အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း (၂၁၄)
သနားစရာ သမားတော်ကြီး
ညနေခင်း မုန့်ဆိုင်ဖွင့်ချိန်တွင် လီနျန်နှင့် တခြားသူများကို ဟွာကျွင်း မတွေ့ရသည့်အပြင် အားမောက်၏ အသားကင်ဆိုင်ပင် ပိတ်ထားသဖြင့် သူမ ရင်ထဲတွင် စိုးရိမ်စိတ်များ တရိပ်ရိပ် တက်လာခဲ့သည်။
သူမသည် မော့ချွမ်းနှင့် ဟွာရှန့်ကို ပစ္စည်းများ သိမ်းခိုင်းလိုက်ပြီးနောက် မုန့်ဆိုင်တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်တော့၏။
သူမက ဖောက်သည်များကို တောင်းပန်လိုက်သည်။
“အားနာပါတယ်ရှင်၊ ဒီနေ့တစ်ရက်တော့ မုန့်ဆိုင် ပိတ်ပါရစေ။ ကျွန်မတို့ဘက်မှာ အရေးကြီးတဲ့ အတွင်းရေးကိစ္စလေးတွေ ရှိနေလို့ပါ။ မနက်ဖြန်မှ ပြန်လာခဲ့ကြပါ၊ ဟင်းပွဲအသစ်တွေနဲ့အတူ အထူးလျှော့ဈေးလည်း ပေးပါ့မယ်”
ဧည့်သည်များမှာ အနည်းငယ် စိတ်ပျက်သွားကြသော်လည်း နားလည်ပေးကြ၏။
“ရပါတယ် သူဌေးမဟွာ၊ သွားစရာရှိတာ သွားပါ၊ အလုပ်ကိုပဲ အရင်အာရုံစိုက်ပါ”
အချို့ကလည်း ထူးဆန်းသလို ခံစားနေရ၏။ “တကယ်ပဲ ပလိပ်ရောဂါ ဖြစ်နေတာလား မသိဘူး”
“လျှောက်မပြောပါနဲ့အေ။ သူဌေးမဟွာ ပြောတာ မကြားဘူးလား၊ ဒီနေ့တစ်ရက်ပဲ ပိတ်တာတဲ့၊ မနက်ဖြန်ကျ သိရမှာပေါ့”
ထို့နောက် လူစုကွဲသွားကြသည်။
ဟွာကျွင်းသည် တည်းခိုခန်းရှိရာသို့ အမြန်ပြေးသွားရာ လူအများအပြား စုရုံးနေသည်ကို မြင်လိုက်ရသဖြင့် ပို၍ စိတ်မအေး ဖြစ်သွားရသည်။
“သူတို့ကို ကယ်ခဲ့ပြီလား”
သူမသည် လူအုပ်ကို တိုးဝှေ့ဝင်သွားရင်း စိုးရိမ်တကြီး မေးလိုက်၏။
ဧည့်ခန်းထဲတွင် ယာယီကုတင်တစ်ခု ပြင်ထားသည်ကို သူမ မြင်လိုက်ရသည်။ ကုတင်ပေါ်တွင် အလွန်ပိန်ချုံးနေသော အမျိုးသမီးတစ်ဦး လဲလျောင်းနေပြီး ကျူးကျူးက ဘေးနားတွင် မျက်ရည်ဝဲလျက် ထိုင်နေသည်။
ဟွာကျွင်းသည် ထိုအခါမှ သက်ပြင်းချနိုင်တော့ပြီး စတင်ညွှန်ကြားတော့၏။
“မြန်မြန်... မော့ချွမ်း၊ သွေးပေါင်ချိန်စက် သွားယူလိုက်။ လီနျန်၊ လာကူပါဦး၊ သူ့ကို အပူချိန် တိုင်းရမယ်”
သူမကိုယ်တိုင်လည်း အောက်စီဂျင်ဘူးကို ထုတ်ကာ နှာခေါင်းစည်းကို ကျွမ်းကျွမ်းကျင်ကျင် တပ်ဆင်ပြီး ကျန်းကျန်း၏ မျက်နှာပေါ်တွင် အသာအယာ အုပ်ပေးလိုက်သည်။
“အားမန်၊ ဒီဘူးကို ကိုင်ထားပေးပါဦး။”
အားမန်က အနားသို့ အမြန်လျှောက်လာပြီး ဘူးကို ကိုင်ကာ ဟွာကျွင်း ညွှန်ကြားသည့်အတိုင်း တစ်စက္ကန့်ချင်းစီ နှိပ်ပေးနေသည်။
သာမိုမီတာ (Thermometer) ရလဒ် ထွက်လာ၏။ (၃၅.၈) ဒီဂရီ စင်တီဂရိတ်၊ အပူချိန်မှာ ပုံမှန်ပင် ရှိသေးသည်။
ဟွာကျွင်းသည် လက်အားသွားသဖြင့် မော့ချွမ်းဆီမှ သွေးပေါင်ချိန်စက်ကို ယူကာ ကျန်းကျန်း၏ လက်မောင်းတွင် ပတ်လိုက်ပြီး ခလုတ်ကို နှိပ်လိုက်၏။
“အခု တိုင်းတာနေပါပြီ၊ ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ”
သွေးပေါင်ချိန်စက်မှ အသံထွက်လာသောအခါ ဒေါ်လေးပန်းက ရုတ်တရက် သတိဝင်လာပြီး သမားတော်၏ ရှေ့သို့ ဝုန်းခနဲ ပြေးပိတ်ကာ အမြင်ကို ကွယ်လိုက်၏။
“သမားတော်ကြီး၊ ပင်ပန်းနေပါပြီ။ ဒီဘက်ကို လာပါဦး၊ လက်ဖက်ရည်နဲ့ မုန့်လေးတွေ သုံးဆောင်ပါဦးရှင်”
ထိုအခါမှ ဟွာကျွင်းသည် ဆိုင်ထဲတွင် အပြင်လူ ပါနေသည်ကို သတိပြုမိတော့သည်။
သူမသည် ဒေါ်လေးပန်းကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် မော့ချွမ်းကို အချက်ပြလိုက်၏။
မော့ချွမ်းက အခန်းထဲရှိ လူများကို ဖယ်ပေးရန် ပြင်လိုက်သည်။
သမားတော်မှာ ဟွာကျွင်း ယူလာသည့် အရာများကို မြင်ပြီးကတည်းက ကြောင်အံ့အံ့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ဘာတွေဖြစ်နေမှန်း သူ သေသေချာချာ မသိခင်မှာပင် ဒေါ်လေးပန်းက သူ့ကို အတင်းဆွဲခေါ်သွားတော့၏။
“အမျိုးသမီး အဲဒီပစ္စည်းတွေက ဘာတွေလဲ၊ ဘာလုပ်တာလဲ”
ဒေါ်လေးပန်း တဟားဟား ရယ်ကာ ပြန်ဖြေ၏။
“အို... သူဌေးမဟွာဆိုတာ သိတဲ့အတိုင်းပဲ၊ မုန့်ဆိုင်ဖွင့်ထားတာဆိုတော့ စားစရာတွေပေါ့ရှင်၊ မဟုတ်ဘူးလား”
“ကျွန်တော့်ကို လာမလိမ်ပါနဲ့...”
တိုင်းတာပြီးနောက် ကျန်းကျန်း၏ သွေးပေါင်ချိန်မှာ အလွန်နည်းနေသည်ကို တွေ့ရသည်။ အပေါ်သွေး (၄၈) နှင့် အောက်သွေး (၃၄) သာ ရှိတော့သည်။
ဤအခြေအနေမျိုးနှင့်ဆိုလျှင် သူမ မတ်တတ်ရပ်လိုက်သည်နှင့် ချက်ချင်း မေ့လဲသွားပေလိမ့်မည်။
၎င်းသည် ရေရှည် အာဟာရချို့တဲ့မှုကြောင့် ဖြစ်ရသည်မှာ သေချာသလောက် ရှိပေသည်။
ဟွာကျွင်းသည် သမားတော်၏ အမြင်ကို သိလိုသဖြင့် လှမ်းမေးလိုက်၏။
“သမားတော်ကြီး၊ သူ့ရဲ့ အပူချိန်က ပုံမှန်ပါပဲ၊ ဒါပေမဲ့ သွေးပေါင်ချိန်က အရမ်းနည်းနေပြီး မျက်နှာကလည်း လုံးဝ ဖြူဖျော့နေတယ်။ ဒါ အာဟာရ ချို့တဲ့တာ မဟုတ်လား”
သမားတော်မှာ အစကတည်းက အရာရာကို အိပ်မက်လိုလို ဖြစ်နေဆဲပင်။
အမည်းရောင်ဆေးသည် ပါးစပ်ထဲထည့်သည်နှင့် အရည်ပျော်သွား၏။ ဟင်းချိုပွဲက ပို၍ပင် ဆန်းသေးသည်။ သောက်ပြီး သိပ်မကြာခင် လူနာက သတိရလာတော့၏။
ယခုလေးတင် လူနာ ခေါင်းကို တစ်ခုခုဖြင့် ထိလိုက်ရုံသာ။ အပူချိန် ပုံမှန်မှန်း သိသွားလေသည်။
‘ပြီးတော့ သွေးပေါင်ချိန်ဆိုတာ ဘာလဲ၊ ‘ချီ’ နဲ့ ‘သွေး’ ကို ပြောတာလား၊ သွေးပေါင်နည်းတာကိုရော သူ ဘယ်လိုသိတာလဲ၊ ဟိုထူးဆန်းတဲ့ အရာတွေနဲ့ တိုင်းတာလို့ ရတာလား’
‘ပြီးတော့ အဲဒီပစ္စည်းက စကားတောင် ပြောနိုင်သေးတယ်’
တစ်ခုမှ လက်တွေ့မဆန်သလို ခံစားနေရသည်။
သူသည် စိတ်ကို ပြန်စုစည်းပြီး သူစမ်းသပ်မိသော သွေးခုန်နှုန်းရလဒ်များကို ဟွာကျွင်းအား အသေးစိတ် ပြောပြလိုက်သည်။
ဟွာကျွင်း ခေါင်းညိတ်လိုက်၏။ သူမ တွေးထားသည်နှင့် ကိုက်ညီနေပေသည်။
လီနျန် မေးလိုက်၏။
“သူဌေးမဟွာ၊ ကျွန်မတို့တွေ ဘာဆက်လုပ်ကြမလဲ”
“ပထမဆုံး သူ့ကို ကောင်းကောင်း အနားယူခိုင်းပါ။ ဆန်ပြုတ်လေးတွေ ကျိုတိုက်ပါ။ ဪ... ပြီးတော့ ကျွန်မယူလာတဲ့ ဂလူးကို့စ်ကို ရေနဲ့ဖျော်ပြီး နေ့တိုင်း နည်းနည်းစီ တိုက်ပေးပါ”
သူမသည် သမားတော်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ငွေတုံးတစ်တုံး လက်ဆောင်ပေးလိုက်သည်။
သမားတော်မှာ ထိတ်လန့်သွားကာ မေးလိုက်၏။
“ကျွန်တော် ရေးပေးတဲ့ ဆေးညွှန်းကော လိုသေးလား”
“လိုတာပေါ့ရှင်၊ အာဟာရ ပြည့်ဝဖို့က အရေးကြီးသလို ဆေးလည်း သောက်ရဦးမှာပါ။ ကျေးဇူးတင်ပါတယ် သမားတော်ကြီး”
မော့ချွမ်းက အနားသို့ လျှောက်လာပြီး ပြော၏။
“သမားတော်ကြီး၊ ကျွန်တော် မြို့ထဲအထိ လိုက်ပို့ပေးပါ့မယ်၊ တစ်ခါတည်း ဆေးလည်း ယူလာခဲ့ပေးမယ်”
လိုက်ပို့ပေးခြင်းမှာ အပေါ်ယံသာ ဖြစ်ပြီး မော့ချွမ်း၏ အဓိက ရည်ရွယ်ချက်မှာ သမားတော်ကို သတိပေးရန်နှင့် သူ ပြန်ရောက်သည့်အခါ ပါးစပ်မဖွာစေရန် ဖြစ်သည်။
တည်းခိုခန်းမှသည် မုန့်ဆိုင်ဝင်ပေါက်အထိ သူတို့နှစ်ဦးလုံး တိတ်ဆိတ်စွာ လမ်းလျှောက်လာကြ၏။ မော့ချွမ်းက ရုတ်တရက် လေသံကို လျှော့ကာ ထူးဆန်းစွာ ပြောလိုက်သည်။
“သမားတော်ကြီး၊ ဒီမှာ ခဏရပ်နေပါ။ ကျွန်တော် ပစ္စည်းတစ်ခု သွားယူပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်”
သမားတော်၏ ရင်ထဲတွင် အကြောင်းပြချက်မရှိ ကြောက်စိတ်များ ဝင်လာသဖြင့် တည်ငြိမ်သယောင် ဟန်ဆောင်ကာ ပြောလိုက်၏။
“ကောင်းပြီ၊ ကောင်းပြီ၊ သွားပါ”
“ထွက်မပြေးနဲ့နော်...”
“အာ... ဟုတ်ကဲ့”
မော့ချွမ်းသည် မုန့်ဆိုင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်သွား၏။ သူ ထွက်သွားသည်ကို ကြည့်ရင်း သမားတော်မှာ ထွက်ပြေးချင်စိတ်များ ပေါက်လာတော့သည်။
ဒီနေရာက မြို့နဲ့ အလှမ်းဝေးသေးတယ်ဟု သူ တွေးလိုက်မိပြီး ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
သူ့ဘာသာ စိုးရိမ်လွန်နေတာလည်း ဖြစ်နိုင်သည်။
မကြာမီ မော့ချွမ်းသည် မြင်းတစ်ကောင်ကို ဆွဲလျက် ပြန်ထွက်လာသည်။
မော့ချွမ်း စကားမပြောဘဲ သမားတော်ကို သူ့နောက်တွင် တင်ကာ မြို့ဆီသို့ ဒုန်းစိုင်းနှင်ခဲ့သည်။
မြို့တံခါးကို မြင်ရသောအခါ သမားတော် စိတ်အေးသွား၏။
မြို့ထဲရောက်ရင် လူတွေ အများကြီး ရှိတော့မှာမို့ သူ ဘေးကင်းလိမ့်မည်ဟု ထင်လိုက်သည်။
သို့သော် မထင်မှတ်ဘဲ မော့ချွမ်းသည် မြင်းခေါင်းကို လှည့်ကာ အနီးနားရှိ တောအုပ်ငယ်တစ်ခုထဲသို့ ဝင်သွားတော့သည်။
ပတ်ဝန်းကျင်မှာ အလွန်မှောင်မိုက်နေပြီး လရောင်ကြောင့်သာ လမ်းကို မသဲမကွဲ မြင်နေရသည်။
မော့ချွမ်းက မြင်းပေါ်မှ ဆင်းလိုက်ရာ သမားတော်လည်း ကယောင်ကတမ်းဖြင့် လိုက်ဆင်းရတော့၏။ သူ သေမတတ် ကြောက်နေချေပြီ။
“ဒီ... ဒီညီလေး၊ ဘာလို့... ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာတာလဲ”
သူ ထွက်မပြေးရဲပေ၊၊ အကယ်၍ သူ ပြေးလိုက်လျှင် ဤလူက ရူးသွပ်စွာ တစ်ခုခု လုပ်မည်ကို သူ ကြောက်နေမိ၏။
မော့ချွမ်း အေးစက်သော လေသံကိုပင် ဆက်သုံး၏။
“ဒီနေ့ မြင်ခဲ့သမျှကို ဘယ်သူ့ကိုမှ မပြောရဘူး၊ နားလည်လား”
သူက ခေါင်းငုံ့ထားရာမှ ထူးဆန်းသော မျက်နှာပေး၊ အေးစက်သော အသံဖြင့် မော့ကြည့်လိုက်ရာ သမားတော်၏ ခြေထောက်များမှာ ထိန်းမရအောင် တုန်ယင်လာပြီး မတ်တတ်ပင် မရပ်နိုင်တော့ချေ။
သူ အမြန်ပြော၏။
“စိတ်မပူပါနဲ့၊ ကျွန်တော် ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ်”
၎င်းထက် ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ နောက်မှ ရောက်လာခြင်း ဖြစ်သည်။
မော့ချွမ်းသည် သူ၏ အင်္ကျီလက်ထဲမှ ရုပ်သေးရုပ် တစ်ရုပ်ကို ထုတ်လိုက်၏။ ထို့နောက် သူက ပို၍ တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။
“ငါ... မင်းကို... စောင့်ကြည့်... နေမှာ... နော်... ဟီး ဟီး ဟီး ...”
သူ၏ လက်ချောင်းလေးကို အသာအယာ လှုပ်လိုက်ရာ ရုပ်သေးရုပ်၏ ခေါင်းမှာ မြေကြီးပေါ် ပြုတ်ကျသွားသည်။ သို့သော် မော့ချွမ်း၏ လက်ထဲရှိ ရုပ်သေးရုပ်၏ ကိုယ်ထည်မှ ခုနက စကားလုံးများကိုသာ ထပ်ခါတလဲလဲ အသံထွက်နေတော့သည်။
“ငါ... မင်းကို... စောင့်ကြည့်... နေမှာ... နော်... ဟီး ဟီး ဟီး... ငါ... မင်းကို... စောင့်ကြည့်... နေမှာ... နော်... ဟီး ဟီး ဟီး... ငါ...”
သမားတော်မှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားတော့သည်။ သူသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကာ မြေကြီးပေါ်တွင် ဆောင့်ကြောင့် ထိုင်ချလိုက်၏။
“ကျွန်တော့်ကို ချမ်းသာပေးပါ၊ ကျွန်တော် ဘာမှ မပြောပါဘူး၊ ကျေးဇူးပြုပြီး...”
သူသည် မြေကြီးပေါ်တွင် ထိုင်လျက် တတွတ်တွတ် ရေရွတ်နေမိသည်။ ဘယ်လောက်ကြာသွားသည် မသိ၊ ပတ်ဝန်းကျင်တွင် ဘာအသံမှ မရှိတော့သည်ကို သတိထားမိလိုက်၏။ သူ မော့ကြည့်လိုက်သောအခါ မော့ချွမ်း မရှိတော့ပေ။
သူသည် ပုံစံပျက်နေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြို့ထဲသို့ အလုအယက် ပြေးဝင်သွားတော့သည်။ သူ၏ နားထဲတွင်မူ ရုပ်သေးရုပ်၏ ထူးဆန်းသော အသံများသာ ပဲ့တင်ထပ်နေတော့သည်။
ဆေးခန်းသို့ ပြန်ရောက်သောအခါ ကုတင်ပေါ်သို့ ခုန်တက်ပြီး စောင်ထဲသို့ ကတိုက်ကရိုက် ဝင်ပုန်းနေမှသာ အနည်းငယ် နေလို့ကောင်းသွားတော့၏။
ထိုမျှအထိ ခြောက်လှန့်လိုက်ရသဖြင့် မော့ချွမ်းမှာ ကျေနပ်သွားသည်။ ထိုသနားစရာ သမားတော်ကြီးသည် သေချာပေါက် ပါးစပ်ဖွာလိမ့်မည် မဟုတ်ကြောင်း သူ သိနေ၏။
မော့ချွမ်းသည် အောင်နိုင်သူတစ်ဦးအလား မုန့်ဆိုင်သို့ ပြန်လာသောအခါ ဆိုင်ထဲတွင် လူများစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ လူအုပ်ကို တိုးဝှေ့ဝင်သွားရာ ရှေ့ဆုံးတွင် မျက်နှာတည်တည်ဖြင့် ရပ်နေသော ဟွာကျွင်းကို မြင်လိုက်ရသည်။
သူ ဟွာကျွင်း၏ ဘေးသို့ သွားရပ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ရှေ့တွင် ဒူးထောက်နေသော လူနှစ်ဦးကို တွေ့လိုက်ရ၏။
မုတ်ဆိတ်မွေး ထူထူနှင့် အမျိုးသားတစ်ဦးနှင့် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကြိုးများဖြင့် တုပ်နှောင်ထားခြင်း ခံထားရသည်။
အထူးသဖြင့် မုတ်ဆိတ်နှင့်လူမှာ အရိုက်ခံထားရသည့်ပုံ ပေါ်နေပြီး မျက်လုံးတစ်ဖက်မှာ ညိုမည်းနေကာ ပါးစပ်ထောင့်မှလည်း သွေးစအချို့ ထွက်နေသည်။
သူတို့၏ နောက်တွင်မူ ကင်းသမားအဖွဲ့နှင့် ရွာလူကြီးတို့ ရပ်နေကြ၏။