← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၄၉

ကျန်းမန်မန်က ဆေးထိုးအပ်ကို စားပွဲပေါ်တင်လိုက်ပြီး ဒေါက်တာဝမ်ကို ကြည့်ကာ မေးလိုက်သည်။

"ဆရာကြီး။ ကျွန်မ သိချင်တာက... လက်တွေ့စမ်းသပ်မှုမှာ ကျွန်မ အောင်မြင်ရဲ့လား။"

ဒေါက်တာဝမ်က ခေါင်းညိတ်ပြလိုက်သည်။ "မင်းရဲ့ စာမေးပွဲအဖြေလွှာရော၊ လက်တွေ့စမ်းသပ်မှုရော နှစ်ခုလုံးက တော်တော်လေး ကောင်းပါတယ်။ မင်းက မင်းရဲ့ ဗဟုသုတတွေကို တကယ်ပဲ ကျွမ်းကျွမ်းကျင်ကျင် ဆုပ်ကိုင်ထားနိုင်ပုံရတယ်။ ကဲ... ဒါက မင်းအတွက်။ ဒီနေ့ကစပြီး မင်းက ငါတို့ တိရစ္ဆာန်ဆေးကုဌာနရဲ့ တရားဝင် တိရစ္ဆာန်ဆေးကုဆရာဝန်သစ် ဖြစ်သွားပြီ။ ဒါကတော့ မင်းရဲ့ ဆေးကုသခွင့်လက်မှတ်ပဲ။"

ထိုသို့ပြောပြီး ခြေဗလာဆရာဝန်လက်မှတ်တစ်ခုကို ကျန်းမန်မန်၏ ရှေ့သို့ တိုးပေးလိုက်သည်။

[T/N ခြေဗလာဆရာဝန်ဆိုတာက ၁၉၇၀-၈၀ ကာလတွေတုန်းက ကျေးလက်ဒေသဘက်တွေမှာ အခြေခံဆေးကုသနည်းသိတဲ့သူတွေကို ခေါ်တာပါ။]

သူမအနေဖြင့် ဤမျှလွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တိရစ္ဆာန်ဆေးကုလက်မှတ်ကို ကြည့်ရင်း သူမ ကြောင်အမ်းအမ်းပင် ဖြစ်သွားခဲ့ရသည်—ဒီလောက်တောင် မြန်တာလား။

သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းသွား၏။ သူမလည်း ထိုဆရာဝန်ကြီးကို ကြည့်ပြီး မေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဆရာကြီး။ ဒါနဲ့ ဆေးသေတ္တာရယ်၊ ဆေးဝါးတွေနဲ့ ကိရိယာတန်ဆာပလာ အချို့အတွက်ကရော... အလုပ်ရမှတ်နဲ့ လဲရမှာလား၊ ဒါမှမဟုတ် ငွေသားနဲ့ပဲ ပေးရမှာလား။"

ဒေါက်တာဝမ်က တဟားဟား ရယ်မောလျက် ခေါင်းညိတ်ပြလိုက်သည်။ "အလုပ်ရမှတ်ရော၊ ငွေသားရော နှစ်မျိုးလုံး လိုလိမ့်မယ်။ ဆေးသေတ္တာကတော့ အလုပ်ရမှတ် ၃ မှတ်ပေါ့။ ဆေးဝါးတွေအတွက်ကတော့ အလုပ်ရမှတ်နဲ့ ငွေသား ရောပြီး ပေးရမယ်။ ဟိုဘက်က ရှောင်ဝမ်ဆီသွားပြီး လဲလှယ်လို့ ရပါတယ်။"

ထိုစဉ်မှာပင် ဒေါက်တာရှန်းက မျက်နှာအမူအရာ ပျက်စွာဖြင့် ရှေ့သို့ တက်လာပြန်သည်။ "ဌာနမှူး... ကျွန်တော်တို့ ဌာနမှာ ဆေးဝါးတွေက သိပ်မကျန်တော့ဘူးလေ..."

ဒေါက်တာဝမ်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်ပြီး ဆိုလိုက်၏။ "ဒေါက်တာရှန်း... ဒီနေ့ မင်း ဘာတွေ ဖြစ်နေတာလဲ။ ဌာနမှာ ဆရာဝန်အသစ် တစ်ယောက် တိုးလာရင် အထက်ကို ဆေးဝါးတွေ ထပ်ပြီးတောင်းလို့ ရတယ်ဆိုတာ မင်း မသိတာလည်း မဟုတ်ဘူး။ မင်းနဲ့ ရဲဘော်ကျန်းကြားမှာ ဘယ်လို ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေပဲ ရှိရှိ၊ ဒါကို အလုပ်ထဲအထိ ဆွဲမသွင်းလာပါနဲ့။"

ကျန်းမန်မန်ကတော့ ဆေးသေတ္တာနှင့် လိုအပ်သော ပစ္စည်းများကို လက်ခံရယူနေဆဲပင်။

ထိုအမျိုးသား နှစ်ဦးက အသံတိုးတိုးဖြင့် ပြောနေကြသော်လည်း သူမကတော့ သူတို့ပြောသမျှကို အတိုင်းသား ကြားနေရ၏။

ဤသို့ဆိုလျှင် ဒေါက်တာရှန်းက သူမအပေါ် တကယ်ပဲ အမြင်မကြည်နေခြင်းပင်။

သို့သော် သူမက သူ့အပေါ် ဘယ်တုန်းကများ အမှားလုပ်ခဲ့ဖူးသည်လဲ။

ခွေးရူးတစ်ကောင်လိုပဲ!

ကျန်းမန်မန်ကတော့ သူမနှင့် ဒေါက်တာရှန်းတို့ ဘယ်အချိန်က ပတ်သက်ခဲ့ဖူးလဲဆိုသည်ကို လုံးဝ စဉ်းစားမရခဲ့ပေ။

သူမလည်း ထိုအကြောင်းကို အကြာကြီး တွေးမနေတော့ဘဲ လိုအပ်သည့် ပစ္စည်းများကို လဲလှယ်ပြီးနောက် တိရစ္ဆာန်ဆေးကုဌာနမှ ထွက်လာခဲ့လိုက်သည်။

အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် စက်ဘီးတစ်စီးဖြင့် စောင့်နေသော ကျိုးယဲ့ကို တွေ့လိုက်ရ၏။

ကျန်းမန်မန် ပြုံးလိုက်မိပြီး မေးလိုက်သည်။ "စက်ဘီးက ဘယ်ကရတာလဲ။"

သူမ၏ ကိုယ်ပိုင်နေရာလွတ်ထဲတွင် စက်ဘီးတစ်စီး ရှိသော်လည်း ထုတ်ပြီး မသုံးရသေးပေ။ တံခါးဝတွင် စက်ဘီးဖြင့် စောင့်နေသော ကျိုးယဲ့ကို မြင်သောအခါမှ သူမ တစ်ခုကို သတိရသွား၏။

သူမ၏ ဟောင်းနွမ်းနေသော စက်ဘီးကို တစ်နေရာရာမှ တစ်ပတ်ရစ်စျေးဖြင့် ဝယ်လာသည်ဟု အကြောင်းပြချက်ပေးပြီး ထုတ်သုံးရန် အခွင့်အရေး ရှာရဦးမည်။ ဒီလိုသာဆိုလျှင် ဘယ်သူမှ သံသယမဝင်လောက်ဘူး မဟုတ်လား။

ကျိုးယဲ့က မေးငေါ့ပြကာ သူမကို စက်ဘီးပေါ် တက်ရန် အချက်ပြလိုက်သည်။ "ရွာထဲက လူတစ်ယောက်ဆီက ခဏ ငှားလာတာ။ နောက်ပိုင်းကျရင် မင်း ကိုယ့်ကို စက်မှုလက်မှု ကူပွန်တစ်ခု ပေးလေ—ကိုယ်တို့ ကိုယ်ပိုင် စက်ဘီးတစ်စီး ဝယ်ကြတာပေါ့။"

ကျန်းမန်မန် သူ့ကို မျက်စောင်းထိုးကြည့်လိုက်၏။ ယခု သူမတို့သည် မြို့နယ်ထဲတွင်သာ ရှ်ိနေဆဲဖြစ်ပြီး လမ်းပေါ်တွင်လည်း လူအများကြီး ရှိနေသည်ကို သူမ ဘယ်လိုလုပ် စက်ဘီးပေါ် တက်ရဲနိုင်မည်လဲ။

သို့သော်လည်း သူပေးထားသည့် ကူပွန်အထပ်လိုက်ကို သတိရမိသွားသောအခါ စက်ဘီးတစ်စီးတင် မကဘဲ အများကြီးတောင် ဝယ်နိုင်သည်ဟု သူမ တွေးလိုက်မိသည်။

ထိုအထဲတွင် သူပေးထားသည့် စက်ဘီးအစီးပေါင်းများစွာ ဝယ်နိုင်သည့် ငွေသား ၈၀၀ ကိုပင် ထည့်မတွက်ထားပေ။

"မြို့ပြင်ရောက်မှပဲ တက်တော့မယ်။"

ကျိုးယဲ့က သူမကျောပေါ်မှ ဆေးသေတ္တာကို ကြည့်ရင်း ရယ်မောလိုက်သည်။

"မင်း တကယ်ပဲ တိရစ္ဆာန်ဆေးကုစာမေးပွဲ အောင်ခဲ့တာလား။ ကိုယ့်ကို မင်းရဲ့ဆေးကုလက်မှတ်လေး ပြပါဦး!"

ကျန်းမန်မန်က လက်မှတ်ကို သူ့ထံ ကမ်းပေးလိုက်၏။

ကျိုးယဲ့သည် လက်မှတ်ပေါ်တွင် ရေးထားသော "ကျန်းမန်မန်" ဆိုသည့် နာမည်ကို တစ်ချက်ကြည့်ပြီးနောက် ပြန်ပေးလိုက်သည်။ ထိုအခါမှ ကျန်းမန်မန်သည် တိရစ္ဆာန်ဆေးကုဌာနတွင် ဖြစ်ပျက်ခဲ့သည်များကို သတိရသွားကာ မေးလိုက်လေသည်။

"ရှင် 'ရှန်း' မျိုးရိုးနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ကို သိလား။ ဒီနေ့ ကျွန်မ စာမေးပွဲဖြေတုန်းက သက်လတ်ပိုင်းအရွယ် ဒေါက်တာရှန်းဆိုတဲ့တစ်ယောက်က ကျွန်မကိုပဲ တောက်လျှောက် ပစ်မှတ်ထားနေတာ။ ထူးဆန်းတယ်... ကျွန်မ သူ့ကို ဘာမှလည်း မလုပ်မိဘဲနဲ့လေ။"

ကျိုးယဲ့က ထူးဆန်းသော မျက်နှာပေးဖြင့် သူမကို လှည့်ကြည့်လိုက်ပြီး ပြန်မေးလိုက်၏။ "သူက သက်လတ်ပိုင်းဆိုတာ သေချာလား။ လူငယ်တစ်ယောက် မဟုတ်ဘူးလား။"

ကျန်းမန်မန် - "..."

သူမ၏ မျက်လုံးများက ထိုလောက်အထိတော့ မမှုန်သေးပေ။

သူမ၏ မျက်နှာအမူအရာကြောင့်ကျိုးယဲ့က သူမ ဘာတွေးနေသည်ကို ချက်ချင်း ရိပ်မိသွားကာ အကျယ်ကြီး ရယ်မောလိုက်ပြီးနောက် ပြောလိုက်၏။

"ကိုယ်သိသလောက်တော့ အဲဒီဌာနမှာ ဆရာဝန် သုံးယောက်ပဲ ရှိတာ။ ဒေါက်တာဝမ်ကတော့ ဌာနမှူးပေါ့။ သူကတော့ သူ့ရဲ့အရည်အချင်းကြောင့် နာမည်ကြီးပဲ။ တိရစ္ဆာန်တွေ နေမကောင်းဖြစ်ရင် နယ်အနှံ့ကလူတွေက သူ့ဆီပဲ လာချင်ကြတာ။ မင်းကိုလည်း သူ့အကြောင်း ကိုယ်အရင်က ပြောဖူးပါတယ်။ ပြီးတော့ ဆရာဝန်ငယ်လေး ရှောင်ဝမ်ဆိုတာက သူ့ရဲ့မြေးလေ၊ အလုပ်သင်လုပ်နေတဲ့သူ။ နောက်ဆုံးတစ်ယောက်ကတော့ 'ရှန်း' မျိုးရိုးရှိတဲ့ လူငယ်ဆရာဝန်တစ်ယောက်ပဲ။ မင်းပြောတဲ့ သက်လတ်ပိုင်းဆိုတာ သူပဲ ဖြစ်ရမယ်။ ကိုယ်တို့ ဝက်မကြီး နေမကောင်းဖြစ်တုန်းက မင်း မှတ်မိလား။ အဲဒီတုန်းက သူကပဲ ဒီဝက်က ကုလို့မရတော့ဘူးလို့ ပြောခဲ့တာလေ။ ဒါပေမဲ့ မင်းက အောင်အောင်မြင်မြင် ကုသပေးနိုင်ခဲ့တယ် မဟုတ်လား။ အဲဒါကြောင့် သူက မင်းအပေါ် ရန်ငြိုးထားနေတာ ဖြစ်လိမ့်မယ်။ သူ့ကို ဂရုစိုက်မနေပါနဲ့။ အဲဒီလို လူမျိုးကတော့ ဘဝမှာ ဘယ်နေရာမှ ရောက်မှာ မဟုတ်ဘူး။ သူ့အကျင့်ကိုက အဲဒီလိုပဲ။"

ထိုစကားကို ကြားတော့မှ ကျန်းမန်မန်သည် သူမ၏ ထောက်ခံစာတွင် သူမ၏ အခြေအနေများကို ရေးသားထားသည်ကို သတိရသွားသည်။

ဒေါက်တာရှန်းက ထိုစာကို ဖတ်ပြီးသည်နှင့် သူမ မည်သူဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားပုံရ၏။

သို့သော် ကျိုးယဲ့ပြောသည်ကလည်း မှန်သည်—သူမအနေဖြင့် ထိုသူနှင့် နောက်ထပ် ဆက်ဆံနေစရာ မလိုတော့ပေ။

"ကဲ... ဘဲဥနဲ့ ငန်းဥတွေ သွားဝယ်ကြရအောင်!"

"ဟင်။ အဖွဲ့ခေါင်းဆောင်က အစီရင်ခံစာ အခုမှ တင်လိုက်တာလေ။ အတည်ပြုချက်က ကျလာပြီလား။"

အတည်ပြုချက်ကျချိန်က အတော်လေး မြန်လွန်းလှသည်။ နောက်ထပ် ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် အလုပ်ဖွင့်ရက် ၇ ရက်အတွင်း အတည်ပြုချက် ကျလာရန်က မလွယ်ကူခဲ့ပေ။

"ဒါပေါ့! ဒါက လူတိုင်းအတွက် အကျိုးရှိတဲ့အလုပ်ဆိုတော့ အဖွဲ့အစည်းဘက်ကလည်း ချက်ချင်း အတည်ပြုပေးလိုက်တာပေါ့။ တစ်ခုရှိတာက အဖွဲ့အစည်းဘက်က ဘဲဥတွေ၊ ငန်းဥတွေကိုတော့ မထောက်ပံ့ပေးနိုင်ဘူး။ ကိုယ်တို့ဘာသာ ရှာရမယ်၊ ပြီးမှ စရိတ်ပြန်တင်ရမှာ။ အခုအချိန်မှာက ဘဲတွေ၊ ငန်းတွေ အများကြီး မွေးတဲ့သူက သိပ်မရှိဘူးလေ။"

ကျန်းမန်မန်အတွက်တော့ ထိုအချက်က ယုတ္တိရှိသည်။

"ဟုတ်တယ်နော်... ဒါပေမဲ့ ဥတွေ ဒီလောက်အများကြီးကို ဘယ်မှာ သွားရှာကြမလဲ။"

ကျိုးယဲ့သည် သူမ၏ နားမလည်နိုင်ဖြစ်နေသော ပုံစံလေးကို ချစ်စရာကောင်းသည်ဟု ထင်မိကာ မပြုံးဘဲ မနေနိုင်တော့ပေ။

"ဒီကိစ္စကိုတော့ ကိုယ့်လက်ထဲပဲ အပ်ထားလိုက်ပါ။ မင်း ဘာမှ စိတ်မပူပါနဲ့။"

"လူထုရဲ့ အင်အားဆိုတာ တကယ်ကို အံ့သြစရာကောင်းတယ်။ ကိုယ်တို့သာ အနီးအနားက ရွာတွေကို သတင်းလွှင့်လိုက်ရင် ရှိတဲ့သူတွေက ကိုယ်တို့ဆီ အရောက်လာပို့ကြလိမ့်မယ်။ ဒါက အလုပ်ရမှတ် ဒါမှမဟုတ် ငွေသားနဲ့ တရားဝင် လဲလှယ်တာဆိုတော့ ဘယ်သူကများ မလုပ်ချင်ဘဲ နေပါ့မလဲ။"

ထိုသို့ပြောရင်း သူတို့နှစ်ယောက် မြို့နယ်ထဲမှ ထွက်လာခဲ့ကြသည်။

ကျိုးယဲ့က သူအနောက်က ထိုင်ခုံလေးကို ပုတ်ပြရင်း ပြောလိုက်၏။

"ကဲ... အခုတော့ တက်လို့ရပြီမလား။"

ကျန်းမန်မန်လည်း မပြုံးဘဲ မနေနိုင်တော့သည့်အတွက် ပါးချိုင့်လေးများ ပေါ်လာသည်အထိ ပြုံးလိုက်မိသည်။

သူမက သူ့ကို အပြုံးအပြည့်နှင့် ကြည့်လိုက်ပြီး စက်ဘီးပေါ် တက်ထိုင်လိုက်သည်။

ကျိုးယဲ့လည်း သူ၏ ခြေတံရှည်ကြီးများနှင့် မြေပြင်ကို တစ်ချက်ကန်ပြီး စက်ဘီးကို နင်းထွက်လိုက်တော့၏။

"သွားကြစို့။ ပြုတ်မကျအောင် သေချာကိုင်ထားဦး၊ ဒီကလမ်းတွေက သိပ်မကောင်းဘူး။"

ထိုစကားကြောင့် ကျန်းမန်မန် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမ လက်ကို ဘယ်နေရာတွင်ထားရမှန်း မသိဖြစ်နေသော်လည်း နောက်ဆုံးတွင်တော့ သူ့ခါးကိုသာ ဖက်လိုက်တော့၏။

'ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး—သူက ငါ့ကို လာပြီး အီစီကလီလုပ်ချင်နေတာလေ။ ဒါဆိုရင် ငါကလည်း ပညာပြရတာပေါ့! ဟင်း!'

သူမ၏ လက်များဖြင့် သူ၏ခါးကို အနောက်မှ သိုင်းဖက်လိုက်သည်။

ကျိုးယဲ့လည်း သူ၏ခါးကို ဖက်ထားသည့် လက်လေးများကို ငုံ့ကြည့်ပြီး ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေမိ၏။

သူက စက်ဘီးကို အမြန်နင်းလိုက်၊ ပြီးနောက် ရုတ်တရက် အရှိန်လျှော့လိုက်လုပ်နေ၏။

ဒါက တမင်သက်သက် လုပ်နေတာလား။

ကျန်းမန်မန်လည်း သူ၏ကျောပြင်နှင့် သွားပြီး တိုက်မိတော့သည်။

"အား! ရှင် ဘာလုပ်နေတာလဲ။"

ကျိုးယဲ့က ပြန်ဖြေလိိုက်သည်။ "အခုမှ သတိရလို့... ကိုယ်တို့ ဂျုံမှုန့်ဝယ်ဖို့ မေ့သွားတယ်လေ။ ပြန်လှည့်မှ ဖြစ်မယ်။"

ကျန်းမန်မန် - "..."

သူမ သူမ၏ နှာခေါင်းလေးကို ပြန်စမ်းကြည့်မိသည်—အောင့်သွားသော်လည်း တော်သေးသည်၊ သွေးတော့ မထွက်ပေ။

သူမလည်း စိတ်တိုချင်ယောင်ဆောင်ကာ သူ့ခါးကို ဆွဲလိမ်လိုက်၏။

သိပ်တော့ မနာလောက်ပါဘူး—သူ့ခါးက ကြွက်သားတွေက တော်တော်လေး တောင့်တင်းတယ် မဟုတ်လား။

သူမလည်း ထိုအတိုင်း ဟိုနားဆွဲလိုက်၊ ဒီနားဆိတ်လိုက် ဆက်လုပ်နေမိသည်။

သူမက ခါးကို ကလိထိုးသလို လုပ်လိုက်တိုင်း ကျိုးယဲ့၏ အကြည့်များက ပို၍ လေးနက်လာကာ နောက်ဆုံးတွင်တော့ ဆိုလိုက်သည်။

"မင်းကတော့ ငါ့အသက်ကို နှုတ်ယူဖို့ တကယ် ကြိုးစားနေတာပဲ။"

ကျန်းမန်မန်က မျက်စောင်းထိုးလိုက်၏။ 'ဘာလဲ... နည်းနည်းလေး စနောက်လိုက်တာကို အသက်ပါ ယူတော့မလို ဖြစ်နေတာလား'

"ရှင့်အသက်ကို ကျွန်မ မယူပါဘူး။ ပြီးတော့ ရှင့်အသက်က ကျွန်မအပိုင် ဖြစ်နေပြီ မဟုတ်လား။"

ကျိုးယဲ့က ပြန်ပြောလိုက်သည်။ "ဒါဆိုရင်လည်း ယူလိုက်ပါ။ အနှေးနဲ့အမြန် ဒါတွေအကုန်လုံးက မင်းအပိုင်တွေပဲ ဖြစ်လာတော့မှာ။"

All Chapters