အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅) အားလပ်ချိန် ပန်းချီဆွဲခြင်း
အရှင်မင်းကြီးက လင်ဝမ်ယိ၏ နားနားသို့ တမင်တကာ ကပ်၍ အသက်ရှူလိုက်လေသည်။
ပြင်းပြသော ထိုအသက်ရှူသံကြောင့် လင်ဝမ်ယိ၏ ပါးပြင်လေးများ ချက်ချင်း နီရဲသွားတော့သည်။ သူမ အရူးမဟုတ်သည့်အတွက် အရှင်မင်းကြီး ဘာလုပ်ချင်နေလဲဆိုတာ သိသာလွန်းနေသည် မဟုတ်လား။
ထို့ကြောင့် အမြဲတမ်း သုံးလေ့ရှိသည့် အကြောင်းပြချက်ကို ထုတ်ကာ ငြင်းဆန်လိုက်လေ၏။
"ကျွန်တော်မျိုးမရဲ့ ခန္ဓာကိုယ်က ဆေးသောက်နေရတုန်းမို့လို့… အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး"
"ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမယ်… ဟုတ်လား"
အရှင်မင်းကြီး၏ လည်ချောင်းထဲမှ လှောင်ရယ်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာလေ၏။
"ကိုယ်တော်က ကိုယ့်ရဲ့ ကိုယ်လုပ်တော်ကို မျက်နှာသာပေးတာ… ဘယ်အချိန်ကများ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းတဲ့ အချိန် ရှိခဲ့လို့လဲ"
ထိုစကားအဆုံးတွင် လင်ဝမ်ယိမှာ ရုတ်တရက် ပွေ့ချီခံလိုက်ရပြီး သူမ သတိပြန်ဝင်လာချိန်တွင်တော့ ကုတင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပေါ်မှ လူက အလောတကြီးဖြင့် သူမ၏ အင်္ကျီကြယ်သီးများကို ဖြုတ်နေပြီး အနည်းငယ် ကြမ်းတမ်းနေသည်ဟုပင် ခံစားလိုက်ရလေ၏။
"ဒီနေ့တော့ ဒီကြယ်သီး ဆယ့်ရှစ်လုံးပါတဲ့ အင်္ကျီကို ချွတ်ဖို့ အချိန်မရတော့ဘူး ထင်တယ်"
လင်ဝမ်ယိမှာ ထိုစကားကြောင့် ပြောစရာပင် ပျောက်သွားရလေတော့သည်။
အရှင်မင်းကြီးက အကုန်သိနေတာပဲကိုး။ သူမ သေချာ ပြင်ဆင်ထားခဲ့တာတွေ အကုန်လုံးက အလကားဖြစ်သွားပြီပေါ့။
နွေရာသီ ညလေညင်းလေးက ကြာကန်ထဲရှိ ရေပြင်ကို လှိုင်းထသွားစေသကဲ့သို့ပင်။
နောက်နေ့မနက်။
လင်ဝမ်ယိ နိုးလာချိန်တွင် အပြင်ဘက်၌ မိုးလင်းနေပြီ ဖြစ်သည်။ တောက်ပသော နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေပြီး စားပွဲပေါ်ရှိ နံ့သာမီးဖိုလေးမှာလည်း ရွှေရောင် တောက်ပနေလေ၏။
သူမ၏ ဘေးရှိ လူမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ ညီညာသော အသက်ရှူသံလေးများ ထွက်ပေါ်နေပြီး လင်ဝမ်ယိသည် ဘေးတစောင်းလှည့်ကာ အရှင်မင်းကြီးကို ငေးကြည့်နေမိသည်။ ဤကဲ့သို့သော ထောင့်ချိုးမျိုးမှ ဘယ်တုန်းကမှ မကြည့်ဖူးခဲ့ချေ။
အရှင်မင်းကြီး၏ မျက်ခုံးရိုးနှင့် နှာတံတို့က အလွန်ပင် လှပပြီး မြင့်မားသော်လည်း ကြည့်ရဆိုးမနေပေ။ မျက်ခုံးများက နားထင်ထိ ရှည်လျားပြီး ဆံပင်များကလည်း မှင်ရည်ကဲ့သို့ နက်မှောင်နေလေ၏။
သို့သော် မျက်ခုံးနှစ်ခုကြားတွင် အမြဲတမ်း မျက်မှောင်ကြုတ်လေ့ရှိသဖြင့် အရေးအကြောင်း ခပ်ရေးရေးလေး ပေါ်နေပြီ ဖြစ်သည်။ ထိုအခိုက်အတိုင်း လင်ဝမ်ယိ၏ ခေါင်းထဲတွင် တိုင်းပြည်အတွက် အပင်ပန်းခံကာ ကြိုးပမ်းအားထုတ်နေသည့် အဘိုးကြီး တစ်ယောက်၏ ပုံစံ ပေါ်လာသဖြင့် မနေနိုင်ဘဲ ခစ်ခနဲ ရယ်လိုက်မိလေတော့သည်။
အရှင်မင်းကြီးမှာ သူမ၏ အသံကြောင့် နိုးသွားပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် အနည်းငယ် စိတ်ရှုပ်သွားသည့်ပုံ ပေါ်နေ၏။ သို့သော် ထိုခံစားချက်က ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
"အရှင်မင်းကြီး ထတော့မလို့လား"
"အင်း"
သူ ထိုသို့ ပြန်ဖြေသည်ကို ကြားလိုက်ရသဖြင့် လင်ဝမ်ယိက ထပြီး ပြုစုပေးရန် ပြင်လိုက်သည်။
သို့သော် အရှင်မင်းကြီးက ရုတ်တရက် လှည့်ကာ သူမကို ဖိထားလိုက်ပြီး ခေါင်းကို သူမ၏ ရင်ဘတ်ပေါ် မှီတင်ကာ မလှုပ်မယှက် နေနေလေ၏။
ဆံပင်နှစ်ပင်ခန့်က သူမ၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် ယားကျိကျိ ဖြစ်နေသောကြောင့် လင်ဝမ်ယိက လက်လှမ်းကာ ဖယ်ရှားရန် ပြင်လိုက်သော်လည်း အရှင်မင်းကြီးက သူမ၏ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်လေသည်။
"မလှုပ်နဲ့… ကိုယ်တော့်ကို ခဏလောက် မှီခွင့်ပေးပါဦး"
လင်ဝမ်ယိမှာ ထိုစကားကို ကြားပြီးနောက် အသက်ရှူသံကိုပင် ငြိမ်သက်သွားအောင် ထိန်းထားလိုက်လေ၏။ ဘာကြောင့်မှန်းမသိ ဤထောင့်ချိုးမှ ကြည့်လိုက်လျှင် သူ၏ ခေါင်းက ရွှယ်အာပိုင်၏ အမွေးလေးများနှင့် တူနေသလိုပင်။
ရွှယ်အာပိုင်ဆိုသည်မှာ အမှန်တကယ်တော့ အနက်ရောင် ခွေးလေး တစ်ကောင် ဖြစ်သည်။ ထိုနာမည် ပေးခဲ့ခြင်းမှာ လင်ဝမ်ယိ၏ ဆန့်ကျင်ဘက် လုပ်တတ်သော အကျင့်ကြောင့် ဖြစ်ပေလိမ့်မည်။
သူမက အရှင်မင်းကြီးကို အချိန်အတော်ကြာအောင် မှီခွင့်ပေးထားလိုက်ပြီး ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ ခံစားလာရမှသာ ဖြည်းဖြည်းချင်း တွန်းဖယ်လိုက်လေ၏။
"အရှင်မင်းကြီး… ကျွန်တော်မျိုးမ မခံနိုင်တော့ဘူး"
ထိုအသံကို ကြားမှသာ အရှင်မင်းကြီးက မကျေမနပ်ဖြင့် ထလာလေသည်။ သူ၏ မျက်ဝန်းထဲတွင် လင်ဝမ်ယိက သူ၏ အေးချမ်းမှုကို နှောင့်ယှက်လိုက်သကဲ့သို့ အနည်းငယ် စိတ်ပျက်နေပုံ ပေါ်နေ၏။
လင်ဝမ်ယိမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရလေသည်။
သူတို့နှစ်ဦး အိပ်ရာမှ ထကာ အစေခံများကို မျက်နှာသစ် ကိုယ်လက်သန့်စင်ပေးရန် ခေါ်လိုက်သည်။ ယနေ့ အရှင်မင်းကြီးမှာ အတော်လေး အားလပ်နေသဖြင့် ဇယ့်ဖင်ကျွန်းသို့ သွားရောက်ကာ တိုင်းပြည်အရေးများကို ကိုင်တွယ်ရန် မလိုအပ်ပေ။ ထို့ကြောင့် ဟွေ့ဖန်းယာခြံဝင်း တွင်သာ အချိန်ဖြုန်းနေရန် ဆုံးဖြတ်ထားပုံရသည်။
အမှန်တကယ်တော့ ဒုတိယမင်းသားမှာ မနက်စောစောကတည်းက လာရောက်ကာ လင်ဝမ်ယိနှင့်အတူ နံနက်စာ စားရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် အရှင်မင်းကြီး ဤနေရာတွင် အိပ်စက်ခဲ့ပြီး ယခုထိ မထသေးကြောင်း သိလိုက်ရသောအခါ သူ၏ မျက်လုံးလေးများက အားလုံး နားလည်သည့် ပုံစံဖြင့် တုမားမားနှင့်အတူ အနောက်ဘက် ခြံဝင်းသို့ ပြန်သွားလေတော့သည်။
လင်ဝမ်ယိ ပေးထားသော ကစားစရာများနှင့် မှတ်စုစာအုပ်မှာ ယခုအခါ သူ အနှစ်သက်ဆုံး အရာများ ဖြစ်နေလေပြီ။ ခြံဝင်းထဲတွင် တစ်နေကုန် နေရမည် ဆိုလျှင်ပင် သူက ပျော်ရွှင်နေမည်သာ။
မှတ်စုစာအုပ်ထဲရှိ စာလုံးအချို့ကိုလည်း သူ တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ အစပိုင်းတွင် နားမလည်သည်များ ရှိပါက အရှေ့ဘက်ခြံဝင်းသို့ သွားကာ လင်ဝမ်ယိကို မေးမြန်းလေ့ရှိသော်လည်း နောက်ပိုင်းတွင် တုမားမားကလည်း စာတတ်ကြောင်း သိသွားသဖြင့် အဝေးကြီး သွားမမေးတော့ချေ။
ထို့ကြောင့် မှတ်စုစာအုပ်ထဲရှိ စာလုံး တစ်ဝက်ခန့်ကို တုမားမားက သူ့အား သင်ပေးခဲ့ခြင်း ဖြစ်သည်။
အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့မှာ ဒုတိယမင်းသား လာသွားကြောင်းကို မသိခဲ့ကြပေ။
မနက် ၁၀ နာရီခန့် ရောက်မှသာ သူတို့နှစ်ဦး နံနက်စာ စတင် စားသောက်ကြလေသည်။
လတ်ဆတ်သော ပဲနို့နှင့် အခုမှ ပေါင်းအိုးထဲမှ ထုတ်လာသော ပေါက်စီလုံးလေးများ။ ပေါက်စီ၏ မျက်နှာပြင်မှာ ပန်းနုရောင် သန်းနေပြီး သေချာ စားကြည့်မည်ဆိုပါက မက်မွန်သီးအရည် ရောစပ်ထားကြောင်း သိနိုင်ပေသည်။ အရသာကလည်း ထူးခြားပြီး ကြည့်ရသည်မှာလည်း အလွန် လှပလှသည်။
ချွမ်ချီမှာ အစားအသောက် ချက်ပြုတ်ရာတွင် တကယ့်ကို ပါရမီပါသူ တစ်ယောက် ဖြစ်ပေသည်။
အရှင်မင်းကြီးနှင့် လင်ဝမ်ယိတို့ နှစ်ယောက်သား ပေါက်စီ နှစ်ပေါင်းအိုးခန့် စားလိုက်သော်လည်း မဝသေးသလို ခံစားနေရဆဲပင်။ သို့သော် အချိန်လွန်နေပြီဖြစ်သဖြင့် အနည်းငယ်သာ စားသုံးရန် ဆုံးဖြတ်လိုက်ကြသည်။ မဟုတ်ပါက နေ့လယ်စာ စားနိုင်တော့မည် မဟုတ်ချေ။
နံနက်စာ စားပြီးနောက် အရှင်မင်းကြီးမှာ အလွန် စိတ်အားထက်သန်နေပုံရသည်။ သူက စာရေးစားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး သုန်ယွီကျုံးအား မှင်သွေးရန် အမိန့်ပေးလိုက်လေ၏။
လင်ဝမ်ယိကလည်း သိချင်စိတ် ဖြစ်သွားရသည်။ ရှန်ယိနန်းဆောင် နာမည်ပေးစဉ်က လွဲ၍ အရှင်မင်းကြီး သူမ၏ အခန်းထဲတွင် စုတ်တံကိုင်သည်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ထို့ကြောင့် သူမက ချက်ချင်းပင် မေးလိုက်လေသည်။
"အရှင်မင်းကြီး… စာရေးမလို့လား"
"မဟုတ်ဘူး… ကိုယ်တော် ကြည့်ရတာ မင်းအခန်း အလယ်မှာ ဟာလာဟင်းလင်း ဖြစ်နေတာ ပန်းချီကား တစ်ချပ် လိုနေသလိုပဲ… ဒါကြောင့် ကိုယ်တော်က မင်းအတွက် တစ်ချပ် ဆွဲပေးမလို့"
သူ၏ အမူအရာနှင့် မျက်နှာထားမှာ သူ၏ ပန်းချီကားက ရှေးဟောင်း နာမည်ကြီး ပန်းချီကား တစ်ချပ်ကဲ့သို့ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေပုံ ရလေ၏။
လင်ဝမ်ယိမှာ အရှင်မင်းကြီး ပန်းချီဆွဲတော်ကြောင်း တစ်ခါမျှ မကြားဖူးခဲ့သဖြင့် သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပါဝင်နေလေသည်။
သူက စုတ်တံကို ကိုင်ကာ တောင်တန်းနှင့် ရေပြင်ကို စတင် ရေးဆွဲလေတော့သည်။ စုတ်ချက် အနည်းငယ်ဖြင့်ပင် ခမ်းနားကြီးကျယ်သော တောင်တန်းများ၏ ပုံစံက ပေါ်လွင်လာလေ၏။
တကယ်ကို အရှင်မင်းကြီးပါပဲ… ပန်းချီဆွဲတဲ့ ဟန်ကတောင် တခြားသူတွေနဲ့ မတူဘူး။
ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် အပြင်ဘက်သို့ ခပ်သုတ်သုတ် ထွက်သွားလေသည်။ ခဏအကြာတွင် ရေအနည်းငယ် ထည့်ထားသော ခွက်တစ်လုံးကို ယူလာပြီး ထိုရေထဲတွင် အခုလေးတင် ခူးလာသော ထင်းရှူးရွက် အနည်းငယ် ထည့်ထားလေ၏။
ထို့နောက် သုန်ယွီကျုံး သွေးနေသော မှင်တုံးကို ယူကာ ထိုရေ အနည်းငယ်ကို လောင်းထည့်ပြီး သေချာစွာ ပြန်သွေးနေတော့သည်။
"အရှင်မင်းကြီး ဘာလုပ်နေတာလဲ"
"ထင်းရှူးရွက်စိမ်ထားတဲ့ ရေကို မှင်ရည်နဲ့ ရောပြီး ဆွဲလိုက်ရင်… တောင်တန်းတွေက ပိုပြီး စိမ်းလန်းစိုပြေတဲ့ အငွေ့အသက်တွေ ပါလာလိမ့်မယ်"
ဒါက တကယ့်ကို ထူးဆန်းတဲ့ နည်းလမ်းပဲ။
"ဒီနည်းလမ်းကို ဘယ်သူ သင်ပေးထားတာလဲ"
"ဘိုးဘိုးလေ… သူက အားရင် စာရေး၊ ပန်းချီဆွဲ လုပ်ရတာကို သဘောကျတယ်"
ဘိုးဘိုးတဲ့လား…။
အရှင်မင်းကြီးက တကယ်ကို တင်စားတတ်တာပဲ။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။
နှစ်နာရီခန့် အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
အရှင်မင်းကြီး၏ ပန်းချီဆွဲနှုန်းကလည်း လင်ဝမ်ယိကို အံ့ဩသွားစေခဲ့သည်။ ဒီလောက် မြန်မြန် ပြီးသွားရသည်လား။
နောက်ဆုံး စုတ်ချက်ကို ဆွဲပြီးနောက် စုတ်တံကို ချလိုက်ချိန်တွင် အရှင်မင်းကြီး၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာလေ၏။ ပန်းချီကားထဲတွင် တိမ်တောင်များ ရစ်သိုင်းနေပြီး မြင့်မားသော တောင်တန်းများက ထပ်နေကာ တောင်ထိပ်တွင် ထင်းရှူးပင် တစ်ပင်က မတ်မတ် ရပ်တည်နေသည်။
ပန်းချီကား၏ ဘယ်ဘက်ခြမ်းကို ကြည့်လိုက်ပါက ရေပြင်နှင့် ကပ်လျက် တည်ရှိနေသော ခြံဝင်းငယ်လေး တစ်ခုကို တွေ့ရမည်ဖြစ်သည်။ တံခါးရှေ့တွင် သစ်သားတံတားလေး တစ်စင်း ရှိပြီး ရေစီးကြောင်းက ငြိမ်သက်ကာ အေးချမ်းသော အငွေ့အသက်များ လွှမ်းခြုံနေလေ၏။
လင်ဝမ်ယိက အရှင်မင်းကြီး စကားသက်သက် ပြောနေခြင်းဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်း ဤမျှလောက် တော်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ဟုန်ထိုးတည်းနှင့် လင်နန်ဒေသ၏ သဘာဝ အလှအပများကို ရေးဆွဲနိုင်ခဲ့သည် မဟုတ်ပါလား။
"အဝေးဆီက အေးစက်တဲ့ တောင်တန်းဆီကို ကျောက်စရစ်လမ်းလေး ကွေ့ကောက်သွားတယ်… တိမ်ဖြူတွေ ကြားထဲမှာတော့ လူနေအိမ်လေး ရှိနေတယ်"
ထိုပန်းချီကားကို မြင်လိုက်ရချိန်တွင် သူမ၏ ပထမဆုံး တုံ့ပြန်မှုက ဤကဗျာလေးပင် ဖြစ်သည်။ ထို့ကြောင့် ရုတ်တရပ် နှုတ်မှ ထွက်သွားလေ၏။
အရှင်မင်းကြီးက သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ စုတ်တံကို သူမ၏ လက်ထဲသို့ ကမ်းပေးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဒီကဗျာလေးကို မင်းပဲ ရေးလိုက်ပါ… အရင်တစ်ခေါက်က မင်း ကူးရေးထားတဲ့ ဗုဒ္ဓကျမ်းစာကို ကိုယ်တော် မြင်ဖူးတယ်… လက်ရေးက တော်တော်လှတယ်"
လင်ဝမ်ယိ အံ့ဩသွားရသည်။ ဘယ်လိုလုပ်ပြီး အရာအားလုံးက ဒီလိုမျိုး တိုက်ဆိုင်နေရသည်နည်း။
သို့သော် သူမက မငြင်းဆန်တော့ဘဲ စုတ်တံကို ကိုင်ကာ ပန်းချီကား၏ ညာဘက် အပေါ်ထောင့်တွင် ကဗျာလေးကို သေသပ်လှပစွာ ရေးသားလိုက်လေ၏။