အခန်း ၁၅၇၇
Vol. 106 Ch. 1577
Chapter 1577 စစ်နတ်ဘုရားအိုကြီး၏ သေဆုံးမှု
ယဲ့ဖန်၏ ခြေထောက်နင်းအားက တိုးလာလေ ပိုင်လီကျန့်၏ ဝေဒနာက ပိုပြင်းထန်လာလေပင်။ သူ၏ မျက်နှာတစ်ခုလုံး မြေကြီးနှင့် ကပ်နေပြီး သဲနှင့် ဖုန်မှုန့်တို့က သူ့နှာခေါင်းနှင့် ပါးစပ်ထဲသို့ ဝင်နေသည်။
နာကျင်ရသည်။ အရှက်ရရသည်။
ယွင်နိုင်ငံသည် ထာဝရနိုင်ငံဟု ကျော်ကြားပြီး မထင်မှတ်ထားလောက်အောင် ရှည်လျားသော သမိုင်း ရှိသည်။ ၎င်းသည် ထည်ဝါမြင့်မြတ်ပြီး ထူးချွန်သော လူများနှင့် ကျယ်ပြောသော နယ်မြေရှိကာ မရေတွက်နိုင်သော သိုင်းပညာရှင်များ ရှိလေသည်။
ပိုင်လီမိသားစုသည် တော်ဝင်မိသားစုတစ်ခု ဖြစ်သည်။ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံမျိုးနွယ်များဟု ခေါ်ဆိုကြသည်။ သူတို့၏ ဘိုးဘေးများက ထူးခြားဆန်းကြယ်သော ရှေးနတ်ဘုရားများ ဖြစ်ပြီး မြေကမ္ဘာ၏ မိခင်ဟု ခေါ်ကြသည်။
မြေကမ္ဘာ၏ မိခင်က ယွင်နိုင်ငံကို ဖန်တီးပေးခဲ့သူ ဖြစ်ပြီး သူမ၏ မျိုးဆက်များကို အုပ်ချုပ်စေသည်။ ထို့ကြောင့် ယွင်နိုင်ငံတွင်း၌ ပိုင်လီမိသားစု၏ အဆင့်အတန်းက နတ်ဘုရားတစ်ပါးနှင့် တူညီပေသည်။
ထို့အပြင် ပိုင်လီကျန့်သည် ကလေးဘဝ ကတည်းမှ လူကြီးဘဝအထိ အလိုလိုက် အကြိုက်ဆောင် ခံထားရပြီး ယနေ့ကဲ့သို့ တစ်ခါမှ အရှက်တကွဲ အလှောင်မခံရဖူးပါ။
သူသည် ကောင်းကင်ဘုံ မျိုးနွယ်ဝင် တစ်ယောက် ဖြစ်ပြီး နတ်ဘုရားတစ်ပါး၏ မျိုးဆက်ဖြစ်ကာ လောကထဲ၌ အကောင်းဆုံး မျိုးရိုးဗီဇရှိသော လူသား တစ်ယောက် ဖြစ်သည်။ သူသည် မွေးကတည်းက သက်ရှိအားလုံးကို အထင်အမြင် သေးလေသည်။
သို့သော် သူ့အရှေ့မှလူက ဘယ်လိုတောင် သူ့ကို စော်ကားရဲရသနည်း။
ဘိုးဘေး ကျူးလုံ ဧကရာဇ် ဖြစ်လဲ ဘာအရေးနည်း။ သူတို့ ကောင်းကင်ဘုံမျိုးနွယ်ထဲတွင် သူတို့သည် ဘာမဟုတ်သော လူများ ဖြစ်သည်။ သူတို့သာလျင် လောက၏ ဖန်ဆင်းရှင်များ ဖြစ်လေသည်။
ခွင့်မလွှတ်နိုင်စရာပင်။
သူ ယဲ့ဖန်ကို အလောင်းပင် မကျန်သည်အထိ သတ်ပစ်မှရပေမည်။
သို့သော် စိတ်ထဲ၌ ဤသို့ တွေးနေသော်လည်း အပြင်ပန်း၌ ပိုင်လီကျန့်က အလွန် ရိုကျိုးနေ၏။
“ငါ့ကို မသတ်ပါနဲ့၊ မင်း ငါ့ကို မသတ်သရွေ့ ငါ အားလုံး လုပ်ပေးမယ်”
ယဲ့ဖန် ပြုံးလိုက်ပြီးနောက် ပိုင်လီကျန့်အား တစ်ချက် ကန်လိုက်သောအခါ တန်းသတိလစ်သွားလေသည်။
“မင်း သူ့ကို တကယ် လွှတ်ပေးမလို့လား၊ အဲ့ဒါက သူ့အတွက် ပေါပေါပဲပဲ ဖြစ်မနေလွန်းဘူးလား”
ကြက်ကတုံး ရောက်လာပြီး မေးလိုက်သည်။ ယဲ့ဖန်က သူ့အား ထူးဆန်းသလို တစ်ချက်ကြည့်၍ မေးလိုက်သည်။
“ငါ သူ့ကို လွှတ်ပေးမယ်လို့ ဘယ်သူ ပြောလဲ”
“ဒါပေမဲ့ မင်း ခုနက သူ့ကို ပြန်ပေးဆွဲပြီး သူ့အဖေဆီကနေ ငွေတောင်းဖို့ ပြောနေတာလေ”
ကြက်ကတုံး အံ့ဩသွားသည်။
“ငွေတောင်းပြီးသွားတာနဲ့ လွှတ်ပေးဖို့ လိုလို့လား။ ပြန်ပေးဆွဲသမားတွေက ငွေရပြီးရင် လက်မှတ်ကို စုတ်ဖြဲတာ မဟုတ်ဘူးလား”
ယဲ့ဖန်က လေးနက်သော မျက်နှာနှင့် မေးလိုက်သည်။ ကြက်ကတုံး တုန်လှုပ်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာသည်။
*နတ်ဆိုး*
*ဒီလူက တကယ်ကို နတ်ဆိုးပဲ*
*ဒီလိုဆို ယဲ့ဖန်က ပိုင်လီကျန့်ကို မသေခင် ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ ကြံစည်နေတာလား*
*လက်မခံနိုင်စရာပဲ*
*အရှက်မရှိလိုက်တာ*
*လူသတ်တာထက်တောင် ဆိုးသေးတယ်*
ထို့နောက် ယဲ့ဖန်က ပိုင်ကျန့်ချင်းထံ လျှောက်သွားသည်။ ယဲ့ဖန် လှမ်းလာသည်ကိုမြင်ပြီး ပိုင်ကျန့်ချင်း ပြင်းထန်စွာ တုန်ယင်သွားပြီး သူ့မျက်နှာတွင် ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ပြည့်နှက်လာ၏။
“ယဲ့ဖန် မဟုတ်ဘူး အရှင် ကျူးလုံ ဧကရာဇ်၊ အသက်ချမ်းသာပေးပါ၊ ကျုပ် မှားမှန်း သိပါပြီ၊ ကျုပ်အသက်ကို ချမ်းသာ ပေးမယ်ဆိုရင် နောင် ခင်ဗျားအတွက် ခွေးလိုမြင်းလို ခစားပါ့မယ်”
ပိုင်ကျန့်ချင်းက ယဲ့ဖန်ကို အလျင်အမြန် အနူးအညွတ်တောင်းပန်နေပြီး မျက်နှာ ဖြူရော်နေသည်။
“ငါ မင်းကို မသတ်ဘူး”
ယဲ့ဖန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ပိုင်ကျန့်ချင်း၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာ ပေါ်လာရုံသာ ရှိသေးချိန်၌ ယဲ့ဖန် ဆက်ပြောလိုက်သော စကားကြောင့် သူ့စိတ်က အဆုံးစွန်အထိ ကျဆုံးသွားသည်။
“ဘာလို့လဲဆိုတော့ မင်းက သူ့အပိုင်ပဲ”
ပိုင်ရွှယ်က အပြုံးနှင့်လျှောက်လာသည်။ ယနေ့ သူမ လိုချင်သော အဆင့်သို့ ရောက်လာလေပြီ။
ထိုအချိန်တွင် လူအုပ်ထဲ၌ ပြည်သူ့ရေးရာနှင့် စစ်မက်ရေးရာ အမတ်များ တဖြည်းဖြည်း ပေါ်လာသည်။
ပိုင်ကျန့်ချင်းသည် ပိုင်ရွှယ်ကို မြင်သည်နှင့် ထိတ်လန့်သွားပြီး ပြည့်သူ့ရေးရာနှင့် စစ်မက်ရေးရာ အမတ်များကို အလျင်အမြန် အော်ပြောလိုက်သည်။
“ငါ့ကို ကယ်စမ်း၊ ငါ့ကိုကယ်ဖို့ အမိန့်ပေးနေတယ်၊ ငါက မင်းတို့ဘုရင်ကွ”
“အရှင်မင်းမြတ် မေ့နေပြီလား၊ ကျုပ်သမီးကို သတ်လိုက်တာ ခင်ဗျားလေ”
“အရှင်မင်းမြတ်၊ ကျုပ်တစ်မိသားစုလုံးကို မြေအောက်လောက ဘုရင်မပါးစပ်ထဲကို ခင်ဗျားလက်နဲ့ ပို့ခဲ့တာ”
အမတ်များက ပိုင်ကျန့်ချင်းအား အလွန် အငြိုးကြီးသော အကြည့်များဖြင့် ကြည့်နေကြကာ လူသတ်ချင်နေ ကြလေသည်။ ပိုင်ကျန့်ချင်းကို မုန်းတီးစိတ်က တားမရနိုင်သော အဆင့်သို့ ရောက်နေခဲ့သည်။
ပိုင်ကျန့်ချင်း ကြက်သေ သေသွားပြီး ဤနှစ်တွေအတွင်း သူ မုန်းတီးစရာကောင်းသော မကောင်းသည့် လုပ်ရပ်များစွာ လုပ်ခဲ့ကြောင်း သတိပြုမိသွားသည်။
အားလုံး သစ္စာဖောက်သွားလေပြီ။ လက်ရှိတွင် မည်သူမှ သူ့အတွက် ရပ်တည်၍ ကယ်ချင်စိတ် မရှိပေ။
အားလုံး၏ မျက်လုံးတွင် အဆုံးအစမဲ့သော မုန်းတီးစိတ်များ ရှိနေပြီး ပိုင်ကျန့်ချင်း မြန်မြန်သေရန်သာ မျှော်လင့် နေကြသည်။
လွန်ခဲ့သော သုံးနှစ်အတွင်း ပိုင်ကျန့်ချင်းသည် အင်ပါယာ၏ ပြည်သူများကို တိုက်ခိုက်ရုံသာမက နန်းတွင်းက လူများကိုပါ အလွတ်မပေးခဲ့ပေ။
ပိုင်ကျန့်ချင်း၏ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ သူသည် ရာထူးမြင့်မားသော ဧကရာဇ် ဖြစ်သော်လည်း ယခုအခါ၌ အထီးကျန်စွာ တစ်ကိုယ်တည်းသမား ဖြစ်နေ၏။ ကြီးမားသော ကွာဟချက်ကို သူ လက်မခံနိုင် ဖြစ်နေလေသည်။
သို့သော် ထိုအခိုက်တွင် ပိုင်ကျန့်ချင်းသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး ဒေါသတကြီး ဟစ်ကြွေးလေသည်။
“အဘိုးကြီး ငါ့ကို မြန်မြန်လာကယ်စမ်း”
လူအုပ်ထဲမှ ခါးကိုင်းကိုင်းနှင့် လူတစ်ယောက် ထွက်လာပြီး ပိုင်ကျန့်ချင်းရှေ့၌ ရပ်လာသည်။
ထိုသူကိုမြင်သည်နှင့် ယဲ့ဖန်အနောက်မှ လိုက်လာသော လုံခွေနှင့် အခြားသူများ ထိတ်လန့်သွားပြီး မျက်နှာတွင် မယုံနိုင်လောက်အောင် ကြောက်လန့်ဟန်များ ပြည့်နှက်လာ၏။
ရောက်လာသူမှာ စစ်နတ်ဘုရားအိုကြီးပင်။ သို့သော် ယခုအခါ၌ သူသည် ယခင်ကဲ့သို့ သိုင်းပညာရှင်အသွင် မဟုတ်တော့ဘဲ ဆံပင်များ ဖြူရော်၍ မျက်နှာ ချောင်ကျကာ ဇရာကျ၍ မောပန်းနေကာ လေတိုက်လျင် ငြိမ်းတော့မည့် ဖယောင်းတိုင်သဖွယ် ဖြစ်နေလေသည်။
စစ်နတ်ဘုရားအိုကြီးကို ကြည့်ပြီး ယဲ့ဖန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ခင်ဗျား ကျုပ်ကို တားချင်တာလား”
“ဘုရင်က အမတ်ကို သေစေချင်မှတော့ ဒီအမတ်က သေရမယ် မဟုတ်လား”
စစ်နတ်ဘုရားအိုကြီးက မချိပြုံး ပြုံးနေသည်။ ပိုင်ကျန့်ချင်းသည် သူ့အား ယနေ့ တစ်ရက်တည်းသာ မြေအောက်ခန်းထဲမှ ထုတ်လာခြင်း ဖြစ်သည်။
ပေါင်လုံ အဖွဲ့အစည်း၏ လက်ကျန်လူများကို တားဆီးရန် သူ့ကို အသုံးချမည်ဟု ထင်ထားသော်လည်း မထင်မှတ်ထားဘဲ ယဲ့ဖန်ကို တားဆီးစေချင်နေခြင်း ဖြစ်နေ၏။
ယဲ့ဖန်၏ မျက်နှာက အေးစက်သွားပြီး ပြန်ပြောလိုက်သည်။
“သူက ခင်ဗျားကို ဒီလိုဆက်ဆံတာတောင် ခင်ဗျားက သူ့ကို ကာကွယ်ချင်နေသေးတာလား၊ ခင်ဗျား ဦးနှောက် ပျက်နေလား”
စစ်နတ်ဘုရားအိုကြီးကလည်း ယဲ့ဖန်၏ စော်ကားသော စကားကို သတိထားမိပြီး တည်ငြိမ်စွာ ပြန်ပြောလေသည်။
“မင်းလူတွေကို မင်း ဒီလိုဆက်ဆံမယ်ဆိုရင်တောင် မင်းလူတွေက မင်းအတွက် အသေခံချင်ဦးမယ်လို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား”
ထိုစကားက ယဲ့ဖန်ကို ချက်ချင်း ဆွံ့အသွားစေသည်။ သေသွားသော ချင်စစ်သည် ခုနစ်သိန်းက အကောင်းဆုံး သက်သေပင်။
သူတို့သည် ယဲ့ဖန်အတွက် ဘာမဆို လုပ်ချင်ကြသည်။ သူတို့ နှိပ်စက်ခံရလျင်တောင်မှ၊ သူတို့ သေသေရှင်ရှင် ဖြစ်လျင်တောင်မှ ဘယ်သောအခါကမှ အဓွန့်မတက်ချေ။
“တော်ဝင်မိသားစုကို သစ္စာရှိပါမယ်လို့ ငါ သစ္စာဆိုလိုက်တဲ့ နေ့ကတည်းက ငါ့ကံတရားက တော်ဝင်မိသားစု အတွက် သေရမယ်ဆိုတာကို ငါ နားလည်လိုက်တယ် …”
စစ်နတ်ဘုရားအိုကြီးက သူ့ကံကို လက်ခံထားပုံရပြီး အေးအေးလူလူ ပြုံးနေသည်။ သေခြင်းတရားက သူ့အတွက် အိမ်သဖွယ် ဖြစ်နေသော ပုံစံက လူအများအား အလွန်အမင်း ဝမ်းနည်းစေသည်။
စစ်နတ်ဘုရားအိုကြီးသည် တစ်ဘဝလုံး စစ်တပ်ထဲတွင်သာ အချိန်ကုန်ခဲ့ပြီး တော်ဝင်မိသားစုအတွက် သွေးစွန်းခံခဲ့သည်။ ထိုအတွက် သူ ဘယ်တော့မှ လက်မထပ်ခဲ့သလို တစ်ဘဝလုံး ကလေးမရှိဘဲ အင်ပါယာ၏ လုံခြုံမှုနှင့် ပတ်သက်၍သာ အမြဲ စိုးရိမ်ပူပန်ခဲ့သည်။
ဤခေတ်နောက်ကျသော စိတ်သဘောထားကြောင့် သူ အင်ပါယာအတွက် သေရပေတော့မည်။ အင်ပါယာက သူ့အပေါ် အကြွေးများစွာ တင်နေလျင်တောင်မှ သူ သစ္စာရှိနေဆဲပင်။
တစ်ဘဝလုံး ကြိုးကြိုးစားစား အမှုထမ်းခဲ့သော ဤအဘိုးအိုသည် အေးချမ်းစွာ သေခွင့်မရသေးချေ။ မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်သနည်း။
“ဆရာ အညံ့ခံလိုက်ပါ”
လုံခွေ ငိုကြွေးနေပြီး ဒုန်းခနဲ ဒူးထောက်ချကာ စစ်နတ်ဘုရားအိုကြီးအား တောင်းပန်လေသည်။
“စစ်နတ်ဘုရားအိုကြီး ကျေးဇူးပြုပြီး အညံ့ခံလိုက်ပါ”
ပေါင်လုံ အဖွဲ့ဝင်များအားလုံး စစ်နတ်ဘုရားအိုကြီးထံ ဒူးထောက်ကာ အသနားခံသော မျက်နှာထားနှင့် ငိုကြွေး နေကြသည်။
ဤလူသည် သူ့ကိုယ်သူအတွက် မဟုတ်ဘဲ နိုင်ငံ၊ လူမျိုးနှင့် တော်ဝင်မိသားစုအတွက် အမှုထမ်းခဲ့သော လေးစားစရာ ကောင်းသည့် အဘိုးအို ဖြစ်သည်။
ပိုင်ကျန့်ချင်းထံ၌ အရှက်ခွဲခံရပြီး နှိပ်စက်ခံရတာတောင်မှ သူ့ရည်မှန်းချက်ကို မပြောင်းလဲဘဲ ပိုင်ကျန့်ချင်းအတွက် အသက်ပေးလိုစိတ် ရှိနေသေးသည်။
နာကျင်စရာ ကောင်းလှသည်။ သူတို့က ဤအဘိုးအို သေသည်ကို ကြည့်ရမည်တဲ့လား၊ ဘယ်လိုလုပ် လက်ခံနိုင်ပါမည်နည်း။
ပေါင်လုံ အဖွဲ့အစည်းသည် စစ်နတ်ဘုရားအိုကြီး တည်ထောင်ခဲ့သော အဖွဲ့ဖြစ်ပြီး စစ်နတ်ဘုရားအိုကြီးက မည်သို့သော လူမျိုးလဲဆိုသည်ကို သူတို့ထက် မည်သူမှ ပိုမသိနိုင်ပေ။
ပေါင်လုံ အဖွဲ့အစည်းထဲမှ လူတိုင်းက စစ်နတ်ဘုရားအိုကြီးကို ဖခင်ရင်းသဖွယ် သတ်မှတ်ထားကြသည်။
သူသည် စည်းကမ်းကြီးသော ဖခင်တစ်ယောက်နှင့်တူပြီး သူတို့အား တစ်ချိန်လုံး ဆူပူ၍ ဘာမှမပြောဘဲ တုတ်တစ်ချောင်းနှင့် ဆုံးမတတ်သူ ဖြစ်သည်။ သို့သော် ဤသည်ကြောင့်လည်း သူတို့ စစ်မြေပြင်သွားသောအခါ သွေးထွက်သံယို နည်းပြီး ဒဏ်ရာမရကြခြင်း ဖြစ်ပေ၏။
“ငါ့နေရာက မင်းတို့နဲ့ မတူဘူး၊ မင်းတို့က သစ္စာဖောက်လို့ရပင်မယ့် ငါက မရဘူး”
စစ်နတ်ဘုရားအိုကြီးက ခေါင်းခါ၍ ပြောလေသည်။
“ငါ တစ်သက်လုံး တော်ဝင်မိသားစုအပေါ် သစ္စာရှိလာတာ၊ သေခါနီးမှ စိတ်မပြောင်းနိုင်ဘူး”
ဤသည်ကိုမြင်ပြီး ပိုင်ကျန့်ချင်း စိုးရိမ်တကြီးဖြစ်ကာ တုန်လှုပ်လာပြီး ဤလူများ လက်မလျှော့မည်ကို ကြောက်နေသည်။
သူသည် စစ်နတ်ဘုရားအိုကြီးကို အသုံးချ၍ ယဲ့ဖန်အား နောက်ဆုတ်ရန် ဖိအားပေးမည်ဟု ကြံစည်ထားခဲ့သည်။ သူ သိသလောက်ဆိုလျင် စစ်နတ်ဘုရားအိုကြီးနှင့် ယဲ့ဖန်တို့က ခင်တွယ်စိတ် ရှိနေဆဲပင်။
ယဲ့ဖန်သည်လည်း စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီး စစ်နတ်ဘုရားအိုကြီးအား အေးစက်စွာ ကြည့်လိုက်သည်။
“အဲ့တော့ ခင်ဗျားက ကျုပ်ကို သူ့ကို လွှတ်ပေးဖို့ ဖိအားပေးမှာလား”
မည်သူ့ကိုမှ သူ့ညီအစ်ကိုများနှင့် အမျိုးသမီးများနှင့် မနှိုင်းယှဉ်နိုင်ပါ။ ပိုင်ကျန့်ချင်းက သူ့ကို ထပ်ခါထပ်ခါ ရန်စခဲ့သည်။ ယဲ့ဖန်၏ သည်းခံနိုင်စွမ်း ကုန်သည်အထိ ရန်စလျင် သေချာပေါက် သေရမည်သာ။ ခင်တွယ်မှုဆိုတာလည်း မရှိတော့ပါ။
ယဲ့ဖန်၏ ကြမ်းကြုတ်သော လူသတ်ချင်စိတ်ကို ခံစားမိပြီး လုံခွေနှင့် အခြားသူများအားလုံး စိုးရိမ်လာကြသည်။ သို့သော် စစ်နတ်ဘုရားအိုကြီးက အမူအရာ မပြောင်းလဲဘဲ အပြုံးနှင့် ဆက်ပြောသည်။
“မဟုတ်ပါဘူး၊ မင်း သူ့ကို သတ်ချင်ရင် သတ်နိုင်တယ်၊ ငါ တော်ဝင်မိသားစုကို သစ္စာရှိမယ်လို့ ကျိန်ဆိုထားပင်မယ့် ဒီခွေးမသားနဲ့ တစ်ဖက်တည်းလို့ မဆိုလိုဘူး”
သူ မလျှော့တမ်း ဆုတ်ကိုင်ထားသည်က တော်ဝင်မိသားစုဖြစ်သည်။ ပိုင်ကျန့်ချင်း မဟုတ်ပေ။
“သူ့ကို ဖယ်ထုတ်လိုက်”
ယဲ့ဖန်က လုံခွေနှင့် အခြားသူများကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။
“ယဲ့ဖန် ကျေးဇူးပြုပြီး ငါ့ကို စစ်မြေပြင်မှာ သေခွင့်ပေးပါ”
စစ်နတ်ဘုရားအိုကြီးက ယဲ့ဖန်ကို အော်ပြောလာသည်။ သူ့မျက်နှာက ရုတ်တရက် တည်ကြည်လာ၏။
“ဒီဘဝမှာ ငါ တော်ဝင်မိသားစုအတွက် စစ်မြေပြင်မှာပဲ သေဆုံးမယ်လို့ ကတိထားခဲ့ပြီးပြီ၊ ငါ့ကတိကို ဖျက်လို့မရဘူး၊ ငါ နတ်ရွာစံသွားတဲ့ ဧကရာဇ်ကို အရှက်ရအောင် မလုပ်နိုင်ဘူး”
နတ်ရွာစံ ဧကရာဇ်က စစ်နတ်ဘုရားအိုကြီးကို ကျေးဇူးတင်ခဲ့ပြီး ဤသို့ပင် ထုတ်ပြောခဲ့သည်။
“အင်ပါယာမှာ မင်း ရှိတယ်ဆို စိတ်ချတယ်၊ မင်း တစ်သက်လုံး ကာကွယ်နိုင်တယ်”
အမတ်များက စစ်နတ်ဘုရားအိုကြီးကို ဦးညွှတ်အရိုအသေ ပေးခဲ့သည်။ တစ်ကြိမ် အရိုအသေ ပေးခဲ့ရုံနှင့် စစ်နတ်ဘုရားအိုကြီးက တစ်ဘဝလုံး မြင်းလိုနွားလို ကုန်ဆုံးခဲ့ရသည်။ မတရားချေ။ သို့သော် စစ်နတ်ဘုရားအိုကြီး ပျော်နေလေသည်။
အဘယ်ကြောင့်ဆိုသော် သူက ဘုရင်ဖြစ်ပြီး မိမိက အမတ် ဖြစ်သောကြောင့်ပင်။ မိမိအား တန်ဖိုးထား ယုံကြည်လျင် ထိုယုံကြည်လေးစားမှုနှင့် ထိုက်တန်အောင် နေပြမှ ဖြစ်မည်။
“ကျေးဇူးပြုပြီး ငါ့ကို အိပ်ရာပေါ်မှာ အိုသေအောင် မလုပ်ပါနဲ့”
နောက်ဆုံးတွင် စစ်နတ်ဘုရားအိုကြီးက အသနားခံသော လေသံဖြင့် ပြောလာသည်။ ယဲ့ဖန်က သူ့ကို အလေးနက် ကြည့်နေပြီးမှ မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။
“ခင်ဗျားသဘောပဲ”
“ယဲ့ဖန် နင် လုပ်ရဲလား”
“နည်းပြ မလုပ်ပါနဲ့”
လုံခွေနှင့် ပေါင်လုံ အဖွဲ့ဝင်များအားလုံး ယဲ့ဖန်ကို မာန်မဲလာ၏။
“ပါးစပ်ပိတ်ထား၊ ဒီကိစ္စာမှာ ဘယ်သူမှ ဝင်ပါခွင့်မရှိဘူး၊ ဘယ်သူမှ ယဲ့ဖန်ကို မုန်းခွင့်မရှိဘူး၊ မဟုတ်ရင် ဒါက စစ်မိန့်ကို အာခံတာပဲ”
စစ်နတ်ဘုရားအိုကြီးက အေးစက်စွာ ကြိမ်းမောင်း၍ လုံခွေနှင့် အခြားသူများကို စိုက်ကြည့်လေသည်။
“မင်းတို့က အတောင်စုံလာပြီဆိုတော့ ငါ့စကားကို နားမထောင်ချင်တာလား”
လုံခွေနှင့် အခြားသူများ မျက်ရည်ဖြိုင်ဖြိုင်ကျကာ တစ်ခွန်းမှ မပြောနိုင်ချေ။
“အဘိုးကြီး ငါ့ကို ကယ်ဖို့ မင်းကို ခိုင်းတာလေ၊ မင်းက သတ်ပေးဖို့ တောင်းပန်ရလား၊ စောက်မျိုးမစစ် အဘိုးကြီး မင်း သေသင့်တယ်”
ဤသည်ကိုမြင်သော် ပိုင်ကျန့်ချင်းက ကျယ်လောင်စွာ အော်လေသည်။ သူ့မျက်နှာက ခက်ထန် ကြမ်းကြုတ် နေလေသည်။
စစ်နတ်ဘုရားအိုကြီးသာ သူ့အတွက် အသနားခံပေးချင်စိတ် ရှိလျင် ယဲ့ဖန် သေချာပေါက် တွေဝေမှာပင်။ သို့သော် အဘိုးအိုက အစကတည်းက အသေခံရန် ကြံစည်ထားပြီးနေ၏။ သူ ဘာလုပ်ရတော့မည်နည်း။
စစ်နတ်ဘုရားအိုကြီးက ပိုင်ကျန့်ချင်းကို အေးစက်စွာ ကြည့်လိုက်သည်။
“ငါ တော်ဝင်မိသားစုကို သစ္စာခံတယ်လို့ ပြောခဲ့တာ၊ မင်းလို ခွေးကောင်ကို မဟုတ်ဘူး”
ချက်ချင်းဆိုသလိုပင် စစ်နတ်ဘုရားအိုကြီးက ယဲ့ဖန်ကိုပြန်ကြည့်၍ ပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ရွှစ်”
စစ်နတ်ဘုရားအိုကြီး၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။ စစ်နတ်ဘုရားအိုကြီး၏ ရင်ဘတ်မှ သွေးများ စိမ့်ထွက်လာပြီး မကြာခင်မှာပင် အဝတ်အစားအားလုံး စိုရွှဲကုန်သည်။
ထိုအခါ စစ်နတ်ဘုရားအိုကြီးက မျက်လုံးမှိတ်လိုက်ပြီး ပြုံးသွားလေသည်။
“အရှင်မင်းမြတ် ဝေ့ချန် အရှင့်ကို တွေ့ဖို့ လာပါပြီ”