← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄) ညစာစားပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း

ချိုးမင်မှာလည်း ရိုးအသူတစ်ယောက် မဟုတ်သဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။

"ရွမ်မင်ကုန်းကုန်းက နန်းတွင်းက လူမဟုတ်ပါဘူး… ယီဖေးမယ်မယ် နန်းတွင်း ဝင်လာတုန်းက အတူတူ ပါလာခဲ့တာပါ… သူက ရင့်ကျက်ပြီး တည်ငြိမ်တဲ့ပုံစံ ရှိပေမဲ့ အပေါင်းအသင်း လုပ်လို့ ကောင်းတဲ့သူတော့ မဟုတ်ပါဘူး"

လျိုမိသားစုက တကယ်ကို ဩဇာအာဏာ ကြီးမားလှပေသည်။ မိန်းမစိုးခေါင်းဆောင် တစ်ယောက်ကိုတောင် နန်းတော်အပြင်ဘက်ကနေ ခေါ်သွင်းလာနိုင်သည် မဟုတ်လား။ သူတို့က နန်းတွင်းအပေါ် ဘယ်လောက်တောင် လွှမ်းမိုးမှု ရှိနေသည်ကို စဉ်းစားကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။

နန်းတွင်း ဝင်လာတာ ဒီလောက်ကြာပြီဖြစ်ပေမဲ့ အရှင်မင်းကြီး ယီဖေး၏ နန်းဆောင်ဆီ တစ်ခေါက်မျှ သွားသည်ကို မတွေ့ရတာလည်း မဆန်းတော့ပေ။

နန်းတွင်းနှင့် မောင်းမဆောင်မှာ တိုးတက်လာသည်ဟု ပြောလျှင် မှန်သကဲ့သို့ တစ်ဖက်က အားကောင်းလာလျှင် တစ်ဖက်က အားနည်းသွားသည်ဟု ပြောလျှင်လည်း မှန်ပေသည်။

စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာပြီး ယခုလို မြင့်မားသော ရာထူးနေရာကို ရယူထားသည့် ယီဖေးလို ကိုယ်လုပ်တော်မျိုးသည် မောင်းမဆောင်အတွင်း အရှင်မင်းကြီးနှင့် သင့်တင့်မျှတစွာ နေထိုင်လိုသည်ဟု ဆိုပါကလည်း လိမ်ညာနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုအကြောင်းကို သိရှိသွားပြီးနောက် လင်ဝမ်ယိက သူမ၏ အင်္ကျီကော်လာကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ပြောလိုက်သည်။

"ရွမ်ကုန်းကုန်းကို အထဲ ဝင်လာခိုင်းလိုက်ပါ"

"ဟုတ်ကဲ့"

ယခုတစ်ကြိမ်တွင်တော့ ချိုးမင်က အပြင်ဘက်သို့ ထွက်မသွားတော့ဘဲ လင်ဝမ်ယိ၏ အနောက်တွင် ဝင်ရပ်နေလိုက်လေသည်။

ရွမ်မင်ဆိုသည့် နာမည်က လူနှင့် လုံးဝကို မလိုက်ဖက်ချေ။ 'မင်' ဆိုသည်မှာ စကားပြောကောင်းပြီး စကားပြောဆိုရသည်ကို နှစ်သက်သူဟု အဓိပ္ပါယ်ရသော်လည်း သူ့ပုံစံကို ကြည့်ရသည်မှာ စကားနည်းပြီး အသားအရေမည်းနက်ကာ နာမည်နှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေလေ၏။

"ဒီအစေခံ ရွမ်မင်… သခင်မလေးလင်ကို ဂါရဝပြုပါတယ်"

သူ့အသံမှာ အပူလောင်ထားသကဲ့သို့ အက်ကွဲနေလေသည်။

အကယ်၍ ကလေးငယ်လေးများသာ ကြားပါက လန့်ဖျပ်သွားနိုင်ပေသည်။

ထို့ပြင် သူ၏ အသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်သဖြင့် နားထောင်ရသည်မှာ ကြောက်စရာကောင်းလှသည်။

ကံကောင်းစွာဖြင့် အခုက နေ့ခင်းဘက်ဖြစ်သဖြင့် အခန်းထဲတွင်လည်း လူများနေသောကြောင့် လင်ဝမ်ယိ၏ ရင်ထဲရှိ ကြောက်ရွံ့မှုများ အနည်းငယ် လျော့နည်းသွားရလေ၏။

"ရွမ်ကုန်းကုန်း အားနာမနေပါနဲ့… ကုန်းကုန်း လာတာက ယီဖေးမယ်မယ်က မှာလိုက်တာရှိလို့များလား"

လင်ဝမ်ယိကလည်း လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်လေသည်။

ဤကဲ့သို့ လူမျိုးကို စကား သွယ်ဝိုက်ပြောဆိုနေခြင်းထက် ပွင့်ပွင့်လင်းလင်း ပြောခြင်းက ပိုကောင်းသည် မဟုတ်ပါလား။

"ယီဖေးမယ်မယ်က သခင်မလေးလင် ချီချောင်ပွဲတော် ညစာစားပွဲကို တက်ရောက်မှာလားလို့ လာမေးခိုင်းတာပါ… ပြီးတော့ ဒုတိယမင်းသားရော တက်မလားဆိုတာပါ တစ်ခါတည်း မေးပြီး အစီအစဉ်ဆွဲဖို့ပါ"

ဤသည်ကတော့ တကယ့်ကို အရေးကြီးတဲ့ ကိစ္စပင်။

အကယ်၍ အိမ်မှာသာ ပြဿနာတွေ မဖြစ်ခဲ့ဘူးဆိုလျှင် လင်ဝမ်ယိ အနေဖြင့် အနားယူနိုင်သမျှ အနားယူနေမည်သာ ဖြစ်သည်။ သို့သော် ယခုတော့ သူမက အမှန်တရားကို ပိုပြီး နားလည်သဘောပေါက်လာခဲ့ပြီဖြစ်သည်။ တစ်ခါတစ်ရံ လူတွေက ပြဿနာကို ရှောင်ဖယ်နေတတ်သော်လည်း ပြဿနာက ကိုယ့်ဆီ အလိုလို ရောက်လာတတ်သည် မဟုတ်လား။

ထို့ကြောင့် ထိုပြဿနာကို တိုက်ရိုက် ရင်ဆိုင်လိုက်ခြင်းက ပိုပြီး လွတ်လပ်ပေါ့ပါးစေလိမ့်မည်။

သူမက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"ယီဖေးမယ်မယ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်… အခု ကျွန်မ ကျန်းမာရေးက အတော်လေး ကောင်းလာပြီမို့ သေချာပေါက် တက်ရောက်ရမှာပေါ့… ဒါပေမဲ့ တုမားမား ပြောတာတော့ ဒုတိယမင်းသားက နေမကောင်းသေးဘူးဆိုတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်… ရွမ်ကုန်းကုန်းက ယီဖေးမယ်မယ်ကို ပြန်လည် လျှောက်တင်ပေးပါဦး"

"ဟုတ်ကဲ့ပါ… ဒီအစေခံ မှတ်သားထားပါ့မယ်"

ထိုစကားပြောပြီးနောက် မည်သည့် နှုတ်ဆက်စကားမျှ မပြောတော့ဘဲ အရိုအသေပေးကာ ဟွေ့ဖန်းယာခြံဝင်းမှ ချက်ချင်း ထွက်ခွာသွားလေတော့သည်။

လင်ဝမ်ယိ၏ အနောက်တွင် ရပ်နေသော ရှအန်းမှာ မသိမသာ ရင်ဘတ်ကို ဖိချလိုက်မိလေ၏။

သူမတို့ နန်းတွင်း ဝင်လာကတည်းက တွေ့ဖူးသည့် ကုန်းကုန်းများထဲတွင် သုန်ယွီကျုံးနှင့် ချင်အန်းတို့ကဲ့သို့ ယဉ်ကျေးပျူငှာသူများ ရှိသလို ချိုးမင်ကဲ့သို့ အပြင်ပန်းတွင် တင်းကျပ်သော်လည်း အတွင်းစိတ်သဘောထား ပြည့်ဝသူများလည်း ရှိသည်။ ထို့ပြင် ရှောင်လုကျစ်ကဲ့သို့ အနည်းငယ် သွက်လက်တက်ကြွသူများလည်း ရှိပေသည်။ သို့သော် ရွမ်မင်ကဲ့သို့ အေးစက်မာကျောသူမျိုးများကိုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။

အမှန်အတိုင်း ပြောရလျှင် သူက ကုန်းကုန်းတစ်ယောက်နှင့် မတူဘဲ စစ်မြေပြင်က စစ်သည်တော် တစ်ယောက်နှင့် ပိုတူနေလေ၏။

ဘာကြောင့်မှန်းမသိ သူ့ဆီကနေ သွေးညှီနံ့များ ရနေသလိုပင်။

လင်ဝမ်ယိက ချိုးမင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဒီကိစ္စကို တုမားမားဆီ သွားပြောပြလိုက်ပါ… ဒီနှစ်ရက်အတွင်း လက်အောက်ငယ်သားတွေကို သေချာ ထိန်းချုပ်ထားဖို့လည်း မှာလိုက်… တကယ်လို့ သတင်းပေါက်ကြားသွားရင် ယီဖေးမယ်မယ်က လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့"

ချိုးမင်လည်း အနောက်ဘက် ခြံဝင်းဆီသို့ အလျင်အမြန် ထွက်သွားလေတော့သည်။

အခန်းထဲတွင် လင်ဝမ်ယိနှင့် ရှအန်း နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့၏။

"သခင်မလေး… ဒီညစာစားပွဲကို သွားရင် တခြားကိုယ်လုပ်တော်တွေရဲ့ အတင်းအဖျင်း ပြောတာကို ခံရဦးမှာပဲ"

"ကံကောင်းခြင်းဆိုတာ ကပ်ဆိုးမဟုတ်သလို… ကပ်ဆိုးဆိုတာလည်း ရှောင်လွှဲလို့ မရပါဘူး… ငါတို့ မသွားဘူးဆိုရင်ကော သူတို့က အတင်းမပြောဘဲ နေမှာမို့လို့လား"

စဉ်းစားကြည့်လျှင်လည်း မှန်ပေသည်။ သူမ အဆိပ်မိပြီးနောက် လူများ၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားသည်မှာ လဝက်ခန့် ရှိနေပြီဖြစ်သည်။ အကယ်၍ သူမသာ လူလုံးမထွက်ပြဘူးဆိုလျှင် အပြင်ကလူတွေက သူမဆီမှာ ပြဿနာ လာရှာဖို့ အကြံအစည်ထုတ်နေကြပေလိမ့်မည်။

ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပဲ သွားရောက် တက်ရောက်လိုက်တာက ပိုကောင်းပေသည်။

ချီချောင်ပွဲတော် ညစာစားပွဲ။

ဒါက သူမ နွေရာသီအပန်းဖြေနန်းတော်သို့ ရောက်လာပြီးနောက် ဒုတိယအကြိမ် တက်ရောက်မည့် ညစာစားပွဲပင် ဖြစ်လေသည်။ ကိုယ်လုပ်တော်များက သီချင်းများ၊ အကများနှင့် အစွမ်းကုန် ဖျော်ဖြေကြမှာ သေချာသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို လက်လွတ်ခံလိုက်ရလျှင် နောက်တစ်ကြိမ် ဘယ်တော့ ပြန်ကြည့်ရမည်ကိုပင် မသိနိုင်ပေ။

ထို့ပြင် ဤပွဲက ယီဖေး ဖိတ်ကြားထားခြင်း ဖြစ်သည်။ သူမက ယီဖေးကို အသုံးချပြီး လင်ကွေ့ဖေးကို ထိန်းချုပ်ချင်သည်။ သို့မှသာ ရုံဟယ့်ဆောင်နှင့် ဒုတိယအိမ်ထောင်စုက လူတွေ သူမ၏ မိခင်ကို ဒုက္ခမပေးရဲတော့မည် မဟုတ်လား။ ဒါကြောင့် မသွားလို့ ဘယ်လိုလုပ် ဖြစ်မည်နည်း။

ထို့ကြောင့် ချီချောင်ပွဲတော် ညစာစားပွဲအတွက် သူမက အရင်ကထက် ပိုပြီး ဂရုစိုက် ပြင်ဆင်နေမိလေ၏။

ညနေပိုင်း အချိန်။

အရှင်မင်းကြီး ရောက်လာချိန်တွင် အချိန်က အနည်းငယ် မှောင်နေပြီ ဖြစ်သည်။ ရှောင်လုကျစ်က စောစောကတည်းက နန်းတွင်းမီးအိမ်များကို ထွန်းညှိထားသဖြင့် နွေးထွေးသော အလင်းရောင်လေးများက အမှောင်ထုထဲတွင် အလွန်ပင် စိတ်အေးချမ်းစရာ ကောင်းနေလေ၏။

အရှင်မင်းကြီးက ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်လိုက်ရတိုင်း ခြေလှမ်းများ ပိုမို မြန်ဆန်လာသည်။

အခန်းထဲတွင် သူကြိုက်နှစ်သက်သော ဟင်းလျာများကို ခင်းကျင်းထားပြီး လင်ဝမ်ယိက သူ့ကို ပြုစုပေးရင်း သူမကိုယ်တိုင်လည်း စားသောက်နေလေသည်။

စောင့်နေရသည့် အချိန်ကြာသွား၍လားမသိ သူမလည်း ဗိုက်ဆာနေပုံရသည်။ ထို့ကြောင့် ပုံမှန်ထက် ထမင်းပန်းကန်တစ်ဝက်လောက် ပိုစားဖြစ်သွား၏။ အရှင်မင်းကြီးက သူမကို ကြည့်ရင်း အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"နောက်ဆိုရင် ထမင်းစားချိန် ကျော်သွားလို့ ကိုယ်တော် မရောက်လာသေးရင် စောင့်မနေနဲ့တော့… မင်း ကျန်းမာရေးကလည်း သိပ်ကောင်းတာ မဟုတ်ဘူး… အရင်စားထားလိုက်ပါ"

လင်ဝမ်ယိက ပြုံးလိုက်သည်။ အရှင်မင်းကြီး၏ စေတနာကို သူမ သိသော်လည်း မဆိုင်းမတွပင် ပြန်ဖြေလိုက်လေ၏။

"တစ်ယောက်တည်း ထမင်းစားရတာ ပျင်းစရာကြီးပါ… ကျွန်တော်မျိုးမ အရှင်မင်းကြီးကိုပဲ စောင့်ပါရစေ… ဒါမှ ပိုပြီး စားဝင်မှာမို့လို့ပါ"

"မင်းလေးကတော့လေ"

အရှင်မင်းကြီး၏ အလိုလိုက်ထားသော လေသံကြောင့် သုန်ယွီကျုံးက လင်ဝမ်ယိကို တစ်ချက် ကြည့်လိုက်မိပြီး တံခါးပေါက်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ချိုးမင်ကို ရေနွေးကြိုထားရန် အမိန့်ပေးလိုက်လေ၏။

လင်ဝမ်ယိ အဆိပ်မိပြီးကတည်းက အရှင်မင်းကြီးကို ခစားခွင့် မရခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။

ကိုယ်လုပ်တော်များ၏ အမည်စာလွှာများကိုလည်း အရှင်မင်းကြီးက တစ်ချက်လေးမျှပင် လှန်ကြည့်ခြင်း မရှိခဲ့သောကြောင့် ဖုန်တောင် တက်နေပြီဖြစ်၏။

အရှင်မင်းကြီးသည် ပုံမှန်အချိန်များတွင် ဇယ့်ဖင်ကျွန်းကို ဖယ်လိုက်ပါက ဟွေ့ဖန်းယာခြံဝင်းတွင်သာ အိပ်စက်လေ့ရှိသည်။ ယခင်ကဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုး လုံးဝ ဖြစ်လာမည် မဟုတ်ပေ။

သူတို့က သတင်းကို သေချာ ဖုံးဖိထားနိုင်ခဲ့၍သာ တော်သေးသည်။ အကယ်၍ ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စများသာ ပေါက်ကြားသွားပါက လင်ချန်ကျိုက်မှာ တိုင်းပြည်ကို ဖျက်ဆီးမည့် မိန်းမယုတ်ဆိုသော နာမည်ဆိုးကြီး တပ်ခံရပေလိမ့်မည်။

"အရှင်မင်းကြီးက ဒါကို…"

"ကြိုတင်ပြင်ဆင်ထားတာက ပိုကောင်းတာပေါ့"

ချိုးမင်က ချက်ချင်းပင် နားလည်သွားပြီး မီးဖိုဆောင်ဘက်သို့ လှည့်ကာ သွားရောက် စီစဉ်တော့လေသည်။

အခန်းထဲတွင်မူ သူတို့နှစ်ဦး စားသောက်ပြီးနောက် စစ်တုရင်ခုံကို ထုတ်ယူလိုက်ကြသည်။ အရှင်မင်းကြီးက အနက်ရောင် ကျောက်စေ့ကို ကိုင်ပြီး လင်ဝမ်ယိက အဖြူရောင် ကျောက်စေ့ကို ကိုင်ကာ နှစ်ယောက်သား အကြိတ်အနယ် ကစားနေကြလေ၏။

လင်ဝမ်ယိက သူမ၏ ယခင် ကစားဟန်ကို ပြောင်းလဲလိုက်ပြီး တိုက်စစ်ဆင်ကာ အရှင်မင်းကြီးအား နောက်ဆုတ်စရာ လမ်းမရှိအောင် ဖိအားပေးနေတော့သည်။ နှစ်ချီလောက်ကဆိုလျှင် သူမ၏ ကျောက်စေ့များ အများအပြား အစားခံလိုက်ရပြီး အရှင်မင်းကြီး ရှုံးလုနီးပါးပင် ဖြစ်သွားခဲ့ရ၏။

ထို့ကြောင့် သူကလည်း နောက်မဆုတ်တော့ဘဲ တိုက်စစ်ဆင် ကစားလေတော့သည်။

လင်ဝမ်ယိ၏ စစ်တုရင်စွမ်းရည်မှာ အရှင်မင်းကြီးထက် အနည်းငယ် နိမ့်ကျနေသဖြင့် သဘာဝကျကျပင် ရှုံးနိမ့်သွားရလေ၏။ သို့သော် သူမက အခြားသော ကိုယ်လုပ်တော်များကဲ့သို့ ဂျီကျ အချွဲတိုက်ခြင်းမျိုး မရှိဘဲ "ထပ်ကစားမယ်" ဟု ရယ်မောကာ ပြောလိုက်လေသည်။

နေ့ခင်းဘက်တွင် အိပ်ရေးဝနေသဖြင့် ညဘက်တွင် တက်ကြွနေခြင်းဖြစ်သည်။ စစ်တုရင် ကစားလိုက်ရသဖြင့် သူမ၏ ဦးနှောက်များလည်း ပိုမို ရှင်းလင်းသွားပြီး တစ်ကိုယ်လုံး အသက်ဝင် တက်ကြွနေသကဲ့သို့ပင်။

အရှင်မင်းကြီးမှာ သူမ၏ ဤမျှ တက်ကြွနေသော ပုံစံမျိုးကို မမြင်ရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် စစ်တုရင် ကစားရင်းနှင့် ရည်ရွယ်ချက်ပါပါ ပြောလိုက်လေ၏။

"ကိုယ်တော် ကြည့်ရတာ မင်းက တော်တော်လေး တက်ကြွနေပုံပဲ"

"နေ့ခင်းက ခိုးအိပ်ထားလို့ အခုချိန် မပင်ပန်းသေးတာပါ"

"အိပ်ချင်စိတ် မရှိဘူးလား"

"မရှိပါဘူး"

"အင်း… ကိုယ်တော်လည်း အိပ်ချင်စိတ် မရှိဘူး"

လင်ဝမ်ယိက အရှင်မင်းကြီးကို ခေါင်းမော့ကြည့်လိုက်သည်။

အိပ်ချင်စိတ် မရှိရင်လည်း ကောင်းကောင်းမွန်မွန် စစ်တုရင် ဆက်ကစားလေ… ဘာလို့ ကျောက်စေ့ မချတော့ဘဲ သူမကို ကြောင်တောင်တောင် စိုက်ကြည့်နေရတာလဲ။

သူမ စကားမပြောရသေးခင်မှာပင် သူမ၏ ခန္ဓာကိုယ်လေးသည် ပူနွေးနေသော ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရလေတော့သည်။

All Chapters