အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) ရုတ်တရက် ဂရုစိုက်လာခြင်း
"တုချန်ကျိုက်က ကိုယ်ဝန်ရဖူးပေမဲ့ မမွေးလိုက်ရဘူးပေါ့"
ဤသတင်းကို လင်ဝမ်ယိ ယခင်က လုံးဝ မသိခဲ့ပေ။ ထို့ကြောင့်လည်း တုချန်ကျိုက်က သူမကို စောစောက ထိုသို့သော သနားကြင်နာသည့် မျက်နှာထားဖြင့် ကြည့်ခဲ့ခြင်း ဖြစ်ပေမည်။
ထို့ကြောင့် လင်ဝမ်ယိက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖန်တီးလိုက်ပြီး နှစ်သိမ့်ပေးသည့်ဟန်ဖြင့် ပြောလိုက်လေ၏။
"အစ်မက ငယ်ရွယ်သေးတာပဲ… နောင်ကြရင် အခွင့်အရေးတွေ ရှိလာဦးမှာပါ"
သူမက ထိုစကားကို ပြောလိုက်ချိန်တွင် မျက်ဝန်းထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်နေဟန် တမင်တကာ ဟန်ဆောင်လိုက်လေသည်။
တုချန်ကျိုက်ကတော့ လင်ဝမ်ယိသည် သူမ၏ အနာဂတ် ရင်သွေးရရှိရေး ခက်ခဲမှုအတွက် ဝမ်းနည်းနေခြင်းဟု ထင်မှတ်သွားသဖြင့် ယခုအခိုက်တွင် သူမ၏ ရင်ထဲ၌ စစ်မှန်သော ကိုယ်ချင်းစာစိတ် အနည်းငယ် ဖြစ်ပေါ်သွားခဲ့ချေပြီ။
"ညီမလေးလည်း စိတ်မပူပါနဲ့… ညီမလေးက အစ်မထက် အများကြီး ပိုငယ်သေးတယ်… ခန္ဓာကိုယ်ကို သေချာ ပြန်ပြုစုပြီးရင် သမားတော် ပြန်ခေါ်ပြလို့ ရပါတယ်… ဒီနန်းတော်ထဲက လန်ဖေးမယ်မယ်နဲ့ ယင်းကွေ့ဖင်မယ်မယ်တို့ဆို နန်းတွင်းဝင်လာပြီး နှစ်တော်တော်ကြာမှ ကိုယ်ဝန်ရကြတာလေ… ဒါကြောင့် ကိစ္စမရှိပါဘူး"
"ဒါကတော့ ဟုတ်သားပဲ"
လန်ဖေးသည် ယွမ်ဟယ်ခေတ် ရှစ်နှစ်မြောက်တွင် နန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယင်းကွေ့ဖင်သည် ယွမ်ဟယ်ခေတ် ဆယ့်သုံးနှစ်မြောက်တွင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။ ယခုအချိန်အထိ တစ်ယောက်က ကိုးနှစ်ရှိပြီဖြစ်ကာ အခြားတစ်ယောက်က ငါးနှစ်ရှိပြီ ဖြစ်သော်လည်း ယခုမှ ပထမဆုံး ရင်သွေးကို ကိုယ်ဝန်လွယ်ထားရခြင်း ဖြစ်ပေသည်။
သူမ နန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ လအနည်းငယ်သာ ရှိသေးသဖြင့် ခန္ဓာကိုယ်ကို သေချာစွာ ဂရုစိုက် ပြုစုနေလျှင်လည်း ဘာမှ မဖြစ်နိုင်ချေ။
သူတို့နှစ်ဦး ခေတ္တမျှ စကားပြောဆိုနေကြစဉ် မင်ချန်ကျိုက်က တံခါးဝကနေ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရ၏။
ယခင်က လင်ဝမ်ယိသည် မင်ချန်ကျိုက်နှင့် သိပ်ပြီး အဆက်အဆံ မရှိခဲ့ဖူးပေ။ ယနေ့ တွေ့လိုက်ရချိန်တွင်မူ သူမ၏ ပြင်ဆင်ထားပုံက အလွန်အမင်း ရိုးရှင်းလွန်းနေသည်ကို တွေ့လိုက်ရလေသည်။
လင်ဝမ်ယိက သူမကိုယ်သူမ ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားသည်ဟု ထင်မှတ်ထားခဲ့သော်လည်း မင်ချန်ကျိုက်က သူမထက် ပို၍ပင် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"ပွင့်လန်းစ ပန်းပွင့်လေးလို အရွယ်မှာ ဘာလို့များ ဒီလောက်တောင် ရိုးရိုးကြီး ဝတ်စားထားရတာလဲ"
သို့သော် သူတို့နှစ်ဦးက ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ကြပြီး ရှိသင့်ရှိထိုက်သော ယဉ်ကျေးမှု အပြုအမူများကို လျစ်လျူမရှုခဲ့ကြပေ။ သို့သော် တုချန်ကျိုက်က မင်ချန်ကျိုက်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ မနာလို ဝန်တိုမှု အချို့ ပေါ်လွင်နေခဲ့၏။
သို့သော် ဤကဲ့သို့ ရိုးရှင်းသော ပြင်ဆင်မှုကို ဘာများ မနာလိုစရာ ရှိသနည်းဟု လင်ဝမ်ယိ နားမလည်နိုင် ဖြစ်သွားရသည်။ သူမက ထပ်မံ စဉ်းစားကြည့်လိုက်ရာ တုချန်ကျိုက်အား ဤကဲ့သို့သော မျက်နှာအမူအရာမျိုး ဖြစ်ပေါ်စေနိုင်သည်မှာ နောက်ကွယ်၌ နက်နဲသော အကြောင်းရင်း တစ်ခုခု ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
လင်ကွေ့ဖေး အကျယ်ချုပ် ကျခံနေရသဖြင့် ညစာစားပွဲသို့ တက်ရောက်လာမည် မဟုတ်ပေ။ တုချန်ကျိုက်မှာ နောက်ခံ အင်အားကို လက်လွတ်ဆုံးရှုံးသွားပြီ ဖြစ်ရာ သေချာပေါက် နောက်ထပ် တစ်ယောက်ကို ရှာဖွေရပေမည်။ ဤကဲ့သို့သော အချိန်မျိုးတွင် အခြား ကိုယ်လုပ်တော်များနှင့် ခင်မင်ရင်းနှီးအောင် မလုပ်ဘဲ ရန်လိုသော အမူအရာကို ပြသနေခြင်းမှာ သေချာပေါက် ကြံစည်မှု တစ်ခုခု ရှိနေ၍ပင် ဖြစ်ချေမည်။
"ကြည့်ရတာ ဒီနေ့ မင်ချန်ကျိုက်က သေချာပေါက် လူလုံးထုတ်ပြတော့မဲ့ ပုံပဲ"
ထိုသို့ တွေးလိုက်မိစဉ် လင်ဝမ်ယိက စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်ကာ တစ်ငုံသောက်ရန် ပြင်လိုက်လေသည်။ သို့သော် ဘေးနားရှိ ရှအန်းက သူမကို တားမြစ်လိုက်လေ၏။
"သခင်မလေး… ခန္ဓာကိုယ်က အခုမှ နည်းနည်း သက်သာလာကာစ ရှိသေးတာ… ဆေးအာနိသင်ကို မပျက်ပြယ်စေဖို့အတွက် လက်ဖက်ရည် မသောက်ဖို့ တော်ဝင်သမားတော်သို့က သေချာ မှာထားပါတယ်"
ဤစကားမှာ အကြောင်းပြချက် ခိုင်လုံလှသဖြင့် ဘေးနားရှိ လူများကလည်း ထူးဆန်းသည်ဟု မထင်မှတ်ကြချေ။
"ဟုတ်တယ် ဟုတ်တယ်… အစ်မလည်း တော်ဝင်သမားတော်သို့ရဲ့ ဆေးနှစ်ခွက်ကို သောက်ခဲ့ဖူးတယ်… သူက လက်ဖက်ရည် မသောက်ဖို့ ပြောခဲ့တယ်… ညီမလေးလည်း မသောက်နဲ့တော့… ကျန်းမာရေးကိုပဲ ဦးစားပေးပါ"
တုချန်ကျိုက်က ထိုစကားကို ပြောလိုက်ချိန်တွင် သူမ၏ လေသံမှာ တကယ့်ကို စစ်မှန်နေလေသည်။
လင်ဝမ်ယိက ရှအန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်ပန်းကန်ကို ချက်ချင်း ပြန်ချထားလိုက်လေ၏။ သူမက မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားလျက် ပြောလိုက်လေသည်။
"ငါ့ကို ကြည့်ပါဦး… ဆေးသောက်နေရတာ ဒီလောက် ကြာနေပြီကို ဒီကိစ္စကိုတောင် အခုထိ မမှတ်မိသေးဘူး"
တုချန်ကျိုက်ကလည်း သူမနည်းတူ ပြုံးလိုက်ပြီး သူတို့နှစ်ဦးစလုံးက အခြားနေရာများကို လှည့်ကြည့်ကြလေသည်။ မင်ချန်ကျိုက်ကတော့ ယခင်ကအတိုင်း တည်ငြိမ်အေးချမ်းသော မျက်နှာထားဖြင့်သာ ရှိနေပြီး ဤညစာစားပွဲက သူမနှင့် မသက်ဆိုင်သည့်အလား ပုံပေါက်နေလေ၏။
အရှင်မင်းကြီး ရောက်ရှိလာချိန်တွင် သူ၏ အနောက်၌ ယီဖေးနှင့် လန်ဖေးတို့က ပါလာခဲ့ကြသည်။ တစ်ယောက်က ယခုလက်ရှိ မောင်းမဆောင်၏ တရားဝင် အာဏာပိုင်သူ ဖြစ်ပြီး အခြားတစ်ယောက်ကတော့ မကြာမီ ရင်သွေးရတနာ ဖွားမြင်တော့မည့် ရာထူးမြင့် ကိုယ်လုပ်တော် တစ်ပါး ဖြစ်လေသည်။
သူတို့နှစ်ဦး ထွက်ပေါ်လာမှုက လူအများ၏ အာရုံစိုက်မှုကို ရရှိသွားလေ၏။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ထိုသူနှစ်ဦး၏ အလယ်တွင် ကိုယ်လုပ်တော်တိုင်း နေ့စဉ်နှင့်အမျှ မျှော်လင့်တောင့်တနေရသော အရှင်မင်းကြီး ပါဝင်နေခြင်းပင် ဖြစ်သည်။
ယနေ့ အရှင်မင်းကြီး ဝတ်ဆင်ထားသည်မှာ လင်ဝမ်ယိ ချုပ်လုပ်ပေးထားသော နေ့စဉ်ဝတ် အင်္ကျီပါးလေး မဟုတ်ဘဲ တောက်ပသော အဝါရောင် နဂါးဝတ်ရုံကြီးကို ဝတ်ဆင်ထားခြင်း ဖြစ်၏။ ကြည့်ရသည်မှာ အလွန်ပင် မြင့်မြတ်ပြီး ထိတွေ့၍ မရနိုင်သော ခမ်းနားကြီးကျယ်သည့် ဧကရာဇ်မင်းမြတ်၏ ပုံစံသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင်။
"ကျွန်တော်မျိုးမတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်… အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
"ကျွန်တော်မျိုးမတို့ ယီဖေးမယ်မယ်ကို ဂါရဝပြုပါတယ်… လန်ဖေးမယ်မယ်ကို ဂါရဝပြုပါတယ်"
များပြားလှသော လူအုပ်ကြီးက ထိုသို့ပင် ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ အရိုအသေ ပေးလိုက်ကြလေသည်။ ဘယ်နှင့်ညာ နေရာများမှာ ယီဖေးနှင့် လန်ဖေးတို့၏ နေရာများ ဖြစ်ပြီး အရှင်မင်းကြီးကတော့ အလယ်ဗဟို အမြင့်ဆုံးနေရာတွင် ထိုင်နေလေ၏။
လှေကားထစ် အနည်းငယ်သာ ကွာဝေးသော်လည်း လူများကို အတိုင်းအဆမရှိသော ရိုသေလေးစားမှုများ ဖြစ်ပေါ်လာစေသည်။ လင်ဝမ်ယိက ယခုလက်ရှိ အရှင်မင်းကြီးသည် သူမနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသလို သူစိမ်းဆန်နေသည်ဟုလည်း ခံစားနေရ၏။ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ဟွေ့ဖန်းယာခြံဝင်း ထဲရှိ အရှင်မင်းကြီး၏ ပုံစံကို သူမက ပို၍ နှစ်သက်မိလေသည်။
"ထကြပါတော့"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
လူတိုင်းက မတ်တပ်ရပ်ကာ မိမိတို့၏ သတ်မှတ်ထားသော နေရာများသို့ အသီးသီး ပြန်သွားကြလေသည်။ လင်ဝမ်ယိက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ လူတိုင်း၏ မျက်ဝန်းထဲ၌ ချစ်မေတ္တာများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ အထူးသဖြင့် မျက်နှာချင်းဆိုင်ရှိ ယီဖေး၏ နောက်တွင် ထိုင်နေသော ပိုင်ဖင်သည် သူမ၏ ရင်ထဲရှိ ခံစားချက်များ အားလုံးကို မျက်နှာပေါ်တွင် ပေါ်လွင်စွာ ဖော်ပြထားလေသည်။
ယနေ့ သူမ၏ ဝတ်စားဆင်ယင်မှုက အလွန်ပင် ထူးခြားပြောင်မြောက်နေလေသည်။ သူမက မိမိ၏ ရုပ်ရည်သွင်ပြင်ကို သေချာ သိရှိထားသဖြင့် မည်သို့ ပြင်ဆင်ရမည်ဆိုပါက အဆွဲဆောင်နိုင်ဆုံး ဖြစ်မည်ကို သိရှိထားပုံရ၏။ ထို့ကြောင့် သူမ၏ ကြိုးပမ်းအားထုတ်မှုများကို ကြည့်ပြီး လင်ဝမ်ယိပင်လျှင် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကထက် အများကြီး ပိုလှနေသည်ဟု ခံစားလိုက်ရပေသည်။
သို့သော် အလွန်အမင်း သပ်ရပ်လှပလွန်းနေသဖြင့် အနည်းငယ် ရှုပ်ထွေးနေသည်ဟုပင် ထင်မှတ်ရလေသည်။ အရာရာတိုင်းက လွန်ကဲသွားပါကလည်း မကောင်းလှချေ။
သို့သော် ဤကဲ့သို့သော စကားမျိုးကို လင်ဝမ်ယိ အနေဖြင့် ပေါ့ပေါ့တန်တန် လျှောက်ပြောမည် မဟုတ်ပေ။ သူမက အနေခက်မှုကို ဖြေဖျောက်ရန်အတွက် လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်ရန် ရည်ရွယ်လိုက်သော်လည်း ရှအန်း၏ သတိပေးစကားကို ပြန်လည် အမှတ်ရသွားပြန်သည်။ ထို့ကြောင့် သူမက နှုတ်ခမ်းထောင့်ကို ပဝါဖြင့် ဟန်ဆောင်ပန်ဆောင် သုတ်လိုက်ပြီး ဤအခြေအနေကို ကျော်ဖြတ်လိုက်ရလေတော့သည်။
အရှင်မင်းကြီးက အမြင့်ဆုံးနေရာတွင် ထိုင်နေပြီး မျက်လုံးထောင့်မှ တစ်ချက် ကြည့်လိုက်ရုံဖြင့် လင်ဝမ်ယိ၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ မြင်တွေ့နေရလေ၏။
"သေချာလေး ပြင်ဆင်ပြီး လာခဲ့ဖို့ ငါ ပြောထားတာ မဟုတ်ဘူးလား… ဘာလို့ အရင်ကလိုပဲ ရိုးရိုးရှင်းရှင်းကြီး ဖြစ်နေရတာလဲ"
"သူက တကယ်ကို ဟန်ပြလုပ်တတ်တာပဲ… အပြန်ကျမှ သူကို ဘယ်လို ဆုံးမရမလဲဆိုတာ စောင့်ကြည့်နေလိုက်"
အရှင်မင်းကြီးက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ယီဖေး ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဒီနေ့ ညစာစားပွဲက မဆိုးပါဘူး… ယီဖေး သေချာ အားထုတ်ထားတာပဲ"
"အရှင်မင်းကြီးရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်… မောင်းမဆောင်က ညီအစ်မတွေ အကုန်လုံး သဘောကျတယ်ဆိုရင်ပဲ ကျွန်တော်မျိုးမအတွက် ဂုဏ်ယူစရာပါ"
ယနေ့ ယီဖေးသည် စည်းကမ်းတကျ ရှိနေပြီး မာနထောင်လွှားနေသော မျက်နှာအမူအရာမျိုး အနည်းငယ်မျှပင် မရှိချေ။ အကယ်၍ လင်ကွေ့ဖေး အုပ်စိုးနေချိန်ဆိုပါက သူမ၏ မျက်နှာထားသည် အမြဲတမ်း တင်းမာနေမည်မှာ အသေအချာပင်။
"သဘောကျတာပေါ့… ယီဖေးမယ်မယ်က သာမန်ပြည်သူတွေ ကြားထဲကနေ ဒီပညာရှင်တွေကို အများကြီး ကြိုးစားပြီး ရှာဖွေခဲ့ရတာလေ… အရှင်မင်းကြီး ကြည့်ပါဦး… ကျွန်တော်မျိုးမရဲ့ အရုပ်လေးက တကယ့်ကို အသက်ဝင်နေတယ် မဟုတ်လား"
ပိုင်ဖင်က အလျင်အမြန်ပင် ဝင်ရောက် ပြောဆိုလိုက်လေသည်။ သူမက အရှင်မင်းကြီး၏ အာရုံစိုက်မှု အားလုံးကို သူမ အပေါ်သို့သာ ရောက်ရှိစေချင်နေ၏။ ထို့ကြောင့် သူမက စကားပြောနေစဉ် တစ်ချိန်တည်းမှာပင် သေချာစွာ ပြင်ဆင်ထားသော သူမ၏ မျက်နှာလေးကို အဆက်မပြတ် ပြသနေလေတော့သည်။
အရှင်မင်းကြီးက သူမကို တစ်ချက် ကြည့်လိုက်သော်လည်း အလွန်အမင်း ရှုပ်ထွေးနေသည်ဟုသာ ခံစားလိုက်ရလေသည်။ မုန်လာဥဖြူကိုသာ စားလေ့ရှိသူ တစ်ယောက် အရှေ့သို့ ရုတ်တရက် အစားအသောက်စုံလင်သော ပွဲတော်ကြီးကို ချထားပေးလိုက်ပါက တူကို မည်သို့ ကိုင်ရမည်မှန်း မသိတော့သကဲ့သို့ ဖြစ်နေ၏။
ထို့ကြောင့် အရှင်မင်းကြီးက "အင်း" ဟုသာ အသံပြုလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။ ထို့နောက် ယင်းကွေ့ဖင် ဘက်သို့ လှည့်ကာ မေးလိုက်လေ၏။
"ကိုယ်တော် လာရာလမ်းမှာ လန်ဖေးရဲ့ ကျန်းမာရေးကို မေးမြန်းခဲ့ပြီးပြီ… သူက ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ထားတာပဲ… မင်းကော ဘယ်လိုနေလဲ"
ယင်းကွေ့ဖင်သည် ထိုစကားကို ရုတ်တရက် ကြားလိုက်ရချိန်တွင် ဤကဲ့သို့သော အခြေအနေမျိုး၌ အရှင်မင်းကြီး၏ ဂရုစိုက်မှုက ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေသည်ဟု နက်ရှိုင်းစွာ ခံစားလိုက်ရလေသည်။ သူမက လှည့်ကြည့်စရာပင် မလိုဘဲ ပိုင်ဖင်၏ စိုက်ကြည့်နေသော အကြည့်များက မည်မျှ ကြောက်စရာ ကောင်းနေမည်ကို သိရှိနေပေသည်။
သို့သော် သူမက စိတ်ကို ဖြေလျှော့လိုက်ပြီးနောက် စကားပြောရန် မတ်တပ်ရပ်လိုက်လေ၏။ သူမ၏ ဗိုက်ကလေးသည် ယခုအခါ ခုနစ်လခန့် ရှိနေပြီဖြစ်ရာ ပထမဆုံး သိရှိခဲ့ရချိန်ကထက် အများကြီး ပိုမို ကြီးမားနေပြီ ဖြစ်သည်။ ကလေးငယ်က ဝမ်းဗိုက်ထဲတွင် အလျင်အမြန် ကြီးထွားနေချိန် ဖြစ်သောကြောင့် ယခင်ကထက် ပိုမို စူထွက်နေခြင်း ဖြစ်ပေလိမ့်မည်။
"အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်… ကျွန်တော်မျိုးမ ကျန်းမာရေး ကောင်းပါတယ်"
"အင်း… ဒါဆိုလည်း ကောင်းတာပေါ့… တော်ဝင်သမားတော်ချန် ပေးထားတဲ့ ကိုယ်ဝန်စောင့်ရှောက်ရေး ဆေးကို နေ့တိုင်း သောက်ဖို့ မှတ်ထားပါ… ပြီးတော့ တစ်နေကုန် အခန်းထဲမှာပဲ ပိတ်မိမနေနဲ့… အပြင်ဘက်ကို ထွက်ပြီး လမ်းများများ လျှောက်ပေးပါ… မဟုတ်ရင် မွေးတဲ့အချိန်ကြရင် မင်း ပင်ပန်းသွားလိမ့်မယ်"
ဤကဲ့သို့ ဂရုစိုက်မှု အပြည့်ပါသော စကားမျိုးသာ လန်ဖေး အပေါ်သို့ ကျရောက်သွားမည် ဆိုပါက သူမ၏ နှုတ်ခမ်းထောင့်မှ အပြုံးများကိုပင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ သို့သော် ယင်းကွေ့ဖင် အတွက်မူ ထိုစကားများကို ကြားရချိန်တွင် အနည်းငယ် ထိတ်လန့်ကြောက်ရွံ့သွားမိလေ၏။
လန်ဖေးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မောင်းမဆောင်အတွင်း၌ သူမ၏ ဩဇာအာဏာက သိပ်မကြီးမားလှချေ။ ယခုအချိန်အထိ ဟိုလုပ်ဒီလုပ် လုပ်နေရင်းဖြင့် မုတာရင် တစ်ယောက်ကိုသာ ရရှိထားခြင်း ဖြစ်သည်။ သူမသည် မုတာရင် အနေဖြင့် အပြစ်တင်ခံရမှု အချို့ကို လျှော့ချပေးနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အရှင်မင်းကြီးက ချီချင်းဆောင် သို့ ပြောင်းရွှေ့သွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။