အခန်း ၅၃
Vol. 6 Ch. 53
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၅၃
ကျိုးယဲ့လည်း သူမ စကားကြောင့် အားရပါးရ ရယ်မောမိတော့သည်။ အကယ်၍သာ သူသည် စက်ဘီးနင်းမနေပါက ဤမိန်းကလေးကို ပြစ်ဒဏ် ကောင်းကောင်း ပေးမိမည်မှာ အသေအချာပင်။
သူမက ဘယ်လိုတောင် စိတ်တိုချင်စရာ ကောင်းနေရတာလဲ။
"ဒါဆို မင်းပြောချင်တာက... ကိုယ့်အိမ်ထဲကို တရားဝင်ဝင်ပြီး ဥတွေကိုသားဖောက်လို့ရအောင် ငါ့ကို လက်ထပ်လိုက်တာပေါ့ ဟုတ်လား။"
"ခစ်ခစ်... ဟားဟားဟားဟား!"ထိုစကားကြောင့် ကျန်းမန်မန်လည်း တဟားဟား အော်ရယ်မိလိုက်သည်။
သူမ၏ ခေါင်းလောင်းသံလေးကဲ့သို့ ကြည်လင်သော ရယ်သံလေးမှာ တောင်တန်းနှင့် လယ်ကွင်းပြင်များတစ်လျှောက် ပဲ့တင်ထပ်သွားတော့၏။
ထိုအသံသည် မှော်ဆန်သော စွမ်းအားတစ်ခု ရှိနေသည့်အသံကဲ့သို့ ကျိုးယဲ့၏ နှလုံးသားထဲသို့ တိုးဝင်သွားပြီး သူ့ကိုပါ လိုက်၍ ရယ်မောမိစေသည်။ သူတို့နှစ်ဦး၏ ရယ်သံများမှာ လယ်ကွင်းများအတွင်း ပျံ့လွင့်သွားပြီး ပျော်ရွှင်မှုများကို ကူးစက်စေနိုင်ခဲ့သည်။
သူတို့နှစ်ဦးလုံး ရယ်မောနေကြစဉ်အတွင်း ကျိုးယဲ့က ရုတ်တရက် အရှိန်မြှင့်လိုက်ပြီးမှ ပြန်လျှော့လိုက်ပြန်သည်။ ကျန်းမန်မန်လည်း သူ၏ကျောပြင်နှင့် သွားတိုက်မိသဖြင့် ရှေ့သို့လက်လှမ်းကာ သူ၏ခါးမှ အသားနုနုလေးကို ဆွဲလိမ်လိုက်တော့သည်။
"ရှင်ကတော့ လူဆိုးလေးပဲ။"
"လူဆိုးဆိုတာလည်း ဥတစ်မျိုးပဲလေ။ ဒါဆို မင်းက ကိုယ့်ကိုပါ တစ်ခါတည်း မဖောက်ချင်ဘူးလား။"
ကျိုးယဲ့၏ အဓိပ္ပာယ်မရှိသော စကားကြောင့် ကျန်းမန်မန် ထပ်ရယ်မောရပြန်၏။"အကာအကွယ်မှ မရှိတာ... ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ။"
"ကိုယ်ဝန်လား"
ကျိုးယဲ့တစ်ယောက် စက္ကန့်အနည်းငယ်လောက်အထိ ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် သွားများပေါ်သည်အထိ ပြုံးလိုက်တော့သည်။
"ကိုယ်ဝန်ရသွားရင်လည်း ကလေးယူကြတာပေါ့။ မင်း ကိုယ့်ကို ဘယ်နှယောက်ပဲ မွေးပေးပေး၊ ကိုယ်က အကုန်လုံးကို ကျွေးထားနိုင်ပါတယ်။"
ကျန်းမန်မန်က သူ၏ ကျောအလယ်လောက်ကို လက်ညှိုးဖြင့် ထိုးလိုက်ရာ သူ၏ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
"ဒါပေမဲ့ ကျွန်မက အခုလောလောဆယ် ကလေးမယူချင်သေးဘူး။ အကာအကွယ်မရှိရင်တော့ လုံးဝ မဖြစ်ဘူးနော်။"
ကျိုးယဲ့ - "..."
အကာအကွယ်— ဒါက တကယ်ကို အလေးအနက် စဉ်းစားရမည့် ကိစ္စပင်။
"ကောင်းပြီလေ... အဲဒါကို ကိုယ့်တာဝန်ထားလိုက်ပါ။ တစ်ခုခုတော့ ကိုယ် စီစဉ်ကြည့်လိုက်ပါမယ်။"
ထိုစကားကို ကြားတော့မှ ကျန်းမန်မန် စိတ်အေးသွားတော့သည်။
သူတို့ ရွာသို့ ပြန်ရောက်သောအခါ ရင်ဘတ်ပေါ်ရှိ အနီရောင်ပန်းပွင့်ကြီးများကို မြင်သည်နှင့် တစ်ပြိုင်နက် ရွာသားတစ်ဦးက လှမ်းအော်ပြောလိုက်တော့သည်။
"ဟေး... ကြည့်ကြဦးဟေ့! သူတို့ လက်ထပ်စာချုပ်ချုပ်လာကြပြီ!"
ကျိုးယဲ့က ရွာသားများကို ပြုံးပြနှုတ်ဆက်လိုက်၏။"ဟုတ်တယ်... ဒီနေ့ မနက်စောစောကတင် မြို့နယ်ကို သွားခဲ့တာ။"
ရွာသားများလည်း အံ့သြသွားကြတော့၏။
"မြန်လှချည်လား။ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ဖို့ အချိန်လိုသေးတယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား။"
ထိုအဒေါ်ကြီး၏ စကားကို ကြားသောအခါ ကျန်းမန်မန် မရယ်ဘဲ မနေနိုင်တော့ပေ။ ဘေးမှ စက်ဘီးတွန်းလာသော ကျိုးယဲ့က ပြန်ဖြေလိုက်၏။
"ထပ်ပြီး အကဲခတ်နေရင်တော့ ကျွန်တော့် တစ်ကိုယ်လုံး မီးကျွမ်းသွားပါတော့မယ်။ ပြီးတော့ ကျွန်တော်လည်း ဒီရွာကို ရောက်နေတာ တစ်နှစ်ကျော်နေပြီပဲ။ ကျွန်တော်က ဘယ်လိုလူလဲဆိုတာ လူတိုင်း သိနေတာပဲလေ။ ရဲဘော်ကျန်းက ရတနာကို မှန်အောင် ရွေးတတ်တာပါ။"
ကျန်းမန်မန်လည်း သူ နောက်ပြောင်၍ပြောနေသည်ကို ပြုံးပြီး နားထောင်နေမိသည်။ မကြာမီမှာပင် အချို့သူများက ကျိုးယဲ့ကို မင်္ဂလာပွဲအတွက် ထမင်းကျွေးရန် ဝိုင်းပြီး စနောက်ကြတော့၏။
"ဟုတ်တယ် ဒါရိုက်တာကျိုး၊ ရွာသားတွေကို ထမင်းတစ်နပ်လောက်တော့ ကျွေးသင့်တယ်နော်။"
"ဟုတ်သားပဲ။ ရှင့်ရဲ့ ဝက်ခြံက အခုဆိုရင် ဘဲတွေ၊ ငန်းတွေပါ မွေးတော့မှာဆိုတော့ အခြေအနေတွေက တော်တော်ကောင်းနေတာပဲ။ အထက်ကလည်း ဆုတွေပေးဦးမှာ။ မင်္ဂလာပွဲဆိုတာက ပျော်စရာကိစ္စပဲလေ... လုပ်ပါ၊ ထမင်းလေးဘာလေး ကျွေးပါဦး။"
"ကျွန်တော်တို့ရွာမှာ ပွဲလမ်းသဘင် မရှိတာ ကြာလှပြီ။"
ကျိုးယဲ့က ရယ်မောလျက် လက်ကာပြလိုက်ပြီး ပြောလိုက်၏။ "အခုတော့ နေပါဦး၊ ကျွန်တော့်မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး။ ဘဲမွေးမြူရေးအတွက် ခွင့်ပြုချက်ကတော့ ကျပါပြီ၊ ဒါပေမဲ့ ရန်ပုံငွေက ခုထိ ရောက်မလာသေးလို့ ကိုယ်ပိုင်ငွေနဲ့ပဲ အရင် စိုက်ထုတ်ထားရတာ။ ရဲဘော်ကျန်းရော ကျွန်တော်ရော ရှိသမျှ ပိုက်ဆံအကုန် အဲဒီထဲ ထည့်ထားရတာ။ အဖွဲ့အစည်းကနေ ပြန်ထုတ်ပေးလာမှာကိုပဲ စောင့်နေရတယ်။"
သူက ထိုသို့ပြောလိုက်သောအခါ ရွာသားများလည်းလည်း ဆက်ပြီး အကျပ်မကိုင်ရဲတော့ဘဲ အားနာသွားကြသည်။
ယခုဆိုလျှင် သူတို့သည် လက်ထပ်ပြီးပြီဖြစ်သဖြင့် တရားဝင် အတူတကွ နေထိုင်နိုင်ပြီဖြစ်သည်။ ထိုခေတ်ကာလတွင် မင်္ဂလာပွဲ အခမ်းအနားဟူ၍ ကြီးကြီးကျယ်ကျယ် မရှိလှပေ။ စာချုပ်ချုပ်သည်၊ ပန်းအနီကြီးများ ပန်သည်၊ ပြီးလျှင် အတူတူ ပေါင်းသင်းနေထိုင်လိုက်ကြသည်။ များသောအားဖြင့် ဤမျှလောက်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။
အလွန်ဆုံးရှိလျှင်လည်း ဆွေမျိုးအသိုင်းအဝိုင်းများကို ထမင်းဖိတ်ကျွေးရုံမျှသာ။
သို့သော်လည်း သူမသည် နယ်ဘက်ဆင်းလာသည့် ပညာတတ်လူငယ်ဖြစ်ပြီး သူသည်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တာဝန်ကျလာသူဖြစ်သည့်အတွက် သူတို့ နှစ်ဦးလုံးသည် အလုပ်သမား လူတန်းစားများသာ ဖြစ်ကြသည်။
သို့သော် သူကတော့ ဒါရိုက်တာ ဟူသော ရာထူးရှိသဖြင့် အရာရှိ စာရင်းဝင်၏။
ထို့ကြောင့် ဝက်မွေးမြူရေးခြံမှ ဝန်ထမ်းများကို ထမင်းတစ်နပ် ကျွေးလိုက်လျှင် သဘာဝကျသော်လည်း အခြားသူများကိုမူ မတတ်နိုင်တော့ပေ။
မွန်းတည့်ချိန်တွင်တော့ ထန်ရှောင်မင်က သူမကို ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ငိုတော့မည့်သဖွယ် ဝမ်းနည်းပက်လက် အမူအရာဖြင့် ကြည့်နေလေသည်။
"မန်မန်... နင်တို့ကလည်း မြန်လွန်းလိုက်တာ။ တွဲတာမှ မကြာသေးဘူး၊ အခု စာချုပ်ချုပ်ပြီးပြီဆိုတော့ ငါက တစ်ယောက်တည်း နေခဲ့ရတော့မှာပေါ့။ ငါ တကယ်ကြီး အသားမကျသေးဘူး။"
ကျန်းမန်မန်က သူမ၏ အထုပ်အပိုးများကို ပြင်ရင်း ရယ်မောလိုက်သည်။ "အဆင်ပြေသွားမှာပါ။ ငါက ဒီဘေးက အိမ်ခြံဝန်းထဲမှာတင် ရှိနေမှာပဲလေ၊ ဝေးသွားတာမှ မဟုတ်တာ။ ဒီဘက်မှာ တစ်ခုခုဖြစ်ရင် ငါ့ကို လှမ်းခေါ်လိုက်။ ပြီးတော့ ထမင်းမချက်ချင်ရင်လည်း ငါတို့ဆီ လာစားပေါ့။"
ထန်ရှောင်မင် ခေါင်းခါပြကာ ပြောလိုက်၏။ "မလာတော့ပါဘူး၊ ငါ့ဘာသာပဲ ချက်စားလိုက်ပါ့မယ်။ နင်တို့နဲ့ ရက်ပိုင်းလောက် ထမင်းစားလိုက်တာနဲ့တင် ငါ တော်တော်လေး ဝလာသလိုပဲ။ ဒီအတိုင်းသာ ဆက်သွားရင် နင်က ပိန်သွားပြီး ငါက ပိုဝလာလိမ့်မယ်။"
ကျန်းမန်မန် အားရပါးရ ရယ်မောမိလိုက်တော့သည်။ "အမယ်လေး... ဒီကောင်မလေးကတော့! အဲဒါက ငါဖြစ်ချင်တဲ့ ရလဒ်ပဲလေ—ဟားဟားဟားဟား!"
ထန်ရှောင်မင်က သူမကို မျက်စောင်းထိုးကာ ကလိထိုးတော့၏။
ကျန်းမန်မန်သည် ကလိထိုးလျှင် အလွန်ယားတတ်သူဖြစ်သဖြင့် ချက်ချင်းပင် လှစ်ခနဲ ထွက်ပြေးလိုက်တော့သည်။
ထိုအချိန်တွင် လုဟုန်ကျွမ်းက သူမတို့၏ အိမ်ရှေ့တွင် ရပ်နေ၏။ သူမတို့နှစ်ဦး စနောက်နေကြသည်ကို မြင်သောအခါ သူမက နှုတ်ခမ်းကို မဲ့ပြီး ပြောလိုက်လေသည်။
"ရဲဘော်ကျန်းက ဒါရိုက်တာကျိုးနဲ့ လက်ထပ်လိုက်ပြီလို့ ကြားတယ်။ မြန်လှချည်လား။ နင်တို့ တကယ်ပဲ စာချုပ်ချုပ်လိုက်ကြပြီလား။"
ကျန်းမန်မန်နှင့် ထန်ရှောင်မင်တို့လည်း သူမကို မြင်သွားသဖြင့် စနောက်နေသည်ကို ရပ်လိုက်ကြ၏။
သူမ၏ မေးခွန်းကို ကြားသောအခါ ကျန်းမန်မန်က တစ်ခုခုကို သတိပြုမိသွားခဲ့သည်။
"ဒါပေါ့... စာချုပ်ချုပ်ပြီးသွားလို့ပဲ လက်ထပ်လိုက်ကြတာလေ။ ဘာဖြစ်လို့လဲ။ တစ်ခုခု လိုအပ်လို့လား။"
သူတို့ တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ကြားသောအခါ လုဟုန်ကျွမ်း၏ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားခဲ့သည်။
"ဪ... ငါက သတင်းကြားလို့ လာကြည့်တာပါ။ နင်က ဒါရိုက်တာကျိုးအိမ်ကို ပြောင်းသွားတော့မယ်ဆိုရင် ရဲဘော်ထန်က ဒီမှာ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့။ ဒါက အန္တရာယ်များတယ် မဟုတ်ဘူးလား။"
"ငါ သူမနဲ့အတူ ပြောင်းလာနေပေးရင်ရော ဘယ်လိုလဲ။ ရဲဘော်ကျန်း ပေးရမဲ့ အိမ်လခဝေစုကိုလည်း ငါပဲ စိုက်ပေးပါ့မယ်။"
ကျန်းမန်မန်က ထန်ရှောင်မင်ဘက် လှည့်ကြည့်လိုက်သည်။ ထန်ရှောင်မင်ကတော့ ခေါင်းကိုသာ ခါပြလိုက်ပြီး ပြောလိုက်၏။
"မလိုပါဘူး။ အမှန်အတိုင်းပြောရရင် ဒီအိမ်ခြံဝန်းနဲ့ အိပ်ရာက နှစ်ယောက်နေဖို့ တော်တော်လေးကျဉ်းတယ်လို့ ငါခံစားနေရတာ။ နည်းနည်းတော့ ကျပ်နေသလိုပဲလေ။ အခု ရဲဘော်ကျန်း ပြောင်းသွားပြီဆိုတော့ ငါ့အတွက် နေရာလွတ်တွေ အများကြီး ရသွားတာပေါ့။"
သူမသည် စကားပြောနေရင်း ကျန်းမန်မန်နှင့် အကြည့်ချင်း ဆုံကြည့်လိုက်သည်။ ကျန်းမန်မန်ကလည်း သူမ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အကြည့်ဖြင့် ပြန်ကြည့်ပေးလိုက်၏။
ပညာတတ်လူငယ်စခန်း၏ အမျိုးသမီးဆောင်တွင် ဝမ်တန်တန်နှင့် လုဟုန်ကျွမ်းဟူ၍ မိန်းကလေး နှစ်ဦးသာ ကျန်တော့သည်။
အကယ်၍ လုဟုန်ကျွမ်းသာ ပြောင်းသွားပါက ဝမ်တန်တန်တစ်ဦးတည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။ ထိုသို့လုပ်ခြင်းက သူမကို သိသိသာသာကြီး ဝိုင်းပစ်ပယ်လိုက်သလို ဖြစ်သွားလိမ့်မည်။
ငြင်းပယ်ခံလိုက်ရသဖြင့် လုဟုန်ကျွမ်း၏ မျက်နှာမှာ သိသိသာသာကြီး ပျက်ယွင်းသွားတော့၏။
"ဒါပေမဲ့ နင်က ရဲဘော်ကျန်းနဲ့ကျတော့ အတူတူနေခဲ့ပြီး ငါကျတော့ ဘာလို့ အတူတူနေလို့ မရရတာလဲ။"
ကျန်းမန်မန်က သူမကို အံ့အားသင့်သလို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အကြောင်းကတော့ ငါက သူနဲ့ ရင်းနှီးလို့ပေါ့။ နင်က သူနဲ့ ဘယ်လို ပတ်သက်လို့လဲ။ ပြီးတော့ တစ်ဖက်လူက အတူမနေချင်ဘူးဆိုရင် ဒီမှာတင် ပြီးနေတာပဲလေ။ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေသေးတာလဲ။ နင်က အရင်တုန်းက ဝမ်တန်တန်နဲ့ တော်တော်ရင်းနှီးတာ မဟုတ်ဘူးလား။ အခုကျ သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီး ပြောင်းထွက်ချင်နေတာလား။ ကြည့်ရတာ နင်တို့ သူငယ်ချင်းသံယောဇဉ်က အဲ့လောက်ကြီး မခိုင်မြဲဘူး ထင်ပါတယ်။"
လုဟုန်ကျွမ်းလည်း အနေရခက်သွားပြီး အမြန်ပြန်ပြောလိုက်သည်။
"ရဲဘော်ဝမ်က ဝါရင့်ပညာတတ်လူငယ်တစ်ယောက်ပဲလေ။ သူကတော့ စခန်းမှာ တစ်ယောက်တည်း နေနိုင်မှာပါ။"
ထန်ရှောင်မင်ကလည်း လေသံအေးအေးဖြင့် ထပ်ပြောလိုက်၏။ "ငါလည်း ဒီမှာ တစ်ယောက်တည်း နေနိုင်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့မှ နေရာမျှမသုံးချင်တော့ဘူး။ ငါ့ဘာသာငါပဲ တစ်ယောက်တည်း နေချင်တယ်။"
ဤမျှအထိ ပြတ်ပြတ်သားသား ငြင်းဆိုခြင်း ခံလိုက်ရသဖြင့် လုဟုန်ကျွမ်းလည်း အရှက်တကွဲနှင့် ထွက်ခွာသွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုနေ့ နေ့လယ်ပိုင်း ဝက်စာမြက်များ ရိတ်နေကြချိန်တွင် ဝမ်တန်တန်နှင့် လုဟုန်ကျွမ်းတို့ နှစ်ဦးစလုံးသည် သိသိသာသာကြီး မျက်နှာမကောင်းဖြစ်နေကြသလို တစ်ဦးနှင့်တစ်ဦးလည်း စကားမပြောခဲ့ကြပေ။
ဝမ်တန်တန်က တမင်တကာ အသံကိုမြှင့်၍ ထန်ရှောင်မင်ကို လှမ်းပြောလိုက်၏။ "ရဲဘော်ထန်... ရဲဘော်ကျန်းက ဒါရိုက်တာကျိုးနဲ့ လက်ထပ်လိုက်ပြီလို့ ကြားတယ်။ အခု သူပြောင်းသွားပြီဆိုတော့ နင် တစ်ယောက်တည်း ဖြစ်နေမှာပေါ့။ ငါ နင်နဲ့အတူ လာနေပေးရမလား။"
လုဟုန်ကျွမ်းလည်း ချက်ချင်းဆိုသလို ဒေါသများ ပေါက်ကွဲထွက်သွားပြီး ဝမ်တန်တန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ မေးလိုက်တော့သည်။
"ဝမ်တန်တန်... နင်က ဘာဖြစ်နေတာလဲ။"
ဝမ်တန်တန်က သူမကို မျက်စောင်းထိုးပြီး ပြောလိုက်၏။ "ဘာဖြစ်ရမှာလဲ။ ဒါက တော်တော်လေး သင့်တော်တယ်လို့ ငါထင်လို့လေ။ ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်တတ်တဲ့သူတွေထက်စာရင်တော့ အများကြီး ပိုကောင်းတာပေါ့။"