← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၄၂

ကျန်းမန်မန်သည် သူတို့၏နောက်မှနေ၍ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း လိုက်ပါလာခဲ့သည်။

သူတို့ တောင်ပေါ်တက်နေစဉ်မှာပင် ဝမ်ကျားရွာ ဝက်ခြံမှ အလုပ်သမားနှစ်ဦး တောင်အောက်သို့ တတွတ်တွတ် ဆဲဆိုကြိမ်းမောင်းရင်း ဆင်းလာသည်ကို တွေ့လိုက်ရ၏။

သူတို့ တောင်ထိပ်သို့ ရောက်သောအခါ လူအချို့က ငါးဖမ်းပိုက်ကွန်ကို ပြုပြင်နေကြသည်ကို မြင်လိုက်ရလေသည်။

"ဒီပိုက်ကွန်က ဘာဖြစ်သွားတာလဲ။"

ကျန်းမန်မန် ရောက်လာသည်ကို မြင်သောအခါ ကျိုးယဲ့ ပြောလ်ိုက်၏။ "ဟို အနှောင့်အယှက်ပေးတဲ့ကောင်နှစ်ကောင် ဆွဲနှုတ်သွားတာလေ။"

ဝမ်ကျားရှင်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေလေသည်။ "ကျွန်တော်တို့ ဒီပိုက်ကွန်ကို ဘယ်လိုဆင်ထားသလဲဆိုတာ သူတို့က အတင်းကြည့်ချင်နေတာ၊ ကြည့်ရုံနဲ့တင် သိသာနေတာပဲဟာကို။ ဒါကို သူတို့က ပိုက်ကွန်ကို ထိန်းထားတဲ့ တိုင်တွေကို အတင်းဆွဲနှုတ်ပြီး ဘယ်လောက်အထိ နက်နက်စိုက်ထားသလဲဆိုတာကို ကြည့်ချင်လို့ပါဆိုပြီး လုပ်သွားတာ။ တိုင်တွေကို ဆွဲနှုတ်လိုက်တော့ ပိုက်ကွန်ရဲ့ တစ်စိတ်တစ်ပိုင်းက ပြိုကျသွားတာပေါ့။ သူတို့ တိုင်အတော်များများကို ဆွဲနှုတ်သွားကြတယ်။ ကျွန်တော် တားကြည့်ပါသေးတယ်၊ ဒါပေမဲ့ မရဘူး။ ဝမ်ထျဲလုက တမင်သက်သက် လုပ်သွားတာ။ အစ်ကိုယဲ့သာ ရောက်မလာဘူးဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ ဒီထောင်ချောက် တစ်ခုလုံးကို ဆွဲနှုတ်သွားကြမှာ။"

"အဲဒီ ဝမ်ထျဲလုက တကယ်ကို ပြဿနာရှာနေတာပဲ။ သူ့အစ်ကို ဝမ်ထျဲကော် အဖမ်းခံလိုက်ရလို့ သူက တမင် လာပြဿနာရှာနေတယ်ဆိုတာ အသိသာကြီးပဲ။"

ကျိုးယဲ့က မြေကြီးထဲသို့ တိုင်တစ်တိုင်ကို ပြန်စိုက်လိုက်ရင်း ပြောလိုက်သည်။

"အရင်တုန်းက ကိုယ် တိုင်ကြားလိုက်တဲ့ ချန်သော်ယွိဆိုတဲ့ကောင်က ဝမ်ထျဲကော်နဲ့ ပေါင်းပြီး ပြောင်းဖူးထဲမှာ ရောစပ်ဖို့သုံးတဲ့ ဆေးဖက်ဝင်အပင်တွေကို ခိုးဖို့ ကြံစည်ခဲ့ကြတာ။ ကိုယ် တိုင်ကြားလိုက်တော့ သူတို့ကို လက်ပူးလက်ကြပ် မိသွားခဲ့တယ်လေ။ အခုတော့ သူတို့နှစ်ယောက်စလုံး လီဟုန်မေ့နဲ့အတူ အချုပ်ထဲ ရောက်နေကြပြီ။ "

"ချန်သော်ယွိဆိုရင် သူ့ရဲ့ အပြုအမူတွေက တော်တော်လေး ဆိုးရွားပြီး သွေးကွဲအောင်လုပ်တဲ့အဆင့်အထိ ရောက်သွားခဲ့လို့ အချုပ်ထဲမှာ နှစ်လနေပြီးရင် အလုပ်ကြမ်းစခန်းကို တန်းပို့ခံရတော့မှာ။ ကြည့်ရတာ ဒီမှာ ပြောင်းဖူးတွေလည်း သိပ်မကျန်တော့ဘူးပဲ။ ဒီထောင်ချောက်ကို ဒီအတိုင်းပဲ ထားလိုက်ကြရအောင်။ တောဝက်တွေ မမိဘူးဆိုရင်တောင် တောကြက်တွေ မိရင်လည်း သိပ်မဆိုးပါဘူး။"

"ဒါပေမဲ့ တောကြက်တွေကို ဘယ်လိုဖမ်းမှာလဲ။"

ထိုစကားကို ကြားသောအခါ ကောမာဇီ ရယ်မောလိုက်ပြီး ကျိုးယဲ့က သူ၏အိတ်ကပ်ထဲမှ လေးခွတစ်လက်ကို ထုတ်လိုက်သည်ကို စောင့်ကြည့်နေလိုက်သည်။

"ဒါနဲ့လေ!"

"လေးခွလား။"

ကောမာဇီ၏ မျက်လုံးများ တောက်ပသွား၏။

"ဟာ... ကျွန်တော် ဘာလို့ အဲဒါကို အရင်က မတွေးခဲ့မိပါလိမ့်။ အစ်ကိုယဲ့၊ အစ်ကိုက လေးခွပစ်တဲ့နေရာမှာ တော်လို့လား။"

ကျိုးယဲ့က သူ့ကို စောင်းကြည့်လိုက်ပြီး ပြောလိုက်၏။ "ငါ့ခါးကပဲ ဒဏ်ရာရထားတာပါ ငါ့ရဲ့ ချိန်ဆချက်တွေ မဟုတ်ဘူး။"

ကောမာဇီ၏ မျက်လုံးများမှာ ပို၍ပင် တောက်ပလာတော့သည်။"အစ်ကိုက စစ်တပ်ထဲမှာ နေခဲ့တာဆိုတော့ သေနတ်ပစ်တာလည်း တကယ်တော်မှာပဲ။ ဒါပေမဲ့ အစ်ကို အမဲလိုက်တာကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။"

ကျိုးယဲ့က ထိုလေးခွကို ကျန်းမန်မန်ထံ ကမ်းပေးလိုက်သည်။ "ငါ စစ်တပ်ထဲက ထွက်လာတုန်းက သေနတ်ကို ယူမလာခဲ့ဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံးကလည်း ဒဏ်ရာပျောက်အောင် ကုသနေရတာနဲ့ပဲ အချိန်ကုန်သွားခဲ့တာ။ ဒီနှစ်တော့ ငါ အဆင်ပြေသွားပါပြီ။ ဆောင်းတွင်းရောက်ရင် မင်းတို့ကို တောင်ပေါ်မှာ အမဲလိုက်ဖို့ ခေါ်သွားပေးမယ်။"

တောင်ပေါ်မှာ အမဲလိုက်မယ်။

ကျန်းမန်မန်၏ မျက်လုံးများ အရောင်တောက်ပသွား၏။ သူမသည် လေးခွကို ယူလိုက်ပြီး စိတ်ဝင်တစား စစ်ဆေးကြည့်ရှုနေမိသည်။

သို့သော်လည်း ဤအမျိုးသားများက သူမကို အမဲလိုက်သည့်နေရာသို့ အတူတူ ခေါ်သွားပါ့မလား ဆိုသည်ကတော့ မသေချာပေ။

သူမသည် မြေကြီးပေါ်မှ ကျောက်ခဲလေးတစ်လုံးကို ကောက်ယူလိုက်ပြီး လေးခွထဲ ထည့်ကာ ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်ကို ချိန်လိုက်၏။

ဖတ်!

ကျောက်ခဲလေးသည် သစ်ပင်၏ ပင်စည်ကို အတိအကျ သွားမှန်လေသည်။

ကျိုးယဲ့က သူမကို ကြည့်ကာ ပြုံးပြီး ပြောလိုက်၏။ "မင်း သဘောကျရင် အဲဒါကို ယူထားလိုက်လေ။ ကိုယ် နောက်မှ အသစ်တစ်လက် ထပ်လုပ်လိုက်မယ်။"

ကျန်းမန်မန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။ "ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မ အားနာမနေတော့ဘူးနော်။"

ကျိုးယဲ့ ရယ်မောလျက် ဆက်ပြောလိုက်၏။ "ကိုယ်လည်း အားနာမနေတော့ဘူး—ရဲဘော်ကျန်းက ကိုယ့်ရဲ့ ခါးကိုပဲ ဂရုစိုက်ပေးပါဦး။"

ကျန်းမန်မန်၏ မျက်နှာအမူအရာမှာ တစ်မျိုး ဖြစ်သွားရလေသည်။ ထိုစဉ် သူမ၏ ခေါင်းထဲ၌ ရုတ်တရက် စာသားတစ်ကြောင်း ပေါ်လာခဲ့၏။

'အစ်ကိုယဲ့ရဲ့ ခါးက သေစေနိုင်တဲ့ ဓားသွားတစ်လက်လိုပဲ။'

သူမသည် ထိုသို့သော မသင့်တော်သည့် အတွေးများကို ဖယ်ထုတ်ရန်အတွက် ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"ရဲဘော်ကျိုး၊ ရှင့်ရဲ့ ကျန်းမာရေးအတွက်ဆိုရင်တော့ ရှင့်ခါးကို အသုံးမပြုဖို့ ကျွန်မ အကြံပေးချင်ပါတယ်။ အနည်းဆုံးတော့ နှစ်သစ်ကူးပြီးတဲ့အချိန်အထိ ခါးကို ဒဏ်ဖြစ်စေမယ့် အလုပ်မျိုးတွေကို မလုပ်ပါနဲ့။"

ကောမာဇီ ရယ်မောရင်း ဝင်ပြောလိုက်သည်။ "အစ်ကိုယဲ့၊ အစ်ကို့အတွက် တကယ် လိုအပ်နေတာက အဖော်တစ်ယောက်ပဲ။ ကြည့်စမ်းပါဦး၊ ရဲဘော်ကျန်းက အစ်ကို့အပေါ် ဘယ်လောက်တောင် ဂရုစိုက်လိုက်လဲဆိုတာ။ ဟဲဟဲ... ကျွန်တော့်ကို မေးမယ်ဆိုရင်တော့ အစ်ကိုတို့နှစ်ယောက် အခုပဲ လက်ထပ်စာချုပ် သွားချုပ်လိုက်ကြတာ ကောင်းလိမ့်မယ်။"

ကျိုးယဲ့က ကျန်းမန်မန်ကို ချက်ချင်း လှမ်းကြည့်ကာ ပြောလိုက်၏။

"ငါ့အနေနဲ့တော့ ဘာမှ ကန့်ကွက်နေစရာ မရှိပါဘူး၊ ဒါပေမဲ့ ရဲဘော်ကျန်း ဘယ်လို တွေးလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။"

ကျန်းမန်မန်သည် လေးခွကို တိတ်တိတ်လေး သိမ်းဆည်းလိုက်သည်။ ဤပစ္စည်းလေးရှိနေလျှင် နောက်တစ်ခါ ယုန်များ၊ တောကြက်များ ဖမ်းသည့်အခါ မီးဖိုချောင်သုံး ဓားများနှင့် ပစ်ပေါက်နေစရာ မလိုတော့ပေ။

သူတို့နှစ်ယောက် တွဲခဲ့သည်မှာ နှစ်ရက်လောက်သာ ရှိသေးသည်ကို သူက လက်ထပ်ဖို့အထိ စဉ်းစားနေလေပြီ။ ဒါက ဘယ်လို အိပ်မက်ကမ္ဘာမျိုးပါလိမ့်။

အဆင့်ဆင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကရော ဘယ်ရောက်သွားပြီလဲ။

တစ်ဦးနှင့်တစ်ဦး၏ မိသားစု အခြေအနေများကိုတောင် သေချာ မသိရသေးဘဲ လက်ထပ်စာချုပ် ချုပ်ဖို့အထိက ဖြစ်နိုင်ပါ့မလား။ ထားပါတော့.. ဒုံးပျံတွေတောင် ဒီလောက်အထိ မမြန်ကြပေ။

သူမ၏ ယခင်ဘဝတုန်းကဆိုလျှင် ယောက်ျားလေးများနှင့် အကြိမ်ကြိမ် ချိန်းတွေ့ခဲ့ဖူးသည်။ အကယ်၍ သူမသာ အလျင်စလို လက်ထပ်ချင်သူဆိုပါက ပထမဆုံးလူနှင့်တင် တစ်ခါတည်း လက်ထပ်ခဲ့မိလိမ့်မည်။

လက်ထပ်ပြီးမှ သံယောဇဉ် တည်ဆောက်ကြမည် ဆိုလျှင်လည်း ရ၏။

"စကားတွေ လျှော့ပြောပြီး အလုပ်ပဲ များများလုပ်ကြရအောင်—ဒီပိုက်ကွန် ထောင်ချောက်ကို အမြန်ပြင်ကြမယ်လေ။ ဒီပိုက်ကွန်က တကယ် ကောင်းတာ၊ တောင်ပေါ်မှာလည်း အမဲလိုက်လို့ ရသလို မြစ်ထဲမှာလည်း ငါးဖမ်းလို့ ရတယ်။"

"အစ်ကိုယဲ့၊ ဒီတောကြက် လေးကောင်ကိုရော ဘယ်လိုလုပ်ကြမလဲ။"

တောဝက်လို တိရစ္ဆာန်များကို အများပိုင်ပစ္စည်းဟု သတ်မှတ်ကြသော်လည်း တောကြက်နှင့် ယုန်ကဲ့သို့သော သတ္တဝါငယ်လေးများကိုမူ တစ်ဦးချင်း ပိုင်ဆိုင်ခွင့်ရှိပေသည်။

ယခုနေရာတွင် လူငါးယောက် ရှိနေပြီး တောကြက်က လေးကောင်သာ ရှိနေသဖြင့် ခွဲဝေပေးရန် အဝေမတည့်နေပေ။

ကျိုးယဲ့က ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ချလိုက်၏။"ငါ့ကို ထည့်မတွက်နေနဲ့။ မင်းတို့ လေးယောက်ပဲ တစ်ယောက် တစ်ကောင်စီ ယူလိုက်ကြတော့။"

ထို့နောက် သူက ကျန်းမန်မန်ကို ကြည့်လိုက်၏။ ကျန်းမန်မန်လည်း မျက်ခုံးလေး ပင့်ပြီး သူနှင့်အကြည့်ချင်း ဆုံမိလိုက်သည်။ ဤအခိုက်အတန့်မှာတင် သူမသည် သူ ဘာကို ဆိုလိုချင်လဲဆိုသည်ကို ချက်ချင်း နားလည်သွားတော့သည်။

ကောမာဇီကလည်း ငြင်းဆန်ခြင်း မပြုတော့ပေ။ "ကောင်းပါပြီ၊ နောက်တစ်ခါကျရင်တော့ အစ်ကို့ကို ပြန်ပြီး အစားထိုးပေးပါ့မယ်။ ဒါ့အပြင် အခုဆိုရင် အစ်ကိုနဲ့ ရဲဘော်ကျန်းကလည်း တွဲနေကြပြီပဲ။ သူမက တစ်ကောင် ချက်လိုက်ပြီဆိုရင် အစ်ကိုက သွားပြီး မြည်းစမ်းကြည့်လို့ ရနေပါပြီ။"

လူငါးယောက်ရှိနေပြီး ကြက်လေးကောင်ကို ခွဲဝေယူရသည့်အတွက် တစ်စုံတစ်ယောက်ကတော့ အလျှော့ ပေးရမည်ဖြစ်မှန်း ကျန်းမန်မန်လည်း နားလည်သည်။

ကျိုးယဲ့၏ စီမံခန့်ခွဲပုံအပေါ် သူမ ကန့်ကွက်လိုခြင်း မရှိပေ။ သူတို့သည် ဝက်ခြံအတွက် ဝက်စာမြက် ရိတ်ပေးရသည့် အဓိကအင်အားစုများ ဖြစ်ကြသည့်အတွက် ကြက်တစ်ကောင်အတွက်နှင့် ပဋိပက္ခ မဖြစ်စေချင်သည်ကတော့ အမှန်ပင်။

ကျိုးယဲ့က ခေါင်းညိတ်လိုက်၏။ "မင်းပြောတာ မှန်ပါတယ်။ ဒါပေမဲ့ မှတ်ထားဦး—ဒီကြက်ကို စားပြီးရင် မင်းတို့ တစ်ယောက်ချင်းစီက နေ့တိုင်း ဝက်စာမြက် ပိဿာ ၆၀ စီ ပို့ပေးရမယ်။ အခု ငါတို့ဆီမှာ ဝက်အကောင်ရေ ဘယ်လောက်ရှိနေပြီလဲဆိုတာ မင်းတို့လည်း အသိပဲ။ ဒီတော့ ဝက်စာမြက်တွေကလည်း ဝက်အကောင်ရေအလိုက် အချိုးကျ ရှိနေမှရမယ်။ ပြီးတော့ အဲဒီကြက်တွေကို အိမ်မှာပဲ တိတ်တိတ်ဆိတ်ဆိတ် စားကြနော်၊ သွားပြီး ကြွားမနေကြနဲ့ဦး။ မဟုတ်ရင်တော့ မင်းတို့တွေ ဟိုအဒေါ်ကြီး လေးယောက်ကို ကြက်တစ်ကောင်စီ ပြန်ပေးနေရလိမ့်မယ်။"

ဝမ်ကျားရှင်း၊ လျိုကျန့်ယဲ့နှင့် ကောမာဇီတို့ အားလုံးသည် ဤဒေသခံများ ဖြစ်ကြသည်။

သူတို့၏ မိဘများအပြင် အစ်ကိုများ၊ မရီးများနှင့် မောင်နှမငယ်များလည်း ရှိကြသည့်အတွက် မိသားစုတစ်ခုစီတွင် မိသားစုဝင် ငါးယောက်၊ ခြောက်ယောက်ခန့် ရှိကြပေသည်။

တောကြက်တစ်ကောင်ဆိုလျှင် တစ်မိသားစုလုံးအတွက် တစ်နပ်စာ ကောင်းကောင်းစားနိုင်သည့် အနေအထားရှိ၏။

သူတို့အားလုံး ပြုံးရွှင်စွာဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ကြသည်။"စိတ်ချပါ အစ်ကိုယဲ့—ကျွန်တော်တို့ နားလည်ပါတယ်!"

"ဟုတ်တယ် အစ်ကိုယဲ့၊ ဟိုအဒေါ်ကြီး လေးယောက် ရိပ်မိဖို့ နေနေသာသာ ဘာမှတောင် သံသယမဝင်စေရဘူးလို့ ကတိပေးတယ်။"

သူတို့၏ အာမခံချက်များကို ကြားသောအခါ ကျိုးယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောလ်ိုက်၏။

"ကောင်းပြီ၊ ဒါဆိုရင်တော့ ဒီတောကြက်တွေကို ရဲဘော်ကျန်းကပဲ အိမ်ကို အရင်သယ်သွားလိုက်။ မင်းတို့ အလုပ်ဆင်းတဲ့အခါကျမှ သူမဆီမှာ သွားပြီး ကိုယ့်ဝေစုကိုယ် ယူလိုက်ကြတော့။"

မည်သူမျှ ကန့်ကွက်ခြင်း မရှိကြချေ။

သူတို့ ငါးယောက်၏ကြားတွင် လျှို့ဝှက်ချက်လေးတစ်ခုကို မျှဝေပိုင်ဆိုင်ထားရသလို ခံစားနေကြရ၏။

ဒီတစ်ခေါက် တောကြက်များကို အဒေါ်ကြီး လေးယောက်ကို မသိစေဘဲ ခွဲဝေလိုက်ကြသော်လည်း၊ နောက်တစ်ခါ ထပ်ရလျှင်တော့ သူတို့ကိုပါ ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်သည်။ မဟုတ်လျှင် မကျေနပ်မှုများ ဖြစ်ပေါ်လာနိုင်၏။

ကောမာဇီက အရင်ဆုံး ကတိပေးလိုက်လေသည်။ "စိတ်ချပါ အစ်ကိုယဲ့။ ကျွန်တော်တို့ စကားတစ်ခွန်းမှ အပြင်မပေါက်ကြားစေရပါဘူး။ တစ်ယောက်ယောက်က လာမေးရင်တောင် ကျွန်တော်တို့ဘာသာ ဖမ်းမိတာလို့ပဲ ပြောလိုက်ပါ့မယ်။"

ကျိုးယဲ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။"ကောင်းပြီ၊ သွားကြစို့။"

"ရှင်တို့ အရင်ဆင်းသွားနှင့်ပါ၊ ကျွန်မ တောထဲမှာ ဟင်းသီးဟင်းရွက် အချို့ သွားရှာလိုက်ဦးမယ်။"

"မရီး... ပေါက်စီ လုပ်မလို့လား။"

ကျိုးယဲ့က ကောမာဇီ၏ နဖူးကို ခပ်ပြင်းပြင်း တစ်ချက် တောက်လိုက်ပြီး ပြောလိုက်၏။

"အဲဒီလို မခေါ်နဲ့ဦး—ငါတို့က လက်ထပ်စာချုပ် မချုပ်ရသေးဘူးဟ!"

ထို့နောက် သူက ကျန်းမန်မန်ကို ကြည့်ကာ သတိပေးလိုက်သည်။

"ဟင်းရွက် သွားခူးရင်လည်း သတိထားဦးနော်။"

သူတို့ ထွက်သွားပြီးနောက်၊ နေ့လယ်ပိုင်းကတည်းက ဝက်စာမြက် တစ်ခေါက် ပို့ထားပြီးသားဖြစ်သော ကျန်းမန်မန်သည် ဝက်စာမြက်ထပ်ရိတ်ရန် အစီအစဉ် မရှိတော့ပေ။

ထိုအစား သူမသည် ပေါက်စီလုပ်ရန်အတွက် ဟင်းသီးဟင်းရွက်အချို့ ခူးရန် ခြင်းတောင်းကို ဆွဲကာ တောင်ပေါ်သို့ တက်လာခဲ့လိုက်သည်။

ယခုဆိုလျှင် သူမတွင် ကြက်ရင်ပုံသား ရှိနေပြီဖြစ်သည်။ ၎င်းကို ရေကန်စွန်းနှင့် ရောစပ်လိုက်ပါက အလွန်ကောင်းမွန်သော အစာသွတ်တစ်ခု ဖြစ်လာပေလိမ့်မည်။

သူမ၏ အစီအစဉ်မှာ တစ်နေ့လျှင် ပေါက်စီ သုံးလုံး—မနက်၊ နေ့လယ်၊ ည တစ်လုံးစီ စားရန်ဖြစ်သည်။

အချိန်မှန်မှန် ပမာဏမှန်မှန်ဖြင့် ခဏလောက် အားစိုက်၍ ကြိုးစားလိုက်လျှင် ခန္ဓာကိုယ်အလေးချိန် အမြန်ကျသွားလိမ့်မည်။

ကိုယ်အလေးချိန် အတက်အကျ မရှိတော့ဘဲ ငြိမ်သွားသည့် အဆင့်သို့ ရောက်သည့်အခါမှသာ သူမ၏ အစားအသောက် အစီအစဉ်ကို ထပ်၍ပြောင်းလဲရမည်ဖြစ်သည်။

All Chapters