အခန်း ၅၀
Vol. 5 Ch. 50
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၅၀
ကျန်းမန်မန် မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ဂျုံနှင့် ပြောင်းဖူးမှုန့်ဝယ်ရန် မြို့ထဲသို့ ပြန်လှည့်လာခဲ့ကြသည်။
ဘယ်လိုဖြစ်ဖြစ် သူတို့သည်လည်း ပေါက်စီများ မကြာခဏ လုပ်စားလေ့ရှိသဖြင့် ဂျုံက အမြန်ကုန်တတ်သည်။ ဒီတစ်ခေါက်တော့ သူမ နည်းဗျူဟာပြောင်းလိုက်၏။ ဂျုံနှင့် ပြောင်းဖူးမှုန့်ကို ရောပြီး ပိုပြီး အာဟာရဖြစ်စေမည့် ပေါက်စီလေးများ လုပ်ရန်ဖြစ်သည်။
သမဝါယမ အရောင်းဆိုင်မှ အမျိုးသမီးကြီးက သူတို့နှစ်ယောက်ကို ကြည့်ပြီး ကျိုးယဲ့နှင့် ကျန်းမန်မန်ကြားမှ အခြေအနေကို အကဲခတ်လိုက်၏။
"အို... ဒါရိုက်တာကျိုး၊ ဂျုံတွေ ထပ်ဝယ်ပြန်ပြီလား။ ဒီရဲဘော်အတွက်ပဲလား။ ဟားဟား... ငါကလည်း တကယ်ပါပဲ။ သူမနာမည်က ဘယ်သူတဲ့လဲ။"
"သူ့မျိုးရိုးက ကျန်းပါ! အဒေါ်ကလည်း အတင်းမပြောပါနဲ့တော့။ ကျွန်တော့်ဘာသာ ကျွန်တော် ဝယ်တာပါ။"
ကျိုးယဲ့ ပြောလိုက်သည်ကို ကြားသောအခါ ဂျုံရောင်းသည့် အမျိုးသမီးက "ဪ..." ဟု အသံ အရှည်ကြီး ဆွဲလိုက်သည်။ ထို့နောက် ကျိုးယဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်၏။
"ကြားတာတော့ မင်းတို့ ဝက်ခြံမှာ ဝက်တွေ အများကြီး တိုးလာတယ်ဆို။ ဒီရက်ပိုင်း တော်တော် အလုပ်များနေမှာပေါ့ ဟုတ်လား။"
ကျိုးယဲ့က တဟားဟား ရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်။"အဒေါ်ရယ်... ဘယ်လောက်ပဲ အလုပ်များများ လူဆိုတာကတော့ စားရသောက်ရဦးမှာပဲလေ!"
ထိုအမျိုးသမီးက ကျန်းမန်မန်နှင့် ကျိုးယဲ့ကို တစ်ချက်စီ လှမ်းကြည့်လိုက်ပြန်သည်။ "မင်း တကယ်ပဲ လက်တွဲဖော် မရှိသေးတာလား။ ငါ တစ်ယောက်လောက် မိတ်ဆက်ပေးရမလား။ ငါ့တူမလေးက တကယ့် အလှလေးနော်၊ အဲ့ဒီကလေးမလေးကလေ—"
သူမ စကားတွေ ဆက်ပြောတော့မည်ကို မြင်သဖြင့် ကျိုးယဲ့က အမြန်ပင် ဖြတ်ပြောလိုက်ရသည်။ "အဒေါ်... ကျွန်တော့်မှာ လက်တွဲဖော်မရှိဘူးလို့ ဘယ်သူပြောလဲ။ ဒီမှာလေ... ကျွန်တော့်ချစ်သူ။ သူမရှေ့တင် အခြားလူနဲ့ မိတ်မဆက်ပေးပါနဲ့။ နောက်ကျရင် ကျွန်တော် ပြန်ရှင်းပြနေရဦးမယ်။"
ထိုအမျိုးသမီးက တဟားဟား အော်ရယ်လိုက်ပြီး သူ့ကို မျက်စောင်းထိုးပြကာ ဆိုလိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် မင်းတို့လာကတည်းက တွဲနေကြမှန်း ငါသိသားပဲ၊ အဲ့တုန်းကတော့ မဟုတ်ပါဘူးဆိုပြီး။ တွေ့လား။ အခုတော့ ဝန်ခံလိုက်ရပြီလေ။ ဘယ်တော့ လက်ထပ်ကြမှာလဲ။ မင်္ဂလာပွဲကျရင် ငါ့ကို ဖိတ်ဖို့ မမေ့နဲ့ဦးနော်!"
ကျိုးယဲ့ကတော့ ဒီအဒေါ်ကြီး တကယ်ကို ပွင့်လင်းလွန်းသည်ဟု တွေးမိသွားသည်။ "ဒါပေါ့။ ကျွန်တော်တို့ လက်ထပ်တဲ့အခါ အဒေါ့်ကို အရင်ဆုံး ဖိတ်ပါ့မယ်။"
"ဟားဟား... ကောင်းပြီလေ! ငါတော့ မင်္ဂလာပွဲကို မျှော်နေတော့မယ်။"
ထို့နောက် သူမက ကျန်းမန်မန်ဘက် လှည့်ကာ ပြောလိုက်ပြန်သည်။"ကျိုးယဲ့က လူငယ်ကောင်းလေးပါ။ သူ့ကို ကောင်းကောင်း ဆက်ဆံပြီး သေသေချာချာ စောင့်ကြည့်ထားနော်။ ဒါပေမဲ့ သိပ်တော့ အကြာကြီး မစောင့်ခိုင်းနဲ့ဦး၊ အဒေါ်က မင်္ဂလာဆောင်က သကြားလုံးတွေကို စားချင်လှပြီ။"
ကျန်းမန်မန်က ထိုစကားကို ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ၊ အဒေါ်ပြောတဲ့အတိုင်း နားထောင်ပါ့မယ်။ သူ့ကို သေသေချာချာ စောင့်ကြည့်ထားလိုက်ပါ့မယ်။"
သူမ ပြောလိုက်သည်ကို ကြားသောအခါ အမျိုးသမီးကြီးလည်း ထပ်၍ အားရပါးရ ရယ်မောပြန်သည်။ "အို... အကြာကြီးတော့ စောင့်ရအောင်မလုပ်နဲ့နော်! အဒေါ်က သကြားလုံး အမြန်စားချင်နေပြီ!"
ကျန်းမန်မန်ကတော့ ဘာမှ ပြန်မပြောတော့ဘဲ ပြုံးနေလိုက်၏။
သမဝါယမဆိုင်မှ ထွက်လာပြီးနောက် ကျိုးယဲ့က ကျန်းမန်မန်ကို ပြောပြလိုက်သည်။
"အဒေါ်လျိုက တစ်ခါက သူ့ကို ကိုယ် ကူညီပေးခဲ့ဖူးလို့ ကိုယ့်အပေါ် တော်တော်လေး နွေးနွေးထွေးထွေး ရှိတယ်။"
ကျန်းမန်မန်ကလည်း သူမသည် တကယ်ကို ရိုးသားသည့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ခံစားမိခဲ့သည်။
"သူမက လူကောင်းတစ်ယောက်ပဲနော်။"
ကျိုးယဲ့က စက်ဘီးကို တွန်းလာပြီး ဂျုံထုပ်ကိုတော့ စက်ဘီးအရှေ့တန်းတွင် ချည်ထားသည်။ ကျန်းမန်မန်က သူ့ဘေးမှ လိုက်ရင်း စကားပြောလျက် ထွက်လာခဲ့ကြသည်။
ထိုစဉ် သူတို့အရှေ့တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ထန်ရှောင်မင်ကို ကျောပိုးလာသည်ကို တွေ့လိုက်ရ၏။
ကျန်းမန်မန် စူးစမ်းစွာ သေချာကြည့်လိုက်တော့မှ—ထိုသူမှာ တကယ်ပင် ထန်ရှောင်မင် ဖြစ်နေလေသည်။
"မင်မင်... နင် ဘယ်သွားမလို့လဲ။"
ကျန်းမန်မန် လှမ်းခေါ်လိုက်သော်လည်း ထိုသူ၏ကျောပေါ်တွင် သတိမေ့မြောနေသော ထန်ရှောင်မင်ကတော့ ပြန်မထူးနိုင်ရှာပေ။
တစ်ခုခုတော့ မဟုတ်တော့မှန်း သိသာနေသဖြင့် ကျန်းမန်မန်လည်း ရှေ့သို့ အမြန်ပြေးသွားကာ ထိုအမျိုးသားကို ပိတ်ရပ်လိုက်သည်။
လမ်းပိတ်ခံလိုက်ရသော သက်လတ်ပိုင်းအရွယ် အမျိုးသားက အော်ဟစ်ငေါက်ငမ်းတော့၏။
"ဖယ်စမ်း! လမ်းမပိတ်နဲ့—ငါ့ညီမကို ကယ်ဖို့ ကြိုးစားနေတာ!"
ထိုစကားကို ကြားသောအခါ ကျန်းမန်မန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ကျွန်မက ဆရာဝန်ပါ။ သူမကို အောက်ချပေးပါ။ သူမက ကျွန်မနဲ့ တစ်အိမ်တည်း နေတာ—ကျွန်မတို့နှစ်ယောက်လုံးက ပညာတတ်လူငယ်စခန်း တစ်ခုတည်းကပဲ။ ရှင်က သူနဲ့ဘာတော်လို့လဲ။ ရှင့်ကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး။"
ထိုသူ၏ အမူအရာမှာ ပျာပျာသလဲ ဖြစ်သွားပြီး အမြန်ပြောလိုက်သည်။ "သူမက ငါ့ညီမပါဆိုနေ! သူမ နယ်ဘက်ဆင်းသွားတယ်ဆိုတာ ကြားလို့ လာကြည့်တာ။ ဪ... မင်းတို့က တစ်နေရာတည်းကလား။ ဒါဆိုရင်လည်း ငါနဲ့အတူ ကျန်းမာရေးဌာနကို လိုက်ခဲ့လေ။ သူမက လမ်းမှာတင် မေ့လဲသွားတာ—အလုပ်ပင်ပန်းလွန်းလို့ ထင်ပါတယ်။"
ကျန်းမန်မန်လည်း သူပြောသမျှစကားများက အဆီအငေါ်မတည့်နေသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။
ထန်ရှောင်မင်၏ အစ်ကိုလား။
သူမတွင် အစ်ကိုတစ်ယောက် ရှိသည်မှာ မှန်သော်လည်း ဖအေတူ၊မအေကွဲ အစ်ကိုသာ ဖြစ်သည်။ ထန်ရှောင်မင်၏ ပြောစကားအရ ဆိုလျှင် သူတို့တွင် ရင်းနှီးသည့် ဆက်ဆံရေးမျိုးပင် မရှိပေ။ ဒီလူကတော့ ဘယ်လိုမှ သူမ၏အစ်ကို မဖြစ်နိုင်။
"တကယ်ပဲလား။ ရှင်က သူမ အစ်ကိုပေါ့။ ထူးဆန်းလိုက်တာ... သူမ ရှင့်အကြောင်း ပြောတာ တစ်ခါမှ မကြားဖူးပါဘူး။"
ထိုသူ၏ မျက်လုံးများမှာ နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်သည်။ "ငါတို့က နည်းနည်း အခန့်မသင့် ဖြစ်ထားကြလို့လေ! ပြီးတော့ သူမ နယ်ဘက်ဆင်းသွားတုန်းကလည်း ငါ အချိန်မီ လိုက်မပို့နိုင်ခဲ့ဘူး။ အဲဒါကြောင့် ဒီနေ့မှ လာကြည့်တာ။ ဒီလိုကြီး မေ့လဲသွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။"
"ဒါဆို ရှင့်မျိုးရိုးက ဘာလဲ။"
ကျန်းမန်မန် ထိုသို့ မေးလိုက်စဉ်မှာပင် ကျိုးယဲ့မှာ စက်ဘီးကို ရပ်ပြီး အနားသို့ ရောက်လာ၏။
ထို့နောက် သူမတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဒီလူက လူလိမ်ဆိုသည်ကို သူတို့နှစ်ယောက်လုံး ချက်ချင်း သိလိုက်ကြ၏။
ကျိုးယဲ့က တွန့်ဆုတ်မနေဘဲ အနားရှိ လူတစ်ယောက်အား ရဲသွားတိုင်ရန် လှမ်းပြောလိုက်ပြီး ကျန်းမန်မန်၏ ဘေးသို့ လျှောက်လာခဲ့သည်။
သူက တစ်ချက်တည်းနှင့်ပင် ထိုလူ၏ မျက်နှာတည့်တည့်ကို အရှိန်ဖြင့် ထိုးချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းမန်မန်က အောက်သို့ ပြုတ်ကျသွားသော ထန်ရှောင်မင်ကို လှမ်းဖမ်းလိုက်၏။
သူမသည် ထန်ရှောင်မင် သတိပြန်ဝင်လာစေရန် နှာခေါင်းနှင့် နှုတ်ခမ်းကြားရှိ အာရုံကြောကို ဖိပြီး နှိုးလိုက်တော့သည်။
"မင်မင်... သတိထားဦးလေ!"
ထန်ရှောင်မင်လည်း ဝေဝေဝါးဝါးဖြင့် သတိပြန်ဝင်လာ၏။ ကျန်းမန်မန်ကို မြင်သောအခါ သူမက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"မန်မန်။ ငါ ဘာဖြစ်သွားတာလဲ။"
ကျန်းမန်မန်က ကျိုးယဲ့၏ ထိုးချက်ကြောင့် မြေပြင်ပေါ် လဲကျနေသည့် လူကို ညွှန်ပြပြီး မေးလိုက်သည်။
"ဒီလူကို နင် သိလား။"
ထန်ရှောင်မင်က လှမ်းကြည့်ပြီး ခေါင်းခါလိုက်သည်။ "ဟင့်အင်း... မသိဘူး! ငါက တစ်ခုခုဝယ်စရာရှိလို့ ခွင့်ယူပြီး မြို့ထဲလာခဲ့တာ။ ဘယ်လိုလုပ်ပြီး မေ့လဲသွားရတာလဲ။ ဘာဖြစ်သွားလဲဆိုတာ ငါ လုံးဝကို မမှတ်မိတော့ဘူး။"
ကျန်းမန်မန်လည်း ပြောစရာ စကားပင် မရှိတော့ပေ။ "နင် မမေ့လဲခင်က ဘာတွေ ဖြစ်ခဲ့သေးလဲ။ဥပမာ-တစ်ယောက်ယောက်က နင့်ကို သောက်စရာ တစ်ခုခု ပေးတာမျိုး ဒါမှမဟုတ် အနံ့တစ်ခုခုပေးရှူတာမျိုး ရှိခဲ့လား။"
ထိုအခါမှ ထန်ရှောင်မင် တစ်ခုခုကို ပြန်သတိရသွားခဲ့သည်။ "အာ! မှတ်မိပြီ! လူတစ်ယောက်က ငါ့ကို မျက်နှာလိမ်းခရင်မ် ဝယ်မလားလို့ လာမေးတယ်။ ပြီးတော့ သူက သူ့ရဲ့ ခရင်မ်ဘူးကို ထုတ်ပြပြီး ဒါက အစစ်ဟုတ်၊ မဟုတ် အနံ့ခံကြည့်ပါဦးဆိုလို့ ငါလည်း နမ်းကြည့်လိုက်တာ။ ပြီးတော့ ခေါင်းတွေ မူးလာပြီး... အဲဒီနောက်ပိုင်းကိစ္စတွေကို ဘာမှ မသိတော့ဘူး။ အဲဒါကြောင့်များလား။"
ထန်ရှောင်မိန်လည်း ထိတ်လန့်တုန်လှုပ်သွား၏။ ဤကဲ့သို့သောကိစ္စမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဒါက တကယ်ကို မယုံနိုင်စရာပင်။
"နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဒီလိုလူမျိုးတွေက ရှိနေသေးတာလား။ ငါကလည်း သူနဲ့မှ သွားတိုးရတယ်လို့! တော်သေးတာပေါ့ နင်တို့နဲ့တွေ့လို့၊ မဟုတ်ရင် ငါ့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး!"
သူမသည် ကျန်းမန်မန်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ ငိုကြွေးတော့သည်။
ကျန်းမန်မန်ကလည်း သူမ၏ကျောကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်၏။
ဤခေတ်ကာလမျိုးတွင်ပင် ဤကဲ့သို့သော ရာဇဝတ်မှုမျိုး ရှိနေသေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
လူတိုင်းက ထုတ်လုပ်မှုများအပေါ်မှာသာ အာရုံစိုက်နေကြချိန်တွင် ဤကဲ့သို့ ရဲတင်းလွန်းသည့် လူကုန်ကူးသည့် အလုပ်မျိုးကို လုပ်ဝံ့သူများလည်း ရှိနေသေးသည်။
ထန်ရှောင်မင် ပြောခဲ့သည်များကို ပြန်စဉ်းစားရင်း ကျန်းမန်မန်သည် ထိုလူအနားသို့ လျှောက်သွားကာ ဒေါသတကြီး ကန်ကျောက်ပစ်လိုက်တော့သည်။
ထိုသို့လုပ်နေရင်းနှင့် ထိုလူ၏ ကိုယ်ပေါ်တွင် ရှာဖွေကြည့်ရာ—သံသယဖြစ်ဖွယ် အထုပ်ငယ်တစ်ခုနှင့် "မျက်နှာလိမ်းခရင်မ်" ဟု ဆိုသော ဘူးငယ်တစ်ခုကို အမှန်တကယ်ပင် ရှာတွေ့ခဲ့ရသည်။
မကြာမီမှာပင် ရဲအရာရှိအချို့ ရောက်ရှိလာကြ၏။ ထိုအချိန်တွင် ကျိုးယဲ့၏ လက်ချက်ကြောင့် ထိုလူသည်လည်း မြေပြင်ပေါ်မှပင် မထနိုင်တော့လောက်အောင် အထိနာနေပြီဖြစ်သည်။
"ရဲဘော်တို့... ဒီမှာ ဘာတွေဖြစ်နေတာလဲ။"
ကျိုးယဲ့က ထိုလူကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ဒီလူက လူကုန်ကူးတဲ့သူပါ။ ကျွန်တော်တို့ရွာက ပညာတတ်လူငယ် အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာ။ ကျွန်တော်တို့က သူဟန်ဆောင်နေတာကို ရိပ်မိသွားလို့ပါ။ သူက ကျွန်တော့်ကိုတောင် ပြန်ပြီး ရန်မူဖို့ ကြိုးစားနေသေးတယ်—တကယ်ကို အရှက်မရှိတဲ့လူပဲ။"
ထန်ရှောင်မင်လည်း အမြန်ဝင်ပြောလိုက်သည်။ "ရဲဘော်တို့... ကျွန်မ ဒီလူကို လုံးဝမသိပါဘူး။ သူက ကျွန်မကို မျက်နှာလိမ်းခရင်မ် လာရောင်းတယ်၊ ပြီးတော့ အစစ်ဟုတ်၊ မဟုတ် သိရအောင်ဆိုပြီး နှာခေါင်းအောက်မှာ လာနမ်းခိုင်းတယ်။ အဲဒါကို နမ်းလိုက်မိတာနဲ့ ကျွန်မ သတိမေ့သွားတာပဲ။ ကျွန်မရဲ့ ရွာကလူတွေသာ မတွေ့ခဲ့ဘူးဆိုရင် ကျွန်မကို ဘယ်နေရာအထိ ခေါ်သွားမလဲတောင် မသိတော့ပါဘူး!"
ကျန်းမန်မန်က သူမ ရှာတွေ့ထားသည့် ပစ္စည်းများကို ရဲများထံ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။ "ရဲဘော်တို့... ဒီပစ္စည်းတွေ ဘယ်ကရလာလဲဆိုတာကို သေသေချာချာ စုံစမ်းစစ်ဆေးဖို့အတွကိ ကျွန်မ အကြံပြုချင်ပါတယ်။"