အခန်း ၂၁၃
Vol. 22 Ch. 213
အခန်း (၂၁၃)
အသက်အန္တရာယ် မရှိတော့ပါ
သမားတော် မှင်တက်သွားရ၏။
သူသည် ကျန်းကျန်း၏ အခြေအနေကြောင့် အံ့ဩသွားခြင်းမဟုတ်ဘဲ ရွာသားများ၏ စည်းလုံးမှုကြောင့် အံ့ဩသွားခြင်း ဖြစ်သည်။ မိမိနှင့် သွေးသားမတော်စပ်သည့် မိန်းကလေးငယ် နှစ်ဦးကို ကယ်တင်ရန်အတွက် ရွာသားများစွာကစိတ်တူကိုယ်တူ ဝိုင်းဝန်းကူညီနေကြသည်ကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဒေါ်လေးပန်း အော်ဟစ်လိုက်သည်။
“သမားတော်ကြီး၊ ကူညီပါဦး”
ကျန်သူများကလည်း ဝိုင်းအော်ကြ၏။
“သမားတော်ကြီး၊ ကလေးတွေကို ကယ်ပေးပါဦး”
သမားတော်မှာ သူတို့၏ စိုးရိမ်တကြီး တောင်းဆိုမှုများကြောင့် သတိပြန်ဝင်လာပြီး ကျန်းကျန်း၏ လက်ကောက်ဝတ်ကို ကိုင်ကာ သွေးခုန်နှုန်းကို သေသေချာချာ စမ်းသပ်ကြည့်လိုက်သည်။
သူမ၏ သွေးခုန်နှုန်းမှာ အလွန်အားနည်းလွန်းသဖြင့် မရှိသလောက်ပင် ဖြစ်နေရာ ရောဂါအမည်တပ်ရန် အတော်ကြာအောင် စမ်းသပ်လိုက်ရ၏။
အခြေအနေကို သဘောပေါက်သွားပြီးနောက် သူသည် လက်ကို ပြန်ရုပ်လိုက်သည်။
ဒေါ်လေးပန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
“သမားတော်ကြီး၊ ပြောပါဦး၊ ကယ်လို့ ရပါ့မလား”
“ဟုတ်တယ် ဟုတ်တယ်၊ သမားတော်ကြီး၊ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ကျွန်မတို့တွေ ပေးပါ့မယ်”
“မလောကြပါနဲ့ဦး၊ ကျွန်တော် စဉ်းစားပါရစေ... ဒီကလေးမလေးရဲ့ အခြေအနေက သွေးအားနည်းပြီး ယန်ချီ တွေ အပြင်ကို ယိုစိမ့်ထွက်ကုန်တာကြောင့် အတွင်းပိုင်းမှာ လေဓာတ် မငြိမ်မသက် ဖြစ်နေတယ်၊ ဒါဟာ ရေရှည် ငတ်မွတ်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် သရက်ရွက်နဲ့ အစာအိမ် အားနည်းသွားပြီး အသည်းနဲ့ ကျောက်ကပ်ကို အာဟာရ မပေးနိုင်တော့လို့ ဖြစ်ရတာ...”
“သူ့အသက်အန္တရာယ် ရှိလား သမားတော်ကြီး”
ဒေါ်လေးပန်းမှာ အလွန်အမင်း ပူပန်နေမိသည်။
“အချိန်မီ ကုသနိုင်ခဲ့လို့ လောလောဆယ်တော့ အသက်အန္တရာယ် မရှိတော့ပါဘူး”
လီနျန် မေးလိုက်၏။
“သမားတော်ကြီး၊ ဒါဆို သူ ဘာလို့ အခုထိ သတိမေ့နေရတာလဲ”
“သူ့ရဲ့ ချီ နဲ့ သွေးတွေက ပိတ်ဆို့နေလို့ပါ။ ကျွန်တော် ဆေးနည်းနည်း ညွှန်ပေးမယ်၊၊ ဒါပေမဲ့ ဒီရောဂါက ရေရှည် ပြုစုစောင့်ရှောက်ဖို့ လိုသလို လုံးဝပျောက်ကင်းဖို့လည်း ခက်ခဲပါတယ်”
ဒေါ်လေးပန်းသည် လီနျန်ကို ဘေးသို့ဆွဲခေါ်ကာ တိုးတိုးလေး ကပ်မေး၏။
“ဒါက သူဌေးမဟွာ ပြောတဲ့ သွေးတွင်းသကြားဓာတ်ကျတာ ဆိုတဲ့ဟာလား”
လီနျန်လည်း မသေချာပေ။ သူမသည် မျက်မှောင်ကြုတ်ကာ ခေါင်းခါပြလိုက်သည်။
“ကျွန်မလည်း မသိဘူး...”
သမားတော်က သူတို့စကားကို ကြားသွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဘာတွေ ပြောနေကြတာလဲ၊ ဘာသကြားဓာတ်လဲ”
ဒေါ်လေးပန်း အမြန်ပြန်ဖြေ၏။
“သွေးတွင်းသကြားဓာတ်ကျတာပါ၊ ကျွန်မတို့ သူဌေးမဟွာက သွေးတွင်းသကြားဓာတ်ကျတာ ဖြစ်နိုင်တယ်လို့ သံသယရှိနေလို့ပါ”
“အဲဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး။ သူက ဒီမှာ ရှိနေလို့လား၊ သွေးခုန်နှုန်း စမ်းကြည့်ပြီးပြီလား”
“မရှိပါဘူး၊ ဒါပေမဲ့ သူက အရာအားလုံးကို သိတယ်”
သမားတော်က ရယ်ကာ ခနဲ့လိုက်၏။
“ဒါဆို သူက နတ်ဘုရားမလား၊ သူ အကုန်သိနေရင် ဘာလို့ ကျွန်တော့်ကို ပင့်နေသေးလဲ”
သူသည် ဆေးညွှန်းရေးပြီးနောက် မေးလိုက်သည်။
“ဘယ်သူ ကျွန်တော့်ဆေးဆိုင်ကို သွားပြီး ဆေးယူမလဲ၊ မြန်မြန်သွားပြီး ဆေးကျိုတိုက်ရမယ်”
“ကျွန်တော် သွားပါ့မယ်၊ ကျွန်တော့်မှာ နွားလှည်း ပါတယ်”
ထိုသို့ဆိုကာ နွားလှည်းသမားက ဆေးညွှန်းကို ဆွဲယူပြီး ပြေးထွက်သွားတော့သည်။
လီနျန်သည် ကျူးကျူးကို ပွေ့ချီထားရင်း ကျူးကျူး၏ သွေးခုန်နှုန်းကိုလည်း စမ်းပေးရန် တောင်းဆိုလိုက်သည်။
သမားတော်က ကျူးကျူးကို စမ်းသပ်ပြီးနောက် ပြော၏။
“ဒီကလေးမလေးကတော့ အခြေအနေ ပိုကောင်းပါတယ်”
“ဒါပေမဲ့ သူလည်း အကြာကြီး ငတ်ထားရတာဆိုတော့ ခန္ဓာကိုယ်က အားနည်းနေတယ်။ အားဆေး ညွှန်ပေးမယ်။ ဈေးကြီးတဲ့ဟာ ယူမလား၊ ဈေးသက်သာတဲ့ဟာ ယူမလား”
“သမားတော်ကြီး၊ ဈေးကြီးတာပဲ ပေးပါ၊ အကောင်းဆုံးပဲ ယူပါ့မယ်”
သမားတော်က ပြုံးလျက် မေးလိုက်၏။
“ခင်ဗျားတို့က ဒီကလေးတွေနဲ့ ဆွေမျိုးတော်တာလား၊ ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေထိ ပစ်ထားရတာလဲ”
“ကျွန်မတို့က ဆွေမျိုးတွေ မဟုတ်ပါဘူး၊ ရွာသူရွာသားချင်းတွေပါ”
“တကယ်ကို သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ပဲ”
ဒေါ်လေးပန်း ထပ်မေး၏။
“အခု ဘာဆက်လုပ်ရမလဲ၊ သူက သတိမရသေးဘူး။ ဒီအတိုင်းပဲ စောင့်နေရမှာလား”
သမားတော်က အေးအေးလူလူ ထိုင်လိုက်ပြီး ပြောသည်။
“တခြားနည်းလမ်း မရှိဘူး၊ လောလောဆယ် စောင့်ရုံပဲ။ သူ သတိရလာမှသာ ကျွန်တော် အပ်စိုက်ကုသလို့ ရမယ်။ အခုက သူ့ရဲ့ ချီ လည်ပတ်မှုက မလုံလောက်သေးတော့ အတင်းအကျပ် လုပ်ရင် အန္တရာယ်ရှိနိုင်တယ်”
လီနျန် ခဏမျှ ဝေခွဲမရ ဖြစ်သွား၏။ ကျန်းကျန်းတွင် သွေးတွင်းသကြားဓာတ်ကျနေသည်ကို သူမ မသေချာသော်လည်း ထပ်မံနှောင့်နှေးနေ၍ မဖြစ်တော့ဟု ခံစားရသည်။ အကယ်၍ တစ်စုံတစ်ယောက်က တာဝန်ယူရမည်ဆိုပါက သူမသာ တာဝန်ယူလိုက်ပါတော့မည်။
“ဒေါ်လေးပန်း၊ ကျွန်မ သူဌေးမဟွာကို ယုံတယ်။ သူ့ကို ချောကလက်နဲ့ သကြားညိုရည် တိုက်ကြည့်ကြရအောင်”
ဒေါ်လေးပန်းကလည်း ထိုစကားကို စောင့်နေခြင်း ဖြစ်၏။ သူမက အားပါပါ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကောင်းပြီ၊ အခုပဲ သွားယူလိုက်မယ်”
မထင်မှတ်ဘဲ အားမန်က ချောကလက်ကို အနားတွင် အသင့်ချထားပေးပြီး ဖြစ်သည်။ သူမသည် ဒေါ်လေးပန်းကို ချောကလက် ကမ်းပေးရင်း မီးဖိုချောင်ဘက်ကို လက်ညှိုးထိုးကာ အသံတချို့ ပြုလုပ်လိုက်သည်။
“ဟုတ်ပြီ ၊ ငါ သူ့ကို ကျွေးလိုက်မယ်၊ အားမန်… အခုချက်ချင်း သကြားညိုရည် သွားကျိုလိုက်တော့” ဒေါ်လေးပန်းက သူမဆိုလိုသည်ကို နားလည်သွားသည်။
ဒေါ်လေးပန်းသည် ချောကလက်ကို ခွာလိုက်ပြီး စက္ကူခွံကို သူမ၏ အင်္ကျီအိတ်ထဲ ထည့်လိုက်၏။
“လီနျန်၊ ကျန်းကျန်းရဲ့ ပါးစပ်ကို ဟပေးပါဦး”
လီနျန် ကူညီပေး၏။
သူမက ကျန်းကျန်းကို ထိရန် ပြင်လိုက်စဉ်မှာပင် သမားတော်က ဒေါသတကြီး ငေါက်လိုက်သည်။
“ဘာလုပ်နေကြတာလဲ၊ ဆေးကို ဒီတိုင်း လျှောက်မတိုက်ရဘူးလေ”
လီနျန်မှာ လန့်သွားပြီး အမြန်ရှင်းပြ၏။
“ဒါက ဆေးမဟုတ်ပါဘူး၊ မုန့်လေးပါရှင်။”
“ဒါလည်း မရဘူး၊ ကြည့်စမ်း၊ ကြည့်စမ်း... အမည်းရောင် အတုံးကြီး၊ ပါးစပ်ထဲမှာ တစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားတို့မှာ အသိတရား မရှိကြဘူးလား”
ဒေါ်လေးပန်းက ချက်ချင်း ဆုံးဖြတ်လိုက်သည်။
“သူဌေးမဟွာကို ယုံလိုက်၊ ကျွေးလိုက်စမ်း”
“ကောင်းပြီ၊ ကောင်းပြီ။ ခင်ဗျားတို့ ဇွတ်ကျွေးချင်ရင်လည်း ကျွေးကြပေါ့၊ တစ်ခုခုဖြစ်ရင်တော့ ကျွန်တော့်ကို လာမရှာနဲ့”
လီနျန်က သစ်သားဇွန်းလေးဖြင့် ကျန်းကျန်း၏ ပါးစပ်ကို ဟလိုက်ပြီး ဒေါ်လေးပန်းက ချောကလက်ကို ထည့်ပေးလိုက်သည်။
သမားတော်က ကြည့်ရင်း ခေါင်းခါယမ်းနေ၏။
“ခင်ဗျားတို့ဟာလေ၊ ဆေးပဲ တိုက်ရမှာပေါ့၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ဝါးပြီး မျိုချနိုင်မယ် ထင်နေတာလား”
“ဖြစ်ရလေ... အသိဉာဏ်နည်းတဲ့ ရွာသူတွေ”
ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြဘဲ ကျန်းကျန်းကိုသာ အာရုံစိုက်နေကြသည်။
ချောကလက်မှာ ပါးစပ်ထဲတွင် ဖြည်းဖြည်းချင်း အရည်ပျော်သွားပြီး သကြားညိုကျိုပြီးသွားချိန်တွင် လုံးဝ ကုန်သွား၏။
အားမန် လာနေသည်ကို မြင်သောအခါ ဒေါ်လေးပန်းက အော်လိုက်သည်။
“သကြားရည် ရပြီ၊ သကြားရည် ရပြီ”
သူမက ကျန်းကျန်းကို ထူပေးထားပြီး လီနျန်က ဇွန်းလေးဖြင့် တိုက်ကျွေးလိုက်သည်။
သမားတော် ပြောတော့သည်။
“ဘာတွေ လုပ်နေကြတာလဲ၊ ဒါတွေက အလုပ်ဖြစ်တယ်ထားဦး၊ ခုနက ပါးစပ်ထဲက အမည်းရောင် အမာတုံးကြီးကို မမေ့နဲ့ဦး။ ဒီတိုင်း လောင်းထည့်လိုက်ရင် နင်သွားမှာ မကြောက်ဘူးလား”
“ဪ ဟုတ်သားပဲ၊ ချောကလက် ရှိသေးလား ကြည့်ရအောင်”
ဒေါ်လေးပန်း ပြောလိုက်သည်။
လီနျန်က ဇွန်းလေးဖြင့် ကျန်းကျန်း၏ ပါးစပ်ထဲတွင် ညင်ညင်သာသာ ရှာကြည့်ပြီးနောက် ပြန်ဖြေ၏။
“မရှိတော့ဘူး၊ အကုန် အရည်ပျော်သွားပြီ”
သမားတော်က ဇဝေဇဝါဖြင့် တိုးတိုးလေးရေရွတ်နေမိသည်။
“တကယ်ကြီး အရည်ပျော်သွားတာလား”
သကြားရည် တစ်ဝက်ခန့် သောက်ပြီးနောက် ကျန်းကျန်း၏ လက်ချောင်းလေးများ လှုပ်ရှားလာပြီး သူမ ဖြည်းဖြည်းချင်း သတိရလာတော့သည်။
သူမမှာ အလွန်အားနည်းနေပြီး လူအများကြီးကို မြင်သောအခါ သူမ ငရဲရောက်သွားပြီဟု ထင်မှတ်နေ၏။ ကျူးကျူးကို မြင်လိုက်ရမှသာ စိတ်အေးသွားတော့သည်။
ကျူးကျူး အော်လိုက်၏။
“မမ၊ သတိရလာပြီ”
ကျန်းကျန်းက ကျူးကျူး၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“ကျူးကျူး... ညီမလေးပါ ဘာလို့ ဆင်းလာတာလဲ... မမက ညီမလေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့လို့ တောင်းပန်ပါတယ်...”
“မမ၊ သမီးတို့တွေ အောက်ကို ဆင်းသွားတာ မဟုတ်ဘူး၊ အပေါ်ကို ရောက်လာတာ၊ လူတွေအများကြီးက သမီးတို့တွေကို သယ်လာပေးတာ၊ ပြီးတော့ ဒီမှာ စားစရာတွေ အများကြီး ရှိတယ်”
ကျူးကျူးမှာ ဆန်ပြုတ်တစ်ပွဲနှင့် ကြက်ဥပေါင်း နှစ်ခွက် စားပြီးနေပြီဖြစ်သလို လက်ထဲတွင်လည်း ချောကလက်တစ်တုံး ကိုင်ထားဆဲ ဖြစ်သည်။
“မမ၊ ဒါက အရမ်းစားကောင်းတာ၊ ချိုပြီး မွှေးနေတာပဲ။ ကျူးကျူး နည်းနည်းလေး စားကြည့်ပြီးပြီ၊ ဒါတွေက မမအတွက်”
ကျူးကျူး၏ စကားအနည်းငယ်မှတစ်ဆင့် ကျန်းကျန်း အရာအားလုံးကို နားလည်သွား၏။ သူမ တကယ် အသက်ပြန်ရှင်လာခဲ့ပြီ။
မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာပြီး သူမ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ပြည့်ပြည့်စုံစုံ မပြောနိုင်တော့ချေ။
လီနျန်က သူမ မျက်ရည်များကို သုတ်ပေးရင်း ပြောလိုက်သည်။
“ညီမလေးတို့ နှစ်ယောက်လုံး ဘေးကင်းသွားပါပြီ။ အခု သူဌေးမဟွာရဲ့ တည်းခိုခန်းမှာ ရောက်နေတာ၊ စိတ်အေးအေးထားပါ”
ကျန်းကျန်းသည် သူဌေးမဟွာကို သိ၏။ သူမ ပန်းထိုးအလုပ်ရုံမှာ လုပ်စဉ်က အလုပ်ရုံမှာ စတင်တည်ထောင်ခါစသာ ရှိသေးသည်။ ထိုစဉ်က ပန်းထိုးအဆောက်အအုံ မရှိသေးဘဲ နှင်းကျနေသည့်နေ့တွင် နွေးထွေးသော တဲလေးတစ်ခုသာ ရှိခဲ့၏။
သူဌေးမဟွာသည် ထိုစဉ်ကတည်းက ပန်းထိုးသူများအားလုံး၏ စိတ်ထဲတွင် နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်ခဲ့သည်။
ကျန်းကျန်းလည်း ၎င်းကို သိပေ၏။
တွင်းထဲတွင် ပိတ်လှောင်ခံထားရသည့် နေ့ရက်များတစ်လျှောက် သူမသည် တစ်နေ့တွင် နတ်သမီး သူဌေးမဟွာက သူမ၏ ဒုက္ခကို သိသွားပြီး လာကယ်ပါစေဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။
ကံဆိုးစွာပင် နေ့စဉ် ငတ်မွတ်မှု၊ အိုက်စပ်မှုနှင့် မှောင်မိုက်မှုများက သူမ၏ မျှော်လင့်ချက်ကို တဖြည်းဖြည်း တိုက်စားသွားခဲ့သည်။
နွေးထွေးသော သကြားရည် တစ်ငုံက သူမ၏ ပါးစပ်ထဲသို့ ရောက်ရှိလာမှသာ သူမသည် အသက်ရှင်ရခြင်း၏ အရသာကို အမှန်တကယ် ပြန်လည် ခံစားလိုက်ရခြင်း ဖြစ်သည်။
တံခါးအပြင်ဘက်မှ ဟွာကျွင်း၏ စိုးရိမ်တကြီး အော်သံ ကြားလိုက်ရပြီး အားလုံးမှာ မိုးချုပ်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်ကြ၏။ ဟွာကျွင်းသည် ပြေးဝင်လာပြီး မေးတော့သည်။
“သူတို့ကို ကယ်ခဲ့ပြီလား”