အခန်း ၈၀
Vol. 8 Ch. 80
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၈၀
နောက်တစ်နေ့ မွန်းတည့်ချိန်တွင်..
"ဟတ်ချိုး။"
မီးဖိုချောင်ထဲတွင် မီးမွှေးနေသော ဟဲချွန်းဟွာသည် ရုတ်တရက် နှာချေလိုက်သည်။
စုန့်ရွှယ်က အပြင်မှ ခေါင်းပြူကြည့်ကာ မေးလိုက်သည်။ "အမေ... ဘာဖြစ်လို့လဲ။"
ဟဲချွန်းဟွာက သူမ၏ နှာခေါင်းကို အသာပွတ်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး၊ မီးခိုးမွှန်သွားလို့ထင်တယ်။"
စုန့်ရွှယ် - "အမေ... ဒီနေ့ အစ်ကို့ဆီ ဖုန်းဆက်မှာလား။"
ဟဲချွန်းဟွာ - "အေး... သူ့ရဲဘော်ပြောတာတော့ သူဒီနေ့ ရှိလောက်မယ်တဲ့၊ အမေ ကြိုးစားကြည့်ဦးမယ်။"
စုန့်ရွှယ် - "ဟုတ်ကဲ့၊ ဟုတ်ကဲ့... မြန်မြန်ပြန်လာခဲ့နော်၊ သမီးကတော့ အစ်မကြီး ထျဲလန်ယန်ဆီ သွားဆော့ဦးမယ်။"
…..
ပညာတတ်လူငယ်ဝင်းထဲတွင် ထျဲလန်ယန်နှင့် ယွီချင်းချုံတို့ ထမင်းချက်နေကြသည်။
အရင်က ပြောခဲ့သည့်အတိုင်း အမျိုးသမီး ပညာတတ်လူငယ်များမှာ အဖွဲ့ခွဲကာ အလှည့်ကျ ထမင်းချက်ကြရာ ယခုအပတ်မှာ သူတို့အလှည့်ပင် ဖြစ်သည်။
ထိုစဉ် ပိုင်ရန်ရန်သည် အခန်းထဲမှ ထွက်လာပြီး စုန့်ရွှယ်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ "ရှောင်ရွှယ်... ရောက်လာပြီလား၊ ငါ့ကို လာရှာတာလား။"
ဒီရက်ပိုင်းတွင် သူမသည် အခွင့်အရေးရတိုင်း စုန့်ရွှယ်ကို မျက်နှာချိုသွေးရန် ကြိုးစားနေခဲ့သည်။
သူမသည် ကောင်မလေးကို စိတ်ကျေနပ်စေရန် ဖရဲစေ့နှင့် မြေပဲများပင် ဝယ်ပေးခဲ့သေးသည်။
ကံမကောင်းသည်မှာ ကောင်မလေးက ၎င်းတို့ကို မယူသည့်အပြင် သူမကို ကောင်းကောင်းပင် မျက်နှာသာ မပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် စုန့်ရွှယ်က ကိုယ့်အစီအစဉ်နှင့်ကိုယ် ရောက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
စုန့်ရွှယ်သည် ပိုင်ရန်ရန်ကို မြင်သည်နှင့် သူမ၏ ပါးဖောင်းဖောင်းလေးများမှာ စူပုတ်သွားတော့သည်။
သူမသည် ဤအစ်မကို မကြိုက်ပေ။ ဘာကြောင့်လဲဆိုသည်ကို မပြောတတ်သော်လည်း သူမ၏ အပြုံးများမှာ အလွန်ဟန်ဆောင်ကောင်းသည်ဟု ခံစားနေရသည်။
"သမီးက အစ်မကို လာရှာတာမဟုတ်ဘူး၊ အစ်မကြီး ထျဲလန်ယန်ကို လာရှာတာ။"
ထိုစကားကြောင့် ပိုင်ရန်ရန်၏ အပြုံးမှာ အေးခဲသွားသည်။ "ဪ... ဟုတ်လား... ထျဲကျစ်ချင်းကို ဘာကိစ္စရှာတာလဲ၊ ငါလည်း ကူညီပေးလို့ ရပါတယ်။"
ထျဲလန်ယန်က ဘာများကောင်းနေလို့ လူတိုင်းက သူမနားပဲ ကပ်ချင်နေကြတာလဲ။
စုန့်ရွှယ်က သူမ၏ ဆံပင်ကျစ်ဆံမြီးကို ခါလိုက်သည်။ "အစ်မကို မပြောနိုင်ဘူး။"
သူမသည် သူမ၏အစ်ကိုအကြောင်းကို ထျဲလန်ယန်အား ပြောပြချင်နေသည်၊ သူမအစ်ကိုမှာ အလွန်ထူးချွန်သူဖြစ်ရာ အခြားမိန်းကလေးများကို အသားလွတ် မပတ်သက်စေချင်ပေ။
စုန့်ရွှယ်၏ သဘောထားကို မြင်သောအခါ ပိုင်ရန်ရန်၏ မျက်နှာပေါ်မှ ဟန်ဆောင်အပြုံးမှာ ပျက်လုနီးပါး ဖြစ်သွားသည်။
"ရှောင်ရွှယ်... နင်က ငယ်သေးတော့ အများကြီး နားမလည်သေးပါဘူး၊ ဘယ်သူက နင့်အပေါ် တကယ်စေတနာရှိပြီး ဘယ်သူက ဟန်ဆောင်နေလဲဆိုတာ နင် မခွဲခြားတတ်သေးဘူး..."
"အိုး... အစ်မပြောတာ သမီး နားလည်သွားပြီ။"
စုန့်ရွှယ်က မျက်လုံးလေး ကစားလိုက်ပြီး ခေါင်းလေးစောင်းကာ ပြုံးပြလိုက်သည်။
"ဆိုလိုတာက အစ်မက သမီးအပေါ် ကောင်းပြီး အစ်မကြီး ထျဲလန်ယန်က မကောင်းဘူးလို့ ပြောချင်တာမလား။"
ပိုင်ရန်ရန် ပြုံးလိုက်သည်။ "ငါ အဲဒီလို မပြောပါဘူး၊ ဒါပေမယ့် နင်ကိုယ်တိုင် ခံစားကြည့်လို့ ရပါတယ်။"
ကပ်စေးနှဲလှသော ထျဲလန်ယန်သည် မည်သူ့ကိုမျှ အစားအသောက် ဝေမျှလေ့မရှိရာ စုန့်ရွှယ်ကိုလည်း ပေးလိမ့်မည် မဟုတ်ပေ။
စုန့်ရွှယ်က မယူခဲ့သော်လည်း သူမကမူ အနည်းဆုံး ဖရဲစေ့နှင့် မြေပဲများ ပေးခဲ့သေးသည်။
"ခံစားကြည့်နေစရာတောင် မလိုဘူး။ အစ်မကြီး ထျဲလန်ယန်က အစ်မထက် အများကြီး ပိုကောင်းတယ်။"
စုန့်ရွှယ် နှာခေါင်းရှုံ့လိုက်သည်။"အစ်မရဲ့ စိတ်ထားက ပုတ်နေရောပဲ၊ အစ်မက လူကောင်းမဟုတ်ဘူး။"
ပိုင်ရန်ရန် - .......
ထျဲလန်ယန်က မင်းကို တစ်ခုခု ပြောလိုက်လို့လား။
မဟုတ်ရင် ကလေးမလေးတစ်ယောက်က ဒီလောက်အထိ အာသွက်လျှာသွက် ပြောစရာ အကြောင်းမရှိဘူး။
"ဟင့်အင်း" စုန့်ရွှယ် ခေါင်းခါပြလိုက်သည်။ "အစ်မ ထျဲလန်ယန်က ဘာမှမပြောပါဘူး၊ သမီးကပဲ အစ်မကို ဒီအတိုင်း မကြိုက်တာ။"
ပိုင်ရန်ရန် ဆက်ပြီး ဟန်မဆောင်နိုင်တော့ပေ။ သူမ အံကြိတ်လိုက်သည်။ "စုန့်ရွှယ်... ငါ နင့်ကို ဘာမှ စော်ကားထားတာမရှိဘူးနော်။"
ဒီကလေးမလေးက ငါ့ကိုတောင် လာပြီး မောက်မာပြနေတယ်ပေါ့။
စုန့်ရွှယ် - "အစ်မနဲ့ စကားမပြောချင်ဘူး၊ အစ်မက လူဆိုးမကြီး။"
ထိုသို့ပြောပြီးနောက် သူမသည် ထျဲလန်ယန်ကို ရှာရန် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့သည်။
ထိုစဉ်မှာပင် ဟန်ခယ်အာ အပြင်မှ လမ်းလျှောက်ဝင်လာခဲ့သည်။ "ရန်ရန်... ဘာလို့ ဒီမှာ ရပ်နေတာလဲ။"
ပိုင်ရန်ရန် အပြုံးတစ်ခုကို အတင်းညှစ်ထုတ်လိုက်သည်။
"ငါ နင့်ကို စောင့်နေတာကြာပြီ။ ဒါဆို နင့်မိသားစုက ပို့ပေးတဲ့ ပိုက်ဆံကို နင်ရပြီလား။"
ဟန်ခယ်အာ - "ပိုက်ဆံရပြီ၊ ဒါပေမယ့် နည်းနည်းနည်းနေတယ်။ အဖေက ယွမ်ငါးဆယ်ပဲ ပေးလိုက်တာ၊ ဒါကို နှစ်သစ်ကူးအထိ သုံးရမယ်တဲ့၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ။"
သူမသည် ဟန်ခယ်အာ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာသူဖြစ်ပြီး မူလဟန်ခယ်အာ၏ မှတ်ဉာဏ်ထဲတွင် မိသားစုက သူမကို အလွန်ချစ်ကြသည်။
မထင်မှတ်ဘဲ သူမ ရောက်လာသည်နှင့် ထိုအချစ်များက လျော့နည်းသွားသယောင် ရှိနေသည်။
ဆိုလိုသည်မှာ မိသားစုဆိုသည်မှာလည်း ထင်သလောက် မကောင်းလှပေ။
ပိုင်ရန်ရန် - "မဆိုးပါဘူး၊ ယွမ် ၅၀ ဆိုတာ ချွေတာသုံးရင် ခြောက်လလောက် ခံပါတယ်။"
ကျေးလက်က တချို့မိသားစုတွေဆိုရင် တစ်သက်လုံး စုဆောင်းရင်တောင် ဒီလောက်မရကြဘူး။
ဟန်ခယ်အာက နှုတ်ခမ်းစူလိုက်ပြီး ဘာမှမပြောတော့ပေ၊ ယွမ် ၅၀ မှာ သူမအတွက် မလုံလောက်ပါ၊ အလွန်ဆုံး နှစ်လ၊ သုံးလအတွင်း ကုန်သွားပေလိမ့်မည်။
သူမ မိသားစုဆီ ဖုန်းပြန်ဆက်ပြီး ဆင်းရဲဒုက္ခ ရောက်နေကြောင်း ပြောပြရမည်၊ ဤနည်းလမ်းသာ ရှိတော့သည်။
သူမ စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ ပိုင်ရန်ရန်၏ မျက်လုံးများ ကစားသွားပြီး ပြောလိုက်သည်။
"ခယ်အာ... စောစောက ထျဲလန်ယန်က နင့်ကို ထပ်ပြီး လှောင်ပြောင်နေပြန်ပြီ၊ နင်က အမြဲတမ်း ခါးသီးတဲ့ ဘူးသီးလို မျက်နှာပျက်နေတာပဲတဲ့။"
"ဘာ။" ဟန်ခယ်အာသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဒေါသထွက်သွားသည်။ "ဒီကောင်မ၊ ငါ သူ့ကို သွားရှာလိုက်မယ်။"
ပိုင်ရန်ရန်က သူမကို အမြန်တားလိုက်သည်။ "ခယ်အာ... မသွားနဲ့ဦး။ သူမက အတော်လေး ကျွမ်းကျင်တယ်၊ ပြီးတော့ လူတိုင်းက သူမဘက်မှာပဲ ရှိနေတာ၊ နင်သွားရင် သေချာပေါက် အရှုံးပေးလိုက်ရလိမ့်မယ်။"
ဒီရက်ပိုင်းတွင် ထျဲလန်ယန်သည် ညတိုင်း လူတိုင်းကို ခုခံကာကွယ်နည်းများ သင်ပေးနေသဖြင့် လူတိုင်းနှင့် သူမ၏ ဆက်ဆံရေးမှာ ပိုနီးကပ်လာခဲ့သည်။
ကိုယ်ခံပညာ မလေ့ကျင့်သော ပိုင်ရန်ရန်တို့ လူစုမှာမူ ဝိုင်းပယ်ခံထားရသလို ဖြစ်နေသည်။
ပိုင်ရန်ရန်သည် မနာလိုဖြစ်နေသဖြင့် ဟန်ခယ်အာ၏ နားထဲတွင် အမြဲတမ်း အဆိပ်ခတ်ပေးနေခဲ့ရာ ဟန်ခယ်အာ၏ ထျဲလန်ယန်အပေါ် ရန်ငြိုးထားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။
"ဒီကောင်မ၊ သူမက အသေးအဖွဲ့ စေတနာလေးတွေပြပြီး လူတွေကို မြှူဆွယ်နေတာ၊ သူကိုယ်သူ ဘာများ ထင်နေလဲ မသိဘူး။"
ဟန်ခယ်အာက ဒေါသတကြီး ခြေဆောင့်လိုက်သည်။ "မရတော့ဘူး၊ ငါ ဒါကို ဆက်သည်းမခံနိုင်တော့ဘူး၊ ငါ ကလဲ့စားချေရမယ်။"
ပိုင်ရန်ရန်က ဤတစ်ကြိမ်တွင် မတားတော့ဘဲ အကြံတစ်ခု ပေးလိုက်သည်။ "အခု နင့်မှာ ပိုက်ဆံရှိပြီဆိုတော့ နင့်ကို ကူညီမယ့်လူတချို့ ရှာလို့ရတာပဲ။"
ဟန်ခယ်အာ သူမကို ကြည့်လိုက်သည်။ "ဘာကို ဆိုလိုတာလဲ။ ရန်ရန်... နင့်မှာ အကြံကောင်း ရှိလို့လား။"
ပိုင်ရန်ရန်က တွေဝေဟန်ဖြင့် ပြောလိုက်သည်။ "မိန်းကလေးတစ်ယောက်အတွက် အလေးအနက်ထားဆုံး အရာက ဘာလဲ... နင် သိမှာပါ။"
ဟန်ခယ်အာ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ "ငါ သိပြီ။ အဲဒီကောင်မ ဘဝပျက်သွားအောင် လူရှာပြီး လုပ်ခိုင်းလိုက်မယ်။"
"ရှူး။" ပိုင်ရန်ရန်က လက်ညှိုးကို နှုတ်ခမ်းမှာ တင်လိုက်ပြီး သတိပေးသည်။ "အသံတိုးတိုးပြော၊ ဘယ်သူမှ မကြားစေနဲ့။"
"အင်းပါ။" ဟန်ခယ်အာက ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။"ရန်ရန်... ဒါတွေကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။"
ပိုင်ရန်ရန် ခေါင်းခါပြလိုက်သည်။ "ငါ ဘာမှမပြောပါဘူး၊ နင်ကပဲ ထက်မြက်လွန်းလို့ပါ။"
ဟန်ခယ်အာသည် ချီးကျူးခံရသဖြင့် မျက်နှာတစ်ခုလုံး ပြုံးဖြီးသွားသည်။ "ငါ အခုပဲ လူသွားရှာတော့မယ်။"
ထိုသို့ပြောပြီးနောက် သူမ ဒေါသတကြီး ထွက်သွားတော့သည်။
သူမ၏ ကျောပြင်ကို ကြည့်ရင်း ပိုင်ရန်ရန်၏ နှုတ်ခမ်းများတွင် ဘဝင်မြင့်သော အပြုံးတစ်ခု ပေါ်လာသည်။
ဒီငတုံးမ ဟန်ခယ်အာက စကားနားထောင်တတ်တာ တော်သေးတာပေါ့။
အကယ်၍ ဤအစီအစဉ် အောင်မြင်သွားလျှင် ထျဲလန်ယန်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားမည်ဖြစ်ပြီး စုန့်ပိုင်ယွမ်နှင့်လည်း လုံးဝ ပတ်သက်ခွင့် ရတော့မည် မဟုတ်ပေ။
ပိုင်ရန်ရန်သည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ဟန်ခယ်အာ... နင် ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တယ်။