← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

အပိုင်း ၅၆

လက်ဆေးပြီးနောက် ကျိုးယဲ့က မီးဖိုချောင်ထဲသို့ ဝင်လာခဲ့ရာ လှပစွာ စီထားသည့် ဖြူဖွေးအိစက်နေသော ပေါက်စီများကို မြင်လိုက်ရသည်။ သူ၏ မျက်ဝန်းများက ပြုံးရောင်သန်းသွားတော့၏။

သူက ပေါက်စီတစ်လုံးကို ပေါ့ပေါ့ပါးပါး လှမ်းနှိုက်လိုက်သည်။

"ဟူး... ပူလိုက်တာ။"

မုန့်ကို လက်တစ်ဖက်မှ တစ်ဖက်သို့ အလုအယက် ပြောင်းကိုင်နေသည့် သူ၏ပုံစံကို ကြည့်ပြီး ကျန်းမန်မန်သည် မီးဖိုချောင်တံခါးဝနေ၍ ရယ်မောလိုက်သည်။

"လောနေရင်တော့ ပူပူနွေးနွေး တိုဟူးရော ပူပူနွေးနွေး ပေါက်စီကိုပါ စားရမှာ မဟုတ်ဘူးနော်။"

ကျိုးယဲ့က လှည့်ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်ပြလိုက်သည်။"ကိုယ်ကတော့ အဲဒါကို မယုံဘူး။ အဲဒီသီအိုရီကို ဒီည လက်တွေ့စမ်းသပ်ကြည့်ရမှာပေါ့။"

ကျန်းမန်မန်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ဘဲဥနှင့် ငန်းဥများကို ဂရုစိုက်ရန် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သားဖောက်ရန်အတွက် အပူချိန် မှန်ကန်နေရန်မှာ အလွန်အရေးကြီးလှပေသည်။

သူမအနေဖြင့် အပူချိန်ကို ၃၇°C မှ ၃၈°C.ဝန်းကျင်တွင် ထိန်းထားရမည်ဖြစ်သော်လည်း အပူချိန်တိုင်းကိရိယာ မရှိသဖြင့် အခက်တွေ့နေရ၏။ သူမကိုယ်တိုင်ပင် အပူရှိန်ကို ခန့်မှန်းပြီး စောင့်ကြည့်နေရသည်။

"မင်း ညစာ ထွက်မစားတော့ဘူးလား။ ညစာစားပြီးမှ ဆက်လုပ်ပါလား။"

ကျန်းမန်မန်က ညစာအတွက် အသီးအရွက်ပေါက်စီ တစ်လုံးသာ စားလိုက်သည်။ ဤဒေသတွင် လူများသည် အစောကြီး အိပ်တတ်ကြသည်။ အိပ်ယာမဝင်ခင်လည်း ဗိုက်ဆာလာမည် မဟုတ်သဖြင့် ညဉ့်နက်စာလည်း ထပ်စားနေရန် မလိုတော့ပေ။

"တစ်လုံးတည်း စားတာလား။ နည်းလွန်းပါတယ်။ ကြည့်ရတာ မင်း ပိန်သွားသလိုပဲ။"

ကျန်းမန်မန် ထိုစကားကြောင့် ဝမ်းသာအားရ ဖြစ်သွားမိသည်။ သူမ၏ အာကာသထဲတွင် ခေတ်မီ ပေါင်ချိန်စက်မျိုး မရှိသဖြင့် ကိုယ်အလေးချိန်ကို မတိုင်းတာနိုင်ခဲ့ပေ။ ယခုသူက သူမကို ပိန်သွားသည်ဟု ပြောလိုက်သဖြင့် သူမ၏ မျက်ဝန်းများ တောက်ပသွားကာ ဟုတ်၊ မဟုတ် အတည်ပြုရန် သူ့ကို ပြုံးလျက် ကြည့်လိုက်၏။

ကျိုးယဲ့က လေးနက်စွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"တကယ်ပြောတာ၊ တော်တော်လေး ပိန်သွားတယ်လို့ ကိုယ် တကယ် ခံစားရတယ်။ မင်း တမင်များ ဝိတ်ချနေတာလား။"

ကျန်းမန်မန် ပျော်ရွှင်စွာ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူက မတတ်သာသည့် အပြုံးဖြင့် ဆိုလိုက်လေသည်။

"အရမ်းကြီးလည်း ပိန်မသွားစေနဲ့ဦး။ နည်းနည်းလေး အသားရှိတာက ပိုကြည့်ကောင်းပါတယ်။"

ကျန်းမန်မန်က သူ့ကို နောက်ထပ် မျက်စောင်းတစ်ချက် ထပ်ထိုးလိုက်ပြန်၏။ "ရှင့်အလုပ် ရှင်လုပ်ပါ။ ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်။"

ကျိုးယဲ့က တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကောင်းပါပြီ၊ ကောင်းပါပြီ... မင်း သဘောအတိုင်းပေါ့။ ရွာထဲကလူတွေက ကိုယ့်မိန်းမကို က်ိုယ်က အငတ်ထားတယ်လို့ ထင်ကြရင်လည်း က််ိုယ်ပဲ ခံလိုက်ပါ့မယ်။ အကုန်လုံးကို တိတ်တိတ်လေးပဲ ပခုံးပေါ်ထမ်းပြီး ခံယူလိုက်ပါ့မယ်။ ဒါပေမဲ့ ကိုယ်က ဒီလောက်တောင် ပေးဆပ်နေရတာဆိုတော့... တစ်ခုခုတော့ ပြန်ပြီး လျော်ကြေးပေးသင့်တယ် မဟုတ်ဘူးလား။"

သူက သူမအနားသို့ တိုးကပ်လာရာ ကျန်းမန်မန်လည်း နောက်ဆုတ်စရာ နေရာမရှိတော့သည့်တိုင်အောင် နောက်သို့ ဆုတ်လိုက်မိသည်။ သူမက သူ့ကို စူးစူးစိုက်စိုက် ကြည့်ကာ မေးလိုက်သည်။

"ဘာတွေ လာကြံစည်နေတာလဲ။ ကျွန်မ ဒီကိုလာတာ ဥဖောက်ဖို့နော်။ ခုနက ဝက်သားပေါက်စီက ရှင့်အတွက် လျော်ကြေးပဲလေ။"

ကျိုးယဲ့က ဝက်သားပေါက်စီကို ပါးစပ်ထဲ အတင်းထိုးထည့်လိုက်ပြီးနောက် ကျားတစ်ကောင်လို အရှိန်ဖြင့် သူမအပေါ်သို့ အုပ်မိုးလိုက်တော့သည်။ ကျန်းမန်မန် ရုန်းထွက်ရန် ကြိုးစားသော်လည်း သူက သူမကို အိပ်ရာပေါ်သို့ ဖိချလိုက်သဖြင့် နှစ်ဦးသား လုံးထွေးသွားကြတော့၏။

ကျိုးယဲ့က ပါးစပ်ထဲက မုန့်ကို အမြန်ဝါးပြီး မြိုချလိုက်သည်။

ထို့နောက် သူက ပြုံးလျက် သူမအပေါ်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။"ကိုယ်ကတော့ မင်းကိုပဲ ပိုစားချင်တယ်။"

ကျန်းမန်မန်လည်း သူ၏ ရင်ဘတ်ကို တွန်းထုတ်လိုက်တော့သည်။"ရှင်ကတော့... မိုးတောင် မချုပ်သေးဘူး၊ ရှင်... အွန့်..."

သူမ စကားမဆုံးခင်မှာပင် သူက အနမ်းတစ်ခုဖြင့် ပိတ်ဆို့လိုက်လေသည်။ အခြေအနေများ အရှိန်တက်နေစဉ်မှာပဲ တံခါးအပြင်ဘက်မှ ကောမာဇီ၏ အသံက ဟိန်းထွက်လာ၏။

"အစ်ကိုယဲ့! အစ်ကိုယဲ့! ဝက်ခြံမှာ ပြဿနာတက်နေပြီ! တောဝက်တစ်ကောင် အကိုက်ခံရလို့ သေသွားပြီ။ ကျွန်တော်နဲ့ လျိုကျန့်ယဲ့တို့ စောင့်နေတုန်း အဲဒီ မြည်းမျက်နှာနဲ့ ဝံပုလွေက လျိုကျန့်ယဲ့ကိုပါ ကိုက်သွားတာ။"

ကောမာဇီက အိမ်ထဲကို ဇွတ်အတင်းဝင်လာခဲ့ရာ အိပ်ရာပေါ်မှ သူတို့နှစ်ယောက်ကို မြင်သွားတော့သည်။ ထို့နောက် သူ၏ နဖူးကို လက်ဝါးနှင့် ဖြန်းခနဲ ရိုက်လိုက်မိ၏။ ဟုတ်သားပဲ၊ အစ်ကိုယဲ့က အိမ်ထောင်ကျသွားပြီလေ။ အိမ်မှာ လူနှစ်ယောက် ရှိနေမှာပေါ့။ ဒါကို ဘယ်လိုများ မေ့သွားရတာလဲ။

သူသည် အနေရခက်စွာဖြင့် ရယ်ကျဲကျဲလုပ်ရင်း နောက်သို့ ပြန်ဆုတ်သွားတော့သည်။

ကျိုးယဲ့မှာတော့ အတော်လေး စိတ်ပျက်သွားသည့် မျက်နှာအမူအရာဖြင့် ထရပ်လိုက်၏။ သူ့အမူအရာကို ကြည့်ပြီး ကျန်းမန်မန် ရယ်ချင်သွားသော်လည်း တစ်စုံတစ်ယောက် ဒဏ်ရာရထားသည်ကို သတိရကာ သူ့ကို အမြန်ပင် တွန်းလွှတ်လိုက်သည်။

"ထပြီး သွားကြည့်လိုက်ဦး။ ကျွန်မ ဆေးသေတ္တာ ယူခဲ့မယ်— လူပဲဖြစ်ဖြစ်၊ တောဝက်ပဲဖြစ်ဖြစ် တစ်ခုခုကိုတော့ ကူညီနိုင်မှာပါ။"

ကျိုးယဲ့လည်း အချိန်မဆွဲနေတော့ပေ။ သူမလက်ကို ဆွဲထူကာ အတူတူ ထလိုက်ကြ၏။ ကျန်းမန်မန်လည်း ဆေးသေတ္တာကို ကောက်ကိုင်ပြီး သူ့နောက်က လိုက်လာခဲ့သည်။

"တကယ်ကြီး မြင်လိုက်တာလား။ အဲဒီ မြည်းမျက်နှာနဲ့ ဝံပုလွေကိုလေ။"

ကောမာဇီ သူ၏မျက်နှာကို လက်နှင့်သုတ်ရင်း ပြန်ဖြေလိုက်၏။

"ဒီတစ်ခါတော့ အသေအချာ မြင်လိုက်တာ၊ ကျိန်ပြောရဲပါတယ်။ အဲဒီကောင်က တကယ်ကြီး မြည်းမျက်နှာနဲ့။ ဒါပေမဲ့ ... ကျွန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။"

"အဲဒီကောင်က တော်တော်ရက်စက်တယ် အစ်ကိုယဲ့။ ကျွန်တော်တို့ အစီအစဉ်တစ်ခုခု ဆွဲမှရမယ်။ မဟုတ်ရင်တော့ အထက်ကို တင်ပြရလိမ့်မယ်။"

သူက စကားပြောရင်း ကျန်းမန်မန်ကို တစ်ချက်ကြည့်လိုက်ရာ သူမလက်ထဲမှ ဆေးသေတ္တာကို မြင်သွားသဖြင့် လက်ခုပ်တစ်ချက် တီးလိုက်သည်။

"အိုး၊ ကျွန်တော် လုံးဝမေ့သွားတာ။ မရီးက အခုဆို တိရစ္ဆာန်ဆေးကုဆရာဝန်ပဲလေ။ တောဝက်ကို ကုပေးလို့ရတာပေါ့။ မရီး... တကယ်လို့ လူက ဒဏ်ရာရနေတာဆိုရင်ရော ကုပေးနိုင်မလား။"

"တိရစ္ဆာန်တွေကို ကုနိုင်ရင် လူကိုလည်း ကုပေးလို့ ရတာပေါ့။ ကဲ... သွားကြစို့။ လျိုကျန့်ယဲ့ရဲ့ ဒဏ်ရာက ဘယ်လောက်အထိ ဆိုးလဲ။"

သူတို့ သုံးယောက်သား စကားပြောရင်း အမြန်လျှောက်လာခဲ့ကြသည်။

တံခါးဝတွင် ထန်ရှောင်မင်နှင့် ဆုံသဖြင့် ကျန်းမန်မန်က လှမ်းပြောလိုက်၏။"ငါတို့ အပြင်သွားဦးမယ်။ အိမ်ကို ခဏလောက် ကြည့်ပေးထားဦးနော်။"

"စိတ်ချပါ!"

ထန်ရှောင်မင်လည်း သူတို့ထွက်သွားသည်ကို ကြည့်ရင်း စိုးရိမ်စိတ်များ ပြည့်လာတော့သည်။ ခေါင်းအုံးဘေးတွင် ဓားတစ်လက် ထားရန် ကျန်းမန်မန် အကြံပေးခဲ့သည်ကို သူမ သတိရသွား၏။ သူမသည် မီးဖိုချောင်သို့ အပြေးအလွှား သွားကာ ဓားတစ်လက်ကို ယူပြီး ခေါင်းအုံးဘေးတွင် ချထားလိုက်သည်။

သို့သော်လည်း စိတ်မချသေးသဖြင့် မနက်ဖြန် သို့မဟုတ် ရက်ပိုင်းအတွင်း မြို့သို့သွားကာ မှောင်ခိုဈေးမှ ဓားရှည်ကောင်းကောင်း တစ်လက်နှစ်လက်လောက် ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ မီးဖိုချောင်သုံးဓားကတော့ သားသတ်ဓားများလောက် အားမကိုးရပေ။ ဝက်သတ်ရာတွင် သုံးသည့် ထိပ်ချွန်ဓားအရှည်မျိုး သူမ လိုချင်မိသည်။

တစ်ယောက်တည်း နေရခြင်းက စိတ်လှုပ်ရှားဖို့ ကောင်းသလို... ဤသို့သော ငြိမ်သက်အေးချမ်းမှုမျိုးကိုလည်း သူမ သဘောကျသည်။ ထို့ကြောင့် လုံခြုံရေးကတော့ နံပါတ်တစ် ဦးစားပေး ဖြစ်မှရမည်။

ကျန်းမန်မန်နှင့် ကျိုးယဲ့တို့သည် ညနေခင်းဆည်းဆာအောက်တွင် လက်တွဲလျက် ဝက်ခြံဆီသို့ အပြေးအလွှား လာခဲ့ကြသည်။

ကျိုးယဲ့က သူမလက်ကို လှမ်းကိုင်လိုက်ပြီး သူ၏ နွေးထွေးနေသော လက်ဝါးကြီးထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။

"ကိုယ် မင်း လက်ကိုကိုင်ထားမယ်နော်။"

သူ၏ ဆုပ်ကိုင်မှုသည် ကျန်းမန်မန်အတွက်တော့ စိတ်အေးချမ်းစေသော ခွန်အားတစ်ခုကို ပေးစွမ်းနေသကဲ့သို့ပင်။

ဝက်ခြံသို့ ရောက်သောအခါ ရွာသားများစွာ ရောက်ရှိနေကြပြီး အများစုမှာ ပေါက်တူး၊ ဂေါ်ပြားနှင့် အခြားကိရိယာများကို လက်နက်သဖွယ် ကိုင်ဆောင်ထားကြလေသည်။ ကျိုးယဲ့နှင့် ကျန်းမန်မန်တို့ကို မြင်သည်နှင့် တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။

"သူတို့ ရောက်လာပြီဟေ့။ ဒါရိုက်တာကျိုး ရောက်လာပြီ။"

အဖွဲ့ခေါင်းဆောင်က ကျန်းမန်မန်ကို မြင်သောအခါ လှမ်းခေါ်လိုက်၏။"ရဲဘော်ကျန်း... မင်းမှာ ဆေးကုသခွင့် လက်မှတ်ရှိတယ် မဟုတ်လား။ လာပါဦး... လျိုကျန့်ယဲ့ရဲ့ ခြေထောက်ကို ကြည့်ပေးပါဦး။"

လူအုပ်ကြီးလည်း အံ့အားသင့်ကာ ဝိုင်းပြောကြတော့သည်။

"ရဲဘော်ကျန်းက ဆေးလည်း ကုတတ်တာလား။ လက်မှတ်တောင် ရှိတယ်ပေါ့။"

"သူကတော့ တကယ့်ကို ထူးချွန်တဲ့သူပဲ။"

"ဒါရိုက်တာကျိုးကတော့ ရတနာတစ်ပါးကို ရလိုက်တာပဲဟေ့။"

ကျန်းမန်မန်သည် လူအုပ်ကြားမှ တိုးဝင်ကာ လျိုကျန့်ယဲ့၏ ဘေးသို့ ရောက်လာခဲ့သည်။

သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထားရ၏။ သူ၏ ပေါင်သည် အသားတစ်ဝက်လန်သည်အထိ အကိုက်ခံထားရပြီး အသားစသည်လည်းအရေပြားလေးနှင့် ကပ်ရုံ အနေအထားသာ ရှိနေတော့သည်။

"အား...!"

အသားတစ်ဖတ်လုံး ပြတ်ထွက်သွားလျှင်တောင် တော်သေးသည်။

ယခုကဲ့သို့ တန်းလန်းကြီး ဖြစ်နေသည့် ဒဏ်ရာက ကုသရ ပိုခက်၏။ ကျန်းမန်မန်လည်း အခြားနည်းလမ်းမရှိသဖြင့် ဒဏ်ရာကို အရင်ဆုံး ပိုးသတ်လိုက်သည်။

ထို့နောက် တွဲလောင်းဖြစ်နေသော အသားစကို မူလနေရာသို့ ပြန်၍ ဂရုတစိုက် ချုပ်ပေးလိုက်သည်။

"ကျွန်မ ဒါကို ပြန်ချုပ်ပေးထားမယ်၊ ပြီးတော့မှ အခြေအနေကို စောင့်ကြည့်ရမှာပေါ့။ အကယ်၍ အသားက ပြန်မကပ်ဘဲ ပုပ်သွားမယ်ဆိုရင်တော့ ဒါကို ဖြတ်ပစ်ရလိမ့်မယ်။"

လျိုကျန့်ယဲ့၏ မိခင်ကတော့ ဘေးမှနေ၍ ငိုယိုနေလေတော့သည်။

"ကံဆိုးလိုက်တာအေ! နေ့ခင်းကြောင်တောင်ကြီး ဝံပုလွေက ကိုက်ရတယ်လို့။ ရဲဘော်ကျန်းရယ်... ချုပ်ပေးထားလို့မှ အသားက ပြန်မကောင်းလာရင် ပြန်ဖြတ်ရဦးမှာဆိုတော့ အခုပဲ ဒါကို ပတ်တီးစည်းပြီး မြို့နယ်ဆေးခန်းကို တန်းသွားလိုက်ရင် မကောင်းဘူးလား။"

ကျန်းမန်မန်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေပါသည်။ ဤအချက်ကြောင့်ပင် သူမသည် လူထက် တိရစ္ဆာန်ကို ပို၍ ကုချင်ခြင်းဖြစ်သည်။ တိရစ္ဆာန်များသည် စောဒကတက်ခြင်း သို့မဟုတ် ရှုပ်ရှုပ်ယှက်ယှက် လုပ်ခြင်းမျိုး မရှိပေ။ တိရစ္ဆာန်ဆိုလျှင် သူမ လုပ်စရာရှိသည်ကိုသာ တန်းလုပ်လိုက်ရုံပင်။

"ကောင်းပါပြီ၊ အဒေါ်တို့ သဘောအတိုင်းပါပဲ။ ကျွန်မ လောလောဆယ်တော့ ပိုးသတ်ပြီး ပတ်တီးစည်းပေးထားပါ့မယ်။"

လျိုကျန့်ယဲ့၏ ဒဏ်ရာကို ကုသပေးပြီးနောက် သူမသည် တောဝက်ကို သွားရောက် စစ်ဆေးကြည့်လိုက်သည်။

လျိုကျန့်ယဲ့၏ မိသားစုကတော့ ထိုညမှာပင် သူ့ကို မြို့နယ်ဆေးခန်းသို့ ခေါ်ဆောင်သွားကြတော့သည်။

တောဝက်ကတော့ မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်မည့် အခြေအနေတွင် မရှိတော့ပေ။

ထို့ကြောင့် ကျန်းမန်မန်သည်လည်း အချိန်ဆွဲမနေဘဲ တစ်ချက်တည်းဖြင့်ပင် ထိုတောဝက်၏ ဝေဒနာကို အဆုံးသတ်ပေးလိုက်တော့သည်။

All Chapters