အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) ညနက်သန်းခေါင်ယံ ရင်ဖွင့်ခြင်း
သို့သော် သူက သေချာ ဂရုတစိုက် လိုက်ကြည့်ခဲ့သော်လည်း ပင်မဆောင်ထဲတွင် ပိုလာသော ပစ္စည်းဟူ၍ ဘာမှ မတွေ့ရချေ။ ထို့ကြောင့် သခင်မသုန်က မည်သည့်ပစ္စည်းများ ယူဆောင်လာခဲ့မှန်း သူလည်း မသိနိုင်ပေ။
ဤကိစ္စကို သူ သေချာ မသိသေးသဖြင့် သုန်ယွီကျုံးအား ဖွင့်ဟပြောဆိုမည် မဟုတ်ပေ။ ယခုအချိန်တွင် သူသည် လင်ချန်ကျိုက်၏ အကြီးအကဲ မိန်းမစိုး ဖြစ်နေပြီဖြစ်ရာ မိမိဘက်လူကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်နိုင်မည်နည်း။
"အင်း… မင်း ဘာကို ပြောချင်တာလဲ ဆိုတာကို ငါ သိတယ်… ဒါပေမဲ့ အမတ်ချုပ်အိမ်တော်ရဲ့ ကိစ္စတွေက တော်တော်နက်နဲတယ်… အဲဒီထဲကို လွယ်လွယ်နဲ့ ဝင်မပါမိစေနဲ့… နားလည်လား"
ချိုးမင်က ခေါင်းညိတ်လိုက်ပြီး ဤအချက်ကို သူလည်း မငြင်းဆန်နိုင်ချေ။
"ဒါပေမဲ့ အရှင်မင်းကြီးက အခုလေးတင် အမိန့်ချမှတ်လိုက်တယ်… လင်ကွေ့ဖေးက ခေါင်းကိုက်ရောဂါ ဖောက်လာလို့ ယောင်ထိုင်စံအိမ်မှာပဲ အနားယူရမယ်တဲ့… ဒါကြောင့် မောင်းမဆောင်ကိစ္စတွေကို ယီဖေး လန်ဖေးနဲ့ ယင်းကွေ့ဖင်တို့ သုံးယောက်ကို ယာယီ လွှဲအပ်လိုက်တယ်လေ… ဒီအမိန့်တော်က အခုမှ အသစ်စက်စက် ပူပူနွေးနွေး ရှိသေးတာ… မနက်ဖြန်လောက်ဆိုရင် မောင်းမဆောင် တစ်ခုလုံးကို ကြေညာတော့မှာ"
ချိုးမင်က ဆရာဖြစ်သူ သုန်ယွီကျုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဘာမှ ဆက်မပြောတော့ချေ။
ကိုယ်လုပ်တော်တစ်ယောက်ကို အကျယ်ချုပ်ချလိုက်သည့် ကိစ္စမှာ ကြီးကြီးမားမားတော့ မဟုတ်ပေ။ နန်းတော်ထဲတွင် အမျိုးသမီးများ များပြားလှရာ ပြဿနာရှာတတ်သူများ အမြဲတမ်း ရှိနေတတ်စမြဲပင်။ ဥပမာအားဖြင့် ယခင်က ပိုင်ဖင်နှင့် လွန်ခဲ့သော ရက်ပိုင်းက ချူကွေ့ရန် တို့လိုမျိုးပင်။
သို့သော် မောင်းမဆောင် စီမံခန့်ခွဲခွင့် အာဏာကို အခြားသူများအား ခွဲဝေပေးလိုက်ခြင်းကတော့ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လေသည်။ ယခင်က မိဖုရားခေါင်ကြီးရွှီ သက်ရှိထင်ရှား ရှိစဉ်ကတည်းက အာဏာကို သူမ တစ်ဦးတည်းကသာ ချုပ်ကိုင်ထားခဲ့ပြီး ကူညီဆောင်ရွက်ပေးမည့်သူ တစ်ယောက်မျှပင် မရှိခဲ့ချေ။
မိဖုရားခေါင်ကြီးရွှီ ကွယ်လွန်သွားပြီးနောက်ပိုင်းတွင်တော့ အာဏာကို လင်ကွေ့ဖေးက ရရှိသွားခဲ့သည်။ ထိုအချိန်ကလည်း မောင်းမဆောင် ကိစ္စများကို ကူညီဆောင်ရွက်ရန်ဟူသော အမိန့်မျိုး တစ်ကြိမ်တစ်ခါမျှ မထွက်ပေါ်ခဲ့ဖူးပေ။ ယနေ့တော့ ဘာတွေများ ဖြစ်သွားသည်နည်း။ လင်ကွေ့ဖေး၏ လက်ထဲရှိ အရေးအကြီးဆုံး အာဏာက ဤကဲ့သို့ အသိမ်းခံလိုက်ရပြီလား။
"ဒီတစ်ခါတော့ သူက မောင်းမဆောင်ထဲမှာ တကယ့်ကို လှောင်ပြောင်စရာကြီး ဖြစ်သွားတော့မှာပဲ… ဒီကိစ္စက အမတ်ချုပ်အိမ်တော်က ကိစ္စတွေနဲ့များ ပတ်သက်နေလို့လား"
ခဏတာအတွင်းမှာပင် ချိုးမင်သည် ဖြစ်နိုင်ခြေများစွာကို ခန့်မှန်းတွေးတောလိုက်သော်လည်း မလှမ်းမကမ်းတွင် ကြည်နူးနေကြဆဲဖြစ်သော အရှင်မင်းကြီးနှင့် လင်ချန်ကျိုက်တို့ကို ကြည့်လိုက်မိချိန်တွင် သူ၏ မျက်ဝန်းထဲ၌ သတိထားမှုများ ပိုတိုးလာလေ၏။
လင်ဝမ်ယိက အရှင်မင်းကြီး၏ ရင်ခွင်ထဲတွင် မှီကာ ခဏလောက် ထိုင်နေလိုက်ပြီး သူမ၏ ခန္ဓာကိုယ်လေးမှာလည်း အတော်လေး နွေးထွေးလာပေသည်။ သို့သော် သူမ မော့ကြည့်လိုက်သောအခါ အရှင်မင်းကြီး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်သွားရ၏။
"အရှင်မင်းကြီး… ကျွန်တော်တို့ အခန်းထဲ ပြန်ကြရအောင်… ကျွန်တော်မျိုးမ နည်းနည်း ချမ်းလာလို့"
"ချမ်းတယ် ဟုတ်လား"
သူမ၏ လက်ကလေးများက စောစောကထက် အများကြီး နွေးနေပြီ မဟုတ်လား။ သို့သော် လင်ဝမ်ယိ၏ မျက်ဝန်းထဲတွင် စိတ်ပူနေသည့် အရိပ်အယောင်လေးများ ပါနေသည်ကို မြင်လိုက်ရမှ သူ ချက်ချင်း သဘောပေါက်သွားပြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။
"ကောင်းပြီလေ… အထဲ ဝင်ကြတာပေါ့"
အခန်းထဲတွင် နံ့သာသစ်များ ထွန်းညှိထားသဖြင့် အနံ့လေးက သင်းပျံ့နေပြီး လူကို စိတ်အေးချမ်းစေသည်။ ဤရနံ့သည် လင်ဝမ်ယိ အနှစ်သက်ဆုံး ရနံ့ဖြစ်ပြီး ယခုအခါတွင်တော့ အရှင်မင်းကြီးပါ နှစ်သက်သော ရနံ့ ဖြစ်လာခဲ့လေပြီ။
အရှင်မင်းကြီးကို မျက်နှာသစ် ကိုယ်လက်သန့်စင်ပေးပြီးနောက် လင်ဝမ်ယိနှင့် သူက အတူ အိပ်စက်လိုက်ကြသည်။ အပြင်ဘက်ရှိ နန်းတွင်းမီးအိမ်များကို နှစ်လုံးသာ ချန်ထားပြီး ငြိမ်းသတ်ထားကာ ယနေ့ညတွင် တာဝန်ကျသူများမှာလည်း သုန်ယွီကျုံးနှင့် ချိုးမင် ဆရာတပည့်နှစ်ဦးပင် ဖြစ်လေသည်။
အိပ်ရာခန်းဆီးများကို ချလိုက်သောအခါ သိပ်မကြီးလှသော ဤကုတင်လေးသည် လျှို့ဝှက်နေရာလေးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ဘေးနားရှိ လူ၏ နွေးထွေးမှုကို ခံစားနေရင်း လင်ဝမ်ယိက မည်သို့ စကားစရမည်ကို တွေဝေနေမိသည်။
"မင်း ကိုယ်တော့်ကို ပြောစရာ စကား မရှိဘူးလား"
အရှင်မင်းကြီးသည် ဟွေ့ဖန်းယာခြံဝင်း သို့ ရောက်လာကတည်းက လင်ဝမ်ယိ စကားစလာမည်ကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူမက အိမ်တွင်းရေး ရယ်စရာများကိုသာ ပြောပြနေခဲ့သည်။ တစ်ခဏကျတော့ ကြယ်တာရာများအကြောင်း အဆန်းတကြယ် ပြောပြပြီး နောက်တစ်ခဏကျတော့ ညီအစ်ကိုမောင်နှမများကြားက သာမန် ကိစ္စလေးများကိုသာ ပြောပြနေခဲ့သည်။ အိမ်တော်ထဲက ကိစ္စများကို တစ်စက်လေးမျှပင် ထုတ်မပြောခဲ့ချေ။
သခင်မသုန် နန်းတွင်းသို့ ဝင်လာပြီးနောက် ထိုကိစ္စများကို သူမအား မပြောပြခဲ့ဘူးလားဟုပင် သူ သံသယဝင်မိလေသည်။ ထို့ကြောင့် သူမ မသိသေးတာများလားဟု တွေးနေမိ၏။
သို့သော် လင်ဝမ်ယိက အရှင်မင်းကြီး၏ စကားကို ကြားပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်သာ ချလိုက်သည်။ ထို့နောက်မှ သူမက စကားပြောလာလေ၏။
"အရှင်မင်းကြီးက ဘာကို ကြားချင်တာလဲ… ကျွန်တော်မျိုးမတို့ ပထမအိမ်ထောင်စုက နှစ်နှစ်ဆယ်ကျော်ကြာ အဖိနှိပ်ခံခဲ့ရတာကို ကြားချင်တာလား… ကျွန်တော်မျိုးမရဲ့ မောင်လေးက လူဆိုးအစေခံတွေ ရိုက်နှက်တာကို ခံရပြီး သတိလစ်မေ့မြောနေလို့ အခုချိန်ထိ အသက်ရှင်နိုင်ပါ့မလားတောင် မသိရတဲ့အကြောင်းကို ကြားချင်တာလား… ဒါမှမဟုတ် ကျွန်တော်မျိုးမက ကူညီချင်ပေမဲ့ ဒီနန်းတော်ကြီးထဲမှာ ပိတ်မိနေလို့ ဘာမှ ကူညီပေးလို့ မရတဲ့အကြောင်းကို ကြားချင်တာလား… ဒါမှမဟုတ် အမေက စာရင်းစာအုပ် ကိစ္စနဲ့ ခြိမ်းခြောက်ပြီး အိမ်ခွဲနေချင်တဲ့ အကြောင်းကို ကြားချင်တာလား"
လင်ဝမ်ယိက အရှင်မင်းကြီး၏ ရင်ခွင်ထဲမှ ထထိုင်လိုက်ပြီး ခိုင်မာပြတ်သားသော အကြည့်များဖြင့် ပြန်ကြည့်လိုက်လေသည်။
"ဒီကိစ္စတွေကို အရှင်မင်းကြီး သိပြီးလောက်ပြီလို့ ထင်ပါတယ်"
သူမ၏ သေချာနေသော ပုံစံကြောင့် အရှင်မင်းကြီးမှာ အနည်းငယ် သိချင်စိတ် ဖြစ်သွားရ၏။
"မင်းက ဘာလို့ အဲဒီလောက်တောင် သေချာနေရတာလဲ"
"တကယ်လို့ အရှင်မင်းကြီးသာ ကိစ္စရပ်တွေရဲ့ အရင်းအမြစ်ကို မသိဘူးဆိုရင် ဘာလို့ အမေ့ကို ပစ္စည်းတွေ ဆုချခဲ့မှာလဲ… ပြီးတော့ ညနက်ကြီး ဟွေ့ဖန်းယာခြံဝင်းကို စိတ်ပူတဲ့ မျက်နှာထားနဲ့ အပြေးအလွှား ရောက်လာခဲ့တာလေ"
အရှင်မင်းကြီးသည် သူ၏ ခံစားချက်များ ဤမျှလောက်အထိ ထုတ်ဖော်ပြသမိသွားလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အဆင့်နိမ့်သော ကိုယ်လုပ်တော်လေး တစ်ယောက်ကပင် သူ့ကို ရှင်းလင်းစွာ မြင်ခဲ့သည် မဟုတ်လား။
ဧကရာဇ် တစ်ပါးအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သဖြင့် သူသည် ဝမ်းသာခြင်း ဒေါသထွက်ခြင်းတို့ကို မျက်နှာပေါ်တွင် မပြသတတ်အောင် အကျင့်ပါနေခဲ့ပြီ ဖြစ်သည်။ စိတ်မကောင်းစရာကောင်းသည်က လင်ဝမ်ယိ၏ အရှေ့တွင်တော့ သူသည် ချပ်ဝတ်တန်ဆာများကို ချွတ်ချလိုက်ရသလိုပင် ဖြစ်နေတော့၏။
"မင်းက တိုင်တန်းဖို့ မစဉ်းစားထားဘူးလား"
လင်ဝမ်ယိက ခါးသီးစွာ တစ်ချက် ပြုံးလိုက်လေသည်။
"ကျွန်တော်မျိုးမ ငယ်ငယ်တုန်းက ရွှယ်အာပိုင်လို့ ခေါ်တဲ့ ခွေးလေး တစ်ကောင် မွေးခဲ့ဖူးတယ်… ဒါပေမဲ့ မင်းသမီးရုံခန့်က သဘောမကျဘူး… နောက်တစ်နေ့ကျတော့ အဲဒီခွေးလေးက ခြံထောင့်မှာ သေသွားခဲ့တယ်… ကျွန်တော်မျိုးမနဲ့ အစ်ကို သွားရှာတွေ့တဲ့ အချိန်မှာတော့ သူ့ရဲ့ အသားအရည်တွေကတောင် ပုပ်ပွနေခဲ့ပြီ… အစ်ကိုကတော့ တစ်ယောက်ယောက်က အဆိပ်ခတ်ပြီး သတ်လိုက်တာလို့ ပြောတယ်"
"ကျွန်တော်မျိုးမက ဒေါသမထိန်းနိုင်လို့ ရွှယ်အာပိုင်ကို အဝတ်နဲ့ ထုပ်ပြီး အဘိုးဆီ သွားတိုင်ခဲ့တယ်… ဒါပေမဲ့ အဘိုးက အေးတိအေးစက်နဲ့ တစ်ချက် ကြည့်ပြီး ခွေးလေး တစ်ကောင်ပါပဲ… မမွေးနဲ့ပေါ့လို့ပဲ ပြောလိုက်တယ်"
"အဲဒီအချိန်ကစပြီး ကျွန်တော်မျိုးမက အမှန်တရားတစ်ခုကို သေချာ သိသွားခဲ့တယ်… တိုင်တန်းနေလည်း အသုံးမဝင်ဘူး… ကျွန်တော်မျိုးမတို့ ပထမအိမ်ထောင်စုနဲ့ အနောက်ဆောင်က မတူဘူးဆိုတာကိုပေါ့"
သူမ ထိုစကားကို ပြောနေချိန်တွင် သူမ၏ ရင်ထဲ၌ ဝေးကွာနေသည့် ခံစားချက်နှင့် ကြေကွဲနေသည့် ခံစားချက်လေးများ ခပ်ဖျော့ဖျော့ လွှမ်းခြုံနေလေ၏။ သူမက ခွေးလေး တစ်ကောင်၏ အကြောင်းကိုသာ ပြောနေခြင်း ဖြစ်သော်လည်း မြောက်မြားစွာသော မတရားမှုများကို ဖွင့်ဟနေသည့်အလားပင်။
အရှင်မင်းကြီးက သူမကို ကြည့်ရင်း သူ၏ ရင်ထဲတွင် အမြဲတမ်း ရှင်သန်နေသော သူတစ်ယောက်ကို ရုတ်တရက် သတိရသွားမိသည်။ သူ၏ မိခင် ရှန်းဖေးမယ်မယ်ပင် ဖြစ်သည်။ မယ်တော် ကွယ်လွန်ခါနီးအချိန်တွင်လည်း ဤကဲ့သို့ ပုံစံမျိုးပင် ဖြစ်ခဲ့သည်။
သူက ရုတ်တရက် လန့်ဖြပ်သွားပြီး လင်ဝမ်ယိကို ချက်ချင်း ဖက်တွယ်လိုက်ကာ ယခင်နှစ်များက သူ၏ မယ်တော် တိတ်တဆိတ် ထွက်ခွာသွားသလိုမျိုး သူလှမ်း ဖမ်းမဆွဲနိုင်မည်ကို စိုးရိမ်နေမိလေ၏။
"မဖြစ်စေရဘူး… ကိုယ် ရှိတယ်… ကိုယ် ရှိတယ်"
ပထမဆုံးအကြိမ်အဖြစ် အရှင်မင်းကြီးက 'ကိုယ်တော်' ဟူသော စကားလုံးကို အသုံးမပြုခဲ့ပေ။ ဤ ‘ကိုယ်’ ဟူသော စကားလုံးကပင် လင်ဝမ်ယိ အမြဲတမ်း တည်ဆောက်ထားသော ခိုင်မာသည့် စိတ်နှလုံးသား တံတိုင်းကြီးကို ပြိုကျသွားစေခဲ့တော့သည်။
တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ဖက်တွယ်ခံထားရသဖြင့် ရင်ထဲရှိ နာကြည်းမှုများ အားလုံးက ပေါက်ကွဲထွက်လာတော့သည်။ နေ့လယ်က မိခင်ဖြစ်သူ ပြန်သွားချိန်တွင် သူမ ငိုချင်နေခဲ့မိသည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ သူမ၏ မျက်ရည်များက ခြောက်ခမ်းနေခဲ့သည်။
နှာခေါင်းဝတွင် ရှိုက်ချင်စိတ်များ ဖြစ်ပေါ်လာပြီး ပိုဆိုးလာသည်ကတော့ ရေရာမှုမရှိသော ခံစားချက်ပင်။ သူမ၏ ဤမျှ တိုတောင်းလှသော ဘဝတစ်ဝက်တာ ကာလအတွင်းတွင် အချိန်အများစုမှာ သူတစ်ပါး တွန်းပို့ရာသို့သာ လိုက်ပါခဲ့ရသည် မဟုတ်လား။
ဘိုးဘိုးတို့အိမ်တွင် နေထိုင်ခဲ့ရသော ငါးနှစ်တာ ကာလလေးကို ဖယ်ထားလိုက်ပါက တကယ့်ကို ပူပင်သောက ကင်းမဲ့ခဲ့ရသည်။ ပိုဆိုးလာသည်ကတော့ အိမ်တော်၏ အနောက်ဆောင်အတွင်းတွင် မည်သို့ အသက်ရှင်သန်ရမည်ကို သင်ယူနေရခြင်းပင်။
နန်းတွင်းသို့ ဝင်လာပြီးနောက်တွင်လည်း ထိုနည်းလည်းကောင်းပင်။ သူမက အခြားသော ကိုယ်လုပ်တော်များကဲ့သို့ အပြိုင်အဆိုင် အကောက်ကြံကာ အထက်သို့ တက်လှမ်းရန် မစဉ်းစားခဲ့သော်လည်း သုံးသင့်သော အကြံအစည်များကိုမူ သူမ အနည်းငယ်မျှပင် မလျှော့ချခဲ့ချေ။
တစ်ခါတစ်ရံ အရှင်မင်းကြီး၏ ဖြူစင်သော သစ္စာတရားနှင့် ရင်ဆိုင်ရချိန်တွင် သူမအနေဖြင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
သူမက အရှင်မင်းကြီး၏ မြောက်မြားစွာသော ကိုယ်လုပ်တော်များထဲတွင် မျက်နှာသာရသူ တစ်ယောက် ဖြစ်လာသည်ကို လက်ခံရမည်လား။ ဒါမှမဟုတ် မိသားစု အကျိုးစီးပွားအတွက် သူများတွေလို အထက်ရောက်အောင် ကြိုးစား အားထုတ်ရမည်လား။ ဒါမှမဟုတ် အခြားသူများနှင့် ပူးပေါင်းပြီး သူမအတွက် အတားအဆီး ဖြစ်နေသူများကို ရှင်းလင်းပစ်ရမည်လား။
အရာအားလုံးက စာမပါသော ကျမ်းစာအုပ်ကြီး တစ်အုပ်ကဲ့သို့ သူမ၏ မျက်စိရှေ့တွင် ချထားသလိုပင်။ သူမသည် ကိုယ့်ကိုယ်ကိုယ် ပုန်းကွယ်နေလိုက်ရုံဖြင့် ကိစ္စများအား မရင်ဆိုင်ဘဲ နေနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူမ ထင်မထားခဲ့သည်က နန်းတော်အပြင်ဘက်ရှိ မိသားစုဝင်များမှာ အသက်ရှင်သန်ခွင့်ရဖို့ပင် မျှော်လင့်ရမည့် ကိစ္စ ဖြစ်လာခဲ့လေပြီ။
မုန်းလားဆိုလျှင်တော့ သေချာပေါက်ပင် မုန်းတီးမိသည်။ ယီဖေးနှင့် ချက်ချင်း ပူးပေါင်းပြီး လင်ကွေ့ဖေးကို ဖြုတ်ချပစ်ချင်နေမိသည်။ ဒုတိယအိမ်ထောင်စုကိုလည်း ဤကဲ့သို့ လက်မှိုင်ချရသော အခက်အခဲ၏ ခါးသီးသော အသီးအပွင့်များကို မြည်းစမ်းကြည့်စေချင်လှသည်။
သို့သော် ယခုအချိန်တွင် အရှင်မင်းကြီး၏ စကားတစ်ခွန်းက သူမကို အလွန်အမင်း နွေးထွေးသွားစေခဲ့သည်။ အမှောင်ထုထဲတွင် ဆူးခြုံတောများကို ရှင်းလင်းရင်း တစ်ယောက်တည်း လျှောက်လှမ်းနေရသူ တစ်ယောက်အတွက် ဘေးနားတွင် အားကိုးစရာ ပခုံးတစ်ဖက် ရုတ်တရက် ပေါ်လာသကဲ့သို့ပင်။
သူမက ဤဂရုစိုက်မှုနှင့် အချစ်များကို တွယ်တာနေမိသည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက ဖုန်မှုန့်ပမာ ပျောက်ကွယ်သွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။ ပြောရမည်ဆိုလျှင် အရှင်မင်းကြီး၏ အနားတွင် အမျိုးသမီးတွေ အများကြီး ရှိနေပြီး သူမကတော့ ထိုအထဲမှ တစ်ယောက်မျှသာ ဖြစ်သည် မဟုတ်လား။