← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၅၁

အမှုစစ်အရာရှိသည် ယခင်က လီဟုန်မေ့အမှုတွင် ပါဝင်ခဲ့ဖူးသူဖြစ်သဖြင့် ကျန်းမန်မန်တို့ကို မှတ်မိနေသည်။ သူက ကျန်းမန်မန် ကမ်းပေးသည်များကို လက်ခံယူရင်း ပြောလိုက်လေသည်။

"ဒီရက်ပိုင်းအတွင်း လူတစ်စုက တော်တော်လေး သောင်းကျန်းနေတယ်။ လွန်ခဲ့တဲ့တစ်ခေါက် လီဟုန်မေ့က မင်းကို ဒုက္ခပေးဖို့ ငှားခဲ့တဲ့လူတွေနဲ့ အုပ်စုတစ်ခုတည်းပဲ။ အဲဒီလူတွေကိုတော့ ငါတို့ သေသေချာချာ အရေးယူသွားမှာပါ။ မင်းတို့ ဒီနေ့လုပ်ခဲ့တာက အမျိုးသမီးရဲဘော်တစ်ယောက်ကို ကယ်တင်လိုက်ရုံတင်မကဘဲ ငါတို့အတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကဲ... ရဲစခန်းကို လိုက်ခဲ့ပြီး ထွက်ဆိုချက်ပေးကြပါဦး။ ဒါက ရဲစွမ်းသတ္တိရှိတဲ့ လုပ်ရပ်ဖြစ်လို့ မင်းတို့ကို တရားဝင် ဂုဏ်ပြုချီးမြှင့်မှာပါ။ ဂုဏ်ပြုမှတ်တမ်းလွှာကိုတော့ နောက်မှ မင်းတို့အဖွဲ့ဆီ ပို့ပေးလိုက်မယ်။"

ကျန်းမန်မန်နှင့် ကျိုးယဲ့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျိုးယဲ့က ပြန်ဖြေလိုက်သည်။

"ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ!"

ရဲစခန်းတွင် ထွက်ဆိုချက်ပေးပြီး ပြန်ထွက်လာကြချိန်တွင် နေ့လယ်ခင်းပင် ရောက်နေပြီဖြစ်သည်။

"အရင်ဆုံး အစိုးရစားသောက်ဆိုင်မှာ နေ့လယ်စာ သွားစားကြရအောင်၊ ပြီးမှ ဘဲဥတွေ သွားဝယ်ကြတာပေါ့"

ကျိုးယဲ့က စက်ဘီးတွန်းရင်း အမျိုးသမီးနှစ်ဦးကို မေးလိုက်သည်။

စားသောက်ပြီးနောက်တွင်တော့ ထန်ရှောင်မင်လည်း စိတ်အနည်းငယ် ပြန်တည်ငြိမ်လာပြီး ခေါင်းခါပြကာ ပြောလိုက်လေသည်။

"နင်တို့နှစ်ယောက်ပဲ သွားလိုက်ကြပါတော့။ ငါ ရွာကိုပဲ အရင်ပြန်ချင်နေပြီ။"

"တစ်ယောက်တည်း ပြန်မလို့လား။ အတူတူ ပြန်ကြတာက ပိုမကောင်းဘူးလား။"

ကျန်းမန်မန်က ကျိုးယဲ့ကို ကြည့်ကာ ပြောလိုက်သည်။

ကျိုးယဲ့လည်း အခြားရွေးချယ်စရာမရှိသဖြင့် သူအသစ်ဝယ်ထားသော စက်ဘီးကို ပေးလိုက်ရတော့သည်။

ထို့နောက် သူ တစ်ခုခုကို သတိရသွားပြီး အမြန် ရှင်းပြလိုက်၏။"ဒါနဲ့... စက်ဘီးအတွက် ကူပွန်နဲ့ ပိုက်ဆံကို မာဇီဆီက ခဏချေးထားတာနော်။"

ကျန်းမန်မန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။

သူ ပိုက်ဆံများ ဝှက်ထားနေလားဟု စနောက်ရန် ပြင်နေခဲ့သော်လည်း တကယ်တမ်းတွင်တော့ သူက အရေးပေါ် ချေးငှားလာခဲ့ခြင်း ဖြစ်နေသည်။

"သိပါပြီ။"

သူမသည် အိတ်ထဲမှ ပိုက်ဆံနှင့် ရိက္ခာကူပွန်အချို့ကို ထုတ်ပေးလိုက်ရင်း ပြောလိုက်၏။

"ရော့... ဒါက ပိုက်ဆံနဲ့ ကူပွန်တွေ။ မာဇီကို ပြန်ပေးလိုက်ဦး၊ ကျန်တာကိုတော့ ဘဲဥနဲ့ ငန်းဥ ဝယ်တဲ့နေရာမှာ သုံးလိုက်ပေါ့။"

"ကောင်းပြီလေ!"

ကျိုးယဲ့က ပြန်ဖြေပြီးနောက် ထပ်၍သတိပေးလိုက်ပြန်သည်။ "လမ်းမှာ သတိထားဦးနော်၊ စက်ဘီးကို ဖြည်းဖြည်းပဲ နင်းကြ။"

"ဟုတ်ပါပြီ!"

သူတို့နှစ်ဦး၏ ပြောဆိုဆက်ဆံပုံကို ဘေးမှကြည့်နေသော ထန်ရှောင်မင်တစ်ယောက် ရုတ်တရက်ဆိုသလို အားကျစိတ်လေး ဖြစ်ပေါ်လာမိသည်။

ကျန်းမန်မန်သည် စက်ဘီးကို နင်းကာ ထန်ရှောင်မင်ကို နောက်ကတင်၍ ရွာသို့ အရင်ပြန်ခဲ့ကြသည်။

"နောက်တစ်ခါကျရင် မြို့ထဲကို တစ်ယောက်တည်း မလာနဲ့တော့။ ငါ့ကို ပြောလေ၊ ငါတို့ အတူတူ လာကြတာပေါ့။"

ယခုဖြစ်ရပ်က ထန်ရှောင်မင်အတွက်တော့ တကယ့်ကို စိတ်ဒဏ်ရာ ဖြစ်သွားစေသည်မှာ အမှန်ပင်။ သူမသည် ကျန်းမန်မန်၏ ခါးကို ဖက်ထားရင်း ပြောလိုက်၏။

"တော်သေးတာပေါ့၊ ဒီတစ်ခါ နင်တို့နဲ့ တွေ့လို့။ မဟုတ်ရင် ငါ အခုအချိန်ဆို ဘယ်လို ဒုက္ခတွေ ရောက်နေမလဲတောင် မသိဘူး။ မန်မန်ရယ်... ငါက ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ။"

"ငါ ဘာလို့ ဒီလောက် ယုတ်မာတဲ့သူနဲ့မှ သွားတိုးရတာလဲမသိဘူး။"

သူမပြောသည်ကို ကြားသောအခါ ကျန်းမန်မန်က ခဏလောက် စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

"ဒါက နင် တစ်ယောက်တည်း ဖြစ်နေလို့ပဲနေမှာ။ အဲဒီလူလိမ်က နင့်ကို ကူညီမဲ့သူ ဘေးနားမှာ မရှိဘူးဆိုတာကို သိလို့ နင့်ကို ပစ်မှတ်ထားလိုက်တာ။ အဲဒါကြောင့် ငါ အတည်ပြောတာနော်—နောက်တစ်ခါ မြို့ပေါ်တက်ရင် တစ်ယောက်တည်း လုံးဝမလာနဲ့တော့။"

စက်ဘီးနောက်တွင် ထိုင်နေသည့် ထန်ရှောင်မင်က သူမကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားကာ ခေါင်းညိတ်ပြလိုက်သည်။

"ဟင်း... ဒါပေမဲ့လည်း မြို့ထဲမှာ တစ်ယောက်တည်း သွားလာနေတဲ့ မိန်းကလေးတွေ အများကြီး မြင်ခဲ့တာပဲကို! ငါ့ကံကပဲ ဒီရက်ပိုင်း တော်တော်ညံ့နေတာ ထင်ပါတယ်။ ထားလိုက်ပါတော့လေ—ငါ တကယ်ကြီး တစ်ယောက်တည်း မြို့မတက်ရဲတော့ဘူး။ နောက်တစ်ခါဆိုရင် နင့်ကို အဖော်ခေါ်ပြီးမှပဲ လာတော့မယ်။"

"ဒါမှပေါ့။ ငါတို့က တစ်အိမ်တည်းနေတဲ့ သူငယ်ချင်းကောင်းတွေပဲ မဟုတ်လား။"

ထန်ရှောင်မင် ပြုံးပြီး ပြောလိုက်၏။"ငါက ဒါရိုက်တာကျိုးနဲ့ နင်နဲ့ကြားမှာ ကြားညပ်နေမှာ စိုးလို့ပါ! ဒါပေမဲ့ တကယ်ပြောတာနော်၊ ဒါရိုက်တာကျိုးက တကယ့်လူကောင်းပဲ။ နင့်အမြင်က တော်တော်စူးရှတာပဲ။ သူ့ကို အမြန်လက်ထပ်ဖို့ရော မစဉ်းစားတော့ဘူးလား။ သတိလည်းထားဦး၊ တစ်ယောက်ယောက်က သူ့ကို လာလုသွားဦးမယ်—အရင်က လီဟုန်မေ့၊ နောက်တစ်ခါဆိုရင် ဘယ်သူဖြစ်ဦးမလဲ မသိဘူး!"

ကျန်းမန်မန်ကတော့ စောစောစီးစီး လက်ထပ်ရန် မစဉ်းစားသေးပေ။ သူမ အသက်က ဆယ့်ကိုးနှစ်သာ ရှိသေးသည် မဟုတ်လား။

"ငါ သူ့ကို အေးအေးဆေးဆေး စကားပြောဖို့ အခွင့်အရေး ရှာရဦးမယ်။ သူကလည်း ငါ့မိသားစုအခြေအနေကို မသိသေးသလို၊ ငါကလည်း သူ့အကြောင်း သေသေချာချာ မသိသေးဘူးလေ။ တစ်ခါတလေကျရင် လူမှုပတ်ဝန်းကျင်ချင်း တူညီမှုရှိဖို့ကလည်း အရေးကြီးတယ်။"

ထိုစကားကြောင့် ထန်ရှောင်မင်က ရယ်မောလိုက်၏။ "အို... နင်ကလည်း၊ အဆင့်အတန်းတူတာတွေ မတူတာတွေ ပြောနေတုန်းပဲလား။ ဒီခေတ်က ချစ်နေရင် ပြီးတာပဲလေ။"

ကျန်းမန်မန်က ခေါင်းခါလိုက်ပြီး ထန်ရှောင်မင်ကို ရွာထဲသို့ ပြန်ခေါ်လာခဲ့၏။

သူမတို့ပြန်ရောက်ပြီး မကြာခင်မှာပင် လူအချို့က ဘဲဥများ လာပို့ကြသည်။ ကျန်းမန်မန်သည် ဘဲပေါက်လေးများကို ဘယ်လိုဖောက်ရမလဲဆိုသည်ကို သိရှိပြီးသားဖြစ်သည်။

သို့သော် သူမတို့နေသည့်အိမ်က ကျဉ်းကျဉ်းလေးဖြစ်သလို အိပ်ရာကလည်း တစ်ခုတည်းရှိပြီး သူမနှင့် ထန်ရှောင်မင်တို့ မျှသုံးနေရသည့်အနေအထားဖြစ်သည်။ ဘဲဥများကို အပူပေးပြီး သားဖောက်ရန် နေရာ လုံးဝမရှိနေပေ။

ထို့ကြောင့် ကျန်းမန်မန်က ကျိုးယဲ့၏ အိမ်ဝန်းဘက်သို့ လှမ်းကြည့်လိုက်၏။

"အဒေါ်... ဒီဘဲဥတွေကို ကျွန်မ အကုန်ယူလိုက်ပါ့မယ်။ တစ်လုံးကို သုံးဆင့် ဆိုတော့ ဆယ်လုံးက သုံးဆယ်ပေါ့။ ဒီမှာပါ... ဒါက သုံးဆယ်ပါ။"

ဘဲဥလာပို့သည့် အမျိုးသမီးလည်း ကျန်းမန်မန် ပေးသည့် ပိုက်ဆံကို ဝမ်းသာအားရ လက်ခံလိုက်သည်။

သူမ ဘဲဥများကို ခြင်းတောင်းထဲ သေသေချာချာ ထည့်နေသည်ကို ကြည့်ပြီး ထိုအမျိုးသမီးသည် ပြုံးစစနှင့် သီချင်းလေးတညည်းညည်းဖြင့် ထွက်သွားလေတော့သည်။

ကျိုးယဲ့ ပြန်ရောက်လာချိန်တွင် ကျန်းမန်မန်၌ ဘဲဥ အလုံး ၃၀ စုဆောင်းမိနေပြီ ဖြစ်၏။ သူက ဝါးခြံစည်းရိုးဘက်မှ ရပ်ပြီး သူမကို ပြုံးပြကာ ပြောလိုက်၏။

"ကိုယ့်မှာ မင်းအတွက် ငန်းဥ ၁၀ လုံး ရလာတယ်။"

ကျန်းမန်မန်က ခြင်းတောင်းကို မပြီး သူ့အိမ်ဝန်းထဲသို့ တန်းတန်း ဝင်သွားလိုက်သည်။

"ကျွန်မလည်း ဒီနေ့ နေ့လယ်က ဘဲဥ ၃၀ စုထားတယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ ထားဖို့နေရာ မရှိလို့။ ရှင့်ဆီမှာ နေရာအလွတ် ရှိလား။"

ကျိုးယဲ့က ချက်ချင်းပင် တက်ကြွသွားပြီး ပြောလိုက်တော့သည်။ "ရှိတာပေါ့! အများကြီး ရှိတယ်!"

"လာလေ၊ ကိုယ့်ရဲ့ အိပ်ရာကို လာကြည့်ပါဦး။"

ကျန်းမန်မန် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ တကယ်တော့ ဒါက သာမန်စကားလေးတစ်ခွန်းသာဖြစ်သော်လည်း ဘာကြောင့်မှန်းမသိ သူမ၏ အတွေးများက အခြားတစ်ခုဆီ ရောက်သွားမိသည်။

"ကောင်းပြီလေ! နေရာအလွတ်ရှိတယ်ဆိုရင်တော့ ဘဲဥတွေနဲ့ ငန်းဥတွေကို ရှင့်အိမ်မှာပဲ သားဖောက်ချင်တယ်။"

ကျိုးယဲ့က တံခါးဖွင့်ပေးရင်း အံ့အားသင့်စွာ လှည့်ကြည့်လာ၏။"မင်းက ဘဲဥတွေပါ သားဖောက်တတ်တာလား။"

"ဒါပေါ့! ကျွန်မကို အထင်မသေးနဲ့လေ။"

"မလုပ်ရဲပါဘူး... လုံးဝ မလုပ်ရဲပါဘူး!"

သူက သူမကို အထဲသို့ ခေါ်သွားလိုက်သည်။ သူ၏ အိမ်ပုံစံက သူမတို့အိမ်နှင့် ဆင်တူသည်။ မီးဖိုချောင်နှင့် အိပ်ခန်းက တစ်ဆက်တည်း ရှိနေပြီးအိပ်ရာကလည်း သူမနှင့် ထန်ရှောင်မင်တို့ သုံးနေသည့် အိပ်ရာအရွယ်အစားအတိုင်းပင်။

"ဒီအိပ်ရာက ကိုယ် ဒီကိုပြောင်းလာတုန်းက ကိုယ်တိုင် ပြန်ပြင်ထားတာလေ။ တစ်ချက်လောက် ထိုင်ကြည့်မလား။"

ကျန်းမန်မန် - "..."

သူမက ခြင်းတောင်းကို ကိုင်ထားရင်း သူ့ကို လက်ကာပြလိုက်၏။

"နေပါစေတော့။ ဘဲဥတွေကို ဒီမှာပဲ ခဏထားခဲ့မယ်၊ နောက်တော့မှ သားဖောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ယူလာခဲ့မယ်။"

ရုတ်တရက် သူမ တစ်ခုခုကို စဉ်းစားမိလိုက်သည်။

အကယ်၍ သူမ ဒီနေရာမှာပဲ ဥများကို ဖောက်မည်ဆိုလျှင် ဒီအိမ်ကို မကြာခဏ လာနေရတော့မည်။ ဒါက နည်းနည်း မသင့်တော်သလို ဖြစ်နေမလား။

သူမတို့နှစ်ယောက်... အရင်ဆုံး လက်ထပ်စာချုပ်ပဲ သွားချုပ်လိုက်ကြရင် ကောင်းမလား။

"ကျိုးယဲ့၊ ရှင် ကျွန်မကို ရှင့်မိသားစုအကြောင်း မပြောပြရသေးဘူးနော်။ ကျွန်မဘက်က အရင်စပြောမယ်။ကျွန်မအမေက စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ယောက်ပါ၊ သူမက အစောကြီး ဆုံးသွားခဲ့တာ။ ကျွန်မအဖေက နောက်အိမ်ထောင်ထပ်ပြုတယ်၊ မိထွေးက သူ့သမီးကို တစ်ပါတည်း ခေါ်လာတယ်။ ကျွန်မတို့က အဆင်မပြေကြဘူး။ ကျွန်မကို နယ်ဘက်ဆင်းဖို့အတွက် စာရင်းသွင်းခဲ့တာလည်း သူပဲ။ အဲဒီနောက် သူက နောက်လူတစ်ယောက်နဲ့ ခိုးရာလိုက်သွားခဲ့တော့ ကျွန်မကလည်း ပြန်ပြီးတော့ ကျွန်မရဲ့ မိထွေးဘက်ကပါတဲ့ ညီမလေးကို အနောက်မြောက်ပိုင်းဒေသဘက်ကို သွားဖို့ စာရင်းသွင်းပေးလိုက်တယ်။ ဒါကိုကြည့်ရင် သိနိုင်ပါတယ်။ ကျွန်မက အနိုင်ကျင့်ခံမဲ့သူမျိုး မဟုတ်ဘူးဆိုတာ။ ပြီးတော့ ကျွန်မမှာ စေ့စပ်ထားတဲ့သူ တစ်ယောက် ရှိခဲ့ဖူးတယ်။"

ကျိုးယဲ့က သူမကို ပြုံးပြရင်း တိတ်တဆိတ် နားထောင်နေသည်။

သို့သော် သူမက စေ့စပ်ထားသူအကြောင်း ပြောလိုက်သည်နှင့် သူ၏အပြုံးများမှာ အေးခဲသွားတော့သည်။

"မင်း... မင်းမှာ စေ့စပ်ထားတဲ့သူ ရှိတာလား။ ဒါဆို ကိုယ်တို့က..."

ကျန်းမန်မန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဆက်ပြောလိုက်၏။

"စကားကို ဆုံးအောင် နားထောင်ဦးလေ။ ကျွန်မ နယ်ဘက်မဆင်းလာခင်မှာ သူက စေ့စပ်ထားတာကို ဖျက်သိမ်းပြီး ကျွန်မရဲ့ မိထွေးဘက်ကညီမနဲ့ စေ့စပ်လိုက်တယ်။"

ထိုစကားကို ကြားတော့မှသာ ကျိုးယဲ့လည်း သက်ပြင်းချနိုင်တော့သည်။

"ဟူး... တော်သေးတာပေါ့! တွေ့လား။ ဒါက ကံတရားပဲ—ကိုယ်တို့က ဖူးစာပါလို့ ဆုံကြရတာ။ ကိုယ့်မိသားစုအကြောင်း ပြောရရင်တော့ ကိုယ့်မှာ မိဘတွေ ရှိသေးတယ်၊ ပြီးတော့ မောင်နှမ အမြွှာနှစ်ယောက်လည်း ရှိတယ်။ သူတို့က အခု တက္ကသိုလ်တက်နေကြတာ။ ကိုယ့်မိသားစုက လူကောင်းတွေပါ၊ အဖေက စစ်တပ်ထဲက၊ အမေကတော့ အနုပညာအဖွဲ့ကပေါ့။ အခုတော့ သူတို့နှစ်ယောက်လုံး ကျွန်းတစ်ကျွန်းပေါ်မှာ တာဝန်ကျနေကြတယ်။ နှစ်သစ်ကူးကျရင် မင်းကို သူတို့နဲ့ မိတ်ဆက်ပေးဖို့ ခေါ်သွားမယ်လေ။"

All Chapters