အခန်း ၄၇
Vol. 5 Ch. 47
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၄၇
အဖွဲ့ခေါင်းဆောင်သည် သူတို့၏ အကြံပြုချက်ကို ကြားသောအခါ သူတို့နှစ်ယောက်လုံးမှာ မြို့တော်မှ လာသူများ ဖြစ်သည်ကို သတိပြုမိသွားသည်။ မည်သို့ပင်ဖြစ်ဖြစ် ပညာတတ်လူငယ်ကျန်းသည် ရောဂါကုသသည့်နေရာတွင် တကယ်ကို တော်သူတစ်ယောက် ဖြစ်သည်။
ဒါရိုက်တာကျိုးသည်လည်း သူတို့ဒေသသို့ ပြောင်းရွှေ့လာသည်မှာ တစ်နှစ်ကျော်ရုံသာ ရှိသေးသည့်တိုင် ဝက်ခြံလုပ်ငန်းအတွက် အများကြီး အကျိုးပြုခဲ့သူ ဖြစ်သည်။
ယခုအခါ သူတို့က ဘဲမွေးမြူရေးလုပ်ရန် အဆိုပြုလာကြသည့်အတွက် အဖွဲ့ခေါင်းဆောင်လည်း လူထု၏ သဘောထားကို နားထောင်သည့်အနေနှင့် သူတို့၏ အကြံအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့ ဘဲအကောင်ရေ ဘယ်လောက်အထိ မွေးဖို့ စိတ်ကူးထားလဲ။"
ကျိုးယဲ့က ကျန်းမန်မန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျန်းမန်မန်က တွန့်ဆုတ်မနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ "အကောင်တစ်ရာပါ။"
"အကောင်တစ်ရာတောင်လား။" အဖွဲ့ခေါင်းဆောင်လည်း အံ့သြလွန်း၍ အသက်ပင် ရှူမှားသွားရ၏။
ကျန်းမန်မန်က လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ကျွန်မတို့ ပြန်လာတဲ့လမ်းမှာ မြစ်ကမ်းပါးကို သေချာကြည့်ခဲ့ပါတယ်။ အဲဒီနေရာမှာ ပိုက်ကွန်တစ်ခုသာ တားလိုက်မယ်ဆိုရင် ဘဲအကောင်ရေ ငါးရာအထိတောင် အေးအေးဆေးဆေး မွေးလို့ရပါတယ်။"
"ငါးရာ?!"
အဖွဲ့ခေါင်းဆောင်က အတွင်းရေးမှူးကျောက်ဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
"ဒါကတော့ ကိစ္စကြီးပဲ။ ဒီလောက်အထိ အကောင်ရေများမယ်ဆိုရင်တော့ အထက်လူကြီးတွေဆီကို အရင်ဆုံး အဆိုပြုလွှာ တင်ရလိမ့်မယ်။ သူတို့ဘက်က ခွင့်ပြုချက်ပေးပြီဆိုမှပဲ ငါတို့ စပြီး မွေးလို့ရမှာ။"
ကျန်းမန်မန် နားလည်ထားသည့်အတိုင်းဆိုလျှင် ယခုခေတ်ကာလတွင် ဘဲများ မွေးမြူမည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင် အကျိုးအမြတ်အတွက် မဟုတ်ဘဲ အများပိုင်ပစ္စည်းအဖြစ်သာ သတ်မှတ်မည် ဖြစ်သည်။
သို့သော်လည်း ဒါက ပြဿနာမရှိပေ။ လက်တွေ့ လေ့ကျင့်မှုရယူရန်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေသေးသည်။
သူမ၏ အနာဂတ် အစီအစဉ်များသည် တိရစ္ဆာန်မွေးမြူရေး သက်သက်တွင်သာ ရပ်တန့်သွားမည် မဟုတ်ပေ။
၁၉၈၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ဘဲမွေးဂျာကင်များ ခေတ်စားလာတော့မည်ဖြစ်ရာ ယခုအချိန်မှစ၍ တွက်လျှင် လေးနှစ်၊ ငါးနှစ်ခန့်သာ လိုတော့သည်။
ထို့အပြင် ၁၉၇၉ ခုနှစ်သည်လည်း အပြောင်းအလဲများစွာရှိမည့် အရေးပါသော နှစ်တစ်နှစ် ဖြစ်သည်။
ယခုအချိန်တွင် "ဘဲမွေးနှင့် သကြားလုံး လဲလှယ်ခြင်း" ဟူသော ကုန်သွယ်မှုမျိုး မရှိသေးသော်လည်း၊ ၁၉၇၉ ခုနှစ်တွင် ထိုကဲ့သို့သော အလဲအလှယ်စနစ်များကို ပြန်၍ခွင့်ပြုတော့မည် ဖြစ်သည်။ ၁၉၈၀ ခုနှစ်တွင်မူ အရာအားလုံးက တရားဝင် ဖြစ်လာပေလိမ့်မည်။
အတိုချုပ်ပြောရလျှင် သူမသည် အချိန်အခါကောင်းတစ်ခုတွင် ပြန်လည်မွေးဖွားလာခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် တစ်ခုခုကို ကြီးကြီးမားမား ဖြစ်အောင် လုပ်ဆောင်လိုသည့် စိတ်ဆန္ဒ ရှိသည်။ သူမ၏ အသက်မှာလည်း ဆယ့်ကိုးနှစ်သာ ရှိနေသေး၏။
ချက်ချင်း ကလေးယူရန်ကတော့ မဖြစ်နိုင်! ယခုချိန်တွင် အစိုးရ၏ မူဝါဒများကလည်း အတည်မဖြစ်သေးသလို၊ စောစောစီးစီး ကလေးမွေးခြင်းသည်လည်း သေဒဏ်ပေးခံရသလိုပင် ခံစားရပေလိမ့်မည်။
သူမအတွက် ကလေးယူရန် အကောင်းဆုံးအချိန်မှာ နောက်ထပ် ငါးနှစ်ခန့်အကြာတွင် ဖြစ်သည်။
သူမ စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်—ဒါဆိုရင် ၁၉၈၀ ပြည့်နှစ်ပေါ့၊ ဟုတ်တယ်မလား။
အားရာလုံးကို အားသွန်ခွန်စိုက် လုပ်ဆောင်ရန်အတွက် အချိန်ကိုက်ပင် ဖြစ်သည်။
သူမအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်လား။
...နေပါဦး။
သူမ အများကြီး တွေးမိသွားပြီလား။
"ပညာတတ်လူငယ်ကျန်း...မင်း တကယ်ပဲ ဘဲအကောင်တစ်ရာနဲ့ စချင်တာ သေချာရဲ့လား။"
ကျန်းမန်မန်က အဖွဲ့ခေါင်းဆောင်ကို နားမလည်သလို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့... အကောင်နှစ်ရာဆိုရင်လည်း အဆင်ပြေပါတယ်!"
အဖွဲ့ခေါင်းဆောင်က လက်ကို အမြန် ယမ်းလိုက်ပြီး ပြောလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး—အကောင်တစ်ရာကနေပဲ စကြရအောင်။ မနက်ဖြန်ကျရင် ငါ ထောက်ခံစာ တစ်စောင် ရေးပေးပါ့မယ်။ တစ်ဆင့်ချင်းပဲ သွားကြတာပေါ့။ အရင်ဆုံးတော့ တိရစ္ဆာန်ဆေးကု လက်မှတ်အတွက် စာမေးပွဲကိုပဲ အရင်သွားဖြေလိုက်ပါဦး။ ငါလည်း အစီရင်ခံစာတင်ပြီး ဘဲမွေးမြူရေးစီမံကိန်းအတွက် လျှောက်ထားလိုက်ပါ့မယ်။"
ထိုညတွင်ပင် သူတို့သည် နေမကောင်းဖြစ်နေသော ဝက်ကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြသည်။
နောက်တစ်နေ့တွင် ကျန်းမန်မန်သည် ထောက်ခံစာကို ယူဆောင်ကာ မြို့နယ်သို့သွား၍ တိရစ္ဆာန်ဆေးကုစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့သည်။
"ရဲဘော်ကျန်း... မင်းက အထက်တန်းမအောင်သေးဘူး မဟုတ်လား။"
ထိုမေးခွန်းက ကျန်းမန်မန်၏ အားနည်းချက်ကို တည့်တည့်ကြီး ထိသွားစေခဲ့သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်သည် ချမ်းသာကြွယ်ဝသော မိသားစုမှ လာသူဖြစ်သော်လည်း စာလေ့လာမည့်အစား ရှဲ့ဝမ်ရွှမ်းဆိုသည့်သူနောက်သို့သာ တကောက်ကောက် လိုက်နေခဲ့သူ ဖြစ်သည်။ အထက်တန်းနောက်ဆုံးနှစ်တွင်လည်း နောက်ဆုံးစာမေးပွဲများကိုပင် ဝင်မဖြေခဲ့ပေ။
တစ်ဖက်တွင်မူ ဟောက်ဖန်းဖန်းဆိုလျှင် ဘွဲ့ပင်ရနေပြီဖြစ်သည်။ ဤစာအုပ်ထဲမှ သူမ၏ အတိတ်ကို ပြန်တွေးမိတိုင်း ကျန်းမန်မန်တစ်ယောက် ပြောစရာပျောက်သွားရသည်။
ထားလိုက်ပါတော့။ နောက်တော့မှပဲ ညကျောင်းတက်ပြီး အထက်တန်းအောင်လက်မှတ် ပြန်ယူရတော့မည်။
"ကျွန်မ အထက်တန်းနောက်ဆုံးနှစ်မှာ နေမကောင်းဖြစ်သွားလို့ စာမေးပွဲမဖြေလိုက်ရတာပါ။ ဘွဲ့လက်မှတ်တော့ မရှိဘူး၊ ဒါပေမဲ့ ကျောင်းတော့ တက်ခဲ့ဖူးပါတယ်။"
မျှော်လင့်ထားသည့်အတိုင်းပင် စာစစ်သူက မယုံကြည်နိုင်သလို ကြည့်လေတော့သည်။ ကျန်းမန်မန်လည်း အခြားရွေးချယ်စရာမရှိသဖြင့် မေးလိုက်တော့၏။
"ကျွန်မ တိရစ္ဆာန်ဆေးကုစာမေးပွဲကို ဝင်ဖြေလို့ ရနိုင်ပါဦးမလား။"
စာစစ်သူက မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ထောက်ခံစာကို စိတ်မရှည်သလို ဖတ်ကြည့်လိုက်သည်။
ထိုစာထဲတွင် သူမသည် ရွာရှိ ဝက်နှစ်ကောင်ကို ကုသပေးခဲ့ကြောင်း ရေးထားပေသည်။
"ဝက်နှစ်ကောင်ကို ကုပေးဖူးရုံနဲ့ ဒီစာမေးပွဲကို ဝင်ဖြေဖို့ အရည်အချင်းပြည့်ပြီလို့ ထင်နေတာလား။ ရဲဘော်... အဲဒီဝက်တွေကို ဘယ်လိုကုခဲ့လဲဆိုတာ ရှင်းပြနိုင်မလား။ ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုဆေးဝါးတွေ သုံးခဲ့တာလဲ။"
"ပြီးတော့ အဲဒီဆေးတွေကိုရော ဘယ်ကရတာလဲ။"
သူတပါးလက်အောက် ရောက်နေချိန်တွင်တော့ အောက်ကျို့ခံရပေဦးမည်။ ကျန်းမန်မန်လည်း အကျဉ်းချုပ် ရှင်းပြရန်မှလွဲ၍ အခြား ရွေးစရာ မရှိတော့ပေ။
"မြို့တော် ကျန်းမာရေးဌာနကလား။"
ကျန်းမန်မန်၏ မျက်လုံးများ အရောင်တောက်ပသွားတော့၏။
"ဟုတ်ကဲ့! ရှင် မယုံဘူးဆိုရင် ဖုန်းဆက်ပြီး မေးကြည့်လို့ရပါတယ်။ စစ်ကျို့ချန် ကျန်းမာရေးဌာနမှာ ဝမ်ကွေ့ဟွားဆိုတဲ့ ဆရာဝန်မကြီး ရှိပါတယ်။ အဲဒီမှာ တရုတ်တိုင်းရင်းဆေးပညာကို ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတစ်ယောက်လည်း ရှိပါသေးတယ်။ ကျွန်မရဲ့ ဆေးဖက်ဝင်အပင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို အဲဒီဆရာဝန်ကြီးဆီက သင်ယူခဲ့တာပါ။ အဲဒီတုန်းက ကျွန်မက ငယ်သေးတော့ လက်မှတ်မယူထားမိလိုက်တာက ကျွန်မရဲ့ အမှားပါ။ ဒါပေမဲ့ အခု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးမှာ ကူညီဖို့ နယ်ဘက်ကို ရောက်လာတဲ့အခါမှာတော့ ဒါက တကယ်ကို လိုအပ်တယ်ဆိုတာ သိလာရပါတယ်။ ရဲဘော်က ကျွန်မ စာမေးပွဲ ဝင်မဖြေနိုင်အောင် တမင်တကာ ခက်ခဲအောင် လုပ်နေတာတော့ မဟုတ်ဘူး မဟုတ်လား"
သူမ၏စာကို ကိုင်ထားသော သက်လတ်ပိုင်း အမျိုးသားလည်း မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "ငါက ဘာလို့ မင်းကို တမင်ခက်ခဲအောင် လုပ်ရမှာလဲ။ ဖြေချင်ရင်လည်း ဖြေကြည့်လေ။ အောင်၊ မအောင်ကတော့ ကြည့်ရသေးတာပေါ့!"
ကျန်းမန်မန်လည်း ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး စာမေးပွဲမေးခွန်းများကို ယူကာ ရေးဖြေစာမေးပွဲကို စတင်ဖြေဆိုလိုက်သည်။ သူမတွင် ပြဋ္ဌာန်းစာအုပ်ပင် မရှိသဖြင့် စာအုပ်ကြည့်ဖြေသည်ဖြစ်စေ၊ မကြည့်ဘဲဖြေသည်ဖြစ်စေ သူမအတွက်တော့ အတူတူပင်။
တိရစ္ဆာန်ဆေးကုဆရာဝန် နှစ်ဦး၏ ရှေ့မှောက်မှာပင် သူမသည် စာမေးပွဲကို ထိုနေရာ၌ ချက်ချင်း ဖြေဆိုလိုက်လေသည်။
အမှန်အတိုင်း ပြောရလျှင် တိရစ္ဆာန်ဆေးကုဌာနတွင် လူအင်အား အလွန်နည်းပါးနေပြီး ဝန်ထမ်း သုံးဦးသာ ရှိသည်။
ပုံမှန်အားဖြင့် ဝန်ထမ်းနှစ်ဦးသည် တိရစ္ဆာန်များအား ကုသရန် ရွာဘက်သို့ ထွက်သွားကြရသဖြင့် ဆရာဝန်တစ်ဦးသာ ဌာနတွင် ကျန်ရစ်လေ့ရှိသည်။
အကယ်၍ ထိုတစ်ဦးသည်လည်း အရေးပေါ်ကိစ္စဖြင့် ထွက်သွားရပါက ဌာနတစ်ခုလုံး လူသူကင်းမဲ့သွားလိမ့်မည်။
ကံကောင်းထောက်မစွာပင် ကျန်းမန်မန်အတွက် ရေးဖြေစာမေးပွဲပြီးနောက် နှုတ်ဖြေစာမေးပွဲက ဆက်၍ ရောက်ရှိလာခဲ့ပေသည်။
ထိုသို့မဟုတ်လျှင် သူတို့သည် ကြက် သို့မဟုတ် ဘဲတစ်ကောင်ကို ယူဆောင်လာပြီး သူမအား ထိုနေရာ၌ပင် ရောဂါရှာဖွေခိုင်းကာ ဆေးညွှန်းပေးခိုင်းပေလိမ့်မည်။
ကံကြမ္မာ၏ ဖန်တီးမှုကြောင့် ထိုအချိန်မှာပင် သိုးပေါက်လေးတစ်ကောင်ကို ပုခုံးပေါ်ထမ်းလာသည့် လူတစ်ယောက် ရောက်ရှိလာခဲ့၏။
"ဒေါက်တာရှန်း ရှိလား။ ကျွန်တော်တို့အဖွဲ့က သိုးပေါက်လေး အခြေအနေ မကောင်းလို့ပါ—လာကြည့်ပေးပါဦး!"
ဒေါက်တာရှန်းဆိုသည်မှာ ကျန်းမန်မန်၏ ထောက်ခံစာကို ကိုင်ထားခဲ့သော သက်လတ်ပိုင်း အမျိုးသား ဖြစ်သည်။
သူသည် ရွာသား၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး ကျန်းမန်မန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ရဲဘော်ကျန်း... မင်းက ဝက်တွေကိုပဲ ကုပေးဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးမလား။ တခြား တိရစ္ဆာန်တွေကိုလည်း ကုပေးနိုင်တယ် မဟုတ်လား။ အကယ်၍ မကုနိုင်ဘူးဆိုရင်တော့ ဒီတိရစ္ဆာန်ဆေးကု စာမေးပွဲကို အောင်ဖို့ ခက်လိမ့်မယ်။ ကြည့်စမ်းပါဦး... ဒီရွာသားရဲ့ သိုးပေါက်လေးက တော်တော်လေး နေမကောင်းဖြစ်နေတဲ့ ပုံပဲ။ အကယ်၍ မင်းသာ သူ့ကို ကုနိုင်ပြီး မင်းရဲ့ ရေးဖြေရလဒ်ကလည်း အတော်အသင့် ကောင်းမွန်နေမယ်ဆိုရင်တော့ ငါတို့ ဒီဆေးကုလက်မှတ်ကို ချက်ချင်း ပေးလိုက်မှာပါ။"
ထို့နောက် သူသည် အခြားလူနှစ်ဦးဖြစ်သော အသက်ငါးဆယ်ဝန်းကျင် အမျိုးသားကြီးတစ်ဦးနှင့် လူငယ်တစ်ဦးဘက်သို့ လှမ်းကြည့်လိုက်သည်။
သက်ကြီးပိုင်းအရွယ် အမျိုးသားသည် မြို့နယ် တိရစ္ဆာန်ဆေးကုဌာန၏ အကြီးအကဲဖြစ်ပြီး လက်ရှိတွင် ကျန်းမန်မန်၏ အဖြေလွှာများကို စစ်ဆေးနေသူ ဖြစ်သည်။
စာမျက်နှာတိုင်းသည် သေသေသပ်သပ် ရှိလှပြီး အမှားအယွင်း တစ်ခုမျှပင် မရှိပေ။
ဒီအမျိုးသမီး ပညာတတ်လူငယ်လေးသည် သူမ၏ ပညာရပ်တွင် အမှန်တကယ်ကို ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားလှသည်။
ဒေါက်တာရှန်း၏ စကားကို ကြားပြီးနောက် ဌာနမှူးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "သူမကို ကုခိုင်းလိုက်ပါ။ အကယ်၍ သူမသာ အောင်အောင်မြင်မြင် ကုသနိုင်ခဲ့ရင်တော့ ငါတို့ ဆက်ဆွေးနွေးကြတာပေါ့။"
ရွာသားဖြစ်သူကတော့ သိုးပေါက်ကလေးကို ပွေ့ပိုက်ထားလျက် ဝင်ပေါက်တွင် စိုးရိမ်တကြီး ရပ်နေလေသည်။
ဒေါက်တာရှန်း ထွက်လာသည်ကို မြင်သောအခါ သူက အမြန်ပင် ပြောလိုက်တော့သည်။"ဒေါက်တာရှန်း... ကျွန်တော့်ရဲ့ သိုးပေါက်လေးကို ကြည့်ပေးပါဦး—အခြေအနေ သိပ်မကောင်းလို့ပါ!"
ဒေါက်တာရှန်းက ခေါင်းညိတ်ပြလိုက်၏။ "စိတ်မပူပါနဲ့။ အခုက အချိန်ကိုက်ပါပဲ... ငါတို့ဆီမှာ တိရစ္ဆာန်ဆေးကု စာမေးပွဲဖြေနေတဲ့ အမျိုးသမီးငယ်လေး တစ်ယောက် ရှိတယ်။ မင်းရဲ့ သိုးပေါက်လေးကို သူမကို အရင် ကြည့်ခိုင်းလိုက်မယ်။"
ရွာသားလည်း ထိတ်လန့်သွားရတော့သည်။ "ဘယ်လို။ မိန်းကလေး တစ်ယောက်လား။ သူမက ဒါမျိုး လုပ်တတ်ပါ့မလား။ သူမက အခုမှ စသင်နေတဲ့သူ မဟုတ်ဘူးလား။ မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ! ဆရာကိုယ်တိုင်ပဲ ကြည့်ပေးပါ!"
ကျန်းမန်မန်ကတော့ တည်ငြိမ်စွာဖြင့်ပင် သူတို့၏ အနားသို့ လျှောက်သွားခဲ့သည်။
သူမအနေဖြင့် အပ်စိုက်ကုထုံး သို့မဟုတ် အခြား ဆန်းပြားသော နည်းလမ်းများကိုတော့ မသိရှိထားပေ။
သူမသည် သိုးပေါက်လေး၏ ရှေ့တွင် ပုံမှန်အတိုင်းထိုင်ချလိုက်ကာ သိုးပေါက်လေးကို စစ်ဆေးရန်အတွက် ပါးစပ်ကို ဟကြည့်လိုက်ပေသည်။