမ်ထဲတွင် သေချာပေါက် ပုန်းနေရမည်၊၊ သို့သော် သူတို့ကို မည်သို့ ရှာတွေ့နိုင်မည်နည်း။

ထို့အပြင် ယနေ့ မော့ချွမ်း သွားလိုက်သဖြင့် သူတို့ သတိထားမိသွားပေပြီ။ အကယ်၍ လူပြောင်းလိုက်လျှင် နောက်တစ်ကြိမ် ပြန်ရှာရန် ပို၍ ခက်ခဲသွားလိမ့်မည်။

ဟွာကျွင်းသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီး စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

ဒေါ်လေးပန်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ မနက်ဖြန်ကျရင် ကျွန်မ ရွာထဲက မိန်းမတချို့ကို ခေါ်သွားပြီး အဲဒီနေရာကို ပြောင်းပြန်လှန်ပစ်မယ်။ သူတို့ကို တွေ့အောင် ရှာပေးပါ့မယ်”

“ဟင့်အင်း၊ အတင်းဝင်တာကတော့ မဖြစ်နိုင်ဘူး။ အကယ်၍ သူမက အာဏာပိုင်တွေကို တိုင်ရင် ဘယ်လိုလုပ်မလဲ”

“ဒါဆိုရင်... ကျွန်မတို့တွေ အနားမှာပဲ စောင့်ကြည့်ကြမယ်။ အဲဒီအိမ်မှာ ဒီမိန်းမတစ်ယောက်တည်း ရှိတာ မဟုတ်လား၊ သူလည်း အလုပ်သွားရမှာပဲလေ။ သူ ထွက်သွားတာနဲ့ ကျွန်မတို့တွေ ခိုးဝင်ပြီး ရှာကြတာပေါ့”

ဟွာကျွင်း မေးလိုက်သည်။

“အဆင်ပြေပါ့မလား”

“မပြေစရာ ဘာရှိလဲ။ စိတ်မပူပါနဲ့၊ တကယ်လို့ အမိဖမ်းခံရရင်တောင် ရှင့်နာမည်ကို လုံးဝ မဖော်ဘူး၊ ဒါပေမဲ့၊ ဟဲဟဲ၊ ကျွန်မတို့တွေကို အချုပ်ထဲကနေ ပြန်ထုတ်ပေးဖို့တော့ ရှင့်ကို ဒုက္ခပေးရလိမ့်မယ်”

ဟွာကျွင်းက ဤနည်းလမ်းသည် အလုပ်ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။ အကယ်၍ သူတို့ အဖမ်းခံရလျှင်ပင် သူမဘက်က ငွေလုံလောက်စွာ ပေးနိုင်လျှင် မြို့တော်ဝန်ကျောက်က သူမကို အခက်အခဲဖြစ်စေမည် မဟုတ်ပေ။

“ဒါဆိုရင်တော့ အားလုံးကို ဒုက္ခပေးရတော့မယ်”

“ဒုက္ခမရှိပါဘူး၊ မရှိပါဘူး။ ရွာထဲမှာ အေးအေးဆေးဆေး နေလာရတာ ကြာပြီ။ အခုလိုမျိုး ကိစ္စနဲ့ မကြုံရတာ ကြာပြီဆိုတော့ ကျွန်မတောင် တော်တော် စိတ်လှုပ်ရှားနေတာ...”

လူအများကြီး ဆူညံပွက်လောရိုက်လျှင် တစ်စုံတစ်ယောက် ထိခိုက်မိမည်ကို ဟွာကျွင်းက စိုးရိမ်သဖြင့် မှာကြလိုက်သည်။

“အရာရာကို ဂရုတစိုက်နဲ့ ဘေးကင်းအောင် လုပ်ကြပါနော်”

သူမ၏ စိုးရိမ်မှုမှာ အပိုပင် ဖြစ်နေတော့၏။ နောက်တစ်နေ့တွင် ဒေါ်လေးပန်းသည် ဟွာကျွင်းထံသို့ လာရောက်ညည်းတွားတော့သည်။

“အဲဒီအိမ်က မိန်းမက အပြင်ကို လုံးဝမထွက်ဘူး၊ တစ်နေ့ကုန် စောင့်နေတာတောင် အပြင်ကို တစ်လှမ်းမှ မထွက်ဘူး။ သူ ဘာတွေစားပြီး အသက်ရှင်နေလဲ မသိဘူး”

ဒေါ်လေးပန်းတို့ မည်သူ့ကိုမှ မတွေ့ခဲ့ရကြောင်း ကြားလိုက်ရသဖြင့် ဟွာကျွင်းမှာ စိတ်သက်သာရာ ရသွားသည်။

ဟွာကျွင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

“ဒါလည်း ကောင်းတာပါပဲ။ သူတို့အိမ်ထဲကို ခိုးဝင်တာက အန္တရာယ်များတယ်လို့ ကျွန်မ အမြဲ ခံစားနေရတာ။ သူ အပြင်မထွက်ဘူးဆိုရင်တော့ သူ ထွက်သွားအောင် ကျွန်မတို့တွေ နည်းလမ်းရှာရမှာပေါ့”

လူအချို့ စုရုံးလာကြပြီး မေးကြ၏။

“ဘာအစီအစဉ် ရှိလဲ”

မော့ချွမ်း ပြောသည်။

“ကျွန်တော့်မှာ အစီအစဉ် ရှိတယ်၊ မီးရှို့လိုက်ရုံပဲ”

“မလုပ်နဲ့”

ဟွာကျွင်း ချက်ချင်း ကန့်ကွက်လိုက်၏။

“ဒါက မီးရှို့မှုဆိုတာ သိရဲ့လား၊ ဥပဒေနဲ့ မကင်းဘူး၊ ပြီးတော့ ကျူးကျူးနဲ့ သူ့အစ်မသာ အပြင်မထွက်လာနိုင်ရင် ဘယ်လိုလုပ်မလဲ”

ဒေါ်လေးပန်း ပြောသည်။

“ဒါဆိုရင် ကျွန်မတို့တွေ နေ့တိုင်း စောင့်ကြည့်ကြမယ်။ သူ တစ်နေ့တော့ ထွက်လာမှာပဲ မဟုတ်လား”

“အဲဒါက အချိန် ကုန်တယ်၊ လူလည်း ပင်ပန်းတယ်၊ မကောင်းဘူး။ ကျွန်မတို့တွေက တရားဝင် ဝင်ရှာရမှာ”

အားလုံးက မျက်လုံးအဝိုင်းသားဖြင့် ဟွာကျွင်းကို ကြည့်ကြ၏။

“အဲဒီလို လုပ်လို့ရလို့လား၊ သူဌေးမဟွာ၊ ဘာအကြံကောင်းရှိလဲ မြန်မြန်ပြောပါဦး”

“မနက်ဖြန်ကျရင် အိမ်တွေမှာ ကြွက်တွေ သောင်းကျန်းနေတယ်လို့ ရွာထဲမှာ သတင်းလွှင့်ဖို့ လူတချို့ ရှာလိုက်ပါ။ ပြီးတော့ ရွာလူကြီးကို အိမ်တိုင်းမှာ အခမဲ့ ကြွက်နှိမ်နင်းပေးဖို့ ‘ကြွက်သတ်ရေးအဖွဲ့’ ဖွဲ့စည်းလိုက်ပြီလို့ ကြေညာခိုင်းလိုက်ပါ။ ဒါဆိုရင် ကျွန်မတို့တွေ အထဲဝင်လို့ရပြီ မဟုတ်လား”

ဒေါ်လေးပန်း ပြောလိုက်သည်။

“ဒါက အကြံကောင်းပဲ၊ ဒီနည်းလမ်းက သေချာပေါက် အလုပ်ဖြစ်မှာ”

မော့ချွမ်း ခေါင်းညိတ်ရင်း မေး၏။

“တကယ်လည်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ သူက ကြွက်သတ်ဖို့ မလိုဘူးလို့ ငြင်းရင်ကော”

“ကြွက်သောင်းကျန်းတာက သာမန်ကိစ္စ မဟုတ်ဘူး၊ ပလိပ်ရောဂါပါ ဖြစ်စေနိုင်တယ်။ ဒါက သူတို့တစ်အိမ်တည်း ကိစ္စမဟုတ်ဘူးလို့ ပြောလိုက်ပါ။ လိုအပ်ရင် ကျွန်မနာမည်ကို သုံးလို့ရပါတယ်”

သူတို့သည် အချက်အလက်များကို အသေးစိတ် ထပ်မံဆွေးနွေးကြပြီးနောက် ဒေါ်လေးပန်း စီစဉ်ရန် ထွက်သွားသည်။

ဟွာကျွင်းမှာ လုပ်စရာ ကျန်နေသေး၏။ ကျန်းကျန်းတွင် ဘာရောဂါရှိသနည်းနှင့် ဘာကြောင့် ပဲစိမ်းဟင်းချိုကို မဖြစ်မနေ သောက်ချင်ရသနည်းဆိုသည်ကို ကျူးကျူး လာသည့်အခါ သေသေချာချာ မေးမြန်းရမည်။

သူမ စောင့်ရင်းစောင့်ရင်းနှင့် နောက်ဆုံးတွင် လက်လျှော့တော့မည့်ဆဲဆဲမှာ ကျူးကျူး ပေါ်လာ၏။

ယခင်အတိုင်း စုတ်ပြတ်ညစ်ပေသော အဝတ်အစားများ၊ ဖြူဖျော့သော မျက်နှာလေးနှင့်ပင်။

“ကျူးကျူး၊ လာပြီလား၊ ဒီနေ့ အစ်မ ပဲစိမ်းဟင်းချိုတွေ ပြင်ထားတယ်၊ အကုန်အေးနေတာပဲ”

ကျူးကျူး ပျော်ရွှင်နေပုံရ၏။

“မမဟွာ၊ သမီး ပဲစိမ်းဟင်းချို ထပ်ဝယ်စရာ မလိုတော့ဘူး”

ဟွာကျွင်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး ဘူး ကိုင်ထားသော လက်မှာလည်း တုန်ယင်သွား၏။

“ဘာပြောလိုက်တာလဲ၊ ညီမလေးအစ်မက...”

‘သူဆုံးသွားတာတော့ မဟုတ်လောက်ပါဘူးနော်’

“မနက်ဖြန် သမီးအစ်မ အိမ်ထောင်ပြုတော့မယ်”

သူမ၏ မျက်နှာလေးမှာ မော့နေပြီး နှုတ်ခမ်းလေးများမှာလည်း ပျော်ရွှင်မှုကြောင့် အရောင်အနည်းငယ် တက်လာ၏။

“အိမ်ထောင်ပြုမယ်၊ ဒီလောက် ရုတ်တရက်ကြီးလား”

“အင်း၊ အမေက ပြောတယ်၊ အစ်မ အိမ်ထောင်ပြုပြီးရင် သူ့ရောဂါ ပျောက်သွားမှာတဲ့၊ ဒါကြောင့် မမဟွာ၊ သမီးအတွက် ပဲစိမ်းဟင်းချိုတွေ ထပ်ပြင်ပေးစရာ မလိုတော့ဘူး”

ဟွာကျွင်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမကို စိတ်ရှည်လက်ရှည် မေးလိုက်၏။

“မမ အိမ်ထောင်ပြုမှာကို ညီမလေး ပျော်လား”

ကျူးကျူးက ခေါင်းကို အားပါပါ ညိတ်ပြသည်။

“ပျော်တာပေါ့၊ ကျူးကျူး တကယ့်ကို ပျော်တာ”

“ဒါဆို အစ်မကို ပြောပါဦး၊ ဘာလို့ ဒီလောက်တောင် ပျော်နေတာလဲ”

ကျူးကျူးသည် ခေါင်းလေးငုံ့ကာ ခဏမျှ စဉ်းစားပြီးမှ ဖြေ၏။

“ဘာလို့လဲဆိုတော့၊ ဘာလို့လဲဆိုတော့ အစ်မ အိမ်ထောင်ပြုပြီးရင် မြေအောက်ထဲမှာ ဆက်နေစရာ မလိုတော့ဘူးလေ၊ ပြီးတော့ သူ့ရောဂါလည်း ပျောက်သွားမှာ မလို့ပါ”

ဟွာကျွင်းသည် မော့ချွမ်းကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

‘ဒီခေတ်မှာ လူတွေက မြေအောက်ထဲမှာ နေလို့ရတာလား၊ အဲဒါက ဘယ်လို လူနေမှုအခြေအနေမျိုးပါလိမ့်။’

သူမ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ကျူးကျူးကို ဆက်မေးသည်။

“ညီမလေးရော၊ ညီမလေးလည်း မြေအောက်မှာ နေတာလား”

ကျူးကျူးမှာ ကြောက်လန့်သွားပြီး တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်လာ၏။

“အမေက ပြောခွင့်မပြုဘူး။ မမဟွာ၊ တကယ်လို့ အမေသိသွားရင် သမီးကို ရိုက်လိမ့်မယ်”

ဟွာကျွင်းက သူမ အေးစက်နေသော လက်ကလေးများကို ဆုပ်ကိုင်ထားပြီး ပြောလိုက်၏။

“ကျူးကျူး၊ စိတ်မပူနဲ့၊ မမတို့တွေ ညီမလေးအမေကို ဘာမှမပြောဘူး။ အစ်မကို ပြောပြပါဦး၊ ညီမလေးနဲ့ မမက မြေအောက်ခန်းထဲမှာ နေတာလား”

“မြေအောက်ခန်း မဟုတ်ဘူး၊ မြေအောက် အာလူးသိုလှောင်တဲ့ တွင်းထဲမှာ”

ဟွာကျွင်းက မော့ချွမ်းကို တိုးတိုးလေး ကပ်ပြောလိုက်၏။

“ဒေါ်လေးပန်းကို သွားပြောလိုက်၊ လူတွေက အာလူးတွင်းထဲမှာ ရှိနေတာ”

မော့ချွမ်း ခေါင်းညိတ်ပြပြီး ထွက်သွားတော့သည်။

All Chapters