အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃) ဧကရာဇ်မင်းမြတ်၏ စိတ်တွင်းအကြံအစည်
ယခုအချိန်တွင် အရှင်မင်းကြီး၏ စိတ်ဝင်စားမှုမှာ လင်ဝမ်ယိတွင် ရှိနေဆဲဖြစ်ရာ သူမမှာ အလွန်အမင်း ချစ်ခင်ယုယမှုများကို ရရှိနေမည် ဖြစ်သည်။
သို့သော် တစ်နေ့နေ့တွင် အခြားသူတစ်ယောက် ပေါ်လာမည် ဆိုပါက မည်သို့ ဖြစ်သွားမည်နည်း။
တစ်ချိန်က မျက်နှာသာပေးခံခဲ့ရသော လင်ချန်ကျိုက် အနေဖြင့် အခြားသော ကိုယ်လုပ်တော်များနည်းတူ နန်းတော်နက်ကြီးထဲတွင် အသက်ရှင်လျက် စွန်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားမည်လားဟု သူမ တွေးမိလေ၏။
ထိုအမုန်းတရားများနှင့် အငြိုးအတေးများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားရပေလိမ့်မည်။
သူမ၏ မျက်ရည်များက အရှင်မင်းကြီး၏ အိပ်ရာဝင်ဝတ်စုံကို စိုရွှဲသွားစေပြီး ဘယ်ဘက်ပခုံးပေါ်တွင် အေးစက်စက် ဖြစ်နေလေသည်။
သို့သော် အရှင်မင်းကြီးက သူမကို ငယ်စဉ်က မယ်တော် ချော့သိပ်ခဲ့သကဲ့သို့ ကျောပြင်လေးကို တစ်ချက်ပြီးတစ်ချက် ပုတ်ပေးနေလေ၏။
သူ၏ နှုတ်ခမ်းဖျားမှလည်း ယခင်က ကလေးချော့တေးလေးကို တိုးတိုးညင်သာစွာ ညည်းတွားပေးနေချေသည်။
ညနက်သန်းခေါင်ယံ အချိန်ရောက်မှသာ အိပ်ရာခန်းဆီးလေး အတွင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
အိပ်ပျော်နေသည့်တိုင် မျက်မှောင်ကြုတ်နေဆဲဖြစ်သော လင်ဝမ်ယိကို ကြည့်ရင်း အရှင်မင်းကြီး၏ ရင်ထဲ၌ ပြောပြ၍မရနိုင်သော သနားကြင်နာမှုများ ဖြစ်ပေါ်နေလေသည်။
သူမကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရစဉ်က တိုင်းပြည်ကို လှုပ်ခါနိုင်လောက်အောင် လှပချောမောလှပေသည်။
မူလကတော့ အလှတရားသာရှိပြီး အတွင်းသဏ္ဍာန်တွင် ဗလာကျင်းနေသော မိန်းမတစ်ယောက်ဟုသာ သူ ထင်မှတ်ထားခဲ့မိ၏။
ထို့ကြောင့် အတူအိပ်စက်ခြင်း ရှိခဲ့သော်လည်း အချစ်ဆိုသည်ကတော့ မသေချာခဲ့ပေ။
သို့သော် တစ်ကြိမ်ပြီးတစ်ကြိမ် ထိတွေ့ဆက်ဆံပြီးနောက်တွင်တော့ သူမက အလွန် စိတ်ဝင်စားစရာကောင်းသော မိန်းမပျိုလေး တစ်ယောက်ဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
ညမိုးရွာချိန်တွင် ရင်ဖွင့်စကားများ ပြောဆိုတတ်ပြီး မက်မွန်အရက်ကို ကိုယ်တိုင် ချက်လုပ်တတ်ကာ အင်္ကျီပါးလေးများကိုလည်း ချုပ်လုပ်တတ်သည့်အပြင် လက်ရေးကလည်း အလွန် လှပသေသပ်လှပေသည်။
သူမ၏ အနားတွင် ရှိနေချိန်ဆိုလျှင် အရှင်မင်းကြီးသည် အထီးကျန်ဆန်သော ဧကရာဇ်မင်းမြတ် မဟုတ်တော့ဘဲ သာမန် အိမ်ထောင်စုလေး တစ်ခုမှ ခင်ပွန်းသည် တစ်ယောက်ကဲ့သို့ ခံစားရလေ၏။
နေ့ခင်းဘက် အလုပ်လုပ်ပြီး ပြန်လာချိန်တွင် အရသာရှိသော ထမင်းဟင်းများကို စားသောက်ရကာ ဘေးနားရှိ လူက စိတ်ဝင်စားစရာ ကောင်းသော အကြောင်းများကို တတွတ်တွတ် ပြောပြနေသည်ကို နားထောင်ရသည်မှာ အလွန်ပင် စိတ်ချမ်းသာစရာ ကောင်းလှသည်။
တိုင်းပြည်ရေးရာ ကိစ္စများ မည်မျှပင် ရှုပ်ထွေးခက်ခဲနေပါစေ သူမဆီသို့ လာရောက်ကာ ခဏတာ အနားယူလိုက်ရုံဖြင့် ခွန်အားများ ပြန်လည် ပြည့်ဝလာသကဲ့သို့ ခံစားရလေသည်။
သူကိုယ်တိုင် သတိပြန်ဝင်လာပြီး ဤမျှလောက် နစ်မွန်းမသွားသင့်ဟု တွေးမိချိန်တွင်တော့ နောက်ကျသွားခဲ့လေပြီ။
သူမ သေချာစွာ ရက်လုပ်ထားသော ပိုက်ကွန်ထဲတွင် သူကိုယ်တိုင် ပိတ်မိနေပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရပြီး သူကိုယ်တိုင်ကလည်း ရုန်းထွက်လိုစိတ် မရှိတော့ချေ။
ဒုတိယမင်းသား၏ ကိစ္စနှင့် ပတ်သက်၍ သူက လင်ဝမ်ယိဆီသို့ တမင်တကာ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ပထမ အကြောင်းရင်းမှာ လန်ဖေးကို သတိပေးရန် ဖြစ်လေ၏။
ချိုက်မားမား၏ ကိစ္စ ဖြစ်ပွားပြီးနောက်ပိုင်းတွင် အသိပညာ ကြွယ်ဝသည်ဟု ထင်ရသော လန်ပညာရှိအမတ်၏ သမီးကို အရှင်မင်းကြီး အနေဖြင့် ထပ်မံ ယုံကြည်ရန် ခက်ခဲသွားခဲ့ပြီး လှပသော မျက်နှာစာ၏ နောက်ကွယ်တွင် ယုတ်မာသော စိတ်နှလုံးကို ဖုံးကွယ်ထားသည်မှာ တကယ့်ကို ရင်လေးစရာ ကောင်းလှပေသည်။
ဒုတိယ အကြောင်းရင်းမှာ ယီဖေးကို သတိပေးရန် ဖြစ်သည်။
လျိုမိသားစု၏ ဆိုးရွားလှသော ကိစ္စများကိုလည်း သူ အကုန်လုံး မျက်စိရှေ့တွင် မြင်တွေ့နေရလေ၏။
အကယ်၍ အနောက်မြောက်စစ်သူကြီး နှင့် လျိုမိသားစု တစ်ခုလုံးက တာ့ဝေ့ပြည် အတွက် ပေးဆပ်ခဲ့မှုများကို ထောက်ထားငဲ့ညှာခြင်း မရှိပါက လျိုသခင်လေးသုံး ကဲ့သို့သော သေဒဏ်ပေးရန် သူ အစောကတည်းက အမိန့်ချမှတ်ပြီးလောက်ပြီ ဖြစ်သည်။
တတိယ အကြောင်းရင်းမှာ လင်ကွေ့ဖေးနှင့် လင်မိသားစု၏ တုံ့ပြန်မှုကို စောင့်ကြည့်လို၍ ဖြစ်လေ၏။
လင်ကွေ့ဖေး၏ နောက်ကွယ်တွင် အမတ်ချုပ်အိမ်တော်နှင့် ကျန့်ဝမ်အိမ်တော်တို့ ရှိနေကြသည်။
သူတို့က ညီလာခံတွင် တစ်သွေးတည်း တစ်သားတည်း ဖြစ်နေကြခြင်းမှာ ဤအမြင့်ဆုံးသော ဧကရာဇ် ရာထူးအတွက် မဟုတ်လား။
လင်ကွေ့ဖေးသည် မင်ရော့ ကို မွေးဖွားပြီးနောက်ပိုင်းတွင် ကိုယ်ဝန် ထပ်မံ မရရှိခဲ့တော့ချေ။
ယခုအခါ လင်ချန်ကျိုက် ကို နန်းတွင်းသို့ ပို့ဆောင်လာခဲ့သော်လည်း အဆိပ်ခတ်ခံလိုက်ရသဖြင့် ကိုယ်ဝန်ရရှိရန် ခက်ခဲသွားခဲ့လေပြီ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူက ဒုတိယမင်းသားကို ဟွေ့ဖန်းယာခြံဝင်း ၌ ထားရှိရန် စီစဉ်လိုက်ခြင်းမှာ အပြင်ဘက်ကို သတင်းစကား တစ်ခု ပါးလိုက်ခြင်းသာ ဖြစ်ပေသည်။
ဒုတိယမင်းသားကို လင်ဝမ်ယိက ပြုစုပျိုးထောင်ခွင့် ရနိုင်ခြေ အလွန် များပြားနေလေ၏။
ထိုသို့ ဖြစ်လာပါက လင်မိသားစုသည်လည်း ဒုတိယမင်းသား၏ မိခင်ဘက်မှ ဆွေမျိုးများ ဖြစ်လာပေလိမ့်မည်။
အကယ်၍ သူတို့သာ မကောင်းသော ရည်ရွယ်ချက် ရှိနေမည် ဆိုပါက ဒုတိယမင်းသားကို အသုံးချမည်ကို သူ စိုးရိမ်နေမိသည်။
သို့သော် သူ လုံးဝ ထင်မထားခဲ့သည်မှာ ထိုကိစ္စက အမတ်ချုပ်အိမ်တော် အတွင်းရှိ ပထမအိမ်ထောင်စုနှင့် ဒုတိယအိမ်ထောင်စု အကြား အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူ့အသက်ကိုပင် သေဆုံးစေခဲ့သည် အထိ ဖြစ်သွားခြင်းပင်။
ဝမ်မားမား သေဆုံးသွားခြင်းမှာ နှမြောစရာ မရှိသော်လည်း လင်ဝမ်ယိ၏ မောင်လေးသာ ဤကိစ္စကြောင့် အသက်ဆုံးရှုံးသွားမည် ဆိုပါက မည်သို့ ဖြစ်မည်နည်း။
သူတို့နှစ်ဦးကြားတွင် လူ့အသက် တစ်ချောင်းက အတားအဆီး ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ဤအကြောင်းများကို လင်ဝမ်ယိ မသိသေးသဖြင့် တော်သေးသည်ဟု ဆိုရမည်။ အကယ်၍ တစ်နေ့နေ့တွင် ဒုတိယမင်းသားကို သူမထံ ပို့ဆောင်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကိုသာ သူမ သိရှိသွားမည် ဆိုပါက ပြဿနာ ကြီးသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် အခြေအနေတွေ ပိုဆိုးသွားမည် မဟုတ်လား။
ထို့ကြောင့်သာ သူက လင်ကွေ့ဖေးကို ပြင်းထန်စွာ အပြစ်ပေးလိုက်ပြီး မောင်းမဆောင် စီမံခန့်ခွဲခွင့်ကို ရုပ်သိမ်းကာ အကျယ်ချုပ် ချမှတ်လိုက်ခြင်း ဖြစ်၏။
၎င်းက လင်ဝမ်ယိ အတွက် တရားမျှတစေရန် လုပ်ဆောင်ပေးခြင်း ဖြစ်သလို တစ်ချိန်တည်းမှာပင် တောင်းပန်မှုကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်လေသည်။
သို့သော် ဤအကြောင်းအရာများကို လင်ဝမ်ယိအား သူ ဘယ်သောအခါမျှ ဖွင့်ဟပြောဆိုမည် မဟုတ်ပေ။
ဧကရာဇ် တစ်ပါး ဖြစ်သည့်အလျောက် သူ၏ ရင်ထဲတွင် သန်းပေါင်းများစွာသော ပြည်သူပြည်သားများကို ထည့်သွင်းထားရသလို လိမ္မာပါးနပ်သော အကြံအစည်များကိုလည်း ထည့်သွင်းထားရလေ၏။
အဖြူရောင် သီးသန့်ဖြစ်ပြီး အမည်းရောင် အနည်းငယ်မျှပင် မရှိသူ တစ်ယောက် အနေဖြင့် ဆူးငြောင့်ခလုတ်များ ပြည့်နှက်နေသော ဤလမ်းကို လျှောက်လှမ်းရန် မသင့်တော်ချေ။
ဤညတွင် လင်ဝမ်ယိ အနေဖြင့် အိပ်ပျော်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
နေမြင့်လာသည့် အချိန်ရောက်မှသာ သူမ တဖြည်းဖြည်း နိုးထလာခဲ့၏။
"ရှအန်း"
"ကျွန်တော်မျိုးမ ရှိပါတယ်"
ရှအန်းက အပြင်ဘက်မှ ဝင်လာပြီး လင်ဝမ်ယိကို မြင်သည်နှင့် ပြုံးကာ ပြောလိုက်လေသည်။
"သခင်မလေး ရေဆာလို့လား... ကျွန်တော်မျိုးမ ရေယူလာပေးပါ့မယ်"
"အင်း"
နေ့စဉ် နိုးလာသည်နှင့် ရေအရင် သောက်လေ့ရှိခြင်းမှာ လင်ဝမ်ယိ၏ အကျင့်တစ်ခု ဖြစ်ပေသည်။
ရှအန်းက သူမကို ပြုစုလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ရာ ဤအချက်ကို သိရှိထားလေ၏။
ရေသောက်ပြီးနောက်မှ လင်ဝမ်ယိက မေးလိုက်သည်။
"အရှင်မင်းကြီးရော... ဇယ့်ဖင်ကျွန်းကို ပြန်သွားပြီလား"
"ဟုတ်ကဲ့... အရှင်မင်းကြီး မပြန်ခင်မှာ ညစာကို သခင်မလေးနဲ့ လာစားမယ်လို့ ပြောသွားပါတယ်... သခင်မလေး စိတ်အေးအေးထားပါ"
စိတ်အေးအေး ထားရမယ်။
မနေ့ညက သူတို့နှစ်ဦး စကားပြောခဲ့သည့် ကိစ္စကို ရည်ညွှန်းနေခြင်း ဖြစ်ပေလိမ့်မည်။
သူမလည်း မနေ့ညက ဘာဖြစ်သွားမှန်း မသိဘဲ အရှင်မင်းကြီး၏ အရှေ့တွင် ညဉ့်နက်သည်အထိ ငိုကြွေးနေခဲ့မိလေ၏။
လူတွေက မိန်းကလေးတွေဟာ ရေနဲ့ လုပ်ထားတာလို့ ပြောကြတာ မဆန်းပါဘူးဟု သူမ တွေးမိလိုက်သည်။
တကယ်ကို အဲဒီအတိုင်းပင် ဖြစ်နေချေသည်။
"ရှောင်လုကျစ်ကို အားရင် နန်းတွင်းရေးရာဌာနဘက် သွားခိုင်းလိုက်ပါဦး... တကယ်လို့ အိမ်မှာ ထူးခြားမှု ရှိရင် ချင်ကုန်းကုန်းက သတင်းပို့ပေးလိမ့်မယ်"
"ဟုတ်ကဲ့... ကျွန်တော်မျိုးမ နားလည်ပါပြီ"
ရှအန်းက လင်ဝမ်ယိကို မျက်နှာသစ်၊ အဝတ်အစားလဲပေးပြီးနောက် ထမင်းစားစေလိုက်လေသည်။
ချိုးမင်က သူမ စားသောက်ပြီးသွားသည်အထိ စောင့်နေပြီးမှ အထဲသို့ ဝင်လာကာ စကားပြောလေ၏။
"သခင်မလေး... ယောင်ထိုင်စံအိမ်ဘက်က သတင်းရပါတယ်... ကွေ့ဖေးမယ်မယ်က ခေါင်းကိုက်ရောဂါ ဖောက်လာလို့ အခု တံခါးပိတ်ပြီး အနားယူနေရတယ်တဲ့... ပြီးတော့ မောင်းမဆောင် ကိစ္စတွေကိုလည်း ယီဖေးမယ်မယ်... လန်ဖေးမယ်မယ်နဲ့ ယင်းကွေ့ဖင်မယ်မယ်တို့ တိုင်ပင်ပြီး စီမံခိုင်းလိုက်တယ်... ဒီအစေခံ ကြားရတဲ့ အနေအထားအရဆိုရင် အချိန်အတော်ကြာတဲ့အထိ အပြင်ထွက်နိုင်တော့မှာ မဟုတ်ဘူး"
ရောဂါကုသနေရတယ် ဟုတ်လား။
ခေါင်းကိုက်ရောဂါ ဖောက်လာတယ်ပေါ့။
သူမ အမတ်ချုပ်အိမ်တော်တွင် ရှိစဉ်က လင်ကွေ့ဖေး၌ ဤကဲ့သို့သော ရောဂါမျိုး ရှိသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။
မင်းသမီးရုံခန့် လာသွားပြီးနောက်မှ ရုတ်တရက် ရောဂါဖောက်လာရသည်မှာ အလွန် ထူးဆန်းနေလေသည်။
မနေ့က ဖြစ်ပျက်ခဲ့သမျှကို ဆက်စပ်တွေးကြည့်မည်ဆိုပါက ခန့်မှန်းရ မခက်ခဲပေ။ တစ်ချက်က အရှင်မင်းကြီးက သူမကို အကျယ်ချုပ် ချမှတ်လိုက်ခြင်း ဖြစ်နိုင်ပြီး နောက်တစ်ချက်ကတော့ သူမကိုယ်တိုင် အန္တရာယ်ရှိသည်ဟု ခံစားရသဖြင့် ပုန်းအောင်းနေခြင်း ဖြစ်ပေလိမ့်မည်။
မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေကာမူ လင်ဝမ်ယိ၏ ရင်ထဲရှိ ဒေါသများကတော့ အနည်းငယ် လျော့ကျသွားခဲ့ပြီ ဖြစ်၏။
ဤသတင်းက အမတ်ချုပ်အိမ်တော်သို့ မကြာမီ ရောက်ရှိသွားမည်မှာ အသေအချာပင်။
ထိုအချိန်ကျလျှင် တုံးအပြီး ယုတ်မာသော သူမ၏ ဒုတိယအဒေါ်မှာလည်း လအတော်ကြာအောင် ကုတင်ပေါ်မှ ဆင်းနိုင်တော့မည် မဟုတ်ချေ။
ခံရတာ နည်းတောင်နည်းသေးတယ်။
စိတ်ထဲတွင် ထိုသို့ တွေးနေမိသော်လည်း သူမ၏ မျက်နှာပေါ်တွင်မူ အလွန်အမင်း ဝမ်းသာနေသည့် ပုံစံမျိုးကို မပြသရဲချေ။
ထို့ကြောင့် "အင်း" ဟု ခပ်ပြတ်ပြတ် အသံပြုလိုက်ပြီးနောက် မှာကြားလိုက်လေသည်။
"ကွေ့ဖေးက ရောဂါကုသနေရတယ်ဆိုတော့... မောင်းမဆောင် ကိစ္စတွေကို ယီဖေးတို့က စီမံရတော့မှာပေါ့... လန်ဖေးနဲ့ ယင်းကွေ့ဖင်မှာက ကိုယ်ဝန်တွေ ရှိနေတော့ လုပ်ချင်စိတ်ရှိရင်တောင် ခွန်အားရှိမှာ မဟုတ်ဘူး... အချုပ်ပြောရရင်တော့ ယီဖေးကပဲ မောင်းမဆောင် အာဏာကို ချုပ်ကိုင်သွားတဲ့ သဘောပဲ"
"ဒီရက်ပိုင်းအတွင်း ဒုတိယမင်းသားကို အပြင်သိပ်မထွက်ခိုင်းနဲ့... ကိစ္စသေးသေးလေးတွေကြောင့် ပြဿနာ ကြီးသွားရင် သူ့ကျန်းမာရေးကို ထိခိုက်သွားနိုင်တယ်"
စကားကို ပွင့်ပွင့်လင်းလင်း မပြောသော်လည်း ဆိုလိုရင်းကို အားလုံးက နားလည်ကြလေ၏။
ယီဖေးက အာဏာရသွားပြီ ဖြစ်ရာ သူမ၏ လက်ထဲတွင် တတိယမင်းသား ရှိနေသည် မဟုတ်လား။
ဒုတိယမင်းသားက ခန္ဓာကိုယ် အားနည်းပြီး ရောဂါများသောကြောင့် တတိယမင်းသားကို မယှဉ်နိုင်သော်လည်း သူက အစ်ကိုကြီး နေရာကို ရယူထားသူ ဖြစ်သည်။ ထို့အပြင် ယခုအခါ ပထမဆုံး ဝမ်အဖြစ် ဘွဲ့နှင်းသဘင် ခံယူရမည့် မင်းသားလည်း ဖြစ်နေသဖြင့် သေချာပေါက် ယီဖေး၏ မျက်စိစူးစရာ ဖြစ်နေမည်။
ထို့ကြောင့် သူမ၏ အရှိန်အဝါကို ရှောင်ရှားနေခြင်းက အကောင်းဆုံး ဖြစ်ပေမည်။
ချိုးမင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ဆက်ပြောလိုက်လေသည်။
"တုမားမားကလည်း ဒီသဘောပါပဲ... ဒုတိယမင်းသားက ခန္ဓာကိုယ် အားနည်းပြီး နေပူထဲ မထွက်နိုင်ဘူး…အေးအေးဆေးဆေး အနားယူရမယ်လို့ အပြင်ကို သတင်းလွှင့်ထားပါတယ်..."
တုမားမားသည် အရှင်မင်းကြီးကို ပြုစုရင်း ကြီးပြင်းလာသူပီပီ ကိုယ်လုပ်တော်များကြားရှိ ယုတ်မာသော ကိစ္စများကို အလွန်ပင် ရှင်းလင်းစွာ သိရှိထားလေ၏။
ဒုတိယမင်းသား၏ အသက်အန္တရာယ် အတွက် ပုန်းရှောင်နေခြင်းက ပို၍ ကောင်းမွန်ပေသည်။
လင်ဝမ်ယိက ထိုအကြောင်းကို စဉ်းစားနေဆဲမှာပင် အပြင်ဘက်မှ ရှောင်လုကျစ် ခပ်သုတ်သုတ် ဝင်လာသည်ကို တွေ့လိုက်ရလေ၏။
ယီဖေး၏ အနားမှ အကြီးအကဲ မိန်းမစိုး ဖြစ်သူ ရွမ်မင်ကုန်းကုန်း ရောက်လာကြောင်း လာရောက် သတင်းပို့လေသည်။
ရွမ်မင် ဟုတ်လား။
လင်ဝမ်ယိ အနေဖြင့် သူနှင့် တစ်ခါမျှ အဆက်အဆံ မရှိခဲ့ဖူးပေ။
သူမ နန်းတွင်းသို့ ဝင်ရောက်လာကတည်းက ယီဖေးကို တွေ့ဖူးသည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှသည်။
သူမကို တွေ့ရတိုင်းလည်း ရူယိနှင့် ရူဟွမ်တို့ကသာ ပြုစုပေးနေသည်ကို မြင်တွေ့ခဲ့ရပြီး ဤအကြီးအကဲ မိန်းမစိုးနှင့် ပတ်သက်၍ လုံးဝ မသိခဲ့ချေ။
ထို့ကြောင့် သူမက ချိုးမင်ကို တစ်ချက် ကြည့်လိုက်လေတော့သည်။