အခန်း ၇၁
Vol. 8 Ch. 71
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၇၁
ထျဲလန်ယန်သည် သူမ၏ ညစာကို အားရပါးရ သုံးဆောင်လိုက်သည်။
သူမ စားသောက်ပြီးချိန်တွင် အပြင်ဘက်၌လည်း ညစာပြင်ဆင်ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထျဲလန်ယန်သည် အမြန်ပင် သွားတိုက်၊ အဝတ်အစားလဲကာ သူမကိုယ်တွင် အစားအသောက်နံ့များ မကျန်စေရန် သေချာစစ်ဆေးပြီးမှသာ နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။
မကြာမီမှာပင် သူမနှင့် တစ်ခန်းတည်းနေသော အစ်မလျို ၀င်လာခဲ့သည်။
"ထျဲလန်ယန်... နင် နေလို့ကောင်းသွားပြီလား။ ဒီည ငါတို့ကို ခုခံကာကွယ်နည်းတွေ သင်ပေးဖို့ အင်အားရှိသေးရဲ့လား။"
မနေ့တစ်နေ့က တောင်ပေါ်က ပြန်လာပြီးကတည်းက လူတိုင်းက ထျဲလန်ယန်၏ သိုင်းပညာကို သိသွားကြပြီး သူမထံမှ သင်ယူချင်နေကြခြင်းဖြစ်သည်။
ဟန်ခယ်အာ၊ ဟဲအိုက်လင်း၊ ပိုင်ရန်ရန်နှင့် ချန်ဟွိုက်ကျင်းတို့မှလွဲ၍ ကျန်သူများအားလုံး စိတ်ဝင်စားကြသည်။
မနေ့က ညစာစားပြီးနောက် ထျဲလန်ယန်က သူတို့ကို ပထမဆုံးအကြိမ် သင်ပေးခဲ့ရာ လူတိုင်းက အသစ်အဆန်းဖြစ်ပြီး သဘောကျနေကြသည်။
အနည်းငယ် ပင်ပန်းသော်လည်း ဖော်ပြမတတ်သော ခံစားချက်တစ်ခု ရှိနေသဖြင့် လူတိုင်း၏ တက်ကြွမှုမှာ အတော်လေး မြင့်မားနေသည်။
ထို့ကြောင့် ယနေ့ ထျဲလန်ယန် ဗိုက်အောင့်နေသည်ဟု ကြားသောအခါ ယနေ့ လေ့ကျင့်ခန်း လုပ်ဦးမလားဆိုသည်ကို အစ်မလျိုအား လာမေးခိုင်းလိုက်ခြင်း ဖြစ်သည်။
ထျဲလန်ယန်က ကုတင်ပေါ်မှ ထရင်း ပြောလိုက်သည်။ "သက်သာသွားပါပြီ၊ ဒီည သင်ပေးလို့ရပါတယ်။"
ထိုသည်က အကြောင်းပြချက်သက်သက်သာ ဖြစ်သည်၊ သူမသည် နေရာလွတ်ထဲတွင် ဗိုက်ဝအောင် စားထားပြီးဖြစ်ရာ လေ့ကျင့်ခန်းလုပ်ရန် အနေတော်ပင် ဖြစ်သည်။
ထျဲလန်ယန်နှင့် အစ်မလျိုတို့ ထွက်လာချိန်တွင် အခြားအမျိုးသမီးပညာတတ်လူငယ်တစ်ဦး ရောက်လာခဲ့သည်။
"ထျဲလန်ယန်... နင် ဗိုက်အောင့်တယ်ဆိုလို့ ငါ ဆန်ပြုတ်ချက်တုန်းက ထမင်းရည်တစ်ခွက် ဖယ်ထားပေးတယ်၊ နွေးနေတုန်း သောက်လိုက်ဦး၊ ဗိုက်အတွက် ကောင်းတယ်။"
ထမင်းရည်တစ်ခွက် သောက်လိုက်ရသဖြင့် သူမ လန်းဆန်းသွားသလို ခံစားရသည်။
ထျဲလန်ယန်သည် လူတိုင်းကို ဝင်းထဲတွင် စုဝေးစေကာ လှုပ်ရှားမှုများကို စတင်သင်ကြားပေးတော့သည်။
"ပထမဆုံးအနေနဲ့ ဒီလိုလုပ်ရမယ်..."
မလှမ်းမကမ်းတွင် ဟန်ခယ်အာသည် ထျဲလန်ယန်၏ ကျောပြင်ကို စိုက်ကြည့်ကာ ပိုင်ရန်ရန်ကို ပြောလိုက်သည်။
"ရန်ရန်... နင်က ငါ့ကို စောင့်ဖို့ပြောပေမယ့် ငါတော့ တစ်မိနစ်တောင် မစောင့်နိုင်တော့ဘူး၊ အဲဒီမိန်းမယုတ်ကို အခုချက်ချင်း ရှင်းပစ်ချင်နေပြီ။"
သူမသည် ယခင်က ယွီချင်းချုံနှင့်ပင် ဤမျှအထိ ပြဿနာမတက်ခဲ့ဖူးပေ၊ ယခုတော့ ထျဲလန်ယန်ကို အမုန်းဆုံး ဖြစ်နေသည်။
အကယ်၍ ထျဲလန်ယန်သာ မရှိလျှင် သူမ အခုလို ကံဆိုးမှုတွေ ကြုံရမှာ မဟုတ်ဘူးလေ။
ပိုင်ရန်ရန်သည် စိတ်ထဲမှ လှောင်ရယ်လိုက်သော်လည်း ပြီးစလွယ်သာ ပြန်ပြောလိုက်သည်။
"ခယ်အာ... နင့်အခု လက်ရှိအခြေအနေကိုလည်း ပြန်ကြည့်ဦး။ လောလောဆယ် ဘာမှမရှိနေသေးဘူးမလား၊ အဲ့တော့ မိသားစုဆီက ပိုက်ဆံရောက်လာအောင်ပဲ အရင်စောင့်ဦး။"
ငွေမရှိလျှင် ဘာမှလုပ်၍မရပေ။ အခုအချိန်တွင် သူမသည် ထိုငတုံးမကို ချော့မြှူနေရန် စိတ်မပါတော့ပေ။
"နင့်ကို ငါအကြံပေးချင်တာကတော့ ဘာကိုမှ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ မဟုတ်ရင် နင်ပဲ ဒုက္ခရောက်လိမ့်မယ်။"
"အေးပါ... တကယ်ပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ။"
ဟန်ခယ်အာက ခြေဆောင့်ကာ ပြောလိုက်သည်၊ ပိုင်ရန်ရန်၏ ပြောင်းလဲသွားသော အမူအရာကို သူမ လုံးဝ သတိမထားမိပေ။
သူမသည် ဟဲအိုက်လင်းထံ ပြေးသွားကာ ယွမ် ၃၀ ကို ပြန်တောင်းတော့သည်။
"နင် ငါ့အစီအစဉ်ကို အောင်မြင်အောင် မလုပ်ပေးနိုင်ခဲ့ဘူး၊ ဒါကြောင့် ငါ့ပိုက်ဆံကို ပြန်ပေးရမယ်။"
မနေ့က အိမ်သာကျင်းထဲ ခုန်ဆင်းပြီးကတည်းက ဟဲအိုက်လင်းသည် ရွံရှာသော စိတ်ဝေဒနာကို ခံစားနေရဆဲ ဖြစ်သည်။
အိမ်သာကျင်းထဲ ခုန်ဆင်းလိုက်ရပြီးကတည်းက သူမ၏ မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။
ယခု ဟန်ခယ်အာ၏ စကားကို ကြားသောအခါ သူမ၏ မျက်နှာမှာ ပို၍ ဖြူရော်သွားကာ သွေးတစ်စက်မျှ မရှိတော့သကဲ့သို့ပင် ဖြစ်နေသည်။
"နင်က ငါ့ကို ပိုက်ဆံပြန်တောင်းရဲသေးတယ်ပေါ့၊ ငါကသာ နင့်အစား အပြစ်ခံယူပြီး အိမ်သာကျင်းထဲ ခုန်မဆင်းပေးခဲ့ရင် နင် အခုလို ဘာမှမဖြစ်ဘဲ နေနိုင်ပါ့မလား။"
ဟန်ခယ်အာက မျက်စောင်းထိုးလိုက်သည်။ "ယွမ် ၃၀ ဆိုတာ နည်းတဲ့ပိုက်ဆံ မဟုတ်ဘူး၊ အိမ်သာကျင်းထဲ ခုန်ဆင်းရတာလေးများ ဘာဆန်းတာမှတ်လို့။"
ဟဲအိုက်လင်း အံကြိတ်လိုက်သည်။ "ဒါဆို နင်လည်း သွားခုန်ကြည့်လေ။ နင်သာ ခုန်ရင် ငါ ပိုက်ဆံချေးပြီးတော့တောင် ပြန်ပေးမယ်။"
"နင့်လို မစင်စားရတာကို လူတိုင်းက ကြိုက်တယ်မှတ်နေလား၊ ရူးနေတာပဲ။"
ဟန်ခယ်အာက ဆဲဆိုကာ ထွက်ပြေးသွားသည်။ ဟဲအိုက်လင်းမှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်ကျန်ခဲ့တော့သည်။
သူမ တကယ့်ကို နောင်တရမိသည်။ ဒီလိုဖြစ်မယ်မှန်းသာ သိရင် ဘာကြောင့်နဲ့မှ ဟန်ခယ်အာရဲ့ တောင်းဆိုမှုကို လက်ခံမှာ မဟုတ်ဘူး။
နောက်ဆုံးတော့လည်း သူမက ငွေကို အရမ်းမက်မောခဲ့လို့ ငွေမျက်နှာကြည့်ပြီး အမှားလုပ်မိသွားတာပဲ။
သူမ နောက်တစ်ခါတော့ အဲဒီလောက် မတုံးတော့ဘူး။
…..
ထျဲလန်ယန်ကတော့ ဒီအဖြစ်အပျက်လေးကို မသိရှာပေ။
သူမသည် အခုတော့ လူတိုင်းကို ခုခံကာကွယ်နည်း သင်ကြားပေးရန်သာ အာရုံစိုက်နေသည်။
သူမသည် သိုင်းသင်တန်းကျောင်းတွင် အလုပ်လုပ်စဉ်က သင်ယူခဲ့သော လှုပ်ရှားမှုအချို့ကို သူမကိုယ်ပိုင် ဟန်ပန်များဖြင့် ပေါင်းစပ်ထားသည်။
လှုပ်ရှားမှုများက ရိုးရှင်းသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်ရုံသာမက တိုက်ခိုက်နိုင်စွမ်းလည်း ရှိသည်။
အကယ်၍ သေချာလေ့ကျင့်ထားလျှင် လူသုံးယောက်ကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်မည် ဖြစ်သည်။
အဓိကအချက်မှာ သူတို့၏ နားလည်သဘောပေါက်မှုပင် ဖြစ်သည်။
ဝမ်လန်ကတော့ အမြန်ဆုံး သင်ယူနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူက ဇာတ်လိုက်ဖြစ်ရာ မူလကပင် အရည်အချင်းရှိပြီးသား ဖြစ်သည်၊ ယခု သင်ယူလိုက်သဖြင့် ပို၍ ကျွမ်းကျင်သွားတော့သည်။
ဝမ်ကျွင်းကျွင်းကလည်း တော်ပါသည်၊ သူက လူသွက်လေးဖြစ်သလို ဉာဏ်လည်းကောင်းရာ အမြန်သင်ယူနိုင်သည်။
ကျန်တဲ့သူတွေကတော့ အရည်အချင်း မညီကြသော်လည်း ယေဘုယျအားဖြင့်တော့ မဆိုးလှပေ။
ရိုးရိုးပြောရလျှင် သူတို့က သိုင်းလောကထဲ ရောက်မည့်သူများ မဟုတ်သော်လည်း ကိုယ်လက်လှုပ်ရှား ကျန်းမာရေးအတွက်တော့ ကောင်းမွန်သည်။
ပြဿနာရှာတတ်သူ ဟန်ခယ်အာ မရှိသဖြင့် လူတိုင်း ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေကြပြီး တစ်ခါတရံတွင် ရယ်သံများပင် ထွက်ပေါ်လာသည်။
အခန်းထဲတွင်တော့ ချန်ဟွိုက်ကျင်းသည် ဒေါသတကြီးဖြင့် စောင်ကို ခေါင်းမြီးခြုံကာ အိပ်နေခဲ့သည်။
ပုံမှန်အားဖြင့် သူသည် ပညာတတ်လူငယ်ဝင်း၏ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ရသည်ကို ဝါသနာပါသူ ဖြစ်သည်။
ယခုတစ်ခါ သူ မသွားရသည့် အကြောင်းရင်းမှာ ထျဲလန်ယန်ကြောင့်ပင် ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က သူသည် မိမိကိုယ်ကို အထင်ကြီးကာ ထျဲလန်ယန်က သူ့ကို ကြိုက်နေသည်ဟု ထင်ပြီး စကားကြီးစကားကျယ် ပြောမိရာမှ မညှာမတာ နှစ်ချက်မျှ ကန်ထုတ်ခြင်း ခံခဲ့ရသည်။
သူ အရှက်ကွဲခဲ့ရပြီဖြစ်ရာ နောက်တစ်ကြိမ်တော့ အရှက်ကွဲမခံနိုင်တော့ပေ။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ရက်လုံး ထျဲလန်ယန်က ဟန်ခယ်အာကို ရိုက်နှက်ခဲ့တာကို ကြည့်ရင် သူမက တကယ့် အကြမ်းဖက်သမားပဲ။
စိတ်မမှန်တဲ့ မိန်းမတစ်ယောက်နဲ့ သူ မပတ်သက်ချင်တော့ဘူး။
….
ဟဲအိုက်လင်းကလည်း ချန်ဟွိုက်ကျင်းနှင့် အတွေးတူနေသည်။
သူမသည် မူလကပင် သတ္တိရှိသူ မဟုတ်ဘဲ အိမ်သာကျင်း ပြဿနာပြီးကတည်းက ထျဲလန်ယန်ကို လုံးဝ ကြောက်ရွံ့သွားခဲ့သည်။
နောင်တွင်တော့ သူမသည် လယ်ထဲမှာပဲ အေးအေးဆေးဆေး အလုပ်လုပ်တော့မည်ဖြစ်ပြီး အခြားကိစ္စများတွင် လုံးဝ ပါဝင်တော့မည် မဟုတ်ပေ။
….
နောက်ပိုင်းကာလများတွင် ထျဲလန်ယန်၏ ဘဝမှာ ပုံမှန်အတိုင်းပင် ဆက်၍ကုန်လွန်ခဲ့သည်။
သူမသည် လယ်အလုပ်လုပ်သည်၊ လူတိုင်းကို သိုင်းသင်ပေးသည်၊ နေရာလွတ်ထဲသို့ဝင်ကာ အစားကောင်းများ စားသောက်သည်၊ စာဖတ်ပြီး ဝတ္ထုရေးသည်၊ ထိုသို့ဖြင့် နေ့စဉ်နေ့တိုင်း အလုပ်ရှုပ်ကာ အဓိပ္ပာယ်ရှိနေသည်။
ဟန်ခယ်အာကလည်း နောက်ထပ် ပြဿနာမရှာတော့ပေ၊ မိသားစုဆီက ပိုက်ဆံမရောက်သေးသဖြင့် သူမ၏ ယုံကြည်မှုများ ပျောက်ဆုံးနေပုံရသည်။
စက်တင်ဘာလကုန်တွင် ထျဲလန်ယန်သည် ပေကျင်းမှ စာတစ်စောင် ရရှိခဲ့သည်။
နျိုတပင်းထံမှ ပေးပို့ခြင်း ဖြစ်သည်။
ပေကျင်းမှ မထွက်ခွာမီ ထျဲလန်ယန်သည် သူမ၏ အိမ်ကို နျိုတပင်းအား မင်္ဂလာဆောင်ရန်အတွက် တစ်လလျှင် ၄ ယွမ်နှုန်းဖြင့် ငှားခဲ့သည်။
နျိုတပင်းက သူမအား လစဉ် စာနှင့် ငွေလွှဲလက်မှတ်များ ပို့ပေးမည်ဟု ကတိပေးခဲ့သည်။
ယခု နယ်ဘက်သို့ ရောက်ရှိပြီး တစ်လကျော်အကြာတွင် သူမသည် နောက်ဆုံး၌ သူ၏စာကို ရရှိခဲ့ပြီ ဖြစ်သည်။
သူမသည် စာအိတ်ကို ဖွင့်လိုက်ရာ စာရွက်နှစ်ရွက်နှင့်အတူ ငွေလွှဲလက်မှတ်တစ်ခုကို တွေ့လိုက်ရသည်။
စာ၏ အစတွင် နျိုတပင်းက သူ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြထားသည်။
"အစ်မကြီး... တကယ်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်မိန်းမက ဒီအိမ်ကို တအားသဘောကျနေတာ။"
"ကျွန်တော်နဲ့ မိန်းမက အိမ်ခေါင်မိုးကို ပြင်လိုက်တယ်၊ ဝင်းထဲမှာလည်း ပန်းတွေ အများကြီး စိုက်ထားတယ်၊ အခုတော့ ပန်းခြံတစ်ခုလို ဖြစ်နေပြီ..."
ထျဲလန်ယန် နယ်ဘက်သို့ ထွက်ခွာပြီး ရက်အနည်းငယ်အကြာတွင် သူသည် မမျှော်လင့်ဘဲ ငွေများစွာ ရရှိခဲ့သည်။
သူ့တွင် မင်္ဂလာဆောင်ရန် ငွေရှိသွားသဖြင့် သူ၏ဇနီးလောင်းနှင့်အတူ လက်ထပ်စာချုပ် သွားယူခဲ့ကြသည်။
သူသည် ဇနီးသည်၏ မိသားစုအား တင်တောင်းငွေ အမြောက်အမြား ပေးခဲ့ရုံသာမက အိမ်အတွက် ပရိဘောဂအသစ်များကိုလည်း အများအပြား ဝယ်ယူခဲ့သည်။
နျိုတပင်း၏ မိသားစုသည် ဤအကြောင်းကို သိသွားသောအခါ အိမ်သို့ လိုက်လာပြီး မင်္ဂလာဆောင်သည်ကို မပြောပြသဖြင့် အပြစ်တင်ကာ မင်္ဂလာပွဲအတွက် ပိုက်ဆံတောင်းကြပြန်သည်။
သေချာပေါက်ပင် နျိုတပင်းက ငြင်းလိုက်သည်။ သူသည် သူ့မိသားစု၏ ဗီဇကို သိပြီးသားဖြစ်ရာ အဘယ်ကြောင့် ပိုက်ဆံပေးရမည်နည်း။
နောက်ပိုင်းတွင် မိသားစုနှစ်ခုကြား ရန်ဖြစ်ကာ လမ်းခွဲခဲ့ကြသော်လည်း နျိုတပင်း၏ မိဘများမှာ ခဏခဏ လာရောက်နှောင့်ယှက်လေ့ရှိရာ နျိုတပင်း၏ ဇနီးသည်က တံမြက်စည်းဖြင့် ရိုက်နှက်မောင်းထုတ်ခဲ့ရသည်။
"အစ်မကြီး... ကျွန်တော် ပြောပြမယ်၊ ချစ်သူဘဝတုန်းက ကျွန်တော့်မိန်းမက တအားနူးညံ့တာ၊ လက်ထပ်ပြီးမှ ဒီလောက် ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားဘူး။"
"ဒါပေမယ့် သူမရဲ့ အဲဒီလို ဒေါသကြီးတဲ့ ပုံစံလေးကို ကျွန်တော်က ပိုချစ်နေရတာ၊ ဟဲဟဲဟဲ..."
ထျဲလန်ယန် - ........
သူမက စာကိုပဲဖတ်နေတာလေ၊ အခုတော့ သူများအတွဲရဲ့ ခွေးစာကျွေးတာကို ခံလိုက်ရပြီ။
ဟမ့်။