အခန်း ၇၅
Vol. 8 Ch. 75
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၇၅
မလှမ်းမကမ်းရှိ လမ်းကြားတစ်ခုထဲမှ တုတ်ကိုယ်စီ ကိုင်ဆောင်ထားသော ဗလကောင်းကောင်း လူလေးငါးယောက် ရုတ်တရက် ထွက်လာကြသည်။
ထိုလူများ၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပြည့်နှက်နေပြီး သူတို့၏ အကြည့်များမှာ ထျဲလန်ယန်ထံသို့ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။
ထျဲလန်ယန်၏ မျက်နှာမှာ အေးစက်သွားတော့သည်။
ဒါတွေက အဘိုးကြီးဖန် ထားခဲ့တဲ့ နောက်လိုက်တွေလား၊ အရောင်းအဝယ်လုပ်ပြီးမှ သူမကို တမင်ပြန်လုဖို့ ကြံစည်တာလား။
အကယ်၍သာ ထိုသို့ဆိုလျှင် သူတို့ကို ပြင်းထန်သော တန်ဖိုးတစ်ခု ပေးဆပ်စေရမည်။
မကြာမီမှာပင် သူတို့၏ စကားသံများက အမှန်တရားကို ဖော်ပြလိုက်သည်။
"ခေါင်းဆောင်ကျန်း... ဒီကောင်ပဲ၊ မှောင်ခိုဈေးမှာ သူ အဘိုးကြီးဖန်နဲ့ စကားပြောနေတာ ကျွန်တော် မြင်ခဲ့တယ်။"
"အဘိုးကြီးဖန်က အခုတင် ပစ္စည်းအများကြီး ယူသွားတာဆိုတော့ သူနဲ့ အရောင်းအဝယ်လုပ်ထားတာ သေချာတယ်၊ ပိုက်ဆံတွေကို တစ်နေရာရာမှာ ဝှက်ထားမှာပဲ။"
"နှမြောစရာကောင်းတာက အဘိုးကြီးဖန်ဘက်ကိုတော့ ငါတို့ မထိရဲဘူး၊ ဒီဘက်ကလူကိုပဲ ကြားဖြတ်လုလို့ရမယ်၊ ဒါပေမယ့် ဒီလောက် ပိုက်ဆံဆိုရင် ငါတို့ ခဏတော့ ဇိမ်နဲ့ နေလို့ရပြီ။"
ထျဲလန်ယန်က မျက်ခုံးပင့်လိုက်သည်။ ဪ... ဒါဆို သူတို့က အဘိုးကြီးဖန်ရဲ့လူတွေ မဟုတ်ဘူးပေါ့၊ ဒါဆိုရင်တော့ သူမ စိတ်အေးသွားပြီ။
ထျဲလန်ယန် ငြိမ်သက်စွာ ရပ်နေသည်ကို မြင်သောအခါ ထိုလူများက ဝိုင်းရယ်ကြတော့သည်။
"ဒီကောင်လေးက ဘာလို့ ဒီလောက် ကြောင်နေတာလဲ၊ ငါတို့အများကြီးကို မြင်တာတောင် မပြေးဘူးလား။"
"ဟားဟား... ငါတို့ သူ့ကို လုတော့မယ်ဆိုတာ သိသွားလို့ ကြောက်လန့်ပြီး ထုံထိုင်းသွားတာနေမှာပေါ့။"
"ဟေ့ ကောင်လေး... မင်းအသက်ကို နှမြောသေးတယ်ဆိုရင်တော့ ပိုက်ဆံတွေကို အသာတကြည် အပ်စမ်း၊ ဒါဆို မင်းကို အသက်ချမ်းသာပေးမယ်။"
ထျဲလန်ယန်သည် ချဉ်းကပ်လာသော လူများကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
"အဲဒီစကားက ကျွန်တော်က ခင်ဗျားတို့ကို ပြောရမယ့် စကား။"
"မင်းကတော့ သေချင်နေတာပဲ၊ ဒီလောက် ပိန်ညှောင်ညှောင်ကောင်ကို တစ်ချက်တည်းနဲ့ သေအောင် ထိုးလို့ရတယ်။"
ဒေါသကြီးပုံရသော လူတစ်ယောက်က သူမအား လက်သီးဖြင့် ဝှေ့ယမ်း ထိုးလိုက်သည်။
ထျဲလန်ယန်၏ မျက်နှာမှာ အေးစက်သွားကာ ကိုယ်ကို လှည့်၍ ကန်ထုတ်လိုက်ရာ ထိုလူမှာ လွင့်ထွက်သွားတော့သည်။
ထိုလူမှာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ သစ်ပင်ကြီးတစ်ပင်ကို တိုက်ရိုက်သွားတိုးကာ ဘုန်းကနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သတိမေ့သွားတော့သည်။
အရာအားလုံးက လျင်မြန်လွန်းသဖြင့် ကျန်ရှိသောလူများမှာ ကြောင်အသွားကြသည်။
သူတို့ ပြန်လည် တိုက်ခိုက်ရန် ပြင်စဉ်မှာပင် ထျဲလန်ယန်သည် အရှေ့သို့ ပြေးဝင်သွားကာ နောက်တစ်ယောက်ကို စတင် တိုက်ခိုက်တော့သည်။
လက်သီးဝိုက်တစ်ချက်၊ ထိရောက်သော ကန်ချက်တစ်ချက်။
ထိုလူမှာ သူ၏ ပေါင်ကြားကို လက်ဖြင့်အုပ်ကာ စူးရှစွာ အော်ဟစ်လျက် နောက်သို့ လန်ကျသွားတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူမသည် နောက်ထပ် ပြိုင်ဘက်တစ်ဦးကို နှိမ်နင်းလိုက်ပြန်သည်။
ကျန်ရှိနေသော လူသုံးယောက်မှာ အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
"ညီအစ်ကိုတို့... အတူတူ တက်ကြမယ်ဟေ့။"
လူသုံးယောက်မှာ အော်ဟစ်လျက် အားကုန်သုံးကာ အရှေ့သို့ ပြေးဝင်လာကြသည်။
သို့သော် သုံးမိနစ်မပြည့်မီမှာပင် သူတို့အားလုံး နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လဲကျနေကြတော့သည်။
ထျဲလန်ယန်သည် ထိုလူများကို ရှာဖွေလိုက်ရာ အကြွေစေ့ အနည်းငယ်နှင့် ကူပွန်အချို့သာ တွေ့လိုက်ရသည်။
"ဒီလောက် ပိုက်ဆံနည်းနည်းလေးနဲ့ ခင်ဗျားတို့က ဓားပြတိုက်ဖို့ ထွက်လာတာလား။"
ထျဲလန်ယန်က သူတို့ကို တစ်ယောက်တစ်ချက်စီ ထပ်ကန်လိုက်ပြီး ခေါင်းဆောင်ကျန်းဟု ခေါ်သော လူကို ဆွဲထူလိုက်သည်။
"ခင်ဗျားတို့ ပုန်းအောင်းတဲ့နေရာ ဘယ်မှာလဲ၊ အခု လိုက်ပို့စမ်း။"
သူမက ပြန်လုနေသည်ဖြစ်ရာ အကုန်အစင် လုယူရမည် ဖြစ်သည်။
ခေါင်းဆောင်ကျန်းသည် ဒေါသထွက်နေသော်လည်း မပြောရဲပေ၊ ကြောက်ကြောက်လန့်လန့်ဖြင့်သာ ထျဲလန်ယန်အား လမ်းပြလိုက်ရတော့သည်။
သူတို့သည် လမ်းကြားပေါင်းစုံကို တစ်နာရီနီးပါး လှည့်ပတ်သွားလာခဲ့ပြီးနောက် နောက်ဆုံးတွင် မှောင်မည်းသော လမ်းကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ခေါင်းဆောင်ကျန်း - "ဟိုးအဆုံးက ဟောင်းနွမ်းနေတဲ့ အိမ်ဝင်းထဲမှာပါ။"
ခေါင်းဆောင်ကျန်းက ဤသို့ပြောလိုက်စဉ် သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုဝင်းထဲတွင် သူ၏ ညီအစ်ကို ခြောက်ယောက်၊ ခုနစ်ယောက်ခန့် ရှိနေသေးရာ ဤကောင်လေးက လူအများကြီးကို နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ခေါင်းဆောင်ကျန်းက အရှေ့သို့သွားကာ တံခါးခေါက်လိုက်သည်။ "ငါပါ၊ တံခါးဖွင့်စမ်း။"
မကြာမီမှာပင် ခြံတံခါး ပွင့်လာပြီး ထျဲလန်ယန်ကို အံ့အားသင့်စေသော မျက်နှာတစ်ခု ပေါ်လာသည်။
"ခေါင်းဆောင်ကျန်း... ပြန်လာပြီလား၊ ဟီးဟီး။"
သူသည် ထိုလူပြက်ဓားပြသမားသုံးယောက်ထဲမှ တစ်ဦးဖြစ်သည့် မျောက်ပျင်း ပင် ဖြစ်သည်။
သူ ဒီမှာရှိနေရင် ကျန်တဲ့ နှစ်ယောက်လည်း ဒီမှာပဲ ရှိလိမ့်မည်။
နောက်တစ်စက္ကန့်တွင်တော့ လူကောင်ကြီးကြီး တစ်ယောက် ပြုံးဖြီးဖြီးဖြင့် ပြေးလာသည်။
"ခေါင်းဆောင်... ကျွန်တော် ပေါက်စီ စားချင်တယ်... ဒီနေ့ တစ်လုံး ပိုစားလို့ရမလားဟင်။"
ခေါင်းဆောင်ကျန်းသည် ထျဲလန်ယန်၏ ရိုက်နှက်မှုကို ခံထားရသဖြင့် စိတ်တိုနေပြီ ဖြစ်သည်။
အခု ဒီလို ငတုံးလိုမျိုး လူမျိုးကို မြင်လိုက်ရသောအခါ သူ ပို၍ ဒေါသထွက်သွားသည်။
"စားဖို့ပဲ သိတယ်၊ စား စား စား... မင်းကြောင့် ငါတော့ မွဲတော့မှာပဲ။"
ခေါင်းဆောင်ကျန်းက သူ့ကို ကန်ထုတ်လိုက်ပြီး ဆဲဆိုလိုက်သည်။ "သွားစမ်း၊ စိတ်ရှုပ်စရာကောင်။"
အမာရွတ်လျိုက အဝေးမှ ပြေးလာပြီး ငတုံးဥကို အမြန်ဆွဲထုတ်သွားကာ တောင်းပန်တော့သည်။
"တောင်းပန်ပါတယ် ခေါင်းဆောင်၊ ငတုံးဥက တမင်လုပ်တာ မဟုတ်ပါဘူး၊ နောက်တစ်ခါ သတိထားပါ့မယ်။"
ခေါင်းဆောင်ကျန်းက သူ့ကိုလည်း ရိုက်လိုက်သည်။ "မင်းလည်း သွားစမ်း။"
အမာရွတ်လျိုသည် မျက်နှာပေါ်မှ လက်ဝါးရာနီနီကြီးနှင့်အတူ ခဏတာ ကြောင်အသွားသည်။
မျောက်ပျင်းက အမြန်ပြေးလာပြီး အမာရွတ်လျိုနှင့် ငတုံးဥကို ဆွဲကာ ပျာပျာသလဲ နှုတ်ဆက်တော့သည်။
"ကျွန်တော်တို့ သွားပါပြီ၊ ခေါင်းဆောင် ဗိုက်ဆာနေရောပေါ့၊ မီးဖိုချောင်ထဲသွားပြီး ချက်ပြုတ်ပေးပါ့မယ်။"
ထျဲလန်ယန် - ဒီသူခိုး သုံးယောက်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး သနားစရာကောင်းလာတာပဲ။
ထျဲလန်ယန်သည် ခေါင်းဆောင်ကျန်းနောက်မှ လိုက်၍ ခြံထဲဝင်သွားရာ မကြာမီမှာပင် အခြားလူများက ဝိုင်းလာကြသည်။
"ခေါင်းဆောင်ကျန်း... ဒီရဲဘော်လေးက ဘာလုပ်တာလဲ၊ ဘာကိစ္စနဲ့ ရောက်လာတာလဲ။"
"ဟာ... ခေါင်းဆောင်၊ မျက်နှာက ဘာလို့ ရောင်နေတာလဲ၊ ဘယ်သူလုပ်တာလဲ၊ ကျွန်တော် သွားရိုက်ပေးမယ်။"
"ဒီကောင်စုတ်လေးပဲ၊ သူက ငါတို့ ပုန်းအောင်းတဲ့နေရာက ပစ္စည်းအားလုံးကို လုချင်နေတာ"
ခေါင်းဆောင်ကျန်းက မုန်းတီးသော အကြည့်ဖြင့် ပြောလိုက်ပြီး သူ၏လူများကို ခြံတံခါးပိတ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
"ညီအစ်ကိုတို့... ငါ့အတွက် ကလဲ့စားချေပေးကြစမ်း၊ သူ့ကို သေအောင် ရိုက်ကြ။"
ဤစကားကို ကြားသည်နှင့် ခြံထဲရှိ လူတိုင်းမှာ လက်နက်ကိုယ်စီကိုင်ကာ ထျဲလန်ယန်ထံ ပြေးဝင်လာကြသည်။
"မင်းက ငါတို့ခေါင်းဆောင်ကို နှိပ်စက်ရုံတင်မကဘူး၊ ငါတို့ပစ္စည်းတွေကိုပါ လုချင်နေတာလား၊ မင်းတော့ သေဖို့ပြင်ထားတော့။"
ထျဲလန်ယန်၏ မျက်လုံးများမှာ အေးစက်နေပြီး သူမ၏ လှုပ်ရှားမှုများမှာ လျင်မြန်၊ တိကျကာ ပြတ်သားလှသဖြင့် ခဏလေးအတွင်းမှာပင် လူအားလုံးကို မြေပြင်ပေါ်သို့ လှဲချလိုက်သည်။
အမာရွတ်လျို၊ မျောက်ပျင်းနှင့် ငတုံးဥတို့မှာ မီးဖိုချောင်ထဲတွင် မီးမွှေးနေကြသည်။
အပြင်ဘက်မှ ဆူညံသံများကို ကြားသောအခါ သူတို့ ထွက်ကြည့်လိုက်ကြပြီး ချက်ချင်းပင် ကြောက်လန့်သွားကြသည်။
ဟား... ဒီကောင်လေးက တော်တော်သန်တာပဲ၊ တစ်ယောက်တည်းနဲ့ ခြောက်ယောက်၊ ခုနစ်ယောက်ကို နိုင်အောင် တိုက်နိုင်တာလား။
ထျဲလန်ယန်သည် သူတို့ထွက်လာသည်ကို မြင်သောအခါ အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
အမာရွတ်လျိုသည် သူ၏လက်ထဲမှ သားသတ်ဓားကို ချက်ချင်း မြှောက်လိုက်ကာ လက်နက်ချတော့သည်။
"ကျွန်တော်တို့ လက်နက်ချပါတယ်၊ လက်နက်ချပါတယ်။"
မျောက်ပျင်းနှင့် ငတုံးဥတို့လည်း လိုက်၍ လက်မြှောက်လိုက်ကြသည်။
သူတို့ သုံးယောက်စလုံးမှာ မျက်ရည်ဝဲနေသော မျက်နှာပေးမျိုး ရှိနေကြသည်။
တောက်... ဝမ်းစာရှာဖို့ အလုပ်တစ်ခု ရကာမှ အခုလို ဖြစ်ရပြန်ပြီ၊ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ။
မျောက်ပျင်းသည် အရိုက်ခံရမှာ ကြောက်သဖြင့် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"ညီလေး... ငါတို့က တံခါးစောင့်နဲ့ မီးမွှေးပေးရတဲ့သူတွေပါ၊ ဘာမကောင်းတာမှ မလုပ်ရသေးပါဘူး၊ ကျွန်တော်တို့ အပြစ်မဟုတ်ပါဘူး။"
ထျဲလန်ယန်က သူ့ကို မကြည့်ဘဲ အမာရွတ်လျိုကိုသာ ကြည့်လိုက်သည်။
"မင်း... ကြိုးကိုသုံးပြီး ဒီလူတွေကို တုပ်နှောင်လိုက်စမ်း၊ ပြီးရင် မျက်စိတွေကိုပါ ပိတ်ထားလိုက်။"
သူမက လုယူနေခြင်း ဖြစ်သဖြင့် ပစ္စည်းများ မည်သို့ ပျောက်ကွယ်သွားသည်ကို မည်သူ့ကိုမျှ မမြင်စေလိုပေ။
အမာရွတ်လျိုသည် မျောက်ပျင်းကဲ့သို့ မကြောက်တတ်သလို ငတုံးဥထက်လည်း ပို၍ ဥာဏ်ကောင်းသည်။
ထျဲလန်ယန်၏ အမိန့်ကို ကြားသောအခါ သူသည် မြေပြင်ပေါ်ရှိ လူများ၏ သနားစရာ အခြေအနေကို ကြည့်လိုက်ပြီး သူ၏ ညီအစ်ကိုများကို တစ်ချက် လှည့်ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ အံကြိတ်လိုက်သည်။ "ကောင်းပါပြီ။"
အသက်ရှင်ဖို့အတွက် သူ လုပ်ကိုလုပ်ရမည်။
မကြာမီမှာပင် အမာရွတ်လျို၊ မျောက်ပျင်းနှင့် ငတုံးဥတို့သည် ထိုလူများကို တုပ်နှောင်ကာ မျက်စိပိတ်လိုက်သဖြင့် သူတို့ ဘာမှ မမြင်ရတော့ပေ။
ထျဲလန်ယန် - "သူတို့ကို မြေအောက်ခန်းထဲ ခေါ်သွားစမ်း။"
သူတို့ သုံးယောက် တုပ်နှောင်နေစဉ်အတွင်း သူမသည် အိမ်ထဲကို အမြန် ဝေ့ကြည့်လိုက်သည်။
သူမသည် ဆန်အချို့ ပုံထားသော မြေအောက်ခန်းတစ်ခုကို တွေ့ခဲ့သည်၊ ထိုနေရာတွင် ပြတင်းပေါက်မရှိသဖြင့် လူများကို ထိန်းသိမ်းထားရန် အလွန်သင့်တော်သည်။
အမာရွတ်လျို - "ဟုတ်ကဲ့။"
သူတို့ ထိုလူများကို မြေအောက်ခန်းထဲသို့ ရွှေ့နေစဉ်မှာပင် မြေအောက်ခန်းထဲ၌ လျှို့ဝှက်တံခါးတစ်ခု ရှိနေသည်ကို ထျဲလန်ယန် တွေ့ရှိသွားသည်။
သူမ ထိုတံခါးကို တွန်းဖွင့်လိုက်သောအခါ အတွင်းထဲရှိ မြင်ကွင်းကြောင့် သူမ၏ ဦးရေပြားများပင် စိမ့်တက်သွားရသည် ........