အခန်း ၇၈
Vol. 8 Ch. 78
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၇၈
ထျဲလန်ယန်သည် အစက တန်းပြန်ရန် စီစဉ်ထားသော်လည်း လမ်းခုလတ်တွင်မှ ရဲစခန်းဘက်သို့ ရုတ်တရက် ပြန်လှည့်လာခဲ့သည်။
သူမသည် အမာရွတ်လျိုတို့နှင့် စီးပွားရေးအကြောင်း ပြောဆိုချင်သောကြောင့် ဖြစ်သည်။
"ဒီလိုရှိတယ်... ကျွန်တော့်မှာ လတိုင်းရောင်းစရာ ပစ္စည်းတွေရှိတယ်၊ ကျွန်တော်ကိုယ်တိုင် မျက်နှာပြဖို့က အဆင်မပြေဘူး။ ဒါကြောင့် မင်းတို့ကို ကျွန်တော့်ကိုယ်စား ကိုင်တွယ်ပေးစေချင်တယ်။"
"ဒါ့အပြင် အကျိုးဆောင်ခအနေနဲ့ မင်းတို့နေဖို့ အိမ်ဝင်းလေးတစ်ဝင်း ငှားပေးမယ်၊ ပြီးတော့ တစ်လကို ယွမ် ၂၀ ပေးမယ်၊ ဘယ်လိုလဲ။"
ထျဲလန်ယန် နေထိုင်သော ကွေ့ဟွာကျေးရွာမှာ မြို့နယ်နှင့် အလွန်ဝေးကွာလှရာ အသွားအပြန် လုပ်ရုံနှင့်ပင် နေ့တစ်ဝက်ခန့် ကုန်ဆုံးသွားတတ်သည်။
သူမသည် မြို့သို့ လတိုင်း မလာနိုင်ပေ၊ အလာများလွန်းလျှင်လည်း အခြားသူများ၏ သံသယကို ဖြစ်စေနိုင်သည်။
ထို့ပြင် အခြား အရေးကြီးသည့် အချက်တစ်ချက်လည်း ရှိသေးသည်။
သူမ၏ စီးပွားရေးမှာ အလွန်ကြီးမားလွန်းလှသည်၊ အရာအားလုံးကို သူမကိုယ်တိုင် လုပ်နေပါက ယနေ့ကဲ့သို့ အကျိုးဖျက်ရန် စောင့်ကြည့်ခံရသည့် အန္တရာယ်မျိုးနှင့် အမြဲကြုံတွေ့နေရလိမ့်မည်။
ထို့ကြောင့် အမာရွတ်လျိုတို့နှင့် ပူးပေါင်းကာ သူတို့ကို အပြင်ပိုင်းကိစ္စများ ကိုင်တွယ်ခိုင်းပြီး သူမက နောက်ကွယ်မှ လမ်းညွှန်ပြသပေးခြင်းက ပို၍ကောင်းမွန်လိမ့်မည်။
၎င်းအပြင် အမာရွတ်လျိုတို့ကို ရွှေငွေရတနာနှင့် ရှေးဟောင်းပစ္စည်းများပါ စုဆောင်းခိုင်းနိုင်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အခြေအနေပင် ဖြစ်သည်။
ထျဲလန်ယန်သည် အမာရွတ်လျိုတို့ ညီအစ်ကို သုံးယောက်နှင့် အကြိမ်အနည်းငယ် ဆုံဖူးခဲ့သည်။
သူတို့သည် အနည်းငယ်တော့ အူကြောင်ကြောင်နိုင်သော်လည်း စိတ်ရင်းမှာ အလွန်ဖြူစင်ကာ သစ္စာရှိကြပြီး ယုံကြည်ထိုက်သူများ ဖြစ်ကြသည်။
ထို့အပြင် ယနေ့ ဓားပြများကို နှိမ်နင်းရာတွင် ပါဝင်ခဲ့ခြင်းကလည်း သူတို့၏ သစ္စာရှိမှုကို ပြသရာရောက်သည်။
ထျဲလန်ယန်၏ စကားကို ကြားသောအခါ အမာရွတ်လျိုတို့ သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။
"ညီလေး... မင်း တကယ်ပြောနေတာလား။"
သူတို့ သုံးယောက်စလုံး ထောင်ကထွက်လာကတည်းက နေစရာ အိမ်မရှိ၊ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ရသူများ ဖြစ်သည်။
ယခုမှာမူ သူတို့ကို လက်ခံပေးမည့်သူ ပေါ်လာရုံတင်မကဘဲ အလုပ်နှင့် ငွေပါ ရရှိတော့မည် မဟုတ်ပါလား။
ထျဲလန်ယန် - "ကျွန်တော့်ကို ရှောင်နန်လို့ပဲ ခေါ်ပါ၊ ကျွန်တော် အတည်ပြောနေတာမလို့ ကျန်တာက မင်းတို့အပေါ်ပဲ မူတည်တယ်။"
"ငါတို့ သဘောတူပါတယ်၊ လုံးဝ သဘောတူပါတယ်။"
အမာရွတ်လျိုတို့ သုံးယောက်စလုံး စိတ်လှုပ်ရှားစွာဖြင့် တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
"ညီလေးနန်... မင်းနောက်ကို ငါတို့ လိုက်ပါ့မယ်။"
ယနေ့ ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ညီလေးနန်မှာ အလွန်ဖြောင့်မတ်ပြီး စွမ်းအားကြီးသူတစ်ဦးဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။
သူ့နောက်လိုက်လျှင်တော့ သူတို့ လုံးဝ ငတ်မှာ မဟုတ်တော့ပေ။
ထျဲလန်ယန်က သူတို့ သဘောတူမည်ဟု ထင်ထားသော်လည်း ဤမျှအထိ မြန်မြန်ဆန်ဆန် ဘာမှပင် မစဉ်းစားဘဲ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့၏ ပျော်ရွှင်မှုကို မြင်သောအခါ သူမ၏ စိတ်ထဲတွင်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
တစ်နေ့တွင် သူမ၌ လက်ပါးစေ ညီအစ်ကိုများ ရှိလာလိမ့်မည်ဟု ဘယ်တုန်းကမှ မစဉ်းစားဖူးခဲ့ပေ။
အဓိကကတော့ ထိုညီအစ်ကို သုံးယောက်စလုံးမှာ အနည်းငယ် အူကြောင်ကြောင် နိုင်နေခြင်းပင် ဖြစ်သည်။
ဤဆုံးဖြတ်ချက်က မှန်ကန်လားဆိုသည်ကို သူမ မသိသော်လည်း အနည်းဆုံးတော့ ယခုအချိန်တွင် သူမ နောင်တမရသေးပေ။
ထျဲလန်ယန် - "ကဲ သွားကြစို့၊ အိမ်ယာစီမံခန့်ခွဲရေးရုံးကိုသွားပြီး အိမ်ငှားဖို့ ကိစ္စ သွားမေးရအောင်။"
အမာရွတ်လျို - "သွားမယ်ဟေ့။"
ညီအစ်ကို သုံးယောက်မှာ အမြန်ပင် နောက်မှ လိုက်လာကြသည်။
တိုက်ဆိုင်စွာပင် သူတို့သွားသောအချိန်တွင် ဆေးရုံအနီး၌ ငှားရန်ရှိသော အိမ်ဝင်းလေးတစ်ခု ရှိနေသည်။
ထိုအိမ်တွင် အခန်းလေးခန်း၊ ပရိဘောဂ အစုံအလင်နှင့် ၈၀ စတုရန်းမီတာခန့် ကျယ်ဝန်းသော အိမ်ဝင်းလေးတစ်ခု ပါဝင်သည်။
အဓိကအချက်မှာ ထျဲလန်ယန် အလိုအပ်ဆုံးဖြစ်သည့် အလွန်ကျယ်ဝန်းသော မြေအောက်ခန်းတစ်ခုလည်း ပါရှိနေခြင်းပင် ဖြစ်သည်။
အိမ်ငှားခမှာ မသက်သာလှပေ၊ တစ်လလျှင် ၃ ယွမ်ဖြစ်ပြီး အနည်းဆုံး တစ်နှစ်ချုပ် ငှားရမည်ဖြစ်သည်။
ထျဲလန်ယန် သွားကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှာ အတော်လေး ကောင်းမွန်သဖြင့် ချက်ချင်းပင် ငှားရန် ဆုံးဖြတ်လိုက်သည်။
အမာရွတ်လျို၊ မျောက်ပျင်းနှင့် ငတုံးဥတို့သည် သိုးငယ်လေးများကဲ့သို့ နောက်မှ ငြိမ်သက်စွာ လိုက်လာကြသည်။
ထျဲလန်ယန်က ထိုအိမ်ဝင်းကို ငှားမည်ဟု ပြောလိုက်သောအခါ သူတို့၏ ခေါင်းပေါ်တွင် သံသယဖြစ်ဖွယ် မေးခွန်းသင်္ကေတများ ပေါ်လာတော့သည်။
ဘာ... ဒီလောက်မြန်မြန်ကြီး ဆုံးဖြတ်လိုက်တာလား။
ငါတို့ အိမ်ရတော့မှာလား။
ထျဲလန်ယန်သည် အိမ်ရှင်နှင့် ဈေးဆစ်လိုက်သည်။
နောက်ဆုံးတွင် သူမသည် တစ်နှစ်စာအတွက် ၂၉ ယွမ်ကို တစ်ခါတည်း ပေးချေလိုက်ရာ ငှားခ ၇ ယွမ် သက်သာသွားခဲ့သည်။
ဟဲဟဲ... သူမကတော့ တကယ့်ကို ဈေးဆစ်တတ်သူပင်။
အိမ်ငှားစာချုပ် ချုပ်ဆိုသည့်အခါ ထျဲလန်ယန်က အမာရွတ်လျိုကို လက်မှတ်ထိုးခိုင်းလိုက်ရာ သူကတော့ ကြောင်တောင်တောင် ဖြစ်နေဆဲပင် ဖြစ်သည်။
"ဘာလို့လဲ" အမာရွတ်လျို ကြောင်သွားသည်။
စာချုပ်ချုပ်ရန်အတွက် မှတ်ပုံတင်စာအုပ် ပြသရန် လိုအပ်သည်။
ထျဲလန်ယန်၏ မှတ်ပုံတင်မှာ ကွေ့ရွှေကွန်မြူးမှ ပညာတတ်လူငယ်ရုံးသို့ ရောက်နေပြီး ထိုတွင် သူမမှာ အမျိုးသမီး ဖြစ်ကြောင်း ဖော်ပြထားရာ လက်ရှိ အမျိုးသားအသွင်နှင့် မကိုက်ညီပေ။
အမာရွတ်လျို တွန့်ဆုတ်နေစဉ် မျောက်ပျင်းက သူ့ကို တစ်ချက် ဖြတ်ရိုက်လိုက်သည်။
"အစ်ကိုကြီး၊ ကြောင်မနေနဲ့၊ လက်မှတ်ထိုးလိုက်စမ်းပါ။"
ဒါက ရှားပါးလှတဲ့ အခွင့်အရေးပဲ၊ အရယူရမယ်။
အမာရွတ်လျိုမှာ ထိုရိုက်ချက်ကြောင့် သတိဝင်လာပြီး တုန်တုန်ယင်ယင်ဖြင့် လက်မှတ်ထိုးကာ လက်ဗွေနှိပ်လိုက်တော့သည်။
အိမ်ရှင် ထွက်သွားပြီးနောက် လေးယောက်သား အိမ်ဝင်းထဲသို့ ဝင်လာကြရာ အိပ်မက်မက်နေသလို ခံစားနေရဆဲပင် ဖြစ်နေကြသည်။
မျောက်ပျင်း - "အစ်ကိုကြီး၊ ကျွန်တော့်ကို တစ်ချက်လောက် ထပ်ရိုက်စမ်းပါ။"
"ဖြန်း။" အမာရွတ်လျိုက ပြောသည့်အတိုင်း လုပ်ပေးလိုက်သည်။
မျောက်ပျင်းက မျက်နှာကိုအုပ်လိုက်သည်။ "အစ်ကိုကြီးရယ်... ဘာလို့ ဒီလောက်ပြင်းပြင်းရိုက်ရတာလဲ၊ မျက်နှာတစ်ခုလုံး ထုံသွားတာပဲ။"
အမာရွတ်လျိုက မျက်တောင်ခတ်လိုက်သည်။ "မဟုတ်ပါဘူး၊ ငါ အသာလေး ရိုက်တာပါ။"
ဟမ့်... မင်းက စောစောက ငါ့ကို အရင်ရိုက်တာကိုး။
"အိမ်။ အစ်ကိုကြီး... ငါတို့ အိမ်ရပြီဟေ့။"
ငတုံးဥက သွားဖြဲပြကာ လက်ခုပ်တီးနေတော့သည်။
အမာရွတ်လျိုနှင့် မျောက်ပျင်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
နောက်ဆုံးတော့ သူတို့ လျှောက်သွားနေစရာ မလိုတော့ဘူးပေါ့။
ထျဲလန်ယန်သည် သူမ၏ အိတ်ထဲမှ စက်မှုကုန်စည် ကူပွန်နှစ်စောင်ကို ထုတ်၍ သူတို့အား ပေးလိုက်သည်။
"မင်းတို့ သမဝါယမဆိုင်ကိုသွားပြီး လိုအပ်တဲ့ အသုံးအဆောင်တွေအရင်ဝယ်ကြ၊ ပြီးရင် အိမ်ကိုလည်း သေချာ သန့်ရှင်းရေးလုပ်ဖို့ မမေ့နဲ့ဦး။"
အမာရွတ်လျိုတို့က ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"
ဒါက သူတို့နေရမယ့်နေရာပဲ၊ သေချာပေါက် သန့်ရှင်းရေး လုပ်ရမှာပေါ့။
ထျဲလန်ယန် - "ဒါဆို ကျွန်တော် အရင်သွားတော့မယ်၊ နောက်တစ်ခေါက်ကြရင် ပစ္စည်းတွေ ပို့ပေးလိုက်မယ်၊ လောလောဆယ်တော့ အိမ်မှာပဲနေပြီး သတင်းစောင့်နေကြ။"
အမာရွတ်လျို - "နားလည်ပါပြီ ညီလေးနန်။ စိတ်မပူပါနဲ့၊ ငါတို့ စည်းကမ်းတကျ နေထိုင်ပါ့မယ်။"
ထျဲလန်ယန် ထွက်သွားပြီးနောက် သူသည် မျောက်ပျင်းနှင့် ငတုံးဥဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မှတ်ထားကြ... ဒါတွေအားလုံးက ညီလေးနန်ရဲ့ ကျေးဇူးကြောင့်ပဲ၊ ငါတို့ သူတစ်ပါးကျေးဇူးကို သိတတ်ရမယ်၊ အဲ့တော့ သူ့ကို အစွမ်းကုန် ကူညီကြရမယ်။"
"မှတ်ထားလိုက်ပါပြီ။"
မျောက်ပျင်းနှင့် ငတုံးဥတို့က တစ်ပြိုင်နက် ဖြေကြားလိုက်ကြသည်။
ညီလေးနန်က သူတို့ကို အသစ်ကစဖို့ အခွင့်အရေး ပေးခဲ့တာပဲ၊ ဘယ်လောက်ပဲ ခက်ခဲပါစေ ဒါကို သူတို့ လက်မလွှတ်နိုင်ဘူး။
….
မြို့မှ ပြန်လာပြီးနောက်…
ထျဲလန်ယန်သည် ကိတ်မုန့်တစ်အိတ်ကို ကိုင်ကာ စုန့်မိသားစုအိမ်သို့ တန်းသွားလိုက်သည်။
သူမသည် စုန့်ရွှယ်၏ မိခင် ဟဲချွန်းဟွာကို အိမ်တွင် ထမင်းလာစားမည်ဟု ကတိပေးထားခဲ့သည်။
ယခု ညနေစောင်းနေပြီဖြစ်ရာ သူတို့လည်း ထမင်းဟင်းများ ပြင်ဆင်ပြီးလောက်ပြီ ဖြစ်သည်။
ထျဲလန်ယန်က စုန့်အိမ်၏ လမ်းညွှန်နေရာကို မေးနေစဉ်မှာပင် စုန့်ရွှယ်လေး ခုန်ဆွခုန်ဆွဖြင့် ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
သူမကို မြင်သောအခါ ကောင်မလေး၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
"မမလှလှ... ဘာလို့ ဒီကို ရောက်နေတာလဲဟင်။"
ထျဲလန်ယန်က ပြုံးပြီး သူမ ဆံပင်တွေကို ဖွလိုက်သည်။ "ညစာစားဖို့ မင်းအိမ်ကို လာခဲ့မယ်"
"တကယ်လား။" စုန့်ရွှယ်က အံ့အားသင့်သွားပြီး ခေါင်းလေးစောင်းကာ "ဒါပေမယ့် သမီးက အစ်မကြီးကို မခေါ်ရသေးဘူးလေ။"
ထျဲလန်ယန်က စကားပြောရန် ပြင်လိုက်စဉ် ခြံထဲမှ ဟဲချွန်းဟွာ၏ အသံ ထွက်ပေါ်လာခဲ့သည်။
"လန်ယန် ရောက်လာပြီလား၊ အထဲဝင်ခဲ့လေ။"
စုန့်ရွှယ် ကြောင်သွားခဲ့သည်။ "မမလှလှက သမီးအမေကို သိတာလား။"
ထျဲလန်ယန် - "သိတာပေါ့၊ ငါတို့ အကြိမ်အနည်းငယ် ဆုံဖူးတယ်။"
စုန့်ရွှယ်က သူမ၏ မျက်တောင်လေးကိုခတ်လိုက်ကာ စဉ်းစားနေပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ဒါဆိုရင်... ဟိုတစ်ခေါက်က အမေ့ကို သူခိုးဖမ်းပေးတဲ့သူက အစ်မလား။"
ထျဲလန်ယန် - "ဟုတ်တယ်။"
စုန့်ရွှယ် - .......
"ဟားဟားဟား... အမေရေ၊ အမေ။ သမီးတို့ အစ်ကိုကြီးအတွက် ရှာထားတဲ့ မိန်းကလေးက သူပဲ ဖြစ်နေတယ်။"