အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁)
ကြွက်ဖမ်းခြင်း
ဟွာကျွင်းသည် ကြက်ပေါင်းတစ်တုံးနှင့် ဆန်ပြုတ်တစ်ပွဲ ယူကာ ကျူးကျူးကို လာစားရန် ခေါ်လိုက်သည်။
ကျူးကျူးသည် သူမ၏ ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများကို လျက်လိုက်ပြီး ကြက်ပေါင်းတုံးကို မျက်တောင်မခတ်တမ်း ကြည့်ကာ ပြော၏။
“မမဟွာ၊ သမီးမှာ ပိုက်ဆံမပါဘူး...”
“ဒါက အလကားကျွေးတာပါ။ ညီမလေးပေးတဲ့ လိပ်ပြာလေးကို အစ်မ တကယ်သဘောကျလို့။ ဒါတွေက ညီမလေးအတွက်ပဲ”
ကျူးကျူးသည် ဝမ်းသာအားရဖြင့် ခုံပေါ်တွင် ထိုင်ကာ အားပါးတရ စားသောက်တော့သည်။
ဟွာကျွင်းသည် ဤအခွင့်အရေးကို အသုံးချကာ ကျန်းကျန်း၏ ရောဂါအကြောင်းကို မေးမြန်းလိုက်သည်။
ကလေးမလေး၏ အပြစ်ကင်းသော စကားလုံးများနောက်တွင် ထိတ်လန့်ဖွယ်ရာ အတွေ့အကြုံများ ပြည့်နှက်နေ၏။
“မမ နေကောင်းတုန်းက သမီးတို့တွေက ဟင်းသီးဟင်းရွက် သိုလှောင်တဲ့တွင်းထဲမှာ နေတာမဟုတ်ဘူး၊ ထင်းရှူးရုံထဲမှာ နေတာ။”
“နောက်တော့ မမ မေ့လဲသွားတဲ့အခါကျတော့ အမေက သူများတွေကို ရောဂါကူးလိမ့်မယ်ဆိုပြီး သမီးတို့တွေကို မြေအောက်မှာ သွားနေခိုင်းတာ”
“မြေအောက်ထဲမှာဆို ဘာမှမမြင်ရအောင် မှောင်နေတာပဲ၊ ပြီးတော့ အရမ်းပူတာ၊ အရမ်းပူတာပဲ...”
“မမက အမြဲတမ်း အိပ်နေတတ်တယ်၊ အမေကလည်း သမီးတို့တွေကို ထမင်းမကျွေးဘူး။ မမက သမီး ဗိုက်ဆာမှာစိုးလို့ ညဘက်ဆိုရင် လျှော်ပင်တွေကို ခိုးနှုတ်ခိုင်းတယ်၊ နေ့ဘက်ကျရင် အဲဒါတွေကို ကြိုးကျစ်ပြီး ပိုက်ဆံရအောင် ရောင်းကြတာ”
“သမီးနဲ့ မမက လက်နှေးတော့ ကြိုးတစ်စည်းရဖို့ သုံးရက်လောက် ကြာတယ်၊ အဲဒါကို ရောင်းမှ ကြေးပြားနှစ်ပြားပဲ ရတာ”
“ဒါပေမဲ့ သမီး ယူလာပေးတဲ့ ပဲစိမ်းဟင်းချို သောက်ပြီးရင် မမက အများကြီး သက်သာသွားတယ်၊ တစ်ခါတလေကျရင် နှစ်ရက်နဲ့ ကြိုးတစ်စည်း ပြီးတတ်တယ်”
“အထူးသဖြင့် အေးအေးလေး သောက်ရတဲ့အခါဆိုရင် တစ်ညလုံး မပူတော့ဘူး”
“မမဟွာ၊ မမရောင်းတဲ့ ပဲစိမ်းဟင်းချိုက ဆေးလားဟင်”
သူမပြောသမျှ စကားတိုင်းက ဟွာကျွင်းကို ပို၍ ဒေါသထွက်စေ၏။
“ညီမလေးအမေက ဘယ်လိုအမေမျိုးလဲ၊ ညီမလေးတို့ကို တမင်ငတ်သေအောင် လုပ်နေတာလား”
‘သမားတော်ပင့်ပေးဖို့ကတော့ ဝေလာဝေး’
ကျူးကျူးသည် ကြက်ပေါင်းတုံးကို စားပြီးနောက် လက်ချောင်းလေးများကို တစ်ချောင်းချင်း အကုန်ပြောင်အောင် လျက်လိုက်သည်။ ထို့နောက် ဟွာကျွင်းကို ပြောပြ၏။
“တကယ်တော့... သူက သမီးရဲ့ အမေအရင်း မဟုတ်ဘူး၊ မိထွေးပါ။ ဖေဖေ ဆုံးသွားတော့ သမီးနဲ့ မမက သူ့နောက်ကို လိုက်လာရတာ...”
ဟွာကျွင်းက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်၏။
“မိထွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒီလို လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်တဲ့အလုပ်မျိုးကို မလုပ်သင့်ဘူး”
သူမ ရုတ်တရက် အချက်တစ်ခုကို သတိရသွားသည်။
“ညီမလေးအစ်မက ခဏခဏ မေ့လဲနေတာ မဟုတ်လား၊ဒါဆို သူ ဘယ်လိုလုပ် အိမ်ထောင်ပြုမှာလဲ၊ သူ မတ်တတ်ရပ်နိုင်လို့လား”
“အမေက ပြောတယ်၊ လဲလျောင်းနေလည်း ရတယ်တဲ့၊ မတ်တတ်ရပ်ဖို့ မလိုဘူးတဲ့”
‘လဲလျောင်းရင်း အိမ်ထောင်ပြုရမယ် တဲ့လား’
၎င်းသည် သမီးကို အမြန်ရောင်းစားချင်နေ၍ပင်။
ဟွာကျွင်း ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို အကြိမ်ကြိမ် မြင်ဖူးလှပြီ။
“ဒါဆို မင်္ဂလာပွဲက ဘယ်တော့လဲ”
“မင်္ဂလာပွဲဆိုတာ ဘာလဲဟင်”
ကျူးကျူး နားမလည်ဘဲ မေး၏။
“ဆိုလိုတာက... မမကို ဘယ်တော့ လာခေါ်မှာလဲ”
“အမေက မနက်ဖြန်ညလို့ ပြောတယ်၊ မမရဲ့ မင်္ဂလာဝတ်စုံကို သမီး မြင်ပြီးပြီ၊ တကယ် လှတာပဲ”
ဘယ်လိုမိသားစုမျိုးက ညဘက်မှာ မင်္ဂလာဆောင်တာလဲဆိုသည်ကို ဟွာကျွင်း နားမလည်နိုင်ပေ။ ၎င်းမှာ ဒေသန္တရဓလေ့တစ်ခုလော။
ကျူးကျူးသည် ဆန်ပြုတ် အနည်းငယ် သောက်လိုက်ပြီးနောက် စားလက်စ ကြက်ရိုးကို ဆန်ပြုတ်ထဲ ပြန်ထည့်ကာ ဟွာကျွင်းကို မေးလိုက်သည်။
“မမဟွာ၊ ကျန်တာလေးတွေကို သမီး ယူသွားလို့ ရမလားဟင်၊ မမ ထမင်းမစားရတာ ကြာပြီမလို့ပါ”
“အစ်မ နောက်ထပ် ကြက်ပေါင်းတစ်တုံး ထပ်ပေးမယ်လေ။ မမကို ကျွေးဖို့ ယူသွားလိုက်ပါ”
ကျူးကျူး လက်ကို အမြန်ခါပြ၏။
“မလိုပါဘူး မမဟွာ၊ ကြက်ပေါင်းတုံး မလိုတော့ပါဘူး။ မမက စားမှာ မဟုတ်ဘူး၊ သူက အမြဲတမ်း အိပ်နေတာ၊ ပြီးတော့ မာတာတွေဆို သူ မစားနိုင်ဘူး”
ဟွာကျွင်းသည် အလွန်ဒေါသထွက်နေသော်လည်း သူမ စိတ်ခံစားချက်ကို ထိန်းချုပ်ကာ ပြောလိုက်၏။
“ရပါတယ် ကျူးကျူးရယ်၊ ကြက်ပေါင်းတုံးကို ညီမလေးပဲ စားလိုက်ပါ။ ဆန်ပြုတ်ကိုတော့ မမအတွက် ယူသွားပေးလိုက်နော်”
ကျူးကျူးသည် ခဏမျှ စဉ်းစားဟန်ဖြင့် ခေါင်းလေးစောင်းကြည့်ပြီးနောက် ဝမ်းသာအားရ ပြောသည်။
“ဟုတ်ကဲ့၊ မမဟွာက တကယ်ကို သဘောကောင်းတာပဲ”
ဟွာကျွင်းသည် သူမထွက်သွားသည်ကို ကြည့်နေပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်ဝင်ခဲ့၏။ သူမသည် ဝက်ရိုးတစ်ချောင်းကို ယူကာ ဓားမဖြင့် အားရပါးရ ပေါက်လိုက်တော့သည်။ ထိုသို့လုပ်မှသာ သူမ ရင်ထဲက ဒေါသများ အနည်းငယ် ပေါ့ပါးသွားတော့သည်။
မော့ချွမ်း ပြန်ရောက်လာသောအခါ လီနျန်လည်း သူနှင့်အတူ ပါလာသည်။ သူတို့နှစ်ဦးလုံး ဟွာကျွင်း၏ ပုံစံကို မြင်ပြီး လန့်သွားကြ၏။
မော့ချွမ်း မေးလိုက်သည်။
“ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
ဟွာကျွင်းမှာ စကားပင် မပြောချင်တော့သဖြင့် ဟွာရှန့်က ကျူးကျူးပြောပြခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
နောက်ဆုံးတွင် ဟွာရှန့် နိဂုံးချုပ်လိုက်၏။
“ကျူးကျူးတို့ မိသားစုက တကယ်ကို လွန်လွန်းတယ်၊ သူတို့ကို ထမင်းတောင် မကျွေးကြဘူးတဲ့”
ဟွာကျွင်း သူတို့ကို ပြောသည်။
“ကျွန်မတို့တွေ အမြန်လုပ်မှ ဖြစ်မယ်။ ကျန်းကျန်းရဲ့ ခန္ဓာကိုယ်က အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး”
သူမသည် သိထားသမျှ အချက်အလက်များကို ခေါင်းထဲတွင် ပြန်လည် စဉ်းစားသုံးသပ်ပြီးနောက် ပြောလိုက်၏။
“ပထမဆုံးအချက်က ကျန်းကျန်းမှာ ပလိပ်ရောဂါ မရှိတာ သေချာတယ်။ ကျူးကျူးက ချောင်းဆိုးတာတို့၊ ဖျားတာတို့အကြောင်း တစ်လုံးမှ မပြောဘူး။ ပြီးတော့ သူတို့အတူတူ နေလာတာ ဒီလောက်ကြာတာတောင် ကျူးကျူးဆီကို ရောဂါမကူးတာက သက်သေပဲ”
“ဒုတိယအချက်က သူတို့မိထွေးက ကျန်းကျန်းကို အမြန်ကြီး အိမ်ထောင်ချပေးဖို့ လုပ်နေတာက မနေ့က မော့ချွမ်း သွားလိုက်လို့ သူ လန့်သွားတာကြောင့် ဖြစ်နိုင်တယ်။ ဒါကြောင့် မနက်ဖြန် အစီအစဉ်က အရင်ထက် ပိုခက်ခဲသွားနိုင်တယ်”
သူမ လီနျန်ကို မေးလိုက်၏။
“ဒီမှာ ညဘက်ကြီး မင်္ဂလာဆောင်တဲ့ ဓလေ့ ထုံးစံရှိလား”
“ဘယ်သူမှ ညဘက်ကြီး မင်္ဂလာမဆောင်ပါဘူး၊ ဒါဆို ဧည့်သည်တွေက ဘာလုပ်ကြမလဲ”
ဟွာကျွင်းသည် သူမ၏ သံသယကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ရာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“အဲဒါ ‘ဝိညာဉ်လက်ထပ်ပွဲ’ ပဲ”
ထိုစကားကြောင့် အနားရှိ လူအားလုံး အသက်ရှူပင် မှားသွားကြသည်။
“ကျွန်မတို့တွေ မနက်ဖြန် နေ့ခင်းဘက်မှာ လူကို တွေ့အောင် ရှာရမယ်။ ပြီးတော့ မြို့ထဲက သမားတော်ကိုလည်း ကြိုတင်ပင့်ထားရမယ်။ ဟုတ်ပြီ... သမားတော်ကို တည်းခိုခန်းမှာ စောင့်ခိုင်းထားပါ။ လူကို ကယ်ထုတ်နိုင်တာနဲ့ တည်းခိုခန်းကို ချက်ချင်း ပို့လိုက်မယ်”
“ကျူးကျူးပြောစကားအရဆိုရင် ကျန်းကျန်းက ခဏခဏ အိပ်မောကျနေတတ်တယ်တဲ့။ သူတို့ရဲ့ နောက်ခံအခြေအနေအရဆိုရင် ကျန်းကျန်းဟာ ရေရှည် အာဟာရချို့တဲ့မှုကြောင့် သွေးတွင်းသကြားဓာတ် အလွန်အမင်းကျဆင်းတဲ့ရောဂါ ခံစားနေရတာ ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း ချိုတဲ့ ပဲစိမ်းဟင်းချို သောက်လိုက်ရင် ခဏသက်သာသွားတာပဲ”
“မနက်ဖြန်ကျရင် ချောကလက်နဲ့ ဂလူးကို့စ် (glucose) ဖျော်ရည်တွေ ပြင်ထားပါ။ တကယ်လို့ သွေးတွင်းသကြားဓာတ် ကျတာဆိုရင် ချက်ချင်း တိုက်ကျွေးရမယ်”
“အတိုချုပ်ပြောရရင် မနက်ဖြန်ကျရင် အောင်မြင်မှကို ဖြစ်မယ်။ တကယ်လို့ သူတို့မိထွေးက ရွာလူကြီးနဲ့ တခြားသူတွေကို အဝင်မခံဘဲ ဇွတ်ငြင်းနေရင်တော့ အတင်းဝင်ကြတာပေါ့။ ဖြစ်လာသမျှ ပြဿနာအားလုံးကို ကျွန်မ တာဝန်ယူတယ်”
လီနျန် ပြန်ပြော၏။
“ကျွန်မ အကုန်လုံး မှတ်ထားလိုက်ပါပြီ။ အခုပဲ ဒေါ်လေးပန်းကို သွားရှာလိုက်ပါ့မယ်၊ မနက်ဖြန်လည်း တစ်ချိန်လုံး အဲဒီမှာ ရှိနေပေးမှာမို့လို့ စိတ်ချပါ”
ဟွာကျွင်းသည် စိတ်မအေးနိုင်ဘဲ မနက်ဖြန် တစ်နေ့လုံး ဂဏာမငြိမ် ဖြစ်နေမည်ကို သိနေ၏။ ထို့ကြောင့် လီနျန်ကို ထပ်ပြောလိုက်သည်။
“ကင်းသမားတွေကို အဲဒီမိန်းမကို အရင်ဆုံး ဖမ်းချုပ်ခိုင်းလိုက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် မုန့်ဆိုင်ဖွင့်တဲ့အချိန်မှာ အဲဒီညီအစ်မနှစ်ယောက်ကို ကျွန်မ မျက်မြင်တွေ့မှ ဖြစ်မယ်”
ဟွာကျွင်း ဤမျှ ပြင်းထန်သော စကားမျိုး ပြောသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း မော့ချွမ်းမှာမူ သူမထက် ပို၍ တည်ငြိမ်နေသည်။
“စိတ်အေးအေးထားပါ။ လောလောဆယ်တော့ အစီအစဉ်အတိုင်းပဲ သွားရအောင်။ အကယ်၍ အဲဒီအိမ်ထဲမှာ တခြားလူတွေ ရှိနေရင်ကော၊ သတိထားတာ အမြဲတမ်း ကောင်းပါတယ်”
ဟွာကျွင်း ခေါင်းညိတ်ပြ၏။
“ဟုတ်တယ်၊ ကျွန်မ နည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်။ မော့ချွမ်း ပြောသလိုပဲ လုပ်ကြတာပေါ့...”
လီနျန်၊ ဒေါ်လေးပန်းတို့က အမျိုးသမီးများဖြစ်ပြီး ရွာလူကြီးကလည်း အသက်ကြီးနေပြီ။ ကင်းသမားများရော အခြေအနေအရ လျင်လျင်မြန်မြန် လုပ်နိုင်ပါ့မလားဟု သူမ တွေးနေမိသည်။
အကယ်၍ လုမင်လီသာရှိရင် သူမ ဤမျှ စိုးရိမ်နေစရာ လိုမည်မဟုတ်ပေ။
နောက်တစ်နေ့တွင် ဟွာကျွင်းသည် သူမ စဉ်းစားမိသမျှ ဆေးဝါးများအားလုံးကို ဝယ်ယူစုဆောင်းထားပြီး အောက်စီဂျင်ဘူး ကိုပင် ပြင်ဆင်ထားလိုက်သည်။ ထို့နောက် မုန့်ဆိုင်ရှေ့တွင် ညမိုးချုပ်မည့်အချိန်ကို ဂဏာမငြိမ်ဘဲ ထိုင်စောင့်နေတော့သည်။
အခြားတစ်ဖက်တွင်မူ အစီအစဉ်အတိုင်း ရွာသားတစ်ဦးက ကျူးကျူးတို့အိမ်နှင့် မလှမ်းမကမ်းတွင် အော်ဟစ်ပြောဆိုလိုက်၏။
“ဒီနေ့မနက် ငါ့ရဲ့ အသားခြောက်တွေ အကြီးကြီး အကိုက်ခံထားရတာ တွေ့တယ်၊ ဘာကောင် လုပ်တာပါလိမ့်”
အခြားရွာသားတစ်ဦးကလည်း အကျယ်ကြီး ပြန်ထူး၏။
“အလိုလေး၊ ငါ့ရဲ့ ဆန်အိုးလည်း အပေါက်ဖြစ်နေတာ၊ ဒါ သေချာပေါက် ကြွက်တွေပဲ ဖြစ်ရမယ်”
တတိယမြောက် ရွာသားကလည်း စကားထောက်လိုက်သည်။
“ငါ့အိမ်မှာလည်း ကြွက်တွေ တွေ့တယ်၊ အကောင်ကြီးကြီးတွေပဲ၊ အရမ်းမြန်လို့ လိုက်လို့တောင် မမီဘူး”
“ဒါတော့ မဖြစ်ဘူး ၊ ကြွက်တွေသာ ဒီလောက်များနေရင် ငါတို့စားစရာတွေ အကုန် ကုန်သွားမှာပေါ့”
“ဒါဆို ဘယ်လိုလုပ်ကြရင် ကောင်းမလဲ”
“ရွာလူကြီးကို သွားရှာကြရအောင်”
နာရီဝက်ခန့်အကြာတွင် ရွာလူကြီးသည် လူတစ်စုကို ဦးဆောင်ကာ ကျူးကျူးတို့အိမ်တံခါးကို ခေါက်လိုက်၏။
ကျူးကျူး၏ မိထွေးသည် တံခါးကို အသာလေးဟကာ ရန်လိုသော အမူအရာဖြင့် မေးလိုက်သည်။
“ဘာကိစ္စလဲ”
ရွာလူကြီးက ပြန်ဖြေ၏။
“ရွာထဲမှာ ကြွက်တွေ သောင်းကျန်းနေတယ်လို့ ရွာသားတွေက တိုင်ကြတယ်။ သူဌေးမဟွာက အသင့်ပြင်ပေးထားတယ်၊ ကြွက်တွေရှိရင် သူချန်ထားခဲ့တဲ့ ကိရိယာတွေနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းရမယ်။ စိတ်မပူပါနဲ့၊ ဒါက အလကားပါပဲ”
ကျူးကျူး၏ မိထွေးသည် ခေါင်းလေးပြူကာ အကဲခတ်ကြည့်သည်။ ထိုလူများတွင် ပိုက်ကွန်များနှင့် တုတ်များ ကိုင်ထားကြသဖြင့် တကယ်ပင် ကြွက်ဖမ်းမည့်သူများနှင့် တူနေပေ၏။
သူမသည် သတိကို လျှော့လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင်လည်း မြန်မြန်လုပ်ကြ”