အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) ညအချိန် ကြယ်တာရာများကို ကြည့်ရှုခြင်း
လင်ကွေ့ဖေးသာ နန်းတော်ပြင်ပသို့ အပို့ခံလိုက်ရမည်ဆိုပါက သူမ၏ ရှည်လျားလှသော ဘဝကြီးထဲတွင် မျှော်လင့်စရာဟူ၍ ဘာမှရှိတော့မည် မဟုတ်ပေ။
လင်ကွေ့ဖေး ယခုလို ငိုကြွေးနေခြင်းမှာ အမှန်တကယ် ဝမ်းနည်း၍ဟု ထင်မှတ်ရသော်လည်း သူမ၏ ရင်ထဲတွင် အကြံအစည်များဖြင့် ပြည့်နှက်နေလိမ့်မည်ဟု မည်သူမျှ ထင်ထားမည် မဟုတ်ချေ။
အရှင်မင်းကြီးက ယောင်ထိုင်စံအိမ် တစ်ခုလုံး ကြီးကျယ်ခမ်းနားနေသော်လည်း နွေးထွေးမှု တစ်စက်လေးမျှ မရှိသည်ကို ကြည့်ရင်း သုန်ယွီကျုံးဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။
"ကွေ့ဖေးက မကောင်းဆိုးဝါးဝင်ပူးပြီး ခေါင်းကိုက်ရောဂါ ဖောက်လာတယ်… ဒီနေ့ကစပြီး ယောင်ထိုင်စံအိမ်မှာပဲ အေးအေးဆေးဆေး အနားယူပြီး ရောဂါကုသစေ… မောင်းမဆောင်ကိစ္စတွေကိုတော့ ယီဖေး လန်ဖေးနဲ့ ယင်းကွေ့ဖင်တို့ သုံးယောက် ပူးပေါင်းပြီး စီမံကြ… မဖြေရှင်းနိုင်တဲ့ ကိစ္စရှိရင် ကိုယ်တော့်ဆီ လာလျှောက်တင်ကြ"
"ဟုတ်ကဲ့ပါ… ဒီအစေခံ အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်"
ထိုသို့ ပြောဆိုပြီးနောက် အရှင်မင်းကြီးက နောက်သို့ တစ်ချက်လေးမျှ ပြန်လှည့်မကြည့်တော့ဘဲ ယောင်ထိုင်စံအိမ်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။
လင်ကွေ့ဖေး တစ်ယောက်တည်းသာ ကြမ်းပြင်ပေါ်တွင် ကြောင်အမ်းအမ်းဖြင့် ဒူးထောက်ကျန်ရစ်ခဲ့ပြီး ဆက်၍ ငိုကြွေးနေရန် ခွန်အားနှင့် စိတ်ကူးပင် မရှိတော့ချေ။
အရှင်မင်းကြီး ထွက်သွားပြီးမှသာ ချင်ဟယ့်နှင့် ချင်လျိုတို့က လင်ကွေ့ဖေးကို တွဲထူရန် ချက်ချင်း ရှေ့သို့ တိုးလာကြ၏။
သို့သော် လင်ကွေ့ဖေးက သူတို့နှစ်ယောက်ကို လက်ဖြင့် ရိုက်ဖယ်လိုက်လေသည်။
"လင်ဝမ်ယိ… သခင်မသုန်"
လင်ကွေ့ဖေးက ထိုသူနှစ်ယောက်၏ နာမည်ကို အရိုးထဲထိ စိမ့်ဝင်မတတ် နာကြည်းမုန်းတီးစွာဖြင့် အော်လိုက်ပြီး သူတို့၏ အသားကိုစားကာ သွေးကို သောက်ချင်နေသည့်အလား ဒေါသထွက်နေလေသည်။
အကယ်၍သာ လင်ကွေ့ဖေး၏ လက်ထဲတွင် ဓားတစ်ချောင်း ရှိနေပါက လင်ဝမ်ယိကို ပေါက်ပြဲသွားသည်အထိ ထိုးနှက်ပြီးလောက်ပြီ ဖြစ်၏။
လင်ဝမ်ယိ နန်းတွင်းသို့ မဝင်လာခင်က ဒုတိယအိမ်ထောင်စုသည် ပထမအိမ်ထောင်စုကို အမြဲတမ်း ဖိနှိပ်ထားနိုင်ခဲ့သည် မဟုတ်လား။
"ဘယ်လိုလုပ်ပြီး နှစ်လ သုံးလလေးအတွင်းမှာတင် အဘိုးရဲ့ စိတ်က ပြောင်းလဲသွားရတာလဲ… အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကရော ဘာလို့ ပြောင်းသွားရတာလဲ"
"ဘယ်နေရာမှာ မှားယွင်းသွားလို့ ငါတို့ ဒုတိယအိမ်ထောင်စုက လူတွေ အခုလိုမျိုး ရှေ့ဆက်ရ ခက်ခဲတဲ့ အခြေအနေကို ရောက်သွားရတာလဲ"
လင်ကွေ့ဖေး၏ ရူးသွပ်တော့မည့် ပုံစံကို ကြည့်ရင်း ကျန်းဟယ်ချင့်၏ မျက်နှာထားက အလွန်ပင် လေးနက်တည်ကြည်သွားလေသည်။
အကယ်၍သာ လင်ကွေ့ဖေး ယခုလို ပြိုလဲသွားမည်ဆိုပါက သူတို့လို အစေခံများသည်လည်း တစ်ယောက်မကျန် ဒုက္ခရောက်ကြရမည်မှာ အသေအချာပင်။
မိမိ၏ အသက်အန္တရာယ်နှင့် အနာဂတ်အတွက် ကျန်းဟယ်ချင့်သည် လင်ကွေ့ဖေးကို ပို၍ နှစ်သိမ့်ပေးရမည်ဟု တွေးလိုက်လေ၏။
ထို့ကြောင့် သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ပြောလိုက်သည်။
"မယ်မယ်… တောင်တန်းတွေ ရှိနေသရွေ့ ထင်းမရှိမှာကို ပူစရာမလိုပါဘူး… ကျွန်တော်မျိုးတို့ အခု အကျပ်ရိုက်နေရပေမဲ့ မင်ချန်ကျိုက်ဆီမှာတော့ အစောကြီးကတည်းက အရာရာကို သေချာ စီစဉ်ထားပြီးသားပါ… သူသာ နေရာတစ်ခု ပြန်ရလာရင် ကျွန်တော်တို့ရဲ့ ဒီလို အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းက သူ့အလိုလို ပေါ်လာမှာပါ"
ကျန်းဟယ်ချင့်က မင်ချန်ကျိုက် အကြောင်းကို ရုတ်တရက် ထည့်ပြောလိုက်မှသာ လင်ကွေ့ဖေးမှာ အသက်ဝင်လာလေသည်။
"ဟုတ်တယ်… ဟုတ်တယ်… ချီချောင်ပွဲတော်ကျရင် သေချာပေါက် အကွက်ကျကျ လှုပ်ရှားရမယ်လို့ မင်ချန်ကျိုက်ကို လူလွှတ်ပြီး မြန်မြန် သွားပြောလိုက်… လင်ဝမ်ယိဆိုတဲ့ ခွေးမလေးက ဘယ်လောက်ကြာကြာများ ထောင်လွှားနိုင်ဦးမလဲ ဆိုတာကို ဒီအရှင်မ စောင့်ကြည့်ရသေးတာပေါ့"
လင်ကွေ့ဖေး၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားကြောင့် အစေခံများအားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အသီးသီး ပေါ်လွင်နေကြလေ၏။
အခြားတစ်ဖက်တွင်မူ အရှင်မင်းကြီးသည် ယောင်ထိုင်စံအိမ်မှ ထွက်ခွာလာပြီးနောက် ဟွေ့ဖန်းယာခြံဝင်း ဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။
သူ ရောက်ရှိသွားချိန်တွင် လမင်းကြီးကပင် ထွက်ပေါ်နေပြီ ဖြစ်ကာ ကြယ်ပွင့်လေးများကလည်း ကောင်းကင်ယံတွင် ပြည့်နှက်နေပေသည်။
နွေရာသီ၏ လေပြေလေညင်းလေးများ တိုက်ခတ်နေပြီး လင်ဝမ်ယိက စင်္ကြံလမ်းတွင် ထိုင်ကာ ခေါင်းမော့ကြည့်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံး အေးချမ်းတိတ်ဆိတ်နေလေ၏။
အရှင်မင်းကြီး ရောက်လာချိန်တွင် ထိုမြင်ကွင်းလေးကို အချိန်ကိုက် တွေ့လိုက်ရသဖြင့် မူလက ဒေါသထွက်နေသော သူ၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း ပြေလျော့သွားတော့သည်။
လင်ဝမ်ယိသည် သူမ၏ အနီးအနားရှိ လူကို စိတ်အေးချမ်းမှု ပေးနိုင်သော စွမ်းရည်တစ်မျိုး ရှိနေပေသည်။
အရှင်မင်းကြီးက ခြေလှမ်းရွှေ့ကာ လျှောက်သွားသော်လည်း လင်ဝမ်ယိမှာ ငေးမောကြည့်နေသဖြင့် သူရောက်လာသည်ကို လုံးဝ သတိမထားမိချေ။
သို့သော် သူမ၏ ဘေးတွင် ရပ်နေသော ချွမ်ချီနှင့် ရှအန်းတို့က အရှင်မင်းကြီးကို အရင်ဆုံး မြင်တွေ့သွားကြပြီး ချက်ချင်းပင် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြလေသည်။
"ဒီအစေခံ ချွမ်ချီ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ"
"ဒီအစေခံ ရှအန်း အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ"
ထိုနှုတ်ဆက်သံများက လင်ဝမ်ယိကို လန့်ဖြပ်သွားစေပြီး သူမက ထိုအခါမှသာ သတိဝင်လာကာ အနည်းငယ် အံ့ဩသွားသည့် ဟန်ဖြင့် မတ်တပ်ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဂါရဝပြုလိုက်လေ၏။
"ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး ကျန်းမာပါစေ"
"အင်း… ထကြတော့"
အရှင်မင်းကြီးက ပြောရင်းဆိုရင်း ရှေ့သို့ လျှောက်လာပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ရာ နွေရာသီတွင် မည်မျှပင် ပူပြင်းနေစေကာမူ သူမ၏ လက်ကလေးများမှာ ရေခဲလို အေးစက်နေသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ခန္ဓာကိုယ်တောင် သေချာ ပြန်မကောင်းသေးတာကို… အပြင်ဘက်မှာ ဘာလို့ လေအေး လာခံနေရတာလဲ"
ထိုစကားကို ကြားသောအခါ အစေခံများအားလုံးက မျက်လွှာချကာ အသံမထွက်ရဲကြချေ။
ယခုက ဇူလိုင်လ၏ ရာသီဥတုဖြစ်ရာ ဘယ်နေရာကနေ လေအေးများ တိုက်ခတ်နိုင်မည်နည်း။ သို့သော် အရှင်မင်းကြီးသည် တိုင်းပြည်၏ အရှင်သခင် ဖြစ်သဖြင့် သူက ရှိသည်ဟုဆိုလျှင်လည်း ရှိရမည်သာ။ အစေခံများ အနေဖြင့် အရှင်မင်းကြီး၏ စကားကို မည်သို့လျှင် ဝင်ရောက် စွက်ဖက်ရဲမည်နည်း။
ပုံမှန်အချိန်ဆိုလျှင် လင်ဝမ်ယိ တစ်ယောက် အရှင်မင်းကြီးက အပိုပြောနေသည်ဟု သေချာပေါက် တွေးမိပေလိမ့်မည်။ သို့သော် သူမ၏ မိခင် လာရောက်သွားပြီးနောက်ပိုင်းတွင် သူမ၏ ရင်ထဲ၌ ကျေးဇူးတင်ခြင်းမှလွဲ၍ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည့် စိတ်များလည်း ရှိနေခဲ့သည်။
အဆိပ်မိသည့် ကိစ္စမှာ မူလကတည်းက သူမ မတတ်သာ၍ လုပ်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် အရှင်မင်းကြီး၏ လုပ်ရပ်များကြောင့် သူမ အနည်းငယ် အားနာသွားရသည်။ နားလည်အောင် ပြောရမည်ဆိုလျှင် သူမက အရှင်မင်းကြီးကို လှည့်စားရန် နည်းလမ်းများ အသုံးပြုခဲ့သည် မဟုတ်လား။ ထို့ကြောင့် သူ၏ လိုလေသေးမရှိသော ဂရုစိုက်မှုများကို ရင်ဆိုင်ရချိန်တွင် သူမကိုယ်သူမ အရှင်မင်းကြီးအပေါ် အားနာနေမိလေ၏။
"အင်း… နောက်တစ်ခါဆိုရင် ကျွန်တော်မျိုးမ အဝတ်အစား ပိုဝတ်ဖို့ မှတ်ထားပါ့မယ်"
အရှင်မင်းကြီးက တိတ်ဆိတ်သွားပြီး လင်ဝမ်ယိအနေဖြင့် နောက်တစ်ခါ အပြင်မထွက်တော့ဘူးဟု ပြောလာမည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်လည်း ဤနွေရာသီ ညကောင်းကင်ယံရှိ ကြယ်လေးများက တကယ့်ကို လှပလွန်းလှသဖြင့် သူကိုယ်တိုင်လည်း မျက်တောင်မခတ်ဘဲ ခေါင်းမော့ကာ လိုက်ကြည့်နေမိလေသည်။
"ကျွန်တော်မျိုးမရဲ့ အဖေက ငယ်ငယ်ကတည်းက ဒီလို နက္ခတ်တာရာတွေကို ကြည့်ရတာ သဘောကျတဲ့အတွက် အများကြီး လေ့လာခဲ့ဖူးတယ်… အရင်တုန်းက အိမ်မှာ ရှိနေတုန်းကဆိုရင် ကျွန်တော်မျိုးမရယ် အစ်ကိုရယ် မောင်လေးရယ်က ခြံထဲက ကျောက်ထိုင်ခုံလေးမှာ ဝိုင်းထိုင်ပြီး သစ်သီးတွေ စားရင်း အဖေပြောပြတဲ့ ပုံပြင်တွေကို နားထောင်ရတာ သဘောကျကြတယ်"
လင်ဝမ်ယိက စကားပြောရင်းနှင့် ညကောင်းကင်ယံရှိ အလင်းလက်ဆုံး ကြယ်လေးတစ်ပွင့်ကို လက်ညှိုးထိုးပြလိုက်လေ၏။
"အရှင်မင်းကြီး ဟိုမှာ ကြည့်ပါဦး… အဲဒီကြယ်လေးက ထျန်းတုံးကြယ်လို့ ခေါ်တယ်"
"ထျန်းတုံး ဟုတ်လား"
"အခုက နွေရာသီဖြစ်တဲ့အတွက် အလင်းလက်ဆုံးက ထျန်းတုံးကြယ်ပါ… ဒါပေမဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီ ရောက်သွားရင်တော့ အလင်းလက်ဆုံးက ကြယ်ရက်ကန်းသည်မ ဖြစ်သွားပြီး… နှစ်သစ်ကူး ပြီးသွားတဲ့အခါကျရင် ထျန်းလန်ကြယ် ဖြစ်သွားပြန်ရော"
"အော်… ဒီလို ပြောစမှတ်တွေလည်း ရှိသေးတာလား"
"ဒါပေါ့"
ထို့နောက် လင်ဝမ်ယိက ဓူဝံကြယ်ခုနစ်လုံး၏ နေရာကို လက်ညှိုးထိုးပြကာ အရှင်မင်းကြီးအား သေချာ ရှင်းပြနေတော့သည်။
"အရှင်မင်းကြီး ကြည့်ပါဦး… ဒီဓူဝံကြယ်ခုနစ်လုံးရဲ့ နာမည်တွေက ထျန်းရှူ ထျန်းရွှမ် ထျန်းကျီး ထျန်းချွမ် ယွိဟန် ခိုင်းယန်နဲ့ ရောင်ကွမ်းဆိုပြီး ရှိတယ်… ရောင်ကွမ်းကြယ် ညွှန်ပြနေတဲ့နေရာက ထျန်းတုံးကြယ်ပဲ… ပြောကြတာတော့ အဲဒါက နဂါးပြာကြီးရဲ့ ဦးချိုတဲ့… ဒါကြောင့် အလင်းလက်ဆုံး ဖြစ်နေတာ"
အရှင်မင်းကြီးက သူမ၏ လက်ညှိုးညွှန်ရာသို့ လိုက်ကြည့်လိုက်လေသည်။ မျက်စိတစ်ဆုံး မြင်နေရသော ကြယ်တာရာများထဲတွင် အလင်းလက်ဆုံးမှာ တကယ့်ကို ထျန်းတုံးကြယ်ပင် ဖြစ်နေ၏။
"ရာသီဥတု လေးခုလုံးမှာ ညကောင်းကင်ယံက အလင်းလက်ဆုံးကြယ်က တစ်ပွင့်တည်းလို့ အရှင်မင်းကြီး ထင်နေတာ မဟုတ်လား"
"မင်း မပြောပြခင်တုန်းကတော့… ကိုယ်တော် အဲဒီလိုပဲ ထင်နေခဲ့တာ အမှန်ပဲ"
"ဒါဆိုရင် အရှင်မင်းကြီး စာများများ ဖတ်ဖို့ လိုနေပြီ… မဟုတ်ရင် တစ်နေ့နေ့ ကျွန်တော်မျိုးမက အရှင်မင်းကြီးကို အနိုင်ယူသွားတဲ့အခါ မျက်နှာပျက်စရာ ဖြစ်နေလိမ့်မယ်နော်"
လင်ဝမ်ယိမှာ အရှင်မင်းကြီးပင် သိပ်မသိသော ကိစ္စတစ်ခုကို ပြောခွင့်ရသွားသဖြင့် သဘာဝကျကျပင် အသားယူ၍ ကြွားဝါလိုက်ခြင်းဖြစ်သည်။ သူမက အရှင်မင်းကြီး၏ နားနားသို့ ကပ်ပြီး စကားပြောသည့်အခါတွင်လည်း အသံကို တမင်တကာ နှိမ့်ချထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော စကားမျိုးကို အပြင်လူများ ကြားသွားပါက အလွန်ပင် ရိုသေမှု ကင်းမဲ့ရာ ကျသွားမည် ဖြစ်သောကြောင့်ပင်။ သို့သော် လင်ဝမ်ယိ တစ်ယောက် ယနေ့တွင် ဘာဖြစ်နေမှန်း မသိဘဲ အရှင်မင်းကြီးကို နောက်ပြောင်ချင်စိတ် ပေါက်နေမိလေသည်။
အရှင်မင်းကြီးက လင်ဝမ်ယိကို ပြန်ကြည့်လိုက်သည့် မျက်ဝန်းများထဲတွင်လည်း ကြယ်တာရာများ ခိုအောင်းနေသည့်အလား တောက်ပနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူက လင်ဝမ်ယိကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းဖက်တွယ်လိုက်လေသည်။
သူတို့နှစ်ဦးက စင်္ကြံလမ်းတွင် ထိုကဲ့သို့ပင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ တစ်ယောက်က ရေပက်မဝင်အောင် ပြောနေပြီး အခြားတစ်ယောက်က ငြိမ်သက်စွာ နားထောင်နေရာ တကယ့်ကို ထူးခြားသော သဟဇာတဖြစ်မှုမျိုးပင်။
သုန်ယွီကျုံးတို့ အဖွဲ့သည် အကဲခတ်တတ်သူများ ဖြစ်ကြသဖြင့် အသံမထွက်စေဘဲ ခြေလှမ်းဆယ်လှမ်းအကွာမျှ ဆုတ်ခွာသွားကြ၏။ ချိုးမင်သည် မည်သည့်အချိန်က သူ၏ ဘေးသို့ ရောက်လာမှန်းမသိဘဲ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။
"ဆရာ… ဒီနေ့ လင်ချန်ကျိုက်က အရှင်မင်းကြီး ဘယ်သွားလဲ ဆိုတာကို လိုက်စုံစမ်းခိုင်းနေတယ်"
"အော်… ဒါကတော့ ထူးဆန်းတာပဲ"
"ဒါပေမဲ့ အရှင်မင်းကြီးက ယောင်ထိုင်စံအိမ်ကို သွားတယ်လို့ ကြားလိုက်ရတော့ သူ့မျက်နှာထားက သိပ်မကောင်းတော့ဘူး… အိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်နေလို့ ဖြစ်မယ် ထင်တယ်"
ချိုးမင်သည် လင်ဝမ်ယိနှင့် သခင်မသုန်တို့၏ စကားပြောသံကို မကြားခဲ့ရသော်လည်း သူက မျက်ကန်းတစ်ယောက်မှ မဟုတ်ပေ။ သခင်မသုန်၏ မျက်နှာပေါ်တွင် မျက်နှာချေမှုန့်များ ထူပိန်းနေအောင် လိမ်းထားသော်လည်း ဒဏ်ရာအချို့ ရှိနေသည်ကို သူက သတိထားမိခဲ့လေသည်။
လာတုန်းက ခြေလှမ်းတွေက လေးလံနေခဲ့သော်လည်း ပြန်သွားချိန်တွင်တော့ အနည်းငယ် ပေါ့ပါးသွက်လက်နေလေ၏။ တစ်ချက်ကြည့်ရုံဖြင့် တစ်ခုခုကို ချန်ထားခဲ့ကြောင်း သိသာလွန်းလှသည်။ ဤကဲ့သို့ ကိုယ်ပိုင်ပစ္စည်းများကို နန်းတွင်းသို့ ခိုးသွင်းလာခြင်းမှာ နန်းတွင်းစည်းမျဉ်းများကို ချိုးဖောက်ရာ ရောက်ပေသည်။