← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) သီချင်းဆို အကဖျော်ဖြေခြင်း

တကယ့်ကို လူ့အကြံအစည်က နတ်ဘုရားများ၏ အလိုကျကို မယှဉ်နိုင်ချေ။ သို့သော် ကံကောင်းသည်မှာ ဤမုတာရင် က လိမ္မာရေးခြား ရှိနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အနားတွင် အဖော်လုပ်ကာ စကားပြောဆိုရန်အတွက်မူ သင့်တော်နေဆဲပင်။

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်… ကျွန်တော်မျိုးမ မှတ်သားထားပါ့မယ်"

ထင်သည့်အတိုင်းပင်။ ထိုစကားကို ကြားလိုက်ရချိန်တွင် လန်ဖေး၏ မျက်ဝန်းထဲ၌ ရုတ်တရက် မကျေနပ်သည့် အရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာခဲ့သော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်သွားခဲ့လေသည်။ သူမက အလျင်အမြန်ပင် ဝင်ရောက် ပြောဆိုလိုက်လေ၏။

"ညီမလေးယင်းရဲ့ ဗိုက်ကို ကြည့်ရတာ ကျွန်တော်မျိုးမ ဗိုက်ထက်တောင် အများကြီး ပိုကြီးနေသေးတယ်… မားမား ပြောဖူးတာတော့ ဗိုက်ကြီးရင် ကျန်းမာသန်စွမ်းတဲ့ သားယောက်ျားလေး ဖြစ်လိမ့်မယ်တဲ့… ကြည့်ရတာ ညီမလေးယင်းက နောက်ထပ် နှစ်လ သုံးလလောက် နေရင် အရှင်မင်းကြီးအတွက် စတုတ္ထမင်းသားလေးကို ဖွားမြင်ပေးတော့မှာပဲ"

သူမက ပြဿနာကို သူတစ်ပါးဆီ လွှဲချရန် အလွန် တတ်ကျွမ်းလှပေသည်။ ကိုယ်လုပ်တော်များ၏ အရှေ့တွင် သူမက သမီးမိန်းကလေးကို သဘောကျကြောင်းနှင့် သူမ ကိုယ်ဝန်လွယ်ထားရသည်မှာလည်း သမီးမိန်းကလေး ဖြစ်ကြောင်း အဆက်မပြတ် ပြောဆိုနေခဲ့သည်။ သို့သော် အမြဲတမ်း တိတ်ဆိတ်စွာ နေလေ့ရှိသော ယင်းကွေ့ဖင် ကိုတော့ ဓားစာခံအဖြစ် အသုံးချလိုက်လေ၏။

ထိုစကား‌ပြောလာသည်နှင့် ယင်းကွေ့ဖင် က မျက်မှောင်ကြုတ်သွားလေသည်။ ယီဖေး၏ မျက်နှာရှေ့တွင် မင်းသားလေး ဖွားမြင်မည့် ကိစ္စကို ပြောဆိုခြင်းမှာ သူမကို ခြေထိုးချလိုက်ခြင်း မဟုတ်လား။

သူမက မည်သို့ ပြန်ပြောရမည်ကို စဉ်းစားနေဆဲမှာပင် အနောက်မှ မုလန်ချွမ်း က စကားဖြတ်ပြောလိုက်လေ၏။ သူမက အပြစ်ကင်းစင်ပြီး ရိုးသားသည့် ဟန်ပန်မျိုးဖြင့် သိချင်စိတ် ပြင်းပြနေသကဲ့သို့ ပြောလိုက်လေသည်။

"လန်ဖေးမယ်မယ် ပြောတာ တကယ်လား… ဒါပေမဲ့ ကျွန်တော်မျိုးမ အိမ်က မရီး ကိုယ်ဝန်ရှိတုန်းကလည်း ဒီလောက်ကြီးတဲ့ ဗိုက်ကြီးပဲ… အဲဒီတုန်းက သားဖွားမားမားတွေ အများကြီးက သားယောက်ျားလေးလို့ ပြောခဲ့ကြပေမဲ့ နောက်ဆုံး မွေးလာတော့လည်း ဉာဏ်ကောင်းပြီး ချစ်စရာကောင်းတဲ့ တူမလေး ဖြစ်နေတယ်"

"ဟုတ်တယ်လေ… မင်းသားပဲဖြစ်ဖြစ် မင်းသမီးပဲဖြစ်ဖြစ်… ယင်းကွေ့ဖင်မယ်မယ်ရဲ့ စိတ်သဘောထားမျိုးနဲ့ဆိုရင် သေချာပေါက် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ပြိုင်ဆိုင်မှု မရှိတဲ့ ကလေးလေး ဖြစ်လာမှာပါ"

လင်ဝမ်ယိမှာ မင်ချန်ကျိုက် စကားပြောသည်ကို တစ်ခါမျှ မကြားဖူးခဲ့ချေ။ သို့သော် သူမ ပါးစပ်ဟလိုက်သည်နှင့် ယင်းကွေ့ဖင် အား အခက်အခဲမှ ကယ်တင်ပေးလိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

တစ်ခဏအတွင်းမှာပင် လူတိုင်းက မင်ချန်ကျိုက်ကို ကြည့်လိုက်ကြပြီး ယင်းကွေ့ဖင် ပင်လျှင် အပြုံးများဖြင့် ကျေးဇူးတင်နေပုံ ရလေ၏။ လန်ဖေး၏ မျက်နှာထားကတော့ သိပ်မကောင်းလှချေ။ သူမ ပြောလိုက်သော စကားကို အပြစ်ရှာရန် လူများစွာက အလုအယက် ကြိုးစားနေကြသည် မဟုတ်လား။ ဤသည်မှာ သူမ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မဟုတ်လျှင် ဘာဖြစ်မည်နည်း။ ထို့ကြောင့် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားလေတော့သည်။

ဤရက်ပိုင်းအတွင်း သူမက ဘာဖြစ်နေမှန်းမသိဘဲ ယခင်ကကဲ့သို့ တည်ငြိမ်မှု မရှိတော့ချေ။ ချိုက်မားမား သေဆုံးသွားပြီးနောက်ပိုင်းမှ စတင်၍ သူမ ကံခေနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခင်က နန်းတော်ထဲတွင် ရှိစဉ်က အရှင်မင်းကြီးသည် သုံးရက် သို့မဟုတ် ငါးရက်လျှင် တစ်ခါ လာရောက်ကြည့်ရှုလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် သူမနှင့်အတူ ထိုင်ကာ ထမင်းစားလေ့ရှိ၏။ ယခုအခါမူ သူမကို လာကြည့်ရန် မဆိုနှင့် သုန်ယွီကျုံး ကိုလွှတ်၍ သတင်းပို့ခိုင်းခြင်းကိုပင် မတွေ့ရတော့ချေ။

ကြည့်ရသည်မှာ ဒုတိယမင်းသား ကိစ္စက အရှင်မင်းကြီးအား အမှန်တကယ် မကျေမနပ် ဖြစ်သွားစေခဲ့ပုံရသည်။ သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေး မမွေးဖွားလာခင်မှာပင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှု ဆုံးရှုံးသွားမည်ကို သူမ ကြောက်ရွံ့နေမိသည်။ အကယ်၍ ထိုသို့သာ ဖြစ်သွားပါက ပြဿနာ အကြီးကြီး ဖြစ်သွားမည် မဟုတ်လား။ ထို့ကြောင့် သူမက ပိုမို အာရုံစိုက်ခံရရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် ဘာကြောင့်မှန်းမသိဘဲ ရလဒ်ကတော့ ပြောင်းပြန် ဖြစ်သွားရလေ၏။

"ယင်းကွေ့ဖင်က နန်းတွင်း ဝင်လာပြီးကတည်းက စိတ်နှလုံးကို အေးချမ်းအောင် ထားပြီး အပြင်ထွက်လေ့ သိပ်မရှိတာ အမှန်ပါပဲ"

ယီဖေးက ဝင်ရောက် စကားထောက်လိုက်သည်နှင့် လူတိုင်းက ပါးစပ်ပိတ်သွားကြလေသည်။ လင်ကွေ့ဖေးနှင့် ယှဉ်ကြည့်မည်ဆိုပါက ကိုယ်လုပ်တော်များသည် ယီဖေးကို ပို၍ ကြောက်ရွံ့ကြလေ၏။

မည်သို့ပင်ဆိုစေကာမူ သူမက တကယ့်ကို ပြတ်သားသော သူတစ်ယောက်ဖြစ်ပြီး သူမ၏ နောက်ကွယ်တွင် လျိုမိသားစု ဆိုသည့် အင်အားကြီး နောက်ခံ ရှိနေသည်။ သူမက ပုန်ကန်ရန် မရည်ရွယ်သရွေ့ မောင်းမဆောင် အတွင်း၌ သူမ၏ နေရာကို မည်သူမျှ မလှုပ်ခါနိုင်ချေ။ ထို့အပြင် သူမ၏ လက်ထဲတွင် အရှင်မင်းကြီး၏ တစ်ဦးတည်းသော ကျန်းမာပြီး ဉာဏ်ကောင်းသည့် မင်းသားလေး ရှိနေသည်ကို ထည့်ပြောစရာပင် မလိုတော့ပေ။

လန်ဖေးမှာ ဒေါသမထိန်းနိုင် ဖြစ်သွားသော်လည်း လူတိုင်းကို ရန်သူအဖြစ် မသတ်မှတ်ရဲချေ။ ထို့ကြောင့် ပါးစပ်ကို ပိတ်ထားလိုက်ပြီး လက်ထဲရှိ လက်ဖက်ရည်ပန်းကန်ကို ကောက်ကိုင်ကာ ဒေါသပြေစေရန် တစ်ငုံ အမြန်သောက်လိုက်ရလေတော့သည်။

လင်ဝမ်ယိက အေးစက်သော အကြည့်များဖြင့် ဘေးမှနေ၍ စောင့်ကြည့်နေလေသည်။ မိန်းမများသော နေရာတွင် ပြဿနာလည်း ပေါများလှပေသည်။ ယခုအချိန်အထိ ကိုယ်ဝန်ရှိသော ကိုယ်လုပ်တော် ဆို၍ နှစ်ယောက်တည်းသာ ရှိသေးသော်လည်း တွေ့ဆုံတိုင်း အမြဲတမ်း တစ်ယောက်တစ်ခွန်း အပြိုင်အဆိုင် ပြောဆိုနေကြလေ၏။ အကယ်၍ မောင်းမဆောင် အတွင်း၌ ရင်သွေးများစွာ ရှိလာမည် ဆိုပါက မည်သူမျှ အေးချမ်းသော နေ့ရက်များကို ဖြတ်သန်းနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် ဆေးကို သေချာစွာ ဆက်သောက်ရန် သူမ၏ ဆုံးဖြတ်ချက်က ပိုမို ခိုင်မာသွားလေ၏။ မဟုတ်ပါက သူမလည်း ဤမျှလောက် ကံကောင်းနိုင်မည် မဟုတ်ပေ။

"ကဲပါ… မင်းသားပဲဖြစ်ဖြစ် မင်းသမီးပဲဖြစ်ဖြစ် အားလုံးက ကိုယ်တော့်ရဲ့ ကလေးတွေပါပဲ… လန်ဖေးကလည်း မကြာခင် မွေးတော့မှာဆိုတော့ ပိုပြီး သတိထားတာ ကောင်းပါတယ်"

အရှင်မင်းကြီး၏ စကားတစ်ခွန်းက မီးဟုန်းဟုန်း တောက်လောင်လုနီးပါး ဖြစ်နေသော အခြေအနေကို ချက်ချင်း ဖိနှိပ်လိုက်လေတော့သည်။

လန်ဖေးက ရှက်ကိုးရှက်ကန်းဖြင့် တစ်ချက် ပြုံးလိုက်လေသည်။ သို့သော် ယင်းကွေ့ဖင် အား ကြည့်လိုက်သော သူမ၏ မျက်ဝန်းထဲ၌ မကျေနပ်မှုများ ပိုမို တိုးလာခဲ့၏။ ယီဖေးက ဤအခြေအနေကို မြင်လိုက်သည်နှင့် စကားလမ်းကြောင်း လွှဲလိုက်ပြီး အားလုံးကို ချိုသာသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဒီနေ့က ချီချောင်ပွဲတော် နေ့ဆိုတော့… ညီအစ်မတွေ အားလုံး ရှန့်ကျင့်စံအိမ် ကို ဝင်လာတုန်းက ရောင်စုံမျှော်စင်ကြီးကို မြင်ခဲ့ကြမယ် ထင်ပါတယ်… သာမန် ပြည်သူတွေ ကြားထဲမှာတော့ အမွှေးတိုင်တွေ ထွန်းညှိပြီး အစဉ်လိုက် ဦးညွှတ်ရတဲ့ ဓလေ့ ရှိတယ်… ဒီအရှင်မ စဉ်းစားမိတာကတော့ ညီအစ်မတွေ အနေနဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာမြောက်တဲ့ ပစ္စည်းလေးတွေကို ပြသတာပဲဖြစ်ဖြစ်… သီချင်းဆို အကဖျော်ဖြေတာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်… အကယ်လို့ တင်ဆက်မှု အကောင်းဆုံး သူရှိရင် အရှင်မင်းကြီးက သေချာပေါက် ဆုချီးမြှင့်မှာပါ"

"လာပြီ"

ဒါက ယနေ့ ညစာစားပွဲ၏ အစိတ်ဝင်စားဆုံး အပိုင်းပင် ဖြစ်လေသည်။ နွေရာသီအပန်းဖြေနန်းတော် သို့ ရောက်ရှိလာပြီးကတည်းက ကိုယ်လုပ်တော် အများစုမှာ အရှင်မင်းကြီးကို တွေ့မြင်ရသည်မှာ အလွန်ကို နည်းပါးခဲ့ကြသည်။ ဤကဲ့သို့သော အချိန်ကောင်းမျိုးတွင် အစွမ်းကုန် ကြိုးစားပြီး မပြသလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

ဤအခြေအနေကို ပထမဆုံး မထိန်းချုပ်နိုင်သူမှာ ပိုင်ဖင်ပင် ဖြစ်လေသည်။ ကျန်းနန် ဒေသမှ အမျိုးသမီး တစ်ဦး ဖြစ်သည့်အလျောက် သီချင်းဆို အကအခုန် ကျွမ်းကျင်ခြင်းမှာ မရှိမဖြစ် လိုအပ်ချက် တစ်ခုကဲ့သို့ပင်။ သူမ နန်းတွင်းသို့ စတင် ဝင်ရောက်လာချိန်က ခြေလှမ်းရာပွင့်လန်းပန်းကြာဖြူအက ဖြင့် မောင်းမဆောင် တစ်ခုလုံးတွင် နာမည်ကြီးခဲ့သည်ဟု သတင်းထွက်ခဲ့ဖူးသည်။ ထို့ကြောင့်လည်း အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရရှိခဲ့ခြင်း ဖြစ်၏။ ယနေ့က သူမ အစွမ်းအစ ပြသရမည့် အချိန်ဖြစ်ရာ သဘာဝကျကျပင် ပထမဆုံး ထွက်လာရမည် မဟုတ်လား။

သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးဖြင့် ချက်ချင်း မတ်တပ်ရပ်လိုက်လေသည်။ သူမ၏ မျက်ဝန်းများက ဆွဲဆောင်မှုရှိစွာ လှုပ်ရှားနေပြီး ညို့ယူဖမ်းစားနိုင်စွမ်း အပြည့်ဖြင့် ပြောလိုက်လေ၏။

"ကျွန်တော်မျိုးမမှာ အရည်အချင်း သိပ်မရှိပေမဲ့… ကြွေပန်းရေစီးအက လို့ခေါ်တဲ့ အကအသစ်လေး တစ်ခု တီထွင်ထားပါတယ်… အရှင်မင်းကြီး ခံစားကြည့်ရှုပေးပါဦး"

"ကြွေပန်းရေစီးအက… အဲဒါက ဘာကြီးလဲ… ကြွေကျနေတဲ့ ပန်းပွင့်လေးတွေမှာ ခံစားချက် ရှိပေမဲ့ စီးဆင်းနေတဲ့ ရေပြင်က ရက်စက်တယ် ဆိုတာကို ဖော်ပြချင်တာလား"

လင်ဝမ်ယိမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသော်လည်း အခြား ကိုယ်လုပ်တော်များ၏ မျက်နှာပေါ်တွင်လည်း အလားတူ သံသယများကို တွေ့မြင်လိုက်ရလေသည်။ ထို့ကြောင့် သူမက ခန္ဓာကိုယ်ကို မတ်မတ် ထိုင်လိုက်ပြီး ပိုင်ဖင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။ ဤမျှလောက် အလှလေး ကခုန်သည်ကို ကြည့်ရမည့် အခွင့်အရေးကောင်းမျိုးတွင် သူမက အလွန်ပင် အာရုံစိုက်နေမိလေ၏။

ပိုင်ဖင်၏ စိတ်အားထက်သန်နေမှုကို ကြည့်ရင်း အရှင်မင်းကြီး အနေဖြင့်လည်း ငြင်းဆန်ရန် မကောင်းသဖြင့် "အင်း" ဟုသာ အသံပြုလိုက်လေသည်။ ထို့နောက် ပိုင်ဖင်က ချက်ချင်းပင် လူများကို ကြီးမားလှသော ပစ္စည်းကြီး တစ်ခုကို သယ်ဆောင်လာခိုင်းသည်ကို တွေ့လိုက်ရ၏။ ယခုမှသာ "အပြည့်အဝ ပြင်ဆင်လာခြင်း" ဆိုသည်မှာ ဘာလဲဆိုတာကို လင်ဝမ်ယိ သဘောပေါက်သွားတော့သည်။

အလွန် ချောမွေ့အောင် သွေးထားသော အကြည်ရောင် ကျောက်သလင်းတုံးကြီး တစ်တုံး ဖြစ်ပြီး အလယ်တွင် အခေါင်းပေါက် လုပ်ကာ ကြည်လင်သော ရေများ ထည့်ထားလေ၏။ တသွင်သွင် စီးဆင်းနေသော ရေအသံက ဘယ်နေရာမှ ထွက်ပေါ်လာမှန်း မသိရဘဲ လူတိုင်း၏ နားထဲသို့ တဖြည်းဖြည်း ရောက်ရှိလာလေသည်။ တကယ့်ကို အံ့ဩဖွယ် ကောင်းလှပေသည်။

ယနေ့ ပိုင်ဖင်သည်လည်း ပန်းပွင့်များ ကြဲဖြန့်နေသော နတ်သမီးလေးကဲ့သို့ ဝတ်ဆင်ထားပြီး လေထဲပျံဝဲနေသည့်အလား ဆံထုံးကို ထုံးဖွဲ့ထားသဖြင့် အလွန်ပင် သွက်လက်ပေါ့ပါးနေလေ၏။ သူမက ကျောက်သလင်းတုံးပေါ်တွင် ရပ်ကာ ပေါ့ပါးသွက်လက်စွာ ကခုန်နေလေသည်။ သူမက ကခုန်ရင်း တစ်ချိန်တည်းမှာပင် သီချင်းပါ သီဆိုနေ၏။

သူမ၏ အသံက အလွန်ပင် သာယာနေပြီး နန်းဆောင် ပတ်ပတ်လည်တွင် ကြိုတင် ပြင်ဆင်ထားသော အသံချဲ့စည်များနှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ပင် ညို့ယူဖမ်းစားနိုင်သော အငွေ့အသက်များကို ဖြစ်ပေါ်စေလေသည်။

ယနေ့ ပိုင်ဖင်၏ ပြင်ဆင်မှုက အနည်းငယ် လွန်ကဲလွန်းနေသည်ဟု လင်ဝမ်ယိ မူလက ထင်မှတ်ထားခဲ့မိသည်။ သို့သော် သူမ ကျောက်သလင်းတုံးပေါ်တွင် ရပ်လိုက်ချိန်တွင် အလွန် လိုက်ဖက်ညီနေပြီး မြင်ရသူတိုင်းကို အချစ်စိတ် ဖြစ်ပေါ်လာစေနိုင်သည်မှာ အမှန်ပင်။ သူမ၏ ခန္ဓာကိုယ်က အရိုးမပါသည့်အလား နူးညံ့ပျော့ပျောင်းနေပြီး အကဟန်ကလည်း တိုင်းပြည်ကို လှုပ်ခါနိုင်လောက်အောင် လှပကာ သီချင်းသံက ညှင်းငှက်လေး အော်မြည်နေသည့်အလား သာယာနာပျော်ဖွယ် ကောင်းလှပေသည်။ ဤအလွန် လှပသော စင်မြင့်နှင့် တကယ့်ကို အပြန်အလှန် ပံ့ပိုးပေးနေသကဲ့သို့ပင်။

သီချင်းသံ အဆုံးသတ်သွားသည့် နောက်ဆုံး အခိုက်အတန့်တွင် သူမ၏ အင်္ကျီအိတ်‌ထောင်ထဲမှ ဖွက်ထားသော ပန်းပွင့်ဖတ်လေးများက ချက်ချင်းပင် ထွက်ကျလာခဲ့လေ၏။ ကောင်းကင်မှ ကျဆင်းလာသည့်အလား နန်းဆောင် တစ်ခုလုံးတွင် ပြန့်ကျဲသွားလေသည်။ အလွန်အမင်း လှပလွန်းလှပေသည်။ မည်သူက စတင်လိုက်မှန်း မသိသော်လည်း လူတိုင်းက အပြိုင်အဆိုင် လက်ခုပ်တီးလိုက်ကြလေတော့သည်။

ဝန်ခံရမည်ဆိုလျှင် ပိုင်ဖင်၏ ဤ "ကြွေပန်းရေစီးအက" ထွက်ပေါ်လာပြီးနောက် အခြား ကိုယ်လုပ်တော်များ၏ အရည်အချင်းများမှာ ထုတ်ပြစရာပင် မလိုတော့လောက်အောင် မှေးမှိန်သွားခဲ့ရလေပြီ။

"ဒီအကလေးနဲ့ ပွဲတော်ကို ဂုဏ်ပြုပါတယ်… အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပြီး ကျွန်တော်မျိုးမတို့ရဲ့ တာ့ဝေ့ပြည်ကြီးလည်း ထာဝရ ငြိမ်းချမ်းပါစေ"

သူမက တကယ့်ကို စကားပြော တတ်လှပေသည်။ လင်ဝမ်ယိမှာ ကြည့်ရင်းနှင့်ပင် အနည်းငယ် ငေးမောသွားရပြီး "ဧကရာဇ် တစ်ပါး ဖြစ်ရတာ တကယ့်ကို ကောင်းတာပဲ… အလှလေးတွေ အများကြီးက အပြိုင်အဆိုင် ဖျော်ဖြေ တင်ဆက်နေကြတာ… ငါသာဆိုရင်တောင် အရောင်အသွေးစုံလင်လှတဲ့ ပန်းပွင့်တွေကြားမှာ မျက်စိလည်လမ်းမှား ဖြစ်သွားလောက်ပြီ" ဟု တွေးလိုက်မိလေ၏။

"အင်း… ပိုင်ဖင်ရဲ့ ဒီအကက တကယ်ကို စေတနာပါပါတယ်… ဆုချီးမြှင့်လိုက်"

All Chapters