အခန်း ၄၈
Vol. 5 Ch. 48
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၄၈
သိုးပေါက်လေး၏ လျှာနှင့် ပါးစပ်ကို စစ်ဆေးပြီးနောက် ကျန်းမန်မန်က သိုးကိုပွေ့ထားသော အမျိုးသားဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဒီသိုးပေါက်လေးကို မွေးတာ ဘယ်လောက်ကြာပြီလဲ။"
ထိုအမျိုးသား မဖြေနိုင်ခင်မှာပင် ဘေးမှ ဒေါက်တာရှန်းက နှာခေါင်းရှုံ့လျက် ကြားဖြတ်ပြောဆိုလာသည်။
"မင်းက တိရစ္ဆာန်ဆေးကုလက်မှတ် ယူချင်တာ မဟုတ်လား။ သိုးပေါက်လေး အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ကြည့်ရုံနဲ့တောင် မပြောတတ်ဘူးလား။"
ကျန်းမန်မန်က သူ့ကို တည်ငြိမ်စွာ လှည့်ကြည့်ပြီး ပြောလိုက်လေသည်။ "ရှင်က ပြောတတ်တယ်ဆိုရင်လည်း ပြောပြပေးလေ။ ဒီသိုးပေါက်လေး မွေးတာ အတိအကျ ဘယ်လောက်ရှိပြီလဲ။ မိခင်နို့ရော သောက်ရရဲ့လား။"
စိုးရိမ်နေသော ရွာသားဖြစ်သူက အမြန်ပင် ကြားဖြတ်ဝင်ဖြေလိုက်၏။ "မွေးတာ ၁၅ ရက်ရှိပါပြီ။ လွန်ခဲ့တဲ့ နှစ်ရက်အထိတော့ အကောင်းကြီးပါပဲ—အခုမှ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာ။"
"ဒီလိုဖြစ်နေတာ အတိအကျ ဘယ်နှရက်ရှိပြီလဲ။" သူမ ထပ်၍မေးမြန်းလိုက်သည်။
ဒေါက်တာရှန်းက လှောင်ပြောင်သော လေသံဖြင့် ထပ်မံဝင်ပြောလာပြန်၏။ "ဒါလေးတောင် မင်းမသိဘူးလား။"
ကျန်းမန်မန်လည်း သူမ၏ စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးလာသလို ခံစားလာရတော့သည်။
ဒီနေရာကို ရောက်ကတည်းက သူမ၏ စိတ်တည်ငြိမ်မှုမှာ ပြင်းပြင်းထန်ထန် စမ်းသပ်ခံနေရပေသည်။
"ဆရာ့မျိုးရိုးနာမည်က ဘာလဲ။"
ဒေါက်တာရှန်းက မျက်လုံးတစ်ချက် လှန်ကြည့်ပြီး "ရှန်း" ဟု ပြန်ဖြေလိုက်သည်။
"ဒါဆို ရှင့်ရဲ့ နာမည်ရင်းက ရှန်းကျန်းပင်း (စိတ်ဝေဒနာရှင်) လား။"
ဒေါက်တာရှန်းလည်း နားမလည်နိုင်သဖြင့် မျက်မှောင်ကြုတ်သွားသည်။ "ရဲဘော်ကျန်း... အဲဒါ ဘာကိုဆိုလိုတာလဲ။"
ကျန်းမန်မန်က သူ့ကို ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်တော့သည်။ "ရှင့်ဦးနှောက်က မချို့ယွင်းနေဘူးဆိုရင် ဘာလို့ သူများစကားပြောနေတာကို တောက်လျှောက် ကြားဖြတ်နှောင့်ယှက်နေရတာလဲ။ ကျွန်မ ဆေးကုလက်မှတ် မရအောင်လို့ ဒီသိုးပေါက်လေး သေသွားတာကို ရှင်က မျှော်လင့်နေတာလား။ ရှင့်ကို ကျွန်မ တစ်ခါမှလည်း မတွေ့ဖူးပါဘူး။ ရှင့်ကို ဘာတွေများ ပြစ်မှားထားလို့ ကျွန်မကို ခက်ခဲအောင်လုပ်ဖို့ သိုးပေါက်လေးတစ်ကောင်ရဲ့ အသက်ကိုတောင် အနစ်နာခံခိုင်းနေရတာလဲ။
ရှင်က ကျွန်မတို့လို အမျိုးသမီးရဲဘော်တွေအပေါ် အမြင်မကြည်တာလား။ ဒါမှမဟုတ် ကျွန်မလို လူငယ်တစ်ယောက်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လာပြီး အလုပ်အကျွေးပြုနေတာကို မနာလိုဖြစ်နေတာလား။ ဒါမှမဟုတ်... ရှင်က ကျွန်မရဲ့ အာရုံစိုက်မှုကို ရချင်လို့ တမင်သက်သက် လာပတ်သက်နေတာလား။ တိရစ္ဆာန်ဆေးကု လက်မှတ်လာဖြေရင်းနဲ့ ရှင့်လို လူမျိုးနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ တကယ်ကို ရွံစရာကောင်းလိုက်တာ။"
ဒေါက်တာရှန်းလည်း ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး သူ၏မျက်လုံးများသည်လည်း သူမကို မီးခဲနှင့် ပေါက်တော့မည့်အလား စိုက်ကြည့်နေသည်။
"ရဲဘော်ကျန်း... မင်း ဘယ်လိုလုပ်ပြီး ဒီလို စကားမျိုး ပြောနိုင်ရတာလဲ။"
"ကျွန်မက ဒီလိုပဲ ပြောတတ်တယ်။ ရှင့်ပါးစပ်က နောက်ထပ်တစ်ခွန်း ထပ်ထွက်လာရင် ရှင့်ကို တကယ် ထိုးမိတော့မယ်။"
သူမ၏ စကားကြောင့် ဒေါက်တာရှန်းမှာ ပို၍ပင် ဒေါသထွက်သွားတော့သည်။
"မင်းတို့လို အမျိုးသမီးရဲဘော်တွေကတော့ တကယ်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာပဲ။ မင်းလိုလူမျိုးက တိရစ္ဆာန်ဆေးကုဆရာဝန် လုပ်ချင်တာလား။ မင်းမှာ အဲ့လို အရည်အချင်းမရှိဘူးလို့ ငါထင်တယ်!"
ကျန်းမန်မန်က သက်ကြီးပိုင်း တိရစ္ဆာန်ဆေးကုဆရာဝန်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဌာနမှူး...ရှင့်ရဲ့ အမြင်ကရော ဒီလိုပဲ ဖြစ်နေတာလား။ အကယ်၍ ဟုတ်တယ်ဆိုရင်တော့ ကျွန်မ ဒီမှာ စာမေးပွဲ မဖြေတော့ဘူး။ ပြည်နယ်မြို့တော်ကိုပဲ တိုက်ရိုက်သွားလိုက်တော့မယ်။ အဲဒီလိုမှ မရရင်တော့ ရွာလူကြီးဆီက ထောက်ခံစာယူပြီး မြို့တော်ကိုပဲ ပြန်ပြီး ဖြေလိုက်တော့မယ်။ အဲဒီအခါကျရင်တော့ အမျိုးသမီးရဲဘော်တွေကို ခွဲခြားဆက်ဆံတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင့်ကို တိုင်ကြားစာပို့ရလိမ့်မယ်!"
သူမ၏ အဖြေလွှာကို တိတ်တဆိတ် စစ်ဆေးနေသော ဆရာဝန်ကြီးမှာ အငြင်းပွားသံကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားမိသည်။
သူ မှတ်မိသည့်အတိုင်းဆိုလျှင် ဤအမျိုးသမီးငယ်လေးသည် မကြာသေးမီက စန်းကျားရွာရှိ ဝက်နှစ်ကောင်ကို ကုသပေးခဲ့သူ ဖြစ်သည်။ ထိုစဉ်က ဝက်ခြံမှ လူများ သူ့ထံ လာရောက်အကူအညီတောင်းခဲ့သော်လည်း သူကိုယ်တိုင်ပင် ထိုဝက်များကို မကယ်တင်နိုင်ခဲ့ပေ။
ဒေါက်တာရှန်းသည် ကျန်းမန်မန်အပေါ် အငြိုးအတေးထားနေပြီး တမင်သက်သက် အခက်တွေ့အောင် လုပ်နေသည်မှာ သိသာလှသည်။
ဤအခြေအနေကို သေချာစဉ်းစားကြည့်ပြီးနောက် ဌာနမှူး၏ မျက်နှာမှာ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားတော့သည်။
သူ့ရှေ့မှာတင် အာဏာကို အလွဲသုံးစားလုပ်ပြီး တစ်ပါးသူကို နှိပ်ကွပ်ရဲသည်ဆိုလျှင် လူကွယ်ရာ၌ ဆိုပါက မည်မျှလောက်အထိ ဆိုးရွားနေမည်လဲ။
ဒေါက်တာရှန်းသည် အခြေအနေက သူ့ဘက်တွင် မရှိတော့မှန်း သိလိုက်သောအခါ ဝုန်းခနဲ ထရပ်ပြီး ကျန်းမန်မန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်တော့သည်။
"အလိမ်အညာတွေ!မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာ!"
နောက်ဆုံးတွင်တော့ တိရစ္ဆာန်ဆေးကု ဆရာဝန်ကြီးက စကားပြောလာခဲ့၏။ "ဒေါက်တာရှန်း... သူမကို ထပ်ပြီး ကြားဖြတ်မနှောင့်ယှက်ပါနဲ့တော့။ သူမကို ကုခိုင်းလိုက်ပါ။"
ထိုစကားကြောင့် ဒေါက်တာရှန်းမှာ နောက်ဆုံးတော့ ပါးစပ်ပိတ်သွားခဲ့ရသည်။
ကျန်းမန်မန်က သိုးပေါက်လေးဘက်သို့ ပြန်လှည့်ကာ ခဏကြာမျှ သေချာ စစ်ဆေးလိုက်ပြီးနောက် ပြောလိုက်သည်။
"ခဏလောက် စောင့်ပေးပါ။" ထို့နောက် ဆရာဝန်ကြီးကို မေးလိုက်၏။
"ဒီမှာ Terramycin (ပိုးသတ်ဆေး) ရှိလားရှင့်။"
ဆရာဝန်ကြီးက စိတ်ဝင်တစားဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြောလိုက်သည်။"ရှိတယ်... ဟိုဘက်မှာ။ မင်းဘာသာမင်း ယူသုံးလို့ရတယ်။"
ကျန်းမန်မန်သည် ဆေးဗီရိုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ဒေါက်တာရှန်းက တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဆရာဝန်ကြီး၏ စူးရှသော အကြည့်ကြောင့် ပြန်ပိတ်သွားရပြန်သည်။
သူမသည် ဆေးများကို သေချာ ရွေးချယ်ပြီး စပ်နေတော့သည်။
ဒေါက်တာရှန်းက ဘေးမှကြည့်ရင်း မျက်မှောင်ကြုတ်နေမိ၏။ သူသည် အကြိမ်ကြိမ် ကြားဝင်ပြောဆိုရန် ကြိုးစားခဲ့သော်လည်း ဌာနမှူး၏ တားမြစ်မှုကြောင့် ငြိမ်၍သာနေရသည်။
သူမသည် ဆေးထိုးအပ်ထဲသို့ ဆေးများစုပ်ယူကာ လျှောက်လာသည့်အခါတွင်မူ ဒေါက်တာရှန်းသည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်ကာ ပိတ်ရပ်လိုက်တော့သည်။
"ရပ်လိုက်စမ်း! အဲဒီဆေးကို သိုးပေါက်လေးအတွက် မသုံးရဘူး!"
ကျန်းမန်မန်က မျက်တောင်လေး ခတ်လိုက်ပြီး မေးလိုက်၏။"ဘာလို့လဲ။"
"အဲ့ဒီ ဆေးပမာဏက နွားအကောင်ကြီးတစ်ကောင်ကိုတောင် ကယ်နိုင်တာ။ သိုးပေါက်လေး တစ်ကောင်တည်းအတွက်နဲ့တော့ အလဟဿ အဖြုန်းတီးမခံနိုင်ဘူး။"
ကျန်းမန်မန် - "..."
ဒါက... တိရစ္ဆာန်ချင်း ခွဲခြားဆက်ဆံနေတာလား။
"ဒေါက်တာရှန်း... ရှင် ဘာကို ဆိုလိုတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပေးပါဦး။ ဒီဆေးပမာဏက သေချာ တွက်ချက်ထားတာပါ။ သိုးပေါက်လေးက အခြေအနေ အရမ်းစိုးရိမ်နေရတာမို့လို့ ဒါကမှ သူ့ကို ကယ်နိုင်မှာ။"
ဒေါက်တာရှန်းက မျက်နှာပျက်စွာဖြင့် ခေါင်းခါပြကာ ဌာနမှူးဘက် လှည့်ပြောလိုက်သည်။ "လောင်ဝမ်... တစ်ခုခု ပြောပါဦး! ကျွန်တော်တို့ ဆေးကုဌာနမှာက ဆေးဝါး သိပ်အများကြီး ရှိတာ မဟုတ်ဘူး။ သူမက သိုးပေါက်လေး တစ်ကောင်တည်းအတွက်နဲ့ ဒီလောက် ဆေးတွေအများကြီး သုံးနေတာကို ဆရာ ဘယ်လိုမြင်လဲ။"
ဌာနမှူးဝမ်က ခေါင်းခါပြီး ပြောလိုက်သည်။ "ငါက ရဲဘော်ကျန်းကို သူမ အဆင်ပြေသလို ကုခိုင်းထားတာလေ။ ဆေးကုန်သွားတယ်ဆိုရင် အထက်ကို တင်ပြပြီး ထပ်တောင်းရမှာပေါ့။"
သူက ဒေါက်တာရှန်းကို စူးစိုက်၍ တစ်ချက် ကြည့်လိုက်သည်။ 'ဒီလူ မေ့နေသည်လား။ ဌာနတွင် ဆရာဝန်အရေအတွက် ပိုများလာလေလေ၊ ဆေးဝါးများကို ပိုပြီး တောင်းဆို၍ ရလေလေပင်။'
ထို့အပြင် ဒီသိုးပေါက်လေးကိုလည်း ကယ်တင်နိုင်ခဲ့မည်၊ သူမ၏ ရေးဖြေကလည်း ဘာ အမှားအယွင်းမှမရှိဘူးဆိုလျှင် ဒီအမျိုးသမီးငယ်လေးသည် အမှန်တကယ်ကို အရည်အချင်းရှိသူဖြစ်သည်။ သူမကို လက်မှတ်ထုတ်ပေးလိုက်လျှင်လည်း ဘာမှ နစ်နာသွားစရာ မရှိပေ။
ဒေါက်တာရှန်းကတော့ စိတ်ပျက်လက်ပျက်ဖြင့် ဘာမှ ဆက်မပြောနိုင်တော့ဘဲ အံကြိတ်ကာသာ ငြိမ်နေရတော့သည်။
ကျန်းမန်မန်က သူ့ကို မျက်ခုံးတစ်ချက် ပင့်ပြကာ ကျော်တက်သွားပြီး သိုးပေါက်လေးနား ချဉ်းကပ်လိုက်၏။
သူမသည် သိုးပေါက်လေးကို ဆေးထိုးပေးလိုက်ပြီးနောက် သိုးကိုပွေ့ထားသော အမျိုးသားကို ပြောလိုက်သည်။
"မြေပေါ်က်ို ခဏ ချလိုက်ပါဦး။"
ထိုအမျိုးသားက သိုးပေါက်လေးကို ညင်သာစွာ ချပေးလိုက်သည်။ ခဏအကြာတွင်မူ သိုးပေါက်လေးသည် သူ၏ ခြေထောက်များကို လှုပ်ရှားလာပြီး ခေါင်းကိုမော့ကာ သူ့ဘာသာသူ ထနိုင်သွားတော့သည်။
"အာ! သူ ထရပ်နိုင်ပြီ! တကယ်ကြီး မထရပ်နိုင်ပြီဗျ! ရောဂါပျောက်သွားတာလား။"
ကျန်းမန်မန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။ "ဟုတ်ကဲ့၊ အိမ်ပြန်ခေါ်သွားပြီး သေချာလေး စောင့်ကြည့်ပေးပါ။ မနက်ဖြန်ကျ နောက်ထပ်တစ်ကြိမ် ဆေးလာထိုးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ တချို့လူတွေရဲ့ မျက်နှာပေးကိုကြည့်ရတာ ဆေးပေးဖို့ ဝန်လေးနေပုံပဲ။ ဘာပဲဖြစ်ဖြစ် နောက်ထပ် ဆေးမထိုးရရင်တောင် သူအဆင်ပြေသွားမှာပါ။"
ထိုအမျိုးသားက သွားများပေါ်လာသည်အထိ ပြုံးရင်း ပြောလိုက်သည်။ "ရဲဘော်လို အမျိုးသမီးငယ်လေးက ဒီလောက်အထိ တော်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး! ဘယ်ရွာကလဲ မသိဘူး။"
ကျန်းမန်မန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ကျွန်မက ရွှီကျားကျွမ်း သစ်တောစခန်းမှာ အလုပ်ဆင်းနေတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ။ မျိုးရိုးကတော့ ကျန်း ပါ။"
ထိုအမျိုးသားက ခေါင်းညိတ်ရင်း ပြောလိုက်၏။ "ဪ... ပညာတတ်လူငယ်ကိုး။ မထူးဆန်းတော့ပါဘူး၊ မင်းတို့က ပညာတတ်တွေပဲလေ! ကျွန်တော်က ရှောင်းရှောက်ရွာကပါ၊ မျိုးရိုးက စုန့် ပါ။"
သူ ဘာကို ဆိုလိုမှန်း ကျန်းမန်မန် သေချာမသိသော်လည်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "ရှင့်ရဲ့ သိုးကလေးကို အခု ပြန်ခေါ်သွားလို့ ရပါပြီ။"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ကျန်း!"
ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ဝမ်မျိုးရိုး လူငယ်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
"ဦးလေးစုန့်... ဒီမှာ အရင် စာရင်းသွင်းသွားပါဦး။ ပြီးတော့ သိုးပေါက်လေးအတွက် ဆေးဖိုးက အလုပ်အရမှတ် ၆ မှတ် ကျသင့်ပါမယ်။"
"၆ မှတ်လား။ ရတာပေါ့!"
ကျန်းမန်မန် မျက်တောင်လေး ခပ်လိုက်မိသည်။ သေချာပေါက် ဆေးများကိုတော့ အလကား လျှောက်ဝေပေးနေလို့ မရပေ။ အလုပ်ရမှတ် သို့မဟုတ် ငွေကြေးတစ်ခုခုဖြင့် ပြန်ပေးရမည်မှာ သဘာဝပင်။
အလုပ်ရမှတ် ၆ မှတ်ဆိုသည်မှာ တစ်နေ့တာ လုပ်အားခနှင့် ညီမျှရုံသာ ရှိသဖြင့် သိုးပေါက်လေးတစ်ကောင်၏ အသက်ကို ကယ်တင်နိုင်မှုနှင့် ယှဉ်လျှင်တော့ တကယ်ကို တန်လွန်းပေသည်။