အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆) ချီချောင်ပွဲတော် ညစာစားပွဲ
လင်ဝမ်ယိ၏ လက်ရေးက ငယ်စဉ်က နှစ်အတော်ကြာအောင် ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က ဘိုးဘိုးအိမ်တွင် ကျန်းမာရေး လာရောက်ကုသနေရသဖြင့် လှုပ်ရှားသွားလာရသည့် အချိန်က အလွန် နည်းပါးလှသည်။
ဘိုးဘိုးက သူမ ပျင်းနေမည်ကို စိုးရိမ်သဖြင့် နေ့စဉ်နေ့တိုင်း စာရေးခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းတို့ကို သင်ကြားပေးခဲ့သည်။ ထိုအရာများက သူမ၏ စိတ်နေစိတ်ထားကို အေးချမ်းတည်ငြိမ်လာစေရန် များစွာ အထောက်အကူ ပြုခဲ့လေ၏။
စုတ်ချက် အနည်းငယ်ဖြင့်ပင် ကဗျာလေးကို ရေးသားပြီးသွားလေသည်။ အရှင်မင်းကြီးက တစ်ချက် ကြည့်လိုက်ပြီး အလွန် ကျေနပ်သွားပုံရသည်။
"သုန်ယွီကျုံး"
"ဒီအစေခံ ရှိပါတယ်"
"လူတစ်ယောက်ကို ခေါ်ပြီး ဒီပန်းချီကားကို ဘောင်ကွပ်ခိုင်းလိုက်… ပြီးရင် နံရံမှာ ချိတ်ထားလိုက်"
သူက နေရာကိုပါ တစ်ခါတည်း လက်ညှိုးထိုးပြကာ သတ်မှတ်ပေးလိုက်လေ၏။ သုန်ယွီကျုံးကလည်း မဆိုင်းမတွပင် "ဟုတ်ကဲ့ပါ" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် ပန်းချီကားကို သေချာစွာ လိပ်လိုက်ပြီး ကျိရှန်ရုံး သို့ ပို့ဆောင်စေလိုက်သည်။ ကျိရှန်ရုံး ဆိုသည်မှာ တာ့ဝေ့ပြည် ရှိ ပန်းချီဆရာများ စုဝေးရာ နေရာဖြစ်သည်။ ထိုနေရာတွင် နန်းတွင်း ပန်းချီဆရာ အယောက်ငါးဆယ်ခန့် ရှိပြီး တောင်တန်းရေပြင်၊ ပန်းပင်၊ ငှက်များ နှင့် လူပုံများ စသည်ဖြင့် အသီးသီး ကျွမ်းကျင်မှု ရှိကြလေ၏။ တစ်ယောက်နှင့်တစ်ယောက်လည်း မတူညီသော အရည်အချင်းများ ရှိကြသည်။
လက်ကောက်ဝတ်ကို လှည့်ရင်း အရှင်မင်းကြီးက ပြတင်းပေါက်နားရှိ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ သောက်လိုက်လေသည်။ အရသာကတော့ ယခင်ကလိုပင် အလွန် ထူးခြားနေဆဲပင်။
"ဒီနေ့ သစ်သီးယိုက မက်မွန်သီးလား"
"ဟုတ်ပါတယ်… ဒီမက်မွန်သီးယိုကို ဒုတိယမင်းသား ကိုယ်တိုင် လုပ်ထားတာပါ… အရှင်မင်းကြီး သေချာ မြည်းကြည့်ပါဦး"
ထိုစကားကို ကြားသောအခါ အရှင်မင်းကြီးမှာ အနည်းငယ် အံ့ဩသွားရသည်။ မင်းသားတစ်ပါး မပြောနှင့်၊ မောင်းမဆောင်ရှိ ကိုယ်လုပ်တော်များ ကိုယ်တိုင် လုပ်ထားသည့် အစားအစာများကိုပင် သူ စားဖူးသည်မှာ အလွန် နည်းပါးလှသည်။ ဥပမာအားဖြင့် ဟွေ့ဖန်းယာခြံဝင်း တွင် သူ စားသောက်နေသည်များမှာ ချွမ်ချီ ချက်ပြုတ်ထားသည်များသာ ဖြစ်ပြီး လင်ဝမ်ယိ ကိုယ်တိုင် မီးဖိုချောင်ဝင်သည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ဘယ်လိုနေလဲ"
လင်ဝမ်ယိက အရှင်မင်းကြီးကို မျှော်လင့်နေဟန်ဖြင့် ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်မှ ထူးခြားမှု တစ်ခုခုကို မြင်ရမလားဟု စောင့်ကြည့်နေလေ၏။ သို့သော် အရှင်မင်းကြီးက သူ၏ အတွင်းစိတ်ခံစားချက်ကို မည်သူမျှ မသိအောင် တည်ငြိမ်စွာ ဖုံးကွယ်ထားနိုင်သူ ဖြစ်သည်။
ထို့ကြောင့် သူက လင်ဝမ်ယိကို ခပ်ပြတ်ပြတ် တစ်ချက် ကြည့်လိုက်ပြီး နောက်ပြောင်ကာ ပြောလိုက်လေသည်။
"သိပ်ပြီး မထူးခြားပါဘူး"
လင်ဝမ်ယိက အရှင်မင်းကြီးကို မျက်ခုံးပင့်ကာ ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ရည်ရွယ်ချက်ရှိရှိ ပြောနေမှန်း သူမ သိလိုက်သည်။
ထို့ကြောင့် သူမက ခြိမ်းခြောက်သည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏။
"သိပ်မထူးခြားဘူး ဟုတ်လား… ဒါဆို နောက်တစ်ခါကျရင် ဒုတိယမင်းသားကို ထပ်ပြီး မလုပ်ဖို့ သွားပြောလိုက်မယ်… ဘာပဲဖြစ်ဖြစ် သူလုပ်သမျှ အရှင်မင်းကြီးမှ မကြိုက်တာ"
အရှင်မင်းကြီးမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားရလေတော့သည်။ တကယ်ပဲ သူမ၏ လက်ခုပ်ထဲက ရေလို ဖြစ်နေပါလား။
ထို့နောက် သူက ပြုံးကာ စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ချီချောင်ပွဲတော် ညစာစားပွဲကို မင်း တက်မှာလား"
"အင်း… ယီဖေးမယ်မယ်က လူလွှတ်ပြီး ဖိတ်ထားတယ်လေ… ကျွန်တော်မျိုးမ နားနေတာလည်း လဝက်လောက် ရှိနေပြီဆိုတော့ အမြဲတမ်း ပုန်းနေလို့မှ မရတာ"
အရှင်မင်းကြီးက ခဏမျှ စဉ်းစားလိုက်ပြီး သူမပြောတာလည်း အကြောင်းပြချက် ရှိသည်ဟု ထင်လိုက်သည်။ သူ ငယ်ငယ်ကလည်း တင်းကျပ်ပြီး ခေါင်းမာသော အမတ်များနှင့် ရင်ဆိုင်ရသည်ကို မနှစ်သက်ခဲ့ပေ။ တစ်ခါတစ်ရံ ညီလာခံ တက်ရမည်ကိုပင် အလွန် စိတ်ပျက်ခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင်တော့ ဤကဲ့သို့ ရင်ဆိုင်ရသည့် ခံစားချက်ကို သူ တဖြည်းဖြည်း သဘောကျလာခဲ့သည်။ အထူးသဖြင့် သူ အင်အားကြီးမားလာပြီး ထိုအမတ်ဟောင်းများ တစ်ယောက်ပြီး တစ်ယောက် အရှုံးပေးရသည်ကို မြင်ရချိန်တွင် သူ၏ ရင်ထဲ၌ အလွန်ပင် ကျေနပ်ပျော်ရွှင်ခဲ့ရသည် မဟုတ်လား။
ထို့ကြောင့် သူက လင်ဝမ်ယိအား ပြောလိုက်လေသည်။
"ဒါဆိုရင် သေချာလေး ပြင်ဆင်ပြီး သွားလိုက်ပေါ့"
သေချာ ပြင်ဆင်ပြီး သွားရမယ် ဟုတ်လား… အရှင်မင်းကြီးက တကယ့်ကို အကြံပေးကောင်းတာပဲ။
ဤကဲ့သို့သော ညစာစားပွဲမျိုးတွင် ကိုယ်လုပ်တော်တွေ အများကြီး ရှိနေမည်မှာ အသေအချာပင်။ တစ်ယောက်ထက် တစ်ယောက် ပိုလှအောင် ပြင်ဆင်လာကြမှာ ဖြစ်သည်။
ထို့ကြောင့် သူမက ပြုံးရုံသာ ပြုံးပြီး "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်လေ၏။
မည်သို့ ပြင်ဆင်ရမည် ဆိုသည်ကတော့ သူမ ကိုယ်တိုင်သာ ဆုံးဖြတ်ရမည် မဟုတ်ပါလား။
ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချီချောင်ပွဲတော် နေ့သို့ ရောက်ရှိလာခဲ့လေပြီ။
ညစာစားပွဲကို ယခင်အတိုင်း ရှန့်ကျင့်စံအိမ် တွင် ကျင်းပလေသည်။ လင်ဝမ်ယိ ဤနေရာသို့ ပြန်လည် ရောက်ရှိလာချိန်တွင် လွန်ခဲ့သော လဝက်ခန့်က အဖြစ်အပျက်များက ရုတ်တရက် ခေါင်းထဲသို့ ဝင်ရောက်လာလေ၏။
ရှအန်းက ဤနေရာကို လုံးဝ သဘောမကျချေ။ အကယ်၍ မတော်လျှင် သခင်မလေး၏ အအေးမိရောဂါလည်း ပြန်လည် ဖြစ်လာနိုင်မည် မဟုတ်လား။
ထို့ကြောင့် ယခုတစ်ခေါက် လာရောက်ချိန်တွင် သူမက ဆေးဝါးများကို အပြည့်အစုံ ယူဆောင်လာခဲ့သည်။ မျက်လုံးများကိုလည်း ဟိုဒီ ကြည့်ရှုကာ အန္တရာယ် တစ်စုံတစ်ရာ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေမိလေ၏။
ရှန့်ကျင့်စံအိမ် သို့ ဝင်ရောက်လာသည်နှင့် လင်ဝမ်ယိက အပြင်ဘက်တွင် မြင့်မားစွာ တည်ဆောက်ထားသော ရောင်စုံ မျှော်စင်ကြီးကို တွေ့လိုက်ရသည်။ ၎င်းကို ချီချောင်မျှော်စင် ဟု ခေါ်ဆိုကြလေ၏။
ထိုရောင်စုံ မျှော်စင်ကြီးကို သစ်သားလှေကားထစ်များဖြင့် တည်ဆောက်ထားပြီး အထပ်တိုင်းတွင် ဆန်းသစ်သော ပစ္စည်းများစွာကို ထားရှိလေသည်။ ဖရဲသီးကို ပန်းပွင့်ပုံစံ ထွင်းထုထားသည်များ၊ တန်ဖိုးကြီးမားသော စုတ်တံနှင့် မှင်တုံးများ၊ ထို့ပြင် အရောင်အသွေး စုံလင်သော အပ်နှင့်ချည်များလည်း ပါဝင်လေ၏။
သို့သော် လင်ဝမ်ယိ အနှစ်သက်ဆုံး အရာမှာ ရွှံ့စေးဖြင့် ပြုလုပ်ထားသော အရုပ်လေးများပင် ဖြစ်သည်။ တစ်ရုပ်ချင်းစီတိုင်းက အသက်ဝင်နေပြီး အရောင်တင်ထားရုံသာမက မျက်နှာအမူအရာများကိုပါ အသေးစိတ် ဖန်တီးထားလေ၏။ အချို့မှာ ရှေးဟောင်းဒဏ္ဍာရီထဲမှ ဇာတ်ကောင်များ ဖြစ်ပြီး အချို့မှာ သာမန် ပြည်သူများ၏ နေ့စဉ်ဘဝ ပုံစံများ ဖြစ်လေသည်။
ပို၍ အံ့ဩစရာ ကောင်းသည်မှာ ကိုယ်လုပ်တော်များ၏ ပုံစံအတိုင်း တစ်ပုံစံတည်း ပြုလုပ်ထားခြင်းပင်။ လင်ဝမ်ယိက သူမ၏ ပုံစံတူ အရုပ်လေးကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း မှတ်မိလေသည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဆံထုံးတွင် တပ်ဆင်ထားသော ပုလဲလုံး ဆံထိုးလေးက တကယ့်ကို တစ်ပုံစံတည်း ဖြစ်နေသောကြောင့်ပင်။
ဤကဲ့သို့သော ဖန်တီးမှုလေးများကြောင့် ရှန့်ကျင့်စံအိမ် သို့ ရောက်ရှိလာသော ကိုယ်လုပ်တော်များကြားတွင် ရှားရှားပါးပါး သဟဇာတဖြစ်မှုမျိုးကို တွေ့မြင်ရလေ၏။ အချင်းချင်း အပြိုင်အဆိုင် အကောက်ကြံမှုများ၊ မနာလို ဝန်တိုမှုများ မရှိတော့ဘဲ အားလုံးက ချီချောင်မျှော်စင် ရှေ့တွင် စုရုံးကာ ပျော်ရွှင်စွာ စကားပြောဆိုနေကြလေသည်။
လင်ဝမ်ယိက သူမ၏ အရုပ်လေးကို ယူကာ ဘယ်ပြန်ညာပြန် သေချာ ကြည့်နေမိသည်။ ထိုအချိန်တွင် ဘေးနားသို့ လူနှစ်ယောက် ရုတ်တရက် ရောက်လာလေ၏။
"မမလင် ရဲ့ အရုပ်လေးက တကယ်လှတာပဲ… ကျွန်မ အရုပ်ထက် အများကြီး ပိုလှတယ်"
စကားပြောသူမှာ မုလန်ချွမ်း ဖြစ်ပြီး သူမ၏ ဘေးတွင် ယင်းကွေ့ဖင် ပါ ရပ်နေလေ၏။ သူမကလည်း လင်ဝမ်ယိကို ပြုံးရွှင်စွာ ကြည့်နေလေသည်။
သူတို့နှစ်ဦးမှာ ယခုအခါ ကိုယ်ခွဲများအလား သွားလေရာတိုင်း အမြဲတမ်း အတူတူ သွားလာလေ့ ရှိကြသည်။
"ညီမလေးမု ကတော့ နောက်နေပြန်ပါပြီ… ညီမလေးရဲ့ အရုပ်လေးကမှ တကယ့်ကို အသက်ဝင်နေတာပါ… ညီမလေး သေချာကြည့်ကြည့်… ဒီမျက်လုံးလေးတွေက ညီမလေးလိုပဲ ဉာဏ်ကောင်းပြီး သွက်လက်နေတာပဲ မဟုတ်လား"
လူတိုင်းက ချီးကျူးစကားကို ကြားချင်ကြသည်သာ။ မုလန်ချွမ်း လည်း အတူတူပင် ဖြစ်သည်။ လင်ဝမ်ယိ၏ စကားကို ကြားသောအခါ သူမ အလွန် ဝမ်းသာသွားရလေ၏။
ဘေးနားရှိ ယင်းကွေ့ဖင် ၏ လက်ထဲတွင်လည်း သူမ၏ ကိုယ်ပိုင် အရုပ်လေး ရှိနေပြီး ယခင်ကလိုပင် နူးညံ့သိမ်မွေ့သော ပုံစံလေး ဖြစ်ကာ အနည်းငယ် စူထွက်နေသော ဗိုက်ကလေးကိုပင် ထည့်သွင်း ပြုလုပ်ထားလေသည်။ တကယ့်ကို အသေးစိတ်ကျလှပေသည်။
"ယီဖေးမယ်မယ်က ဘယ်ကနေ ဒီလို လက်ရာမြောက်တဲ့ ပန်းပုဆရာကို ရှာတွေ့လာလဲ မသိဘူး… ကိုယ်လုပ်တော်တွေ အားလုံးကို ဒီလောက်တောင် တူအောင် လုပ်နိုင်တာ… ကြည့်ရတာ ယီဖေးမယ်မယ်ကတော့ အရှင်မင်းကြီး ဆီကနေ ဆုချီးမြှင့်ခံရတော့မှာပဲ"
အခြားအရာများကို မပြောဘဲ ဤမျှလောက် အသေးစိတ်ကျသော စိတ်ကူးမျိုးမှာ အလွန် ရှားပါးလှပေသည်။ ယီဖေးမှာ စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ဤကဲ့သို့ စီစဉ်နိုင်စွမ်း ရှိလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။
ယခင်က ကျင်းပခဲ့သော ချီချောင်ပွဲတော် များထက် အများကြီး ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေလေ၏။
သူတို့ သုံးယောက်သား အတူတကွ စကားပြောဆိုရင်း ရှန့်ကျင့်စံအိမ် အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ထို့နောက် နန်းတွင်းစည်းကမ်းများအရ မိမိတို့၏ သတ်မှတ်ထားသော နေရာများတွင် အသီးသီး ဝင်ထိုင်လိုက်ကြလေ၏။
ဤတစ်ကြိမ်တွင်တော့ မုလန်ချွမ်း က လင်ဝမ်ယိ၏ အနောက်တွင် ထိုင်ရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။ သို့သော် သူမ၏ ရာထူးက သူတို့နှစ်ဦးထက် နိမ့်ကျနေသဖြင့် မပျော်ရွှင်သော်လည်း ခံစားခိက်ကို ဖော်မပြရဲချေ။
လင်ဝမ်ယိက အလယ်တွင် ထိုင်ပြီး ဘယ်ဘက်နှင့် ညာဘက်တွင် တုချန်ကျိုက် နှင့် မင်ချန်ကျိုက် တို့ အသီးသီး ထိုင်နေကြလေ၏။ တုချန်ကျိုက် နှင့် တုမားမား တို့၏ ပတ်သက်မှုကို သိရှိပြီးကတည်းက လင်ဝမ်ယိသည် သူမအပေါ် အနည်းငယ် သတိထားလာခဲ့သည်။ သတိလက်လွတ်ဖြင့် လူကို ထိခိုက်စေမည့် စကားများ ပြောမိမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။
သို့သော် တုချန်ကျိုက် ကတော့ လင်ဝမ်ယိ သူမ၏ နောက်ခံကို သိရှိသွားကြောင်း မသိသဖြင့် ယခင်ကလိုပင် ဖော်ရွေစွာ ဆက်ဆံနေလေ၏။
"ညီမလေးလင် အဆိပ်မိပြီးကတည်းက ဟွေ့ဖန်းယာခြံဝင်း မှာပဲ ဆေးကုသနေရတာ… အရှင်မင်းကြီးကလည်း ငါတို့ ညီအစ်မတွေကို လာမနှောင့်ယှက်ဖို့ အမိန့်ထုတ်ထားတော့ ညီမလေး အခု ဘယ်လိုနေလဲဆိုတာတောင် မသိရဘူး"
"အစ်မရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်… ကျွန်မရဲ့ ကျန်းမာရေးက အတော်လေး ကောင်းလာပါပြီ… ဒါပေမဲ့ သမားတော်ကြီး ပြောတာကတော့ လေတိုက် မိုးရွာတဲ့ အချိန်တွေဆိုရင် နည်းနည်းတော့ ခံစားရနိုင်တယ်တဲ့"
လင်ဝမ်ယိ ကိုယ်ဝန်ရနိုင်ရန် ခက်ခဲသွားသည့် ကိစ္စကို တမင်တကာ သတင်းမဖြန့်ခဲ့သော်လည်း… သိသင့်သိထိုက်သူများ အားလုံးက သိနေကြပြီ ဖြစ်သည်။ ထို့ကြောင့် သူမ ဤစကားကို ပြောလိုက်ချိန်တွင် တုချန်ကျိုက် မှာလည်း သူမကဲ့သို့ပင် ဝမ်းနည်းသွားသည့်ပုံ ပေါ်နေလေ၏။
ထို့ကြောင့် သူမက ချက်ချင်းပင် နှစ်သိမ့်စကား ပြောလိုက်လေသည်။
"ညီမလေးကလည်း ငါ့လိုပဲ ကံမကောင်းတဲ့သူပါပဲ… လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါလည်း ကလေးတစ်ယောက် ရခဲ့ဖူးတယ်… ဒါပေမဲ့ သူ မမွေးလာခင်မှာပဲ…"