အခန်း ၂၁၈
Vol. 22 Ch. 218
အခန်း (၂၁၈)
ပုစွန်ထုပ်ကလေးများ ပွဲတော်ည
ပုစွန်ထုပ်ကလေးများမှာ ကြီးမားပြီး လတ်ဆတ်လှ၏။ မော့ချွမ်း ချိန်တွယ်ကြည့်ရာ (၂၁၀) ကတ်တီ ရှိသည်။ ရေထွက်ပစ္စည်းဆိုင်ရှင်ကလည်း ဟွာကျွင်းကို အပို (၅၀) ကတ်တီ လက်ဆောင်ပေးလိုက်ရာ ယနေ့ မုန့်ဆိုင်တွင် ပုစွန်များကို အကန့်အသတ်မရှိ ရောင်းချပေးနိုင်မည့်ပုံ ရှိသည်။
ဟွာကျွင်းသည် ပန်းကန်ဆေးစက်အတွင်းမှ ဖြုတ်၍ရသော စင်များကို အကုန်ဖယ်ထုတ်လိုက်ပြီး ပုစွန်ထုပ်ကလေးများကို ခြင်းတောင်းများထဲထည့်ကာ ဆေးကြောရန်အတွက် ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်သည်။
စားသုံးနိုင်သော မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ကာ ရေထွက်ပစ္စည်းဆေးကြောသည့်စနစ် ဖြင့် ဆေးကြောလိုက်ရာ (၁၅) မိနစ်အတွင်းမှာပင် အကုန်စင်ကြယ်သွားတော့သည်။
ထို့နောက် သူမသည် ပုစွန်များကို ပြန်ထုတ်ကာ ဘရက်ရှ်အသေးလေးဖြင့် ပုစွန်ဗိုက်များကို ပွတ်တိုက်ပေးပြီး ရေအေးဖြင့် တစ်ခေါက် ပြန်ဆေးချလိုက်၏။
ဟွာကျွင်းသည် အရသာသုံးမျိုး ပြုလုပ်ရန် စီစဉ်ထားသည်။ဘစပ်စပ်ကြိုက်သူများအတွက် အစပ်အရသာ၊ ဆော့စ်အနှစ်ဆိမ့်ဆိမ့်လေးဖြင့် ‘(၁၃) မျိုးဟင်းခတ်အမွှေးအကြိုင်’ အရသာ နှင့် စားပြီးရင်း စားချင်ဖြစ်စေမည့် ကြက်သွန်ဖြူအရသာ တို့ဖြစ်သည်။
ကြားရသည်မှာ ရှုပ်ထွေးသယောင်ရှိသော်လည်း ဟင်းခတ်အမွှေးအကြိုင်အထုပ်များ ရှိနေသဖြင့် ပြုလုပ်ရသည်မှာ အလွန်လွယ်ကူသည်။
ဟွာကျွင်းနှင့် တခြားသူများသည် မီးဖိုအများအပြားကို တစ်ပြိုင်နက်အသုံးပြုကာ ပုစွန်ထုပ်ကလေးများကို အရင်ဆုံး ပြင်ကြသည်။
မော့ချွမ်းက ဝက်ဆီတစ်ဝက်၊ ဆီမွှေးတစ်ဝက်ကို အိုးထဲထည့်ကာ မီးပြင်းပြင်းဖြင့် အပူပေးလိုက်၏။ ဆီပူလာသောအခါ ပုစွန်များကို ထည့်ကြော်ရာ အခွံများ နီရဲလာပြီး အကွက်များ ပေါ်လာသည်အထိ ကြော်ပြီးနောက် ဆယ်ယူကာ ဟွာကျွင်းထံ လက်ဆင့်ကမ်းပေးလိုက်သည်။
လက်ဆင့်ကမ်းအပြေးပြိုင်ပွဲကဲ့သို့ပင် ဟွာကျွင်းသည် ဒုတိယအဆင့်ကို တာဝန်ယူရသည်။ စီချွမ်းငရုတ်ကောင်းစေ့ များကို မီးအေးအေးဖြင့် အနံ့မွှေးလာအောင် အရင်လှော်သည်။ ထို့နောက် ‘(၁၃) မျိုးဟင်းခတ်အမွှေးအကြိုင်’ ပုစွန်ထုပ်ကလေး ဆော့စ်ကို ထည့်ကာ အနံ့ထွက်လာအောင် ဆီသတ်ပြီးနောက် ပုစွန်များကို ထည့်၍ မွှေလိုက်၏။
သူမသည် အိုးဘေးမှနေ၍ ဝိုင်ဖြူနှင့် ပဲငံပြာရည်အကြည် အနည်းငယ် လောင်းထည့်ကာ ပုစွန်များ၏ တစ်ဝက်ခန့်အထိ ရေနွေးထည့်လိုက်သည်။ နောက်ဆုံးတွင် ပြုပြင်ထားသော သခွားသီးချောင်းများ၊ အာလူးချောင်းများနှင့် ပြောင်းဖူးတုံးများကို ထည့်ကာ မီးပြင်းပြင်းဖြင့် ဆူအောင် တည်လိုက်သည်။
ထိုအတောအတွင်း သူမသည် ဆော့စ်အနှစ်များ ကပ်သွားအောင် အမြဲမွှေပေးနေပြီး နောက်ဆုံးတွင် အရသာပိုရှိစေရန် သကြားဖြူအနည်းငယ်ခတ်ကာ နံနံပင်လေး ဖြူးလိုက်ရာ တည်ခင်းရန် အဆင်သင့် ဖြစ်သွားတော့၏။
ဟွာရှန့်ကမူ သူမဘက်တွင် ကြက်သွန်ဖြူအရသာကို ပြုလုပ်နေ၏။ သူမသည် ဟွာကျွင်း၏ အစီအစဉ်အတိုင်း လိုက်လုပ်ရုံသာဖြစ်ပြီး ‘(၁၃) မျိုးဟင်းခတ်အမွှေးအကြိုင်’ အစား ကြက်သွန်ဖြူကို အခြေခံထားသည့် ဆော့စ်ဖြင့် အစားထိုးလိုက်ခြင်း ဖြစ်ရာ သူမအတွက် လုံးဝ မခက်ခဲပေ။
“ဒေါင်... ဒေါင်...”
ဖုန်းမှ အချက်ပေးသံ မြည်လာသောအခါ မော့ချွမ်းသည် တံခါးသွားဖွင့်ပေးလိုက်သည်။
အပြင်တွင် စောင့်နေကြသော ဖောက်သည်များမှာ အနံ့ခံကြည့်ကာ အထဲသို့ ချောင်းကြည့်နေကြ၏။
“အစ်ကိုကြီး မော့ချွမ်း... ဒါက သူဌေးမဟွာ ပြောတဲ့ ဟင်းပွဲအသစ်လား”
“အသစ်ကြီးလည်း မဟုတ်သလို အဟောင်းကြီးလည်း မဟုတ်ပါဘူး၊ အသစ်တွေလည်း ပါတာပေါ့”
မော့ချွမ်း ပြန်ဖြေသည်။
“အို... အစ်ကိုကြီးကလည်း စကားတွေကို လှည့်ပတ်မပြောပါနဲ့၊ ဘာဟင်းလဲဆိုတာ တည့်တည့်ပြောပါ”
“ပုစွန်ထုပ်ကလေးလေ”
ပုစွန်ထုပ်ကလေးဆိုသည့် စကားနှစ်လုံး၏ အစွမ်းကို မော့ချွမ်း တကယ် မမျှော်လင့်ထားခဲ့ပေ။ သူပြောပြီးသည်နှင့် တစ်နေရာလုံး ဆူညံသွားတော့၏။
“ပုစွန်ထုပ်ကလေးလား ဒဏ္ဍာရီထဲက ပုစွန်ထုပ်ကလေးလား”
“မနှစ်က… မနှစ်က ကျွန်တော့်အစ်ကိုကြီး ဒီမှာ လာစားဖူးတယ်၊ သူပြန်ပြောပြတာ ကြားပြီးကတည်းက ကျွန်တော် တစ်နှစ်ခွဲလောက် သွားရည်ကျနေရတာ၊ သူဌေးမဟွာ၊ နောက်ဆုံးတော့ ပုစွန်ထုပ်ကလေး လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”
တန်းစီနေသူများထဲမှ နောက်ဆုံးကလူက အော်ပြော၏။
“အစ်ကိုကြီး မော့ချွမ်း၊ ဒီနေ့ ပုစွန်တွေ အများကြီး ရှိလား၊ ကျွန်တော် ရနိုင်မလား၊ တစ်ချက်လောက် ပြောပေးပါ”
“အစ်ကိုကြီး မော့ချွမ်း ကျွန်တော့်အတွက် တစ်ပွဲ ချန်ထားပေးပါဦး”
“အစ်ကိုကြီး မော့ချွမ်း...”
မော့ချွမ်းသည် တစ်ခါမှ ဤကဲ့သို့ မကြုံဖူးပေ။ ဆယ်မိနစ်အတွင်း သူ၏အမည်ကို အခါတစ်ရာနီးပါး ခေါ်ဆိုခြင်း ခံလိုက်ရ၏။ သူက အကျယ်ကြီး ပြန်ထူးလိုက်သည်။
“မလောကြပါနဲ့၊ ဒီနေ့ ပုစွန်တွေ အများကြီးရှိတယ်၊ အားလုံးအတွက် လောက်ပါတယ်”
တစ်ယောက်က သူ၏ အင်္ကျီလက်ကို ဆွဲကာ ပိုပိုသာသာ ပြောလိုက်၏။
“နောက်ဆုံးတော့ ကျွန်တော် ရောက်လာနိုင်ပြီ၊ အစ်ကိုကြီး မော့ချွမ်း... ကျွန်တော့်အတွက် နေရာလေးတစ်နေရာလောက် ချန်ထားပေးလို့ ရမလား၊ ကျွန်တော် အခုပဲ အိမ်ပြန်ပြီး အဖေအိုကြီးကို သွားပိုးလာမလို့၊ သူလည်း ပုစွန်ထုပ်ကလေး စားချင်နေတာ”
“မလိုပါဘူး၊ ဒီနေ့ အများကြီးရှိတာပဲ။ နောက်မှ ခင်ဗျား အတွက် တစ်ပွဲ ပါဆယ်ထုတ်ပေးလိုက်မယ်လေ”
“ဒါဆို ကျွန်တော်လည်း ပါဆယ်လိုချင်တယ်၊ အိမ်က မိန်းမကို မြည်းကြည့်ခိုင်းမလို့”
“ကျွန်တော်လည်း မနက်ဖြန် သောက်ရင် စားဖို့အတွက် အပိုတစ်ပွဲ ပါဆယ်ထုတ်မယ်”
“ကျွန်တော်ရော”
“ကျွန်တော်ရောပဲ၊ အစ်ကိုကြီး မော့ချွမ်း... ကျွန်တော့်ကို မမှတ်မိဘူးလား၊ ကျွန်တော် နေ့တိုင်း လာနေကျလေ၊ အရင်ဆုံး ပါဆယ်လေး လုပ်ပေးပါဦး”
မော့ချွမ်း မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏။
သူ မီးဖိုချောင်ထဲ ဝင်သွားပြီး ဟွာကျွင်းကို မေးလိုက်သည်။
“ပုစွန်ထုပ်ကလေးတွေက ဘာလို့ ဒီလောက် နာမည်ကြီးနေတာလဲ၊ ဘာလို့ ကျွန်တော့်ကို စောစောက မပြောတာလဲ”
ဟွာကျွင်းကိုယ်တိုင်ပင် မေ့နေခဲ့ခြင်းဖြစ်၏။
“အဲဒီလို ဖြစ်မယ် ထင်တယ်။ ကျွန်မ တစ်ခါ ရောင်းဖူးတယ်၊ ဒါပေမဲ့ အခွံနွှာရတာ လက်ဝင်လွန်းလို့ ထပ်မရောင်းတော့တာ။ လူတိုင်း ဒီလောက် တောင့်တနေကြမယ်လို့ မထင်ထားဘူး။”
မုန့်ဆိုင်၏ ထူးခြားသော သဘောသဘာဝကြောင့် သူမသည် ဟင်းပွဲများကို ပုံမှန် မရောင်းချနိုင်ဘဲ၊ ဖောက်သည်များအတွက် နေ့စဉ်စားသောက်ရသည်မှာ လက်ဆောင်ဘူး ဖွင့်ရသကဲ့သို့ပင်။ သူတို့က စိတ်မရှိဘဲ ရှိတာကို စားကြသည်မှာ ကံကောင်းလှ၏။
သူမကိုယ်တိုင်လည်း တစ်ခါတစ်ရံ အလုပ်ရှုပ်မည်စိုးသဖြင့် ဖောက်သည်များ၏ သဘောထားကို ဂရုမစိုက်ဘဲ စိတ်မပါလျှင် မချက်ဘဲ နေတတ်ရာ ဖောက်သည်များမှာ ဟင်းတစ်ပွဲစားချင်ရုံနှင့် အကြိမ်ကြိမ် လာရသည်များ ရှိခဲ့သည်။
၎င်းကို တွေးမိတော့ သူမ အနည်းငယ် အားနာသွား၏။
ဟွာကျွင်းသည် ရေထွက်ပစ္စည်းဆိုင်ရှင်ကို ဖုန်းဆက်ကာ မေးလိုက်၏။
“ဦးလေး... ပုစွန်ထုပ်ကလေးတွေ ထပ်ရှိဦးမလား”
နွေရာသီ ညနေခင်းများမှာ ပုစွန်ထုပ်ကလေး စားရန် အကောင်းဆုံးအချိန်ဖြစ်ရာ ဝယ်ယူရသည်မှာ မခက်ခဲနိုင်ပေ။
“အခုက နည်းနည်းတော့ အရေးကြီးနေတယ်၊ ဒါပေမဲ့ ဦးလေး လိုက်မေးပေးပါ့မယ်။ သမီး ဘယ်လောက်လောက် ထပ်လိုချင်တာလဲ”
ဟွာကျွင်း ခဏစဉ်းစားပြီး ဖြေ၏။
“နောက်ထပ် ကတ်တီ တစ်ထောင်လောက်ပါ”
“တစ်... တစ်ထောင်... ကတ်တီ”
ဆိုင်ရှင်မှာ သူမ၏ အပြောကြောင့် လန့်သွားပြီး ခဏကြာ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။
“ဦးလေး ဖုန်းကို စောင့်နေလိုက်နော်...”
အားမန်လည်း ဝင်လာ၏။ သူမသည် အေပရွန် ဝတ်ကာ အစပ်အရသာ ပုစွန်ထုပ်ကလေးများကို စတင် ဆီသတ်တော့သည်။
ဟွာရှန့်က စားပွဲတစ်ခုချင်းစီ၏ ကြိုက်နှစ်သက်သော အရသာကို မှတ်စုစာအုပ်ဖြင့် လိုက်မှတ်နေပြီး၊ ဟွာကျွင်းက မော့ချွမ်းကို အပြင်ဘက်တွင် စားပွဲများ ပိုချထားရန်နှင့် ဖယောင်းတိုင်များ ထွန်းထားရန် ခိုင်းလိုက်သည်။
“ဖောက်သည်တွေကို မတ်တပ်ရပ်မစောင့်ခိုင်းနဲ့တော့။ စိတ်ပါတဲ့သူတွေ အပြင်မှာ ထိုင်စားလို့ရတယ်လို့ ပြောလိုက်။”
စိတ်မပါသူ တစ်ယောက်မှ မရှိပေ။ ခြင်ကိုက်ခံရမည်ဆိုလျှင်တောင် အခုချက်ချင်း စားချင်နေကြသူများသာ ဖြစ်၏။
ဟွာကျွင်းကလည်း ၎င်းကို တွေးမိသည်။ သူမသည် လျှပ်စစ်စကူတာနှင့် ကုန်စုံဆိုင်သော့များကို ယူကာ ခြင်ဆေးခွေတစ်ဗူး သွားယူလိုက်သည်။
သူမသည် အပြင်ဘက်ရှိ စားပွဲတစ်ခုချင်းစီ၏ အောက်တွင် ခြင်ဆေးခွေများ ချပေးလိုက်ရင်း၊ ခေတ်သစ်ခြင်ဆေးခွေက ရှေးခေတ်ခြင်များကို နိုင်ပါ့မလားဟု တွေးမိနေ၏။ ခေတ်သစ်ခြင်ကိုတောင် တစ်ခါတစ်ရံ မနိုင်ဘဲ ရှိတတ်သော်လည်း ဘာမှမရှိသည်နှင့်ယှဉ်လျှင် ပိုကောင်းပါသည်။
စုစုပေါင်း စားပွဲအလုံး (၃၀) ကျော်ရှိရာ ပုစွန်ထုပ်ကလေး တစ်ပွဲလျှင် (၃) ကတ်တီ ဖြစ်သော်လည်း ဟွာကျွင်းက ဟွာရှန့်ကို ပိုထည့်ပေးရန်မှာကြားသဖြင့် တစ်ပွဲလျှင် (၄) ကတ်တီခန့် ရှိ၏။
ထို့ကြောင့် ပထမအသုတ်မှာပင် ပုစွန် ကတ်တီ (၁၀၀) ကျော် ကုန်သွားသည်။ မီးဖိုချောင်မှာ အလုပ်ရှုပ်နေသလို အပြင်က ဖောက်သည်များမှာလည်း အားရပါးရ စားနေကြ၏။
ပုစွန်ထုပ်ကလေးတင်မက နွေရာသီမှာ မရှိမဖြစ်လိုအပ်သည့် ဘီယာကိုလည်း တည်ခင်းပေးသည်။ ဗိုက်မဝမည်ကို စိုးရိမ်သဖြင့် ဟွာကျွင်းသည် ထမင်းဖြူနှင့် အသင့်စားခေါက်ဆွဲ များကိုလည်း အဓိက အစားအစာအဖြစ် ကျွေးမွေး၏။
ထိုအသင့်စားခေါက်ဆွဲများကို ကျန်နေသည့် ပုစွန်ထုပ်ကလေး ဆော့စ်အနှစ်များနှင့် နယ်ဖတ်လိုက်သောအခါ ဆော့စ်များက ခေါက်ဆွဲတွင် ကပ်ပါသွားပြီး အလွန်မွှေးကြိုင်လှသည်။
ဤကဲ့သို့သော တစ်ပွဲကို ဟွာကျွင်းက ကြေးပြား (၁၀၀) သာ ဈေးသတ်မှတ်ထားရာ လုံးဝ မဈေးကြီးပေ။
‘ကြေးပြား (၁၀၀) နှင့် ဘယ်မှာ ထမင်းဖြူ စားရမလဲ။ ဘယ်မှာ အသင့်စားခေါက်ဆွဲ စားရမလဲ။ ဘယ်မှာ ပုစွန်ထုပ်ကလေး (၄) ကတ်တီတောင် စားရမှာလဲ’
ထို့အပြင် ယနေ့တွင် လျှော့ဈေးလည်း ရှိသေး၏။ ဟွာကျွင်းသည် မနေ့က အားလုံးကို လျှော့ဈေးပေးမည်ဟု ပြောခဲ့သည့်အတိုင်း ကတိတည်ခဲ့သည်။
“ဒီနေ့အတွက် ကြေးပြား (၈၀) တည်းနဲ့ ပုစွန်ထုပ်ကလေး၊ ဘီယာနဲ့ အဓိကအစားအစာ တစ်ခုကို ရမှာပါ”
“ဝိုး တကယ့်ကို ကောင်းတာပဲ”
“သူဌေးမဟွာ တကယ့်ကို ရက်ရောတာပဲ”
“ဒါ နှစ်သစ်ကူးပွဲတော်လား”
ဆိုင်အတွင်းရှိ အော်ဟစ်အားပေးသံများမှာ အလွန်တက်ကြွလှသဖြင့် ဟွာကျွင်း သူမကိုယ်သူမ ဘုရင်မတစ်ပါးအလား ခံစားလိုက်ရသည်။
မော့ချွမ်းကမူ ပြုံးလျက် ပြောလိုက်သည်။
“သူတို့ကို နေ့တိုင်း ဒီလို ကောင်းကောင်းကျွေးမယ်ဆိုရင် ခင်ဗျား တကယ်ပဲ ဘုရင်မ ဖြစ်သွားနိုင်တယ်...”
ဟွာကျွင်းက အံ့ဩသွားပြီး ပြောတော့သည်။
“ရှင်တို့က ဒီလိုစကားမျိုးတွေကို ပြောရဲကြတယ်လား၊ ဘာလို့ လုံးဝ မရှောင်တာလဲ၊ ရှင်လည်း ခေတ်သစ်အင်တာနက်ရဲ့ လွှမ်းမိုးမှုကို ခံနေရပြီလား”
သူမ၏ အိတ်ကပ်ထဲမှ ဖုန်းတုန်ခါလာ၏။ ရေထွက်ပစ္စည်းဆိုင်ရှင်ထံမှ ဖုန်းဖြစ်သည်။
ဆိုင်ရှင်က သူမအတွက် ပုစွန်ထုပ်ကလေးများ ရအောင် လုပ်ပေးထားကြောင်း သို့သော် တကယ့်ကို ခက်ခက်ခဲခဲ လုပ်ခဲ့ရပြီး ပေးသွင်းသူ အများအပြားဆီမှ စုပေါင်းပြီး (၈၀၀) ကတ်တီခန့် ရထားကြောင်း ပြော၏။
(၈၀၀) ကတ်တီဆိုလျှင် လောက်ပါ၏။ ဟွာကျွင်း ပစ္စည်းများကို ဘေးက ဂိုဒေါင်မှာ ချပေးထားရန် ပြောလိုက်ပြီး နောက်မှ အလုပ်သမားဖြစ်သူ မော့ချွမ်းကို သွားသယ်ခိုင်းလိုက်တော့သည်။