အခန်း ၄၁
Vol. 5 Ch. 41
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၄၁
"သင်ယူဖို့လာတာဆိုရင်လည်း သင်ယူတဲ့သူရဲ့ အမူအရာမျိုး ရှိသင့်တာပေါ့။ရှင်တို့ မျက်နှာထားတွေကို ကြည့်ရတာ တစ်မျိုးကြီးပဲ။ ရှင်တို့ဆီမှာ တောဝက်ဖမ်းဖို့ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းများ ရှိနေလို့လား။"
ဝမ်ထျဲလုက နှာခေါင်းရှုံ့ရင်း ရှေ့သို့ တစ်လှမ်းတိုးလာကာ ကျန်းမန်မန်ကို အကဲခတ်သလိုကြည့်ပြီး နှုတ်ခမ်းမဲ့ပြလိုက်သည်။
"ဪ... မင်းက အသစ်ရောက်လာတဲ့ ပညာတတ်လူငယ်ဆိုတာလား။ မင်းတို့အိမ်မှာ အစားအသောက် ကောင်းကောင်းမွန်မွန် စားခဲ့ရပုံမပေါ်ဘူးပဲ။"
ကျန်းမန်မန် ထိုလူကို မသိသော်လည်း ဝမ်ကျားရှင်း ပြောဆိုနေပုံအရ ခန့်မှန်း၍ ရပေသည်။ ဤလူသည် ဝမ်ကျားရွာ ဝက်မွေးမြူရေးခြံမှ လေ့လာရေးထွက်လာသည့်သူ ဖြစ်ရမည်။ သို့သော် ဒါက ပညာသင်ယူရန် လာသည့်သူ၏ အမူအရာမျိုးလား။
"ရဲဘော်... ကျွန်မ ဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ ရှင်တို့အိမ်က ထမင်းကို တောင်းပြီးစားနေတာ မဟုတ်ဘူး။"
"တောဝက်ဖမ်းနည်းကို လာသင်တာဆိုရင်လည်း အဲဒီအချိုးကို အရင်ပြင်သင့်တယ်။ ကျွန်မတို့ နည်းလမ်းက မကောင်းဘူးလို့ ထင်တယ်ဆိုရင် ဒီထက်ကောင်းတဲ့ နည်းလမ်းကို ရှာကြည့်လေ။ အဲဒီအခါကျရင်တော့ ကျွန်မတို့က ရှင့်ဆီမှာ ပြန်ပြီး သင်ယူရမှာပေါ့။"
သူမ၏ စကားကြောင့် ဝမ်ထျဲလုက အေးစက်စွာ နှာခေါင်းရှုံ့ပြလိုက်ပြန်သည်။
"စာအုပ်လေးနည်းနည်းလောက် ပိုဖတ်ထားရုံနဲ့ ဘာတွေ လာကြွားနေတာလဲ။ မြို့တော်ကလာတဲ့ ပညာတတ်လူငယ် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ကျွန်တော်တို့ ဝမ်ကျားရွာမှာလည်း မြို့တော်ကလာတဲ့ ပညာတတ်လူငယ်တွေ ရှိတာပဲ! ကျွန်တော်တို့ နားမလည်ရင်တောင် သူတို့ကတော့ နားလည်မှာပဲလေ။"
ဒါကတော့ တကယ်ကို တာဝန်လွှဲချလိုက်သည့် ပုံစံမျိုးပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ မြင်တွေ့ခဲ့ရသလောက်ဆိုလျှင် ရွှီကျားကျွမ်း သစ်တောလုပ်ငန်းရွာမှ လူများသည် အတော်လေး စည်းလုံးကြသည်။ တချို့သော လူနည်းစုကလွဲ၍ဖြစ်၏။
ဤသူများအားလုံးသည် ထုတ်လုပ်မှု တိုးတက်ရန်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ယခုဤသူကဲ့သို့ ပျင်းရိပြီး အချောင်ခိုချင်သူမျိုးတော့ ရှားပါးလှ၏။
ထိုစဉ် ဝမ်ထျဲလုဘေးမှ တခြားလူငယ်တစ်ယောက်ကလည်း ဝင်ပြောလိုက်၏။
"မင်းတို့ နည်းလမ်းကို သင်ယူလိုက်တော့ရော ဘာထူးမှာလဲ။ ကျွန်တော့်အမြင်အရဆိုရင် တချို့လူတွေက တော်တော်အတ္တကြီးတာပဲ။ အဲဒီ ပြောင်းဖူးစေ့တွေနဲ့ ရောထားတဲ့ ဆေးက ဘာဆေးလဲ။ သတ္တိရှိတယ်ဆိုရင် နာမည်ကိုပါ ပြောပြပြီး သင်ပေးလေ!
တောဝက်ဖမ်းနည်း သင်ပေးမယ်သာ ပြောတာ၊ တကယ်တော့ မင်းတို့ထက် ပိုဖမ်းမိသွားမှာကို ကြောက်နေကြတာပဲ မဟုတ်ဘူးလား။"
သူပြောပြီးသည်နှင့် ဝမ်ထျဲလုက လက်ခုပ်တီးကာ ထောက်ခံလိုက်၏။
"အတိအကျပဲ! တချို့လူတွေက မျက်နှာနှစ်မျိုးနဲ့ ကစားရတာကို သဘောကျနေတာ။ သင်ပေးမယ်လို့သာ ပြောပြီး တကယ်တမ်း အရေးကြီးတဲ့ အပိုင်းတွေကိုကျတော့ ဖုံးကွယ်ထားကြတယ်လေ။"
ထိုစကားများကို ကြားလိုက်ရတော့မှ ကျန်းမန်မန်သည် သူတို့ ဘာကြောင့် စိတ်တိုနေကြလဲဆိုသည်ကို နားလည်သွားတော့သည်။
ဝမ်ကျားရှင်းက တောဝက်တစ်ကောင်ကို ဆွဲထုတ်လာရင်း သူတို့ပြောနေသည်ကို ကြားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်၏။
"ငါတို့ ထောင်ချောက်က ဒီမှာပဲ ရှိတယ်—သင်ချင်သင်၊ မသင်ချင်နေ မင်းတို့ သဘောပဲ။ ဆေးခတ်ထားတဲ့ ပြောင်းဖူး မရှိရင်တောင် တောဝက် မောသွားတဲ့အခါ အထဲဝင်ပြီး ဆွဲထုတ်လို့ ရတာပဲ! ဝမ်ထျဲလု... မင်းကတော့ တကယ်ကို အရွဲ့တိုက်တတ်တဲ့သူပဲ၊ မင်း တကယ့် ယောက်ျားရော ဟုတ်ရဲ့လား။"
ဝမ်ထျဲလု၏ မျက်လုံးများက ဝမ်ကျားရှင်း ဆွဲထုတ်လာသည့် တောဝက်နှစ်ကောင်နှင့် တောကြက် လေးကောင်ထံသို့ ကျရောက်သွား၏။ ထို့နောက် သူက ရိုင်းစိုင်းစွာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ဘယ်သူ့ကို ယောက်ျားမဟုတ်ဘူးလို့ ပြောနေတာလဲ။ ငါ့ဘောင်းဘီကို ချွတ်ပြီး သက်သေပြပေးရမလား။"
ဝမ်ကျားရှင်းလည်း ထိုသူကို ရွံရှာစက်ဆုပ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ရဲဘော်ကျန်း၊ လူနည်းနည်းလောက် သွားခေါ်ပေးပါဦး၊ ဒီတောဝက်နှစ်ကောင်ကို ပြန်သယ်ဖို့အတွက်လေ။ ကျွန်တော် ဒီမှာပဲ စောင့်ကြည့်နေလိုက်မယ်။"
ကျန်းမန်မန်သည် ဝမ်ကျားရှင်းအား ထိုလူများနှင့် တစ်ယောက်တည်း ထားခဲ့ရမည်ကို တကယ်ပင် စိတ်ပူမိသည်။ သို့သော် အကောင်းဆုံး နည်းလမ်းသည်လည်း အကူအညီ သွားခေါ်ရန်သာ ဖြစ်၏။ သူမသည် ပြန်လည် မွေးဖွားလာသူ ဖြစ်သော်လည်း ရုတ်တရက် သိုင်းပညာရှင် ဖြစ်လာသူတော့ မဟုတ်ပေ၊ ယခင်ကထက် အားအင်ပိုရှိလာရုံသာ ဖြစ်သည်။
သို့သော် ပြေးရမည်ဆိုလျှင်တော့ သူမ အတော်လေး မြန်မြန်ပြေးနိုင်၏။
မထွက်ခွာမီ သူမသည် သူတို့ စုဆောင်းထားသော ဝက်စာမြက် ခြင်းတောင်း သုံးလုံးလုံးကိုပါ သယ်ဆောင်သွားခဲ့သည်။
တစ်လုံးကို ကျင်း ၂၀ မှ ၃၀ ခန့် လေးလံသော်လည်း ထိုခြင်းတောင်းများကို ထားခဲ့ရန် သူမတွင် အစီအစဉ် မရှိပေ။
ခြင်းတောင်း သုံးလုံးစလုံးကို သယ်ဆောင်ပြီး တောင်အောက်သို့ အရှိန်အဟုန်ဖြင့် ပြေးဆင်းသွားသော သူမကို ကြည့်ကာ ဝမ်ထျဲလုတစ်ယောက် ဆွံ့အသွားရတော့သည်။
'သွက်လက်တဲ့ ဝတုတ်မလေးပဲ' ဟု သူ တွေးလိုက်မိ၏။
ကျန်းမန်မန်သည် ဝက်မွေးမြူရေးခြံရှိရာသို့ တစ်ဟုန်ထိုး ပြေးဆင်းလာခဲ့သည်။ အသားထုတ်လုပ်ရေး စက်ရုံမှ လူများသည်လည်း ထိုနေရာ၌ ရှိနေဆဲပင်။ ရွှီကျားကျွမ်း သစ်တောလုပ်ငန်းရွာသည် တောဝက်အများကြီး ဖမ်းမိထားသဖြင့် ကျိုးယဲ့က အသားထုတ်လုပ်ရေး စက်ရုံနှစ်ရုံလုံးကို အကြောင်းကြားရန် ကောမာဇီကို လွှတ်လိုက်ခြင်း ဖြစ်သည်။ စက်ရုံ နှစ်ရုံလုံးမှ လူလွှတ်လိုက်ကြသဖြင့် တောဝက် ဆယ်ကောင်ကို တစ်ပြိုင်နက်တည်း သယ်ဆောင်သွားကြလေသည်။
ထိုသို့ သယ်သွားသည့်တိုင် ဝက်ခြံထဲ၌ တစ်ဆယ့်ခုနစ်ကောင် ကျန်ရှိနေသေး၏။
သူတို့ ထိုဝက်များကို အလေးချိန် ချိန်နေစဉ်မှာပင် ခြင်းတောင်းသုံးလုံးကို သယ်ပြီး ပြေးဆင်းလာသော ကျန်းမန်မန်ကို ကျိုးယဲ့ မြင်လိုက်ရသည်။
သူသည် ကောမာဇီကို အမြန်ဆွဲယူကာ မှတ်တမ်းစာအုပ်နှင့် ဘောပင်ကို လက်ထဲသို့ အတင်းထိုးထည့်ပြီး ဝက်ခြံထဲမှ ပြေးထွက်လာခဲ့တော့၏။
ကောမာဇီကတော့ ရုတ်တရက်ကြီး ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"အစ်ကိုယဲ့! ဘယ်သွားမလို့လဲ။"
ကျိုးယဲ့ကတော့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။ သူ ရပ်နေသည့် နေရာမှကြည့်လျှင် တောင်စောင်းအတိုင်း ပြေးဆင်းလာသည့် ကျန်းမန်မန်ကို မြင်နေရသည်။
သူမ အတော်လေး မြန်မြန် ပြေးနေသည့်အတွက် တစ်ခုခု ဖြစ်လာပုံရ၏။
သူမ လက်ထဲမှ ခြင်းတောင်း သုံးလုံးကို ကြည့်လိုက်ရာ နှစ်လုံးသည် သူမ၏ခြင်းတောင်း မဟုတ်ပေ။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်—ဝက်မွေးမြူရေးခြံထဲမှ လူတစ်ယောက် တစ်စုံတစ်ခု ဖြစ်နေခြင်းပင်။
ကျန်းမန်မန် တောင်အောက်ခြေသို့ ရောက်သည်နှင့် ကျိုးယဲ့က လမ်းတစ်ဝက်မှာတင် သူမကို ဆီးကြိုလိုက်၏။ သူတို့နှစ်ဦး တစ်ဦးဆီသို့တစ်ဦး အပြေးအလွှားပြေးသွားပြီးနောက် အချိန်မီ ရပ်လိုက်ကြသည်။
သူမ သယ်လာသည့် ခြင်းတောင်းများကို ကြည့်ကာ ကျိူးယဲ့ မေးလိုက်၏။ "ဝမ်ကျားရှင်း ဘာဖြစ်လို့လဲ။"
ကျန်းမန်မန်လည်း အမောဖြေရင်း ပြန်ဖြေလိုက်သည်။ "ဝမ်ကျားရှင်းက တောင်ပေါ်မှာ တောဝက် နှစ်ကောင်နဲ့ တောကြက် လေးကောင် ထပ်ဖမ်းမိထားတယ်။ အဲဒါတွေကို သယ်ဖို့ အကူအညီ သွားခေါ်ခိုင်းလိုက်လို့။"
ကျိုးယဲ့လည်း ထိုစကားကိုကြားမှ သက်ပြင်းချကာ စိတ်အေးသွားရ၏။ "ဒါပဲလား။ မင်း ဒီလောက်တောင် မြန်မြန်ပြေးလာတာဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခုများ ဖြစ်နေပြီလားလို့။ ဒါဆိုရင် အလျင်မလိုပါဘူး၊ သူ့ကို အဲဒီမှာပဲ ခဏ စောင့်ခိုင်းထားလိုက်ဦး။"
ကျန်းမန်မန်က ကျိုးယဲ့၏ အင်္ကျီလက်ကို အမြန်ဆွဲကာ ဆက်ပြောလိုက်လေသည်။ "မဟုတ်ဘူး၊ ဝမ်ကျားရွာ ဝက်မွေးမြူရေးခြံက လူနှစ်ယောက်လည်း အဲဒီမှာ ရှိနေတယ်။ ဝမ်ကျားရှင်း တစ်ယောက်တည်းမို့လို့ သူတို့နဲ့ဆိုရင် အသာစီးရပါ့မလားဆိုတာ မသေချာဘူး။"
ထိုစကားကြောင့် ကျိုးယဲ့မျက်မှောင်ကြုတ်သွားရ၏။ "မင်း ဝက်မွေးမြူရေးခြံကိုပဲ ပြန်သွားလိုက်၊ ဒီကိစ္စ ကိုယ့်ကိုပဲ လွှဲထားလိုက်။"
သူသည် သူမနှင့်အတူ ဝက်မွေးမြူရေးခြံသို့ အတူတူ ပြန်လာခဲ့သည်။
ကောမာဇီက မှတ်တမ်းစာအုပ်နှင့် ဘောပင်ကို ချက်ချင်းပင် ပြန်ကမ်းပေးရင်း ပြောလိုက်၏။
"အစ်ကိုယဲ့၊ အစ်ကိုပဲ မှတ်တမ်းတင်လိုက်ပါ။ ကျွန်တော်လုပ်ရင် မှားကုန်ပါဦးမယ်။"
ကျိုးယဲ့က မျက်ခုံးတစ်ချက်ပင့်ပြလိုက်ပြီးနောက် ထိုပစ္စည်းများကို ကျန်းမန်မန်ထံ ကမ်းပေးလိုက်သည်။
"မင်း မှတ်တမ်းရေးလို့ ရလား။ ကိုယ် အခု ရေးထားတဲ့အတိုင်း ကူးရေးလိုက်ရုံပဲ။"
ကျန်းမန်မန်အတွက်တော့ ဒါက ဘယ်လိုအခက်အခဲမှ မရှိပေ။ သူမသည် ယခင်ဘဝတုန်းက ကိုယ်ပိုင်အွန်လိုင်းစျေးဆိုင် ဖွင့်ခဲ့ဖူးသဖြင့် စာရင်းအင်းပိုင်းကို ကျွမ်းကျင်ပြီးသားသူ ဖြစ်သည်။
"ရတာပေါ့၊ ကျွန်မ လုပ်နိုင်ပါတယ်!"
ကျိုးယဲ့က ကောမာဇီဘက်သို့ လှည့်ကာ ပြောလိုက်သည်။"မင်း ဒီမှာပဲနေပြီး အားလုံး အဆင်ပြေအောင် ကူညီပေးလိုက်ဦး။ ငါ အဖွဲ့ခေါင်းဆောင်ကို သွားရှာပြီး တောင်ပေါ် တက်သွားလိုက်မယ်"
ကောမာဇီလည်း "ဟုတ်ကဲ့" ဟု ခပ်သွက်သွက် ပြန်ဖြေလိုက်၏။
ယခုအခါ ဝက်မွေးမြူရေးခြံတွင် သူနှင့် လျိုကျန့်ယဲ့တို့ နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ ကျိုးယဲ့နှင့် ဝမ်ကျားရှင်းတို့အပါအဝင်မှ စုစုပေါင်း အမျိုးသားလေးယောက်သာ ရှိခြင်းဖြစ်၏။
ဝက်အရေအတွက် နည်းစဉ်က သယ်ယူပို့ဆောင်ရေးတွင် ပြဿနာမရှိခဲ့သော်လည်း၊ ယခုကဲ့သို့ အသားထုတ်လုပ်ရေး စက်ရုံက တစ်ပြိုင်နက်တည်း အကောင်ရေ အများကြီး လာသယ်သည့်အခါတွင်မူ သူတို့နှစ်ယောက်တည်းနှင့် အတော်လေး လက်မလည်နိုင်အောင် ဖြစ်နေရပေသည်။
"အစ်ကိုယဲ့က ကြိုတင်ပြီး သူတို့ခြေထောက်တွေကို ရိုက်ချိုးထားလို့ တော်သေးတာပေါ့။ မဟုတ်ရင် ကျွန်တော်တို့တော့ တကယ် ဒုက္ခရောက်ကုန်မှာ။"
သူတို့သည် အကြီးဆုံး တောဝက်ဆယ်ကောင်ကို ရောင်းချလိုက်ကြသည်။
အကောင်ငယ်လေးများကိုမူ ဆက်မွေးမြူထားပြီး နှစ်သစ်ကူးကာလမှသာ ရောင်းချကြမည်ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် တောဝက်အုပ်စုတစ်ခုတွင် အထီးတစ်ကောင်နှင့် အမတစ်ကောင်သာ အကောင်ကြီးဖြစ်တတ်ပြီး ကျန်သည့် လေးငါးကောင်သည် အကောင်ငယ်လေးများ ဖြစ်နေတတ်သည်။
ထိုဝက်ကလေးများ ကြီးပြင်းလာမှသာ သီးသန့်ခွဲထွက်ပြီး မိသားစုအသစ်များ တည်ထောင်ကြခြင်းဖြစ်၏။
ထို့ကြောင့် တောဝက်အုပ်စုကြီးများကို တွေ့ရခဲလှသည်။ ယခု ဖမ်းမိထားသော ဝက်အကောင်နှစ်ဆယ်ကျော်ထဲတွင် ရှစ်ကောင် သို့မဟုတ် ကိုးကောင်ခန့်ကသာ အကောင်ကြီးများဖြစ်ပြီး ကျန်သည့်အကောင်များမှာ အငယ်များသာ ဖြစ်သည်။ ကျန်းမန်မန်သည် ဝက်များ၏ အလေးချိန်ကို ကြည့်ကာ စာရင်းထဲတွင် သေချာစွာ မှတ်တမ်းတင်နေ၏။
သူမသည် စာရင်းရေးနေရင်း တောင်ပေါ်ဘက်သို့လည်း မကြာခဏ လှမ်းကြည့်နေမိသည်။
ထိုစဉ် ကောမာဇီက အခွင့်ရတုန်း လှမ်းမေးလိုက်၏။ "တောင်ပေါ်မှာ ဘာဖြစ်နေလို့လဲ။ အစ်ကိုယဲ့က ဘာလို့ တက်သွားတာလဲ။"
"အဖွဲ့ခေါင်းဆောင်က ဝမ်ကျားရွာ ဝက်မွေးမြူရေးခြံက လူတွေကို ကျွန်မတို့ဆီမှာ တောဝက်ဖမ်းနည်း လာသင်ခိုင်းလိုက်တယ် ထင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အမူအရာက သင်ယူချင်တဲ့ပုံ မပေါက်ဘူး။ တောဝက် နှစ်ကောင် ထပ်မိထားတဲ့အချိန်မှာ ဝမ်ကျားရှင်းက ကျွန်မကို အကူအညီတောင်းဖို့ လွှတ်လိုက်တာ။"
"အဲဒီလူတွေ နောက်တစ်ခါ ထပ်လာပြန်ပြီလား။ မနာလိုဖြစ်နေတဲ့ ကောင်တွေပဲ။ ဝက်ကို ဘယ်လို စနစ်တကျ မွေးမြူရမလဲဆိုတာ မစဉ်းစားဘဲ အမြဲတမ်း ဖြတ်လမ်းနည်းပဲ လိုက်ချင်နေကြတာ။ ကျွန်တော်တို့ နည်းလမ်းတွေကို သူတို့ သင်သွားခဲ့ရင်တောင် သူတို့ ဖမ်းမိနိုင်ပါ့မလားဆိုတာ ကျွန်တော်ကတော့ သံသယဝင်မိတယ်။"
ကျန်းမန်မန်သည် နောက်ဆုံးကျန်နေသည့် ဝက်သုံးကောင်၏ အလေးချိန်ကို မှတ်တမ်းတင်၍ ပြီးစီးသွားခဲ့သည်။
အသားထုတ်လုပ်ရေး စက်ရုံမှ အလုပ်သမားများ ထွက်ခွာသွားသည်နှင့် ကောမာဇီသည်လည်း လျိုကျန့်ယဲ့ကို တစ်ချက်လှမ်းအော်ပြောကာ တောင်ပေါ်သို့ အမြန်ပြေးတက်သွားတော့၏။