အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀)
ခေါက်ဆွဲလုပ်သူ ရှာဖွေခြင်း
ကျူးကျူးလေး၏ သနားစဖွယ် အမူအရာကြောင့် ရှိနေသူအားလုံး ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရပြီး ကျန်းကျန်းမှာ တရှုံ့ရှုံ့နှင့် စတင်ငိုကြွေးတော့သည်။
ဟွာကျွင်းက နူးနူးညံ့ညံ့ ပြောလိုက်၏။
“ကျူးကျူးလေး မစိုးရိမ်နဲ့တော့နော်၊ နောက်ဆိုရင် ညီမလေး ဘာဒုက္ခမှ မရောက်စေရတော့ဘူး...”
ထို့နောက် သူမ ကျန်းကျန်းကို လှည့်ပြောလိုက်သည်။
“ညီမလေးတို့ နှစ်ယောက်လုံး အနားယူပြီး ကျန်းမာအောင် အရင်လုပ်ကြ။ နေပြန်ကောင်းသွားရင် ကျူးကျူးလေးက မူလတန်းကျောင်း တက်ရမယ်၊ ညီမလေးကတော့ ပန်းထိုးအလုပ်ရုံကို ပြန်လာခဲ့ပေါ့”
ကျန်းကျန်း၏ မျက်လုံးများမှာ နီမြန်းနေပြီး ရေဓာတ်ခန်းခြောက်မှုဒဏ်ကြောင့် အသံများပင် အက်ရှနေ၏။ သူမက တုန်တုန်ရင်ရင်ဖြင့် ပြောရှာသည်။
“သူဌေးမဟွာ... ကျွန်မ တောင်းပန်ပါတယ်။ အဲဒီတုန်းက ပန်းထိုးအလုပ်ရုံကနေ မထွက်သွားသင့်ဘူး။ ကျွန်မက မမဆီမှာ ကိုယ်ကို ရောင်းထားတဲ့သူဆိုတော့ အဲဒီကိစ္စတွေထဲ ဝင်မပါသင့်ဘူး”
“ဒါ ညီမလေးအပြစ်မဟုတ်ပါဘူး။ အဖေက အသည်းအသန်ဖြစ်နေတာကို ပစ်ထားလို့မှ မရတာ။ ဒါပေမဲ့ နောင်ဆိုရင်တော့ တစ်ခုခုဆို အားလုံးနဲ့ တိုင်ပင်ပါ၊ အစ်မတို့ကိုလည်း မိသားစုလိုပဲ သဘောထားနော်”
ကျန်းကျန်းက ခေါင်းညိတ် သဘောတူလိုက်သည်။
ဟွာကျွင်း ဆက်ပြော၏။
“ညီမလေးတို့ အိမ်ကိုလည်း ပြန်ပြင်ခိုင်းထားတယ်။ အကယ်၍ ပြန်နေချင်တယ်ဆိုရင် အဲဒါ ညီမလေးတို့ အိမ်ပါပဲ။ အကယ်၍ မနေချင်ဘူးဆိုရင်လည်း တခြားနေရာ စီစဉ်ပေးပါ့မယ်”
ကျူးကျူး ခေါင်းကို အတင်းခါယမ်းကာ သူမအစ်မ၏ ကုတင်ပေါ်သို့ တိုးဝင်လိုက်ရင်း ရွံရှာစက်ဆုပ်စွာ ပြောတော့သည်။
“ကျူးကျူး အဲဒီအိမ်မှာ မနေချင်တော့ဘူး”
သူတို့ တည်းခိုခန်းမှာ တစ်သက်လုံး နေ၍မရမှန်း ကျန်းကျန်း သိ၏။ သူမက ညီမလေးကို ဖက်ထားရင်း ပြောလိုက်သည်။
“သူဌေးမဟွာ... တခြားနေရာ ထပ်စီစဉ်ပေးဖို့ မလိုပါဘူး။ ကျွန်မတို့ ပန်းထိုးအလုပ်ရုံမှာပဲ နေလို့ရမလား”
ပန်းထိုးအလုပ်ရုံ ဒုတိယထပ်တွင် အခန်းများ ရှိသော်လည်း ရေရှည်နေထိုင်ရန် အနည်းငယ် အဆင်မပြေပေ။ ထို့ပြင် ညဘက်ဆိုလျှင် ဆိုင်များပိတ်သွားသဖြင့် မိန်းကလေးငယ် နှစ်ယောက်တည်း နေထိုင်ရန် မလုံခြုံနိုင်ပေ။
လီနျန် အကြံပေး၏။
“မူလတန်းကျောင်း အဆောင်မှာပဲ နေပါလား”
၎င်းက အကြံကောင်းပင်။ မိသားစုမရှိသော ကလေးငယ်များကို အဆောင်တွင် ထားရှိပြီး လူကြီးများက စောင့်ရှောက်ပေးကြသည်။
ကျန်းကျန်းနှင့် ကျူးကျူးတို့ နှစ်ယောက်လုံး သဘောတူသဖြင့် ဟွာကျွင်း ပြောလိုက်သည်။
“အိမ်ကိုတော့ ညီမလေးတို့အတွက်ပဲ ချန်ထားပေးမယ်။ ရွာလူကြီးကို အိမ်အသစ်တစ်လုံး ထပ်စီစဉ်ခိုင်းလိုက်မယ်လေ။ နေချင်တဲ့အခါမှ ပြန်ပြောင်းကြတာပေါ့”
သူတို့ကို ကောင်းကောင်းအနားယူရန် မှာကြားပြီးနောက် ဟွာကျွင်းသည် အားမန်ကို ရှာရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
“သူဌေးမဟွာ... ခဏစောင့်ပါဦး”
လီနျန်က နောက်မှ လိုက်လာ၏။ သူမတွင် ဟွာကျွင်းကို ပြောစရာများ အများကြီး ရှိနေသည်။
ပထမဆုံးကတော့ ညီအစ်မနှစ်ယောက်ကို ဝယ်ယူခဲ့စဉ်က ပိုက်ဆံကိစ္စပင်။
ထိုစဉ်က ပန်းထိုးအလုပ်ရုံ စဆောက်ခါစဖြစ်၍ အစစအရာရာ မငြိမ်သက်သေးချေ။ သူမ တကယ်ပင် မေ့သွားခဲ့ခြင်းဖြစ်ပြီး နောက်မှ သတိရသောအခါ သူတို့ကို ရှာမတွေ့တော့သဖြင့် သူမ၏ ကိုယ်ပိုင်ငွေဖြင့်သာ ပြန်အစားထိုးထားခဲ့သည်။
ထို့နောက်မှာတော့ သူမ ထပ်မေ့သွားပြန်သည်။
သို့သော် ၎င်းက ဟွာကျွင်းကို ဖုံးကွယ်ထားသလို ဖြစ်နေသဖြင့် သူမ၏ ယုံကြည်မှုကို သစ္စာဖောက်သလို ခံစားရကာ အားနာနေမိခြင်းဖြစ်၏။
“လူတစ်ယောက်ကို သုံးရင်(အလုပ်ခန့်ရင်) မသင်္ကာမဖြစ်နဲ့၊ သင်္ကာမကင်းဖြစ်ရင် မသုံးနဲ့။ အမှားတစ်ခုတည်းနဲ့ အမြဲ စိတ်မကောင်းဖြစ်မနေပါနဲ့။ ပန်းထိုးအလုပ်ရုံကို လွှဲပေးထားပြီးပြီဆိုတော့ ဒီလိုကိစ္စလေးတွေကို ကျွန်မ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ရှင်က အရာရာကို ကိုယ်တိုင်လုပ်နေတော့ သိပ်မပင်ပန်းဘူးလား”
“တချို့အလုပ်တွေကို တခြားသူတွေကို လွှဲပေးလို့ရပါတယ်။ ကြည့်ဦး... ရှင်လည်း ထပ်ပိန်သွားပြန်ပြီ”
လီနျန် ခေါင်းညိတ်ကာ ဖြေ၏။
“ယုံကြည်ရတဲ့သူ အချို့ကို ရှာပြီး အလုပ်တွေ ခွဲပေးပါ့မယ်”
“ဟုတ်တယ်... ရှင်က အပေါ်ကနေ ကြီးကြပ်ပေးရုံပဲလေ”
တည်းခိုခန်း အဝင်ဝတွင် ရွာသားများဖြင့် စည်ကားနေ၏။ သူဌေးမဟွာ ယနေ့ အကျိုးခံစားခွင့် ဝေငှပေးမည်ဟု ကြားထားသဖြင့် အိမ်တိုင်းမှ လူတစ်ယောက်စီ လာစောင့်နေကြခြင်းဖြစ်သည်။
အားမောက် နှင့် လူငယ်တစ်ယောက်က လူစုလူဝေးကို ထိန်းသိမ်းပေးနေပြီး အဘွားကျန်းကို ပုစွန်ထုပ်ကလေးများ ဝေငှရာတွင် ကူညီပေးနေကြ၏။
လီနျန် ပြောပြသည်။
“ဟိုလူငယ်က အာချင်း လေ။ ဒီတစ်ခါ မြေအောက်ခန်းအဝင်ဝကို ရှာတွေ့တာ သူ့ရဲ့ ပါးနပ်မှုကြောင့်ပဲ”
ဟွာကျွင်း သူ့ကို မှတ်မိ၏။ ထိုနေ့က မုန့်ဆိုင်တွင် မုတ်ဆိတ်ဗလပွနှင့်လူ ညွှန်ပြခဲ့သော လူငယ်ပင်ဖြစ်သည်။
လီနျန် လှမ်းခေါ်လိုက်၏။
“အာချင်း”
အာချင်း လှည့်ကြည့်လိုက်ရာ ဟွာကျွင်းကို မြင်သဖြင့် ရှက်ပြုံးလေး ပြုံးလိုက်ပြီး သူတို့ဆီသို့ ပြေးလာကာ နှုတ်ဆက်၏။
“မမလီနျန်... သူဌေးမဟွာ”
ဟွာကျွင်းက ပြန်ပြုံးပြလိုက်သည်။ သူတို့နောက်မှ ရွာသားများက အော်ပြောကြ၏။ “သူဌေးမဟွာ... တကယ်ပဲ အစားအစာတွေ ဝေပေးမှာလား”
“ဒါ မုန့်ဆိုင်က ဟင်းလား၊ ကျွန်တော် မစားဖူးသေးဘူး”
“အိမ်ကနေတောင် အနံ့ရတယ် သွားရည်တောင် ကျလာပြီ”
“ဟာ... ဝမ်အာချိုက်၊ မင်းကလည်း ပိုလိုက်တာ၊ မင်းအိမ်က ဒီကနေ ရှစ်လံတောင် ဝေးတာကို”
ဟွာကျွင်းက ပြုံးလျက် ပြောလိုက်သည်။
“မနေ့က ဝိုင်းကူပေးကြတဲ့ အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာကို မြည်းကြည့်ခိုင်းတာပါ”
အာချင်း စနစ်တကျစီစဉ်ပေးနေ၏။
“တစ်အိမ်ထောင်ကို တစ်ပွဲစီပဲနော်၊ မလုကြနဲ့၊ ပြီးတော့ အများကြီးလည်း မယူကြနဲ့ဦး၊ သူဌေးမဟွာ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြနဲ့”
လူများလျှင် စီမံခန့်ခွဲသည့် နည်းလမ်းရှိ၏။ မီးဖိုမီး ပြင်းပြီး အိုးက ကြီးမည်ဆိုလျှင် ဆယ်ပွဲစာကို တစ်ခါတည်း ချက်နိုင်ရာ အရသာက တိကျရန် မလိုသဖြင့် ဟင်းထွက်နှုန်းက တကယ့်ကို မြန်ဆန်လှ၏။
ဟွာကျွင်းသည် သူတို့ အလုပ်ရှုပ်နေသည်ကို ကြည့်ကာ သူမ ကူစရာ မလိုသဖြင့် အာချင်းနှင့် စကားပြောရန် အခွင့်အရေး ယူလိုက်သည်။
“အာချင်း... မင်း အလုပ်ရှာနေတယ်လို့ ကြားတယ်”
“ဟုတ်ကဲ့၊ ကျွန်တော်လည်း မငယ်တော့ဘူး၊ အလုပ်လုပ်နိုင်ပါတယ်။ ဘာခိုင်းခိုင်း လုပ်ပေးနိုင်ပါတယ်၊ စမ်းသုံးကြည့်ရင် သိပါလိမ့်မယ်”
“လီနျန် ပြောပြပြီးကတည်းက ကျွန်မ ဒီရက်ပိုင်း စဉ်းစားနေတာ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မက ခေါက်ဆွဲဆိုင် တစ်ခု ဖွင့်ဖို့ စီစဉ်နေတယ်၊ တကယ်လို့ မင်း စိတ်ပါမယ်ဆိုရင်...”
အာချင်း စိတ်အားထက်သန်စွာ ပြော၏။
“စိတ်ပါပါတယ်၊ ကျွန်တော် လုပ်ချင်ပါတယ်”
“ဒါပေမဲ့ နည်းနည်းတော့ ခက်လိမ့်မယ်နော်၊ မင်း သေသေချာချာ သင်ယူရလိမ့်မယ်...”
“ရပါတယ်၊ ကျွန်တော် တတ်အောင် သင်ပါ့မယ်”
ဟွာကျွင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒါဆို ကျွန်မ ပြန်ပြင်ဆင်ထားလိုက်မယ်။ သန်ဘက်ခါည ‘ရွှီ’ အချိန် [ည (၇) နာရီမှ (၉) နာရီအတွင်း] မှာ ဆိုင်ကို လာခဲ့ပါ။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်၊ နားလည်လား”
ဟွာကျွင်း၏ တည်ကြည်သော အမူအရာကို မြင်သောအခါ အာချင်းကလည်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
ဆိုင်မပိတ်မီတွင် မော့ချွမ်းသည် ပုစွန်အားလုံးကို ကြော်ပြီးသွား၏။ တည်းခိုခန်းသို့ သယ်ရန် အချိန်မရတော့သဖြင့် ဆိုင်ရှေ့တွင်ပဲ အကုန်ပုံထားလိုက်ပြီး ကျန်သည်ကို အားမောက်တို့အဖွဲ့ကိုအား လွှဲပေးလိုက်တော့သည်။
ဟွာကျွင်းက ခေါက်ဆွဲဆိုင်ဖွင့်မည့် အစီအစဉ်ကို မော့ချွမ်း သိထားသဖြင့် သူက သိချင်စိတ်များဖြင့် မေးမြန်းတော့သည်။
“အဲဒါ ကျွန်တော် စားဖူးတဲ့ ခေါက်ဆွဲမျိုးလား၊ လက်နှစ်ဖက်နဲ့ ခေါက်ဆွဲနုကြီးကို ကိုင်ပြီး ခေါက်ဆွဲမျှင်လေးတွေ ဖြစ်သွားတဲ့အထိ လှည့်ပတ်ဆွဲရတဲ့ မျက်လှည့်လိုမျိုးလေ”
“ဟုတ်တယ်၊ အဲဒါမျိုးပဲ”
“ဒါက ဘယ်လောက်ခက်လို့လဲ၊ ခင်ဗျား ကော လုပ်တတ်လား”
“မလုပ်တတ်ဘူး”
“ဒါဆို သူ့ကို ဘယ်လိုသင်ပေးမှာလဲ”
“ကျွန်မ မသင်ဘူး၊ သင်ပေးမဲ့ ဆရာ တစ်ယောက်ကို ရှာမှာ”
ထို့ကြောင့် တတိယမြောက်နေ့ နေ့လယ်ခင်းတွင် မြို့ထဲရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်၏ အပြင်ဘက်၌ လူရိပ်နှစ်ခု ပေါ်လာသည်။
တစ်နေ့လုံး အလုပ်ရှုပ်နေသော ခေါက်ဆွဲလုပ်သူကြီးသည် နေ့ဘက် အလုပ်ပြီးသွားသဖြင့် အိမ်ပြန်နားရန် ပြင်ဆင်နေ၏။ လမ်းကြားထောင့်သို့ အရောက်တွင် ယောကျ်ား တစ်ဦးက သူ့ကို တားလိုက်သည်။
ထိုလူမှာ ထူးဆန်းသော ဆံပင်ပုံစံ၊ အသားညိုညိုနှင့် တည်ကြည်သော မျက်နှာထားရှိ၏။ သူက ချက်ချင်းပင် စကားစလိုက်သည်။
“ခင်ဗျားက ဆရာကြီးကျန်း မဟုတ်လား၊ ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ”
ဆရာကြီးကျန်းမှာ လန့်သွားပြီး ပြောတော့၏။
“မဟုတ်... ကျွန်တော် ဘာအပြစ်မှ မလုပ်ထားပါဘူးနော်။ ဘယ်ကို ခေါ်သွားမလို့လဲ”
အမျိုးသမီးတစ်ယောက်က ထိုလူကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ရှင် နားလည်မှု လွဲနေပါပြီ ဆရာကြီးကျန်း။ ကျွန်မတို့ဆိုင်ကို ခဏလိုက်ခဲ့ပြီး ခေါက်ဆွဲလုပ်နည်းလေး သင်ပေးစေချင်လို့ ဖိတ်ခေါ်တာပါ”
ဆရာကြီးကျန်း နားလည်သွား၏။ သူက သူတို့ကို မျက်စောင်းထိုးကြည့်ကာ ပြောတော့သည်။
“ရူးနေတာလား၊ ကျွန်တော်က ရဲတွေ ထင်လို့ လန့်သွားတာ။ သေတော့မလိုပဲ။”
စကားဆုံးသည်နှင့် သူသည် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ဟွာကျွင်း ပြောလိုက်၏။
“ဆရာကြီးကျန်း... ကျွန်မတို့က တကယ် စိတ်ရင်းနဲ့ပါ။ ဆရာကြီးဆီကနေ ခေါက်ဆွဲလုပ်နည်း သင်ယူချင်လို့ပါ”
ဆရာကြီးကျန်းသည် ဒေါသထွက်ချင်သော်လည်း ဟွာကျွင်း၏ ပြုံးရွှင်နေသော မျက်နှာကို မြင်သောအခါ ဒေါသကို ထိန်းလိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒီပညာက အစဉ်အလာ သိပ်ကြီးတယ်ဆိုတာ မင်းတို့ သိလား၊ ဆရာတင်ပွဲတွေ၊ အခမ်းအနားတွေ လိုအပ်တယ်။ ကျွန်တော်က တပည့်မွေးဖို့ အစီအစဉ်မရှိဘူး၊ အမြန်ဖယ်ကြစမ်း”
“သုံးသောင်း” ဟွာကျွင်း လက်သုံးချောင်း ထောင်ပြလိုက်၏။
“ဘယ်... ဘယ်လောက်လဲ”
“တစ်ညတည်း သင်ပေးရုံနဲ့ ယွမ်သုံးသောင်း ပေးမယ်လေ။ အားလုံးလည်း အလုပ်ရှုပ်နေကြတာဆိုတော့ ဆရာတင်တဲ့ အဆင့်တွေကို ကျော်လိုက်ကြရအောင်။”
ဆရာကြီးကျန်းမှာ စိတ်ဝင်စားသွားသော်လည်း ဒီနှစ်ယောက်က ယုံကြည်ရပါ့မလားဟု စိုးရိမ်မိ၏။ ‘အကယ်၍ သူတို့က သူ့ကို ညာနေရင်ရော’