အခန်း ၅၉
Vol. 6 Ch. 59
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ
အပိုင်း ၅၉
ကျိုးယဲ့သည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ပြီး မတ်တတ်ရပ်ကာ စစ်သားပီပီ အလေးပြုလိုက်လေသည်။
"မင်္ဂလာပါ ဗိုလ်မှူးကြီး!"
ဗိုလ်မှူးရှန်က ပြုံးလျက် ခေါင်းညိတ်ပြကာ လက်ယမ်းပြလိုက်သည်။
"ဒီနေရာက စစ်တပ်မဟုတ်ပါဘူးကွာ။ မင်းသာ စစ်တပ်ထဲကနေ အငြိမ်းစားယူပြီး ဒီကို ပြောင်းမလာခဲ့ရင် တစ်ချိန်ကျရင် ငါ့နေရာကိုတောင် မင်း ဆက်ခံရမှာ။ အခု ကျားသစ်တစ်ကောင်လုံးကိုတောင် သတ်လိုက်နိုင်တယ်ဆိုတော့ မင်းရဲ့ဒဏ်ရာတွေ အကုန်သက်သာသွားပြီ ထင်တယ်။"
ကျိုးယဲ့က ရယ်မောရင်း သူတို့ထိုင်ရန် ထိုင်ခုံများကို အမြန်ပြင်ပေးလိုက်သည်။ "အတွင်းရေးမှူးခန်... ထိုင်ပါဦး။ မဟုတ်ပါဘူး ဗ်ိုလ်မှူးကြီးရာ၊ ကျွန်တော့်ဒဏ်ရာက အမြစ်ပြတ်အောင် မပျောက်သေးပါဘူး။ ဒါနဲ့ ဗိုလ်မှူးကြီးတို့ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ။"
ဗိုလ်မှူးရှန်က ထိုင်လိုက်ရင်း အကျိုးအကြောင်း ရှင်းပြသည်။
"ငါတို့ တပ်ရင်းအတွက် ဝက်သားလာဝယ်ရင်းနဲ့ မင်း ကျားသစ်သတ်လိုက်တဲ့ သတင်းကို ကြားလို့ ကိုယ်တိုင်လာကြည့်တာပါ။ မင်းကတော့ ငါ့ကို ဘယ်တော့မှ စိတ်မပျက်စေဘူးပဲ။ အဲ့ဒီ ကျားသစ်သားရေကိုတော့ ငါ့ကိုပေးလိုက်၊ တပ်ထဲမှာ အမှတ်တရပြသဖို့ ငါယူသွားမယ်။ ပြီးတော့ ဒီနားမှာ ဝံပုလွေတွေ ရှိနေပြီး လူတစ်ယောက်တောင် ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ ငါလည်း ဘယ်လိုလုပ်ပေးရမလဲ စဉ်းစားနေတာ၊ အခု မင်း ဒီမှာရှိနေပြီဆိုတော့ မင်းအတွက် ရိုင်ဖယ်သေနတ်တစ်လက်နဲ့ ကျည်ဆန် အတောင့်တစ်ရာ ထုတ်ပေးဖို့ ငါကိုယ်တိုင် တောင်းဆိုပေးမယ်။ ငါတို့ဘက်က လူလွှတ်ပေးရင်တောင် ၂၄ နာရီပတ်လုံး ဒီမှာ စောင့်ကြည့်နေဖို့က မလွယ်ဘူးလေ။ ဒါကြောင့် မင်းကိုပဲ ဒီတာဝန်ပေးလိုက်တာက ပိုပြီး အဓိပ္ပာယ်ရှိတယ်။ မင်းက ဒီမှာ နေ့တိုင်းရှိနေတာဆိုတော့ တစ်နေ့နေ့မှာ အဲ့ဒီဝံပုလွေနဲ့ ပြန်ဆုံမှာပဲ။ ဒါကြောင့် ဒီဒေသရဲ့ လုံခြုံရေးကို မင်းလက်ထဲပဲ အပ်ခဲ့မယ်။"
(ဤဖြစ်ရပ်မှာ ၁၉၇၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။)
ဘေးမှ နားထောင်နေသော ကောမာဇီ၏ မျက်လုံးများသည် အားကျစိတ်ဖြင့် တောက်ပနေခဲ့သလို ကျိုးယဲ့သည်လည်း ပြုံးပျော်နေတော့သည်။
တိရစ္ဆာန်များကို အစာကျွေးနေသော ကျန်းမန်မန်ပင်လျှင် ထိုစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက်ပသွားရ၏။ ထိုခေတ်ကာလတွင် သေနတ်တစ်လက်ကို လွယ်လွယ်နှင့် ထုတ်ပေးလေ့မရှိသဖြင့် ဤကဲ့သို့သော ဆုလာဘ်မျိုး ရရှိမည်မှာ လုံးဝကို မမျှော်လင့်ထားသော ကိစ္စပင်။
"ကောင်းပါပြီ။ ဗိုလ်မှူးတို့ စိတ်မပျက်စေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်။"
အတွင်းရေးမှူးခန်ကလည်း သဘောကျစွာဖြင့် ပြုံးနေတော့သည်။ တိုင်းအဆင့် စစ်တပ်က ပေးအပ်သည့် ဆုလာဘ်နှင့် ယှဉ်လျှင် သူတို့ဌာနက ပေးမည့်ဆုမှာ အသေးအဖွဲလေးသာ ရှိတော့သည် မဟုတ်လား။
ကျိုးယဲ့သည် သူ၏လက်ထဲမှ ကျားသစ်သားရေကို ကြည့်လိုက်ပြီးမှ ဗိုလ်မှူးရှန်ကို ပြန်မေးလိုက်သည်။
"ဗိုလ်မှူးကြီး... အဲဒီ သားရေကို နောက်တော့ ကျွန်တော့်ကို ပြန်ပေးမှာမလား။ ကျွန်တော့်မိန်းမကို ဒါနဲ့ သားရေအင်္ကျီ လုပ်ပေးမယ်လို့ ကတိပေးထားလို့ပါ။"
ဗိုလ်မှူးရှန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။"မင်းကတော့လေ။ မပူပါနဲ့၊ ပြသပြီးတာနဲ့ မင်းဆီကို အရောက်ပြန်ပို့ပေးမယ်။ ဒါနဲ့ ဘယ်သူက မင်းမိန်းမလဲ။"
ကျန်းမန်မန်က သူတို့အနားသို့ လျှောက်လာခဲ့၏။ ကျိုးယဲ့ကတော့ လက်များတွင် သွေးများ ပေကျံနေသဖြင့် ခေါင်းဖြင့်သာ အချက်ပြလိုက်သည်။
"ပညာတတ်လူငယ်ကျန်းပါ၊ ကျွန်တော့်ဇနီးပေါ့။"
ကျန်းမန်မန်က ရှေ့သို့ တိုးလာပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဗိုလ်မှူးရှန်နဲ့ အတွင်းရေးမှူးခန်။"
အတွင်းရေးမှူးခန်က သူမကို မှတ်မိနေသည်။ လွန်ခဲ့သောရက်ပိုင်းက တောဝက်ထောင်ချောက်ဆင်နည်းကို အကြံဉာဏ်ပေးခဲ့သဖြင့် သူမကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ဖူးသည်။
"ရက်ပိုင်းလေးပဲ ရှိသေးတာကို မင်း တော်တော်လေး ပိန်သွားသလိုပဲနော်။"
သူက "ရက်ပိုင်းလေး" ဟု ဆိုလိုက်သော်လည်း အမှန်တကယ်တွင်မူ တစ်လခန့် ရှိပြီဖြစ်သည်။ တစ်လအတွင်း ပေါင်နှစ်ဆယ်ခန့် ကျသွားခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
သူမသည် အစားအသောက်ကို စနစ်တကျ ထိန်းချုပ်စားသောက်ပြီး Pamela Reif ၏ လေ့ကျင့်ခန်း ဗီဒီယိုများအတိုင်း လိုက်လုပ်နေသည့်အပြင် နေ့တိုင်းလည်း အပြေးလေ့ကျင့်ခန်း အကြိမ်တစ်ထောင်ထက်မနည်း ပြုလုပ်နေခဲ့သည်။
မူလကတည်းက သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဖောယောင်နေသဖြင့် ယခုကဲ့သို့ ကိုယ်အလေးချိန် မကျဆင်းလာလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
"ဟုတ်ကဲ့၊ ဝိတ်နည်းနည်းကျသွားတာပါ။ အခုဆိုရင် ပိုပြီး ကျန်းမာလာသလို ခံစားရတယ်။"
"မြန်လိုက်တာ။ ဒါနဲ့ မင်းတို့နှစ်ယောက်က လက်ထပ်ပြီးသွားကြပြီလား။ ငါ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး။"
ကျန်းမန်မန်က ပြုံးရုံသာ ပြုံးပြလိုက်သည်။ 'ရှင် မမျှော်လင့်ထားတာတွေ အများကြီး ကျန်ပါသေးတယ်။'
ဗိုလ်မှူးရှန်ကလည်း သဘောကျသည့်ဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလ်ိုက်၏။
"မဆိုးဘူး။ တကယ့် ရဲဘော်ကောင်းတစ်ယောက်ပဲ။"
ဤတိုင်းအဆင့် စစ်တပ်အရာရှိကြီးကို မြင်လိုက်ရသောအခါ ကျန်းမန်မန်၏ ဦးနှောက်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။
'ဟို ရှောင်ဝမ်ရွှမ် ဆိုတဲ့ကောင်က စစ်တပ်ထဲဝင်ချင်နေတာ မဟုတ်လား။ အခုအချိန်ဆို သူ တပ်ရင်းကို သတင်းပို့ပြီးလောက်ပြီ။'
သူ့ကို တိုင်စာရေးရမည့်အချိန် ရောက်လာခဲ့လေပြီ။
အချို့လူများသည် လက်လွှတ်လိုက်ရမှသာ တန်ဖိုးထားတတ်ကြသည်။ ထို့ကြောင့် ထို ခါးသီးမှုကို သူ မြည်းစမ်းစေနိုင်ရန် သူမ သေချာပေါက် လုပ်မည်ဖြစ်သည်။
သူမ ဆုံးဖြတ်ချက် ချလိုက်၏။ ဒီည တိုင်စာရေးမည်။ တစ်စောင်တည်း မဟုတ်ဘဲ ဆယ်စောင် ရေးမည်။ ထိုကောင် ရာထူးကနေ မပြုတ်ဟု သူမ မယုံကြည်ပေ။
ဗိုလ်မှူးရှန်ကတော့ သူမကို အဆက်မပြတ် ချီးမွမ်းနေဆဲပင်။ "တောဝက်တွေကို ဖမ်းဖို့ အစီအစဉ်ဆွဲခဲ့တာလည်း မင်းပဲလို့ ကြားတယ်။ တကယ်ကို တော်တဲ့ ပညာတတ်လူငယ်လေးပဲ။ မင်းတို့လို လူငယ်တွေကို နယ်ဘက်ဆင်းခိုင်းတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။"
ကျန်းမန်မန်ကတော့ ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်သည်။ ခေတ်စနစ်တိုင်းတွင် သူ့ထူးခြားချက်နှင့်သူ ရှိစမြဲပင်။
"ဟုတ်ပါတယ်။"
သူတို့ ခဏတာ စကားစမြည် ပြောဆိုပြီးနောက် ဗိုလ်မှူးရှန်သည် ကျားသစ်သားရေကို ယူကာ ထွက်ခွာသွားတော့သည်။ ထိုညတွင် ကျိုးယဲ့နှင့် ဝမ်ကျားရှင်းတို့ ညစောင့်တာဝန် ကျ၏။
ကျန်းမန်မန်သည် ထန်ရှောင်မင်၏ အိမ်တွင် ညစာသွားချက်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူမတို့အိမ်တွင် မီးဖိုတစ်ခုတည်းသာ ရှိသောကြောင့်ဖြစ်သည်။ ဘဲဥနှင့် ငန်းဥများကို သားဖောက်နိုင်ရန်အတွက် အပူချိန် တည်ငြိမ်နေမှဖြစ်မည်။ ထိုမီးဖိုမှာတင် ချက်ပြုတ်လိုက်ပါက အပူချိန်က မညီမညာ ဖြစ်သွားနိုင်သည်။
ဖောက်မည့်ဥများကို အိပ်ရာစွန်းဘက် ရွှေ့ထား၍ ရသော်လည်း အလုပ်ရှုပ်ခံနေမည့်အစား ထန်ရှောင်မင်၏ အိမ်တွင်သာ သွားချက်ပြုတ်လိုက်ခြင်းက ပိုလွယ်ကူသည်။
"နင်က တကယ် တော်တာပဲ။ ပြီးတော့ နင်တစ်ယောက်တည်း ပိန်လာတာ၊ ကျန်တဲ့သူတွေကတော့ ဝလာကြတယ်၊ ဟားဟား။ မန်မန်... နင် တမင်လုပ်နေတာလား။"
ထိုသို့ပြောနေသော်လည်း ကျန်းမန်မန် ချက်သည့်ဟင်းက တကယ်ကို ထူးခြားစွာ အရသာရှိနေလေသည်။
ဒီညအတွက် ကျန်းမန်မန်သည် ဝက်သားဂေါ်ဖီထုပ်ကြော်ကို အရိုးရှင်းဆုံး ပုံစံဖြင့် ချက်လိုက်သည်။ သို့သော်လည်း သူမ ချက်ထားသည့်အတွက် ပုံမှန်ထက် အရသာရှိနေ၏။ သကြား အနည်းငယ် ထည့်လိုက်သဖြင့် ဂေါ်ဖီထုပ်၏ ချိုမြိန်မှုက ပိုပေါ်လွင်သွားခဲ့သည်။
အဆီနှင့်အသား မျှတသော ဝက်သုံးထပ်သားနှင့် ဂေါ်ဖီထုပ်သည် တကယ်ကို လိုက်ဖက်လှသည်။ ထိုအရသာရှိသော ဟင်းတစ်ခုတည်းနှင့်တင် ထမင်းဖြူ နှစ်ပန်းကန်လောက် ကုန်သွားနိုင်သည်။ သူမသည် အသားကိုလည်း ရက်ရက်ရောရော ထည့်ထားခဲ့သေးသည်။
သူမကိုယ်တိုင်ကတော့ နည်းနည်းသာ စားပြီး ထန်ရှောင်မင်အတွက် ဝေစုတစ်ခု ချန်ထားခဲ့ကာ ကျန်သည့်ဟင်းများကို ကျိုးယဲ့အတွက် ဝက်မွေးမြူရေးခြံဆီသို့ ယူလာခဲ့သည်။ ဝမ်ကျားရှင်းလည်း ရှိနေမည်ကို သိသဖြင့် သူမသည် ထမင်းဘူး နှစ်ဘူး ထည့်လာခဲ့လိုက်သည်။
ဝက်ခြံသို့ ရောက်သောအခါ တစ်စုံတစ်ယောက်က သူတို့ထံ အစားအသောက် လာပို့ထားသည်ကို တွေ့လိုက်ရလေသည်။ ကျန်းမန်မန်သည် လုဟုန်ကျွမ်းကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားမိ၏။
ဒီမိန်းကလေးက ဘာလဲ။ အခု သူမယောက်ျားကိုပါ လိုက်ကပ်နေပြီလား။
"ဒါရိုက်တာကျိုး... အထင်မလွဲပါနဲ့။ ဒီနေ့ ရှင် ကျွန်မတို့ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မက အစားအသောက် လာပို့ပေးတာပါ။ ကျေးဇူးပြုပြီး စားပေးပါနော်။ မိုးလည်း တော်တော်ချုပ်နေပြီ၊ ပညာတတ်လူငယ်ကျန်းကလည်း အခုထိ ပေါ်မလာသေးတော့ ရှင် ဗိုက်ဆာနေမှာ စိုးလို့ပါ။"
"ကျွန်တော် ဗိုက်ဆာ၊ မဆာ ကျွန်တော့်ဘာသာ သိပါတယ်။ ကျွန်တော့်မိန်းမက ကျွန်တော့်အတွက် အစားအသောက် လာပို့ပေးလိမ့်မယ်။ မင်း မလိုအပ်တဲ့ စေတနာတွေ ပြစရာ မလိုပါဘူး။ အခုချက်ချင်း အိမ်ပြန်ဖို့ ကျွန်တော် အကြံပေးချင်တယ်၊ မဟုတ်ရင်တော့ မလျော်ကန်တဲ့ အပြုအမူနဲ့ တိုင်ကြားရလိမ့်မယ်။
ညအချိန်ကြီး အိမ်ထောင်သည်ယောက်ျားတစ်ယောက်ဆီကို ထမင်းလာပို့တယ်ဆိုတော့... မင်း ဘာတွေ ကြံရွယ်နေတာလဲ။"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ကျားရှင်းကလည်း ဘေးမှနေ၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝင်ထောက်ပြလိုက်၏။
"ဒါတွေက ဘာတွေလဲ။ ကျွန်တော်တို့ အစ်ကိုယဲ့မှာက မိန်းမရှိပြီးသား။ ကျွန်တော်တို့ မရီးကလည်း အရမ်းတော်တာ... ခင်ဗျားက ဘာတွေကို သက်သေပြချင်လို့ လာပြီး မျက်နှာလာလုပ်နေတာလဲ။"
ခြံစည်းရိုးအပြင်ဘက်တွင်မူ ကျန်းမန်မန်က နှာခေါင်းရှုံ့ကာ ရယ်မောလိုက်သည်။
"ရဲဘော်ဝမ်... ရှင်ကတော့ တကယ့်ကို ရဲဘော်ကောင်းပါပဲ။ ဒါကြောင့်လည်း ရှင့်အတွက်ပါ ထမင်းတစ်ပွဲ အပိုထည့်လာပေးတာပေါ့။"
ဝက်ခြံကို စောင့်ကြည့်နေကြသည့် ကျိုးယဲ့နှင့် ဝမ်ကျားရှင်းတို့ နှစ်ဦးစလုံးသည် သူမ၏အသံကို ကြားသည်နှင့် ချက်ချင်းလှည့်ကြည့်လိုက်ကြပြီး မျက်နှာများသည်လည်း ပြုံးပျော်သွားကြတော့သည်။
"မရီး... ကျွန်တော့်အတွက်ပါ ပါတာလား။"
ကျိုးယဲ့က ကျန်းမန်မန်ရှိရာသို့ အပြေးအလွှား ရောက်လာသည်။ "မိန်းမ... ကိုယ် ယူလိုက်တော့မယ်နော်။"
သူသည် ထမင်းဘူးနှစ်ခုထည့်ထားသည့်အိတ်ကို လှမ်းယူလိုက်သည်။
ကျိုးယဲ့က ထမင်းဘူးတစ်ဘူးကို ဝမ်ကျားရှင်းထံ ကမ်းပေးလိုက်ပြီး သူ၏ ထမင်းဘူးကို ဖွင့်လိုက်သည်။
ထို့နောက် သွားဖုံးများပေါ်သည်အထိ ပြုံးလိုက်တော့၏။
"ဂေါ်ဖီထုပ်နဲ့ ဝက်သားကြော်ထားတာပါလား... အင်း...မွှေးနေတာပဲ။"
ကျိုးယဲ့ အားရပါးရ စားနေသည်ကို မြင်သောအခါ ဝမ်ကျားရှင်းသည်လည်း တံတွေးတစ်ချက် မျိုချလိုက်ပြီး ငြင်းဆန်မည့် စိတ်ကူးကို လက်လွှတ်လိုက်တော့သည်။
"ဒါဆိုရင် ကျွန်တော်လည်း အားနာမနေတော့ဘူးနော်။ မရီးရဲ့ လက်ရာကို မြည်းစမ်းကြည့်ရမယ်...ဝါး...အသားတွေ။ အသားတွေ အများကြီးပဲ။ ကျွန်တော်တော့ ကံကောင်းပြီထင်တယ် ဟားဟားဟား။
"ဟင်။ ပညာတတ်လူငယ်လု... ခင်ဗျား မပြန်သေးဘူးလား။"
လုဟုန်ကျွမ်း၏ မျက်နှာမှာ တောင့်တင်းသွားခဲ့သော်လည်း ကျန်းမန်မန်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
"ပညာတတ်လူငယ်လု... နင်လည်း ထမင်းလာပို့တာပဲလား။"