အခန်း ၇၂
Vol. 8 Ch. 72
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၇၂
နျိုတပင်းထံမှ စာရရှိပြီး နောက်တစ်နေ့သည် နောက်ထပ် အနားယူရက်တစ်ရက် ဖြစ်သည်။
ထျဲလန်ယန်သည် သူမ၏ ပိုက်ဆံများကို ထုတ်ယူရန်အတွက် မြို့နယ်စာတိုက်သို့ နောက်တစ်ကြိမ် သွားရန် ပြင်ဆင်လိုက်သည်။
ယခင်က စာပို့သမားသည် စက်ဘီးစီး၍ စာလာပို့စဉ်က ပညာတတ်လူငယ်ဝင်းထဲရှိ လူတိုင်း မြင်တွေ့ခဲ့ကြသည်။
သူမ၏ မိသားစုထံမှ စာနှင့် ငွေများ ပို့ပေးနေသည်ကို လူတိုင်း သိသွားကြပြီဖြစ်ရာ နောင်တွင် သူမ ဈေးဝယ်ထွက်ရန်အတွက်လည်း အကြောင်းပြချက် ခိုင်လုံသွားပြီ ဖြစ်သည်။
တာဝန်ခံ ဟူဟောင်ကို နှုတ်ဆက်ပြီးနောက် ထျဲလန်ယန်သည် စတင်ထွက်ခွာခဲ့သည်။
နွားလှည်းစီးနေစဉ်အတွင်း စုန့်ရွှယ်၏ မိခင် ဟဲချွန်းဟွာနှင့် ဆုံခဲ့သည်။
"အို...ရှောင်ယန်ပါလား။ မြို့ကို သွားမလို့လား။"
ဟဲချွန်းဟွာသည် ထျဲလန်ယန်ကို သူမဘေးတွင် ထိုင်ရန် စိတ်အားထက်သန်စွာ ဆွဲခေါ်လိုက်သည်။
ထျဲလန်ယန်က ပြုံးလျက် ပြောလိုက်သည်။ "ဟုတ်ကဲ့ အဒေါ်ဟဲ... ကျွန်မ မြို့နယ်ဘက်ကို သွားမလို့ပါ။"
သူမ စကားပြောပြီးသည်နှင့် ဘေးနားရှိ မျက်နှာရှည်ရှည်နှင့် အမျိုးသမီးတစ်ဦးက စပ်စုတော့သည်။
"ထျဲကျစ်ချင်း... ပြီးခဲ့တဲ့တစ်ခေါက်ကလည်း မြို့ကနေ ပစ္စည်းတွေ အများကြီးနဲ့ ပြန်လာတာ တွေ့တယ်၊ အခုလည်း ထပ်သွားဦးမလို့လား။"
"မနေ့က စာပို့သမား နင့်ဆီ စာလာပို့တာ တွေ့တယ်၊ မိသားစုက ပိုက်ဆံပို့ပေးတာလား။"
"နင်တို့လို မိန်းကလေးတွေက ပိုက်ဆံစုရတယ်၊ ဒီလောက် ဖြုန်းတီးမနေနဲ့၊ နောက်ကြရင် ဘယ်လို လက်ထပ်မှာလဲ။ မဟုတ်ရင် ယောက္ခမတွေက ကြိုက်မှာ မဟုတ်ဘူး။"
"အစ်မဝမ်... ရှင် တော်တော့်ကို မဆီမဆိုင် ဝင်ပါတတ်တာပဲနော်။ ထျဲကျစ်ချင်းရဲ့ မိသားစုက ချမ်းသာလို့ ပိုက်ဆံရှိတာ သူတို့ကိစ္စလေ၊ ရှင်နဲ့ ဘာဆိုင်လို့လဲ။"
အဒေါ်ဝမ်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။ "ကျွန်မက ဒီအတိုင်း ပြောကြည့်တာပါ။"
သူမသည် ဟဲချွန်းဟွာနှင့် မငြင်းရဲပေ။ ဟဲချွန်းဟွာမှာ ပေါင်းရသင်းရ လွယ်ကူပုံရသော်လည်း တကယ်တမ်းတွင် စိတ်ဓာတ်ပြင်းထန်ပြီး အတော်လေး ဒေါသကြီးသူဖြစ်သည်။
ဟဲချွန်းဟွာ၏ ခင်ပွန်း မမျှော်လင့်ဘဲ ဆုံးပါးသွားစဉ်က သူမသည် စုန့်ရွှယ်ကို ကိုယ်ဝန်ဆောင်ထားရပြီး မွေးဖွားခါနီးပင် ဖြစ်သည်။
သူမ၏ သားကြီး စုန့်ပိုင်ယွမ်သည်လည်း စစ်ထဲဝင်သွားပြီဖြစ်ရာ ပြန်မလာနိုင်သေးပေ။
စုန့်မိသားစုမှ အကြီးဆုံးဦးလေးနှင့် ယောက္ခမများက ဟဲချွန်းဟွာသည် လာဘ်ပိတ်တဲ့မိန်းမ ဖြစ်သည်ဟု တမင်သတင်းလွှင့်ကာ ဆောင်းတွင်းကြီးထဲတွင် သူမကို အိမ်ပေါ်မှ နှင်ချရန် ကြံစည်ခဲ့ကြသည်။
ကိုးလလွယ် ကိုယ်ဝန်နှင့် ဟဲချွန်းဟွာသည် ဒေါသအလိပ်လိပ်ထွက်ကာ အရူးတစ်ယောက်လို သားသတ်ဓားကို ဆွဲယူပြီး စုန့်မိသားစု၏ ဦးလေးကြီးနောက်သို့ လိုက်ကာ ခေါင်းကို ဓားဖြင့် ခုတ်ပစ်လိုက်သည်။
ယောက္ခမတွေလည်း မလွတ်ပေ၊ တစ်ယောက်မှာ မျက်နှာကုတ်ဖဲ့ခံရပြီး နောက်တစ်ယောက်မှာ အုတ်ခဲဖြင့် အထုခံရကာ ခြေထောက်ကျိုးသွားခဲ့သည်။
ဟဲချွန်းဟွာ၏ မောင်ဖြစ်သူကလည်း ဤအကြောင်းကို သိသွားသောအခါ လူအင်အားနှင့် လာရောက်ပြီး စုန့်အိမ်ကို မွှေနှောက်ဖျက်ဆီးပစ်ခဲ့သည်။
ဟဲချွန်းဟွာ၏ မိခင်ဖြစ်သူ အဒေါ်ကြီးဟဲမှာလည်း ထမင်းမစား ရေမသောက်ဘဲ စုန့်အိမ်ရှေ့တွင် တစ်နေကုန် ရပ်ကာ ဆဲဆိုခဲ့သည်။
ဤဖြစ်ရပ်မှာ ရွာလုံးကျွတ် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် ရွာလူကြီးများ၏ ဖျန်ဖြေမှုကြောင့် ဟဲချွန်းဟွာသည် ကလေးနှင့်အတူ စုန့်မိသားစုမှ ခွဲထွက်လာခဲ့သည်။
သေချာသည်မှာ ပိုင်ဆိုင်မှုနှင့် ငွေကြေးအားလုံးကို ထက်ဝက် ခွဲဝေယူခဲ့ခြင်းပင်။
စုန့်အိမ်သားများက မကျေနပ်သော်လည်း အဒေါ်ကြီးဟဲက အလျော့မပေးဘဲ သဘောမတူမချင်း ထိုအိမ်မှာပဲ ထိုင်နေမည်ဟု ခြိမ်းခြောက်ခဲ့သည်။
နောက်ဆုံးတွင် စုန့်မိသားစုသည် ရှုံးနိမ့်မှုကို လက်ခံကာ အလျှော့ပေးလိုက်ရတော့သည်။
အခြေအနေများမှာ အတော်လေး ဆိုးရွားသွားခဲ့ပြီဖြစ်ရာ သူတို့ အတူတူနေရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ဟဲမိသားစုသည် သူမကို ပြန်ခေါ်သွားပြီး ကလေးမွေးဖွားပြီးနောက်တွင် ရွာထဲ၌ အခန်းနှစ်လုံးပါ ရွှံ့အိမ်လေးတစ်လုံး ဆောက်ပေးခဲ့ကြသည်။
သူတို့သည် စုန့်အိမ်နှင့် တမင်တကာ ဝေးဝေးတွင် ဆောက်ခဲ့ကြသည်။ စုန့်မိသားစုက ရွာအနောက်ဘက်တွင် နေထိုင်ပြီး သူတို့က ရွာအရှေ့ဘက်တွင် နေကြသည်။
လမ်းလျှောက်လျှင် နာရီဝက်ခန့် ကြာကာ "မျက်စိအောက်မှာ မမြင်နေရရင် စိတ်ချမ်းသာတယ်" ဟူသော သဘောပင် ဖြစ်သည်။
ဟဲချွန်းဟွာ၏ မိသားစုမှာ ကျောထောက်နောက်ခံ ကောင်းသလို သားဖြစ်သူမှာလည်း ကြိုးစားသူဖြစ်ရာ နှစ်များကုန်လွန်လာသောအခါ သူမ၏ ဘဝမှာ ပို၍ ကောင်းမွန်လာခဲ့သည်။
သူမသည် ရွာထဲတွင် အုတ်အိမ်အသစ် ဆောက်နိုင်ခဲ့ရုံသာမက ပိုလျှံသောငွေရှိသဖြင့် လယ်ထဲ၌ပင် အလုပ်ဆင်းရန် မလိုတော့ပေ။
သို့သော် စုန့်မိသားစုမှာမူ ထိုသို့ ကံမကောင်းခဲ့ကြပေ။
ဟဲချွန်းဟွာ၏ သားကြီး စုန့်ပိုင်ယွမ်မှာ စစ်တပ်တွင် ရာထူးတက်နေသည်ကို သိသောအခါ သူတို့က လာရောက် ပြန်လည်သင့်မြတ်ရန် ကြိုးစားသော်လည်း ဟဲချွန်းဟွာက သားသတ်ဓားနှင့် လိုက်၍မောင်းထုတ်ခဲ့သည်။
ရွာထဲမှ အတင်းအဖျင်းပြောတတ်သော အဘွားကြီးအချို့က စုန့်ပိုင်ယွမ်သည် အသက်ကြီးသည်အထိ အိမ်ထောင်မပြုသေးသဖြင့် တစ်ခုခု ချို့ယွင်းချက် ရှိနေသည်ဟု ကောလာဟလ လွှင့်ကြသည်။
ဟဲချွန်းဟွာ ဤအကြောင်းကို ကြားသောအခါ ဓားကိုင်ပြီး သုံးမိုင်ခန့် လိုက်လံ မောင်းထုတ်ခဲ့ရာ ထိုသူများမှာ ကြောက်လန့်တကြား ငိုယိုတောင်းပန်ခဲ့ရသည်။
ဤသို့ဖြင့် ဟဲချွန်းဟွာသည် "ဟဲသားသတ်ဓား" ဟူသော ကြောက်စရာကောင်းသည့် အမည်ပြောင်ကို ရရှိခဲ့သည်။
ကွေ့ဟွာရွာတွင် မည်သူမျှ မပတ်သက်ရဲသော လူနှစ်ယောက် ရှိသည်ဟု ပြောစမှတ်ပြုကြသည်။
တစ်ယောက်မှာ ရွာသူကြီးဖြစ်ပြီး ဒေါသကြီးသော ရွာလူကြီး ဖြစ်သည်။
နောက်တစ်ယောက်မှာတော့ ရွာလုံးကျွတ် ဓားကိုင်ပြီး မောင်းတတ်သည့် ဟဲချွန်းဟွာ ခေါ် ဟဲသားသတ်ဓား ပင် ဖြစ်သည်။
အဓိကမှာ သူမ၏သားမှာ စစ်တပ်တွင် တပ်ရင်းမှူးဖြစ်နေသဖြင့် မည်သူမျှ သူမကို မစော်ကားရဲခြင်းပင် ဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ အဒေါ်ဝမ်က အမြန်ပြန်ပြောလိုက်သည်။ "ထျဲကျစ်ချင်း... အဒေါ်က စကားအဖြစ် ပြောတာပါ၊ စိတ်ထဲ မထားပါနဲ့နော်။"
ထျဲလန်ယန်က ဟဲသားသတ်ဓားနှင့် ဤမျှ ရင်းနှီးသည်ကိုသာ သိလျှင် သူမ ပါးစပ်ကို ပိတ်ထားခဲ့မည် ဖြစ်သည်။
ထျဲလန်ယန် ပြုံးလိုက်သည်။ "စိတ်ထဲ မထားပါဘူး၊ ပုံမှန်ဆိုရင်တော့ အဲဒီလိုစကားတွေကို ခွေးဟောင်သံလို့ပဲ သဘောထားလေ့ ရှိပါတယ်။"
အဒေါ်ဝမ်၏ မျက်နှာမှာ ပျက်သွားတော့သည်။ ဒီ ရဲဘော်ထျဲကလည်း အနှိမ်ခံမည့်သူ မဟုတ်မှန်း သူမ သိလိုက်ရသည်။
သူမက နုနုနယ်နယ်လေး ဖြစ်သော်လည်း စကားလုံးများမှာတော့ လူကို သေစေနိုင်လောက်အောင် စူးရှလှသည်။
ဟဲချွန်းဟွာက ဘေးမှကြည့်ကာ နွေးထွေးစွာ ပြုံးနေပြီး သူမ၏ မျက်ဝန်းထဲတွင် ချီးကျူးမှုများ ပြည့်နှက်နေသည်။
သူမ သဘောကျထားသည့် ချွေးမလောင်းလေး ဖြစ်ထိုက်ပေသည်၊ ပြန်ပြောပုံ၊ ဆိုပုံမှာ သူမထက်ပင် သာသေးသည်။
နှမြောစရာကောင်းသည်မှာ သူမ၏ သားကြီးတွင် ကြိုက်ရမည့်သူ ရှိနေပြီဖြစ်သည်၊ မဟုတ်လျှင်တော့ မရရအောင် အောင်သွယ်ပေးမိမှာ အမှန်ပင်။
မြို့သို့သွားသော နွားလှည်းပေါ်တွင် ဟဲချွန်းဟွာသည် လမ်းတစ်လျှောက်လုံး ထျဲလန်ယန်နှင့် စကားပြောသွားခဲ့သည်။
ထျဲလန်ယန်မှာ တကယ်တမ်းတွင် လူများနှင့် အလွန်ရင်းနှီးရသည်ကို အနေရခက်တတ်သူ ဖြစ်သည်။
သူမသည် အရင်ဘဝကလည်း မိဘမဲ့ဖြစ်သလို ဒီခေတ်မှာလည်း မိဘမဲ့မိန်းကလေး ဖြစ်ရာ လူကြီးတစ်ယောက်နှင့် ဤမျှ ရင်းနှီးဖူးခြင်း မရှိပေ။
သို့သော် ထူးဆန်းသည်မှာ သူမသည် ဟဲချွန်းဟွာ၏ ထိတွေ့မှုကို မငြင်းဆန်မိခြင်းပင် ဖြစ်သည်။
ဟဲချွန်းဟွာ၏ မျက်ဝန်းထဲမှ စစ်မှန်သော အပြုံးများက သူမကို စိတ်လှုပ်ရှားစေခဲ့ပုံရသည်။
ဟဲချွန်းဟွာ - " ရှောင်ယန်... ဒီနေ့ မြို့က ပြန်လာရင် အဒေါ်တို့အိမ်မှာ ထမင်းလာစားပါဦးလား။ ပြီးခဲ့တဲ့ကိစ္စအတွက် ကျေးဇူးတင်ချင်နေတာ။"
"စိတ်မပူပါနဲ့၊ အဒေါ့်သားက အိမ်မှာ မရှိပါဘူး၊ စစ်တပ်ကို ပြန်သွားပြီ။"
ထျဲလန်ယန်က ခဏစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ၊ ဒါဆို အဒေါ့်ကို အားနာနာနဲ့ပဲ ဒုက္ခပေးရတော့မှာပေါ့။"
ဟဲချွန်းဟွာ ဝမ်းသာအားရ ပြုံးလိုက်သည်။ "ဘာမှ ဒုက္ခမဖြစ်ပါဘူး၊ သမီး လာစားမယ်ဆိုတော့ အဒေါ်က ပိုတောင် ပျော်သေးတယ်။"
သူမသည် ဤမိန်းကလေးကို ပိုပိုပြီး သဘောကျလာသည်။ နှမြောစရာကောင်းသည်မှာ ကံပါမလာခြင်းပင် ဖြစ်သည်။
မြို့ကို ရောက်သောအခါ ထျဲလန်ယန်သည် ဟဲချွန်းဟွာကို နှုတ်ဆက်လိုက်သည်။
"အဒေါ်ဟဲ... ကျွန်မ သွားတော့မယ်နော်၊ အဒေါ်လည်း အလုပ်ရှိတာ သွားလိုက်ပါဦး။"
ဟဲချွန်းဟွာ ခေါင်းညိတ်ပြလိုက်သည်။ "အေးအေး... နေ့လယ်ကြရင် အဒေါ်တို့အိမ်ကို ထမင်းလာစားဖို့ မမေ့နဲ့ဦး။"
"အဒေါ်တို့အိမ်က ရွာအရှေ့ဘက်မှာ၊ ဘယ်သူ့ကိုမေးမေး သိကြပါတယ်။"
ထျဲလန်ယန် - "ဟုတ်ကဲ့၊ ကျွန်မ သိပါပြီ။"
ထျဲလန်ယန်သည် ပထမဆုံး စာတိုက်သို့သွား၍ ပိုက်ဆံထုတ်ယူပြီးနောက် ကားဂိတ်သို့ လမ်းလျှောက်သွားကာ ကားစီးလိုက်သည်။
နှစ်နာရီအကြာတွင် ကားမှာ မြို့နယ်သို့ ရောက်ရှိခဲ့သည်။
ထျဲလန်ယန်သည် ငိုက်မြည်းနေသော မျက်လုံးများကို ဖွင့်ကာ ဝေဝေဝါးဝါးဖြင့် ကားပေါ်မှ ဆင်းလာခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်ကဲ့သို့ပင် သူမသည် ကားပေါ်၌ တရေးအိပ်ခဲ့ခြင်း ဖြစ်သည်။
မနက်စောစော ထွက်လာပြီး ဘာမှ သိပ်မစားရသေးသဖြင့် သူမ အခု ဗိုက်ဆာနေပြီ ဖြစ်သည်။
ထျဲလန်ယန်သည် လူသူကင်းရာ ထောင့်တစ်ခုသို့ သွားကာ နေရာလွတ်ထဲသို့ ဝင်လိုက်သည်။
သူမသည် အဝါရောင် မက်မွန်သီးဘူးတစ်ဘူးနှင့် အသားပေါက်စီ အကြီးနှစ်လုံးကို ထုတ်စားလိုက်သည်။
မြိန်ရည်ယှက်ရည် စားသောက်ပြီးနောက် သူမသည် မှန်တင်ခုံရှေ့တွင် ထိုင်ကာ မိတ်ကပ်စတင် လိမ်းတော့သည်။
ပြီးခဲ့သည့်တစ်ခေါက်က မှောင်ခိုဈေးကို လာလေ့လာခဲ့ခြင်းဖြစ်ပြီး ယခုတစ်ခါတွင်မူ ကိစ္စကြီးတစ်ခု လုပ်ရန်ရှိသဖြင့် ရုပ်ဖျက်ရန် လိုအပ်သည်။
ထျဲလန်ယန်သည် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်လိုက်သည်။
မျက်နှာကို ညိုအောင်လုပ်ကာ မျက်ခုံးမွှေးများကို ထူလိုက်ပြီး ပါးစပ်နားတွင် မှဲ့တစ်ခုနှင့် နှုတ်ခမ်းမွှေးများကို တပ်လိုက်သည်။
ပေါ်နေသော လည်ပင်း၊ နားရွက်နှင့် လက်များကိုလည်း အသားအရောင် ရင့်အောင် လုပ်လိုက်သည်။
ဆံပင်များကို စည်းနှောင်ကာ အမည်းရောင် ဦးထုပ်ဆောင်းပြီး အမည်းရောင် ဝတ်စုံနှင့် အမည်းရောင် အဝတ်ဖိနပ်တို့ကို ဝတ်ဆင်လိုက်သည်။
နာရီဝက်မပြည့်မီမှာပင် မှန်ထဲ၌ သာမန် ရိုးရိုးယဉ်ယဉ် လူငယ်တစ်ဦး ပေါ်လာတော့သည်။
"ဟိုင်း... မင်္ဂလာပါ ရှောင်နန်။"
ထျဲလန်ယန်သည် အသံကို နိမ့်လိုက်ပြီး မှန်ထဲက ပုံရိပ်ကို နှုတ်ဆက်လိုက်သည်။
ဒါကတော့ သူမကိုယ်တိုင် ပေးထားသည့် နာမည်တုဖြစ်ပြီး အပြင်ရောက်လျှင် ဤနာမည်ကိုသာ အသုံးပြုမည်ဖြစ်သည်။
မကြာမီမှာပင် ထျဲလန်ယန်သည် လွယ်အိတ်ကို လွယ်ကာ နေရာလွတ်ထဲမှ ထွက်ပြီး မှောင်ခိုဈေးဆီသို့ ဦးတည်သွားတော့သည်။